အပိုင်း ၄၅
Viewers 45k

Chapter 45


"ကောကောရဲ့ RV ကားထဲပါ ရေချိုးခန်းပါတယ် ရေပူလည်း ရတယ် ရေလိုက်ချိုးချင်လား ..." 


ရှောင်ကျားရှုက ရိုက်ကူးရေးအပေါ် အ‌လေးအနက်ထားရန် ဆုံးဖြတ်လိုက်ချိန်မှစကာ nanny ကားကို ပစ္စည်းအစုံအလင်ပါရှိကာ အိမ်တွင် နေနေရသကဲ့သို့ သက်တောင့်သက်သာ ရှိလှသည့် RV ကားဖြင့် အစားထိုးလိုက်တော့သည်။ 


ညီအစ်ကိုနှစ်ဦးက သူတို့၏ ကလေးထိန်းအဒေါ်ကို ပြိုင်တူမော့ကြည့်လိုက်ကြသည်။ သူမက ရှောင်ကျားရှု၏ ဝတ်ပုံစားပုံများကို အကဲခတ်ကာ ခွင့်ပြုပေးလိုက်တော့သည်။ 


ဈေးကြီးတဲ့ RV ကားနဲ့ ဒီလိုအဝတ်အစားတွေ ဝတ်ထားတဲ့သူက ကလေးကိုတော့ ပြန်ပေးမဆွဲလောက်ပါဘူး ဟုတ်တယ်မဟုတ်လား ... 


ရှောင်ကျားရှုက ကလေးနှစ်ဦးကို ကားဆီသို့ ဝမ်းသာအားရ ခေါ်ဆောင်သွားပြီး သွားရည်စာထုပ်များစွာကိုပါ ထုတ်ပေးလိုက်သည်။ ထို့နောက် သူ့အင်္ကျီလက်ကို ပင့်တင်ကာ မေးလိုက်၏။ 


"အန်တီ ကျွန်တော် ကူလိုက်ရမလား ..." 


ကလေးထိန်းက လက်ကိုယမ်းပြရင်း အလန့်တကြား ပြောလိုက်သည်။ 


"မလိုပါဘူး ရတယ် ကလေးတွေက သူတို့ဘာသာသူတို့ ကောင်းကောင်း ဆေးကြောနိုင်ပါတယ် ..." 


ထိုသို့ပြောရင်း ဝေ့ပေါ်ရီ၏ အဝတ်အစားများကို ချွတ်ပေးကာ ရေချိုးခန်းရှိရာသို့ တွန်းပို့လိုက်သည်။ 


"ဟုတ်သားပဲ မင်းလည်း ဒီမှာထိုင်နေလေ ပူခြစ်နေတဲ့ အချိန်ကြီးမှာ အပြင်ထွက်ပြီး ရိုက်ကူးရေးလုပ်ရတာ လွယ်မှာ မဟုတ်ဘူး စတူဒီယိုထဲမှာက လေအေးပေးစက်လည်း မရှိဘူးလေ ပြီးတော့ ဒီလိုမျိုး သွေးစွန်းနေတဲ့ မိတ်ကပ်မျိုးလည်း လိမ်းထားရသေးတယ် ဒါကို ချက်ခြင်း ဆေးမပစ်ဘဲ ဘယ်လိုများ သည်းခံထားလဲ ..." 


သူက စားသောက်ရန် တုန့်ဆိုင်းနေဆဲဖြစ်သော ဝေ့ပေါ်ရုန်ကို မေးလိုက်သည်။ 


"လာ လာ အအေးလေးသောက်လိုက် ရေခဲမုန့်လည်း ရှိတယ် စားမလား ကောကော ယူပေးမယ် ..." 


သူက ရေခဲသေတ္တာကိုဖွင့်ကာ ရေခဲမုန့်သုံးခုကို ထုတ်ယူလိုက်သည်။ အေးစက်ချိုမြိန်လှသည့် မွှေးရနံ့ကြောင့် ကလေးထိန်းအန်တီနှင့် ဝေ့ပေါ်ရုန်သာမက ရေချိုးခန်းထဲ ရောက်နေသော ဝေ့ပေါ်ရီပင်လျှင် ခေါင်းတစ်ဝက် ထွက်လာကာ ပြောလိုက်တော့သည်။ 


"ရှောင်ကော သားလည်း ရေခဲမုန့်စားချင်တယ် ..." 


"အိုကေ မင်းအတွက် တစ်ခု ချန်ထားပေးမယ် ..."


ဝမ်းသာနေသည့် ရှောင်ကျားရှုက ဝေ့ပေါ်ရုန်နှင့်အတူ သရုပ်ဆောင်ခြင်းနှင့် ပတ်သက်သည်များ ဆွေးနွေးကာ အကြံဉာဏ် တောင်းခံလိုက်တော့သည်။ 


ဝေ့ပေါ်ရုန်မှာ စိတ်အားထက်သန်မှု ရှိလှသည့် သခင်လေးရှောင်ကို အလွန် သဘောကျနေသူဖြစ်သည်။ ထိုသူက သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းလာသည့်အခါ အနည်းငယ် စိတ်အေးသွားပြီး ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေပေးလိုက်တော့သည်။ 


"ကျွန်တော်တို့လို ကလေးသရုပ်‌ဆောင်တွေ အားလုံးက စိတ်ကူးယဉ်မှုအပေါ် အခြေခံပြီးပဲ သရုပ်ဆောင်ကြတာ ဂန္တဝင်ရုပ်ရှင်တွေကို ပိုကြည့်၊ လူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်နေ၊ သူတို့ရဲ့ အပြုအမူ၊ အကြည့်၊ အကျင့်စရိုက်တွေကို သေချာလေ့လာရင် သရုပ်ဆောင်စကေးကို တိုးမြှင့်နိုင်တာပေါ့ ကျွန်တော်တို့တွေက ငယ်လည်းငယ်၊ အတွေ့အကြုံကလည်း နည်းသေးတော့ သရုပ်ဆောင်တဲ့အချိန်မှာ အတွေ့အကြုံကို အခြေခံတဲ့ နည်းလမ်းကိုပဲ သုံးရတယ်လေ ဒါရိုက်တာဆီကနေ အငေါက်မခံရဘဲနဲ့ ခွေးတစ်ကောင်ကို ကျားဖြစ်အောင် ဖန်တီးလို့ မရဘူး ဆိုတာလိုပေါ့ ..." 


"ဟုတ်တယ် ဒါ အဓိပ္ပါယ်ရှိတယ်နော် အတွေ့အကြုံကို အခြေခံပြီး ခံစားချက်ကို ထိထိမိမိ ပြသနိုင်မှ သရုပ်ဆောင်တယ်လို့ ခေါ်နိုင်မှာပေါ့ အိုး ခဏစောင့်ဦး ငါ ချမှတ်ထားလိုက်ဦးမယ် ..." 


မှတ်စုစာအုပ်ထုတ်ကာ အသည်းအသန် ချရေးနေသည့် ရှောင်ကျားရှုကို တွေ့လိုက်ရချိန်တွင် ဝေ့ပေါ်ရုန်သည် ပါးစပ်ကို အုပ်လျက် တိတ်တခိုး ရယ်မောလိုက်တော့သည်။ 


မူလကမူ ရှောင်ကောကို ရုပ်ချောသည့် လူချမ်းသာ အရှုံးသမားဟုသာ ထင်ထားခဲ့သည်။ သူ့ရုပ်ရည်မှာ အလွန်ချောမောလှသည့်အပြင် ရန်မူလိုစိတ်တို့ကလည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်နေသေးသည်။ သို့သော် သူနှင့် ရင်းနှီးလေလေ ထိုသူမှာ ရူးနှမ်းကာ ချစ်စရာကောင်းလှကြောင်း သိလာလေပင်ဖြစ်သည်။ 


ဝေ့ပေါ်ရီက ရေကို ခပ်သွက်သွက်ချိုးကာ ရှောင်ကျားရှု ရေခဲမုန့်ပေးမည့်အချိန်ကို မျှော်လင့်တကြီး စောင့်နေလိုက်သည်။ ဝေ့ပေါ်ရုန်မှာတော့ နည်းနည်းမှ တုန့်ဆိုင်းမနေတော့။ အဝတ်အစားများကို ချွတ်ကာ ရေချိုးခန်းထဲ တန်းတန်းမတ်မတ် ဝင်သွားလိုက်တော့သည်။ ရှောင်ကျားရှုနှင့် ဆယ်မိနစ်ခန့်သာ တွေ့ဆုံခဲ့ရသေးသော်လည်း ထိုအစ်ကိုကြီးအပေါ် နှစ်သက်မှုတို့မှာမူ တားဆီး၍ပင် မရနိုင်တော့။ 


သူတို့အဖေလိုပဲ drama လုံးဝ မရှိဘူး ... 


မှတ်စုများ ချရေးပြီးနောက် သူ့ကို စိုက်ကြည့်နေသည့် ဝေ့ပေါ်ရီနှင့် အကြည့်ချင်း ဆုံလိုက်သည့်အတွက် ရေခဲမုန့်တစ်ဘူးကိုထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။ ဝေ့ပေါ်ရီမှာ စကားအိုးလေး ဖြစ်သည့်အတွက် ရိုက်ကွင်းတွင် ကြုံခဲ့ရသည့် ဟာသဖြစ်ရပ်များကို တရစပ် ပြောနေရင်း မနီးမဝေးရှိ စတူဒီယိုကိုပါ လက်ညှိုးထိုးပြလိုက်သည်။ 


"ကြည့်ပါဦး သား‌အဖေကလည်း အဲဒီ့မှာ ရုပ်ရှင်ရိုက်နေတာ ကျွန်တော်က သားနေရာ၊ ကောကောက အဖေနေရာက သရုပ်ဆောင်ရမှာလေ ..." 


ဘာပြောလိုက်တာလဲ ... 


ရှောင်ကျားရှုမှာ သူကြားလိုက်သည်များကို မယုံနိုင်တော့။ 


နှစ်ယောက်လုံးက ကလေးတွေလေ ဘယ်လိုဖြစ်လို့ သားအဖအဖြစ် သရုပ်ဆောင်လို့ ရမှာလဲ ... 


ကလေးထိန်းအန်တီက ရယ်သွမ်းသွေးလျက် ဝင်ပြောလိုက်သည်။ 


"မင်း ကြားလိုက်တဲ့အတိုင်းပါပဲ မစ္စတာဝေ့က ကလေးဇာတ်လမ်းတစ်ပုဒ် ရိုက်နေတာလေ သရုပ်ဆောင်အကုန်လုံးက ကလေးတွေ တော်တော်လေး ပျော်ဖို့ကောင်းပါတယ် အိုး ဟုတ်သားပဲ အဲဒါက "နှစ်တစ်ရာအိပ်မက်" ကို ပြန်ရိုက်ထားတာလေ ..."


ခေါင်းကို ယမ်းပြလိုက်သော ရှောင်ကျားရှုမှာ သူ ကြားခဲ့ရသည်များကို ပို၍ပင် မယုံကြည်နိုင်တော့ချေ။ 


"နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ဆိုတာ တရုတ်မှာ နာမည်အကြီး‌ဆုံး ဂန္တဝင်မြောက် လက်ရာလေ။ ရှေးခေတ်မိသားစုတစ်စုရဲ့ အနိမ့်အမြင့် အတက်အကျတွေကို ရိုက်ကူးထားပြီးတော့ ဇာတ်ကောင်တွေ၊ ရှုပ်ထွေးပွေလီတဲ့ ဇာတ်‌ကွက်တွေလည်း အများကြီးပဲ။ ပြီးတော့ သူ့ကို ဗားရှင်း ရှစ်ခုတောင် ပြန်ရိုက်ထားပေမယ့် မူရင်းဗားရှင်းကိုပဲ ဘယ်သူမှ လိုက်မမီနိုင်လောက်အောင် သာလွန်တဲ့ ဂန္တဝင်မြောက်လက်ရာအဖြစ် သတ်မှတ်ထားတာ ... 


အခုကျ မစ္စတာဝေ့က remake ပြန်ရိုက်ရုံတင် မကဘူး ကလေးသရုပ်ဆောင်တွေ အများကြီးကိုပါ ထည့်ထားလိုက်သေးတယ် အရမ်းကို သတ္တိကောင်းတာပဲ ... 


ရှောင်ကျားရှုမှာ ရုတ်ချည်း စိတ်ဝင်စားလာသည့်အတွက် ဝေ့ပေါ်ရီ၏ ခေါင်းကို ပွတ်သပ်ပေးလျက် ပြောလိုက်သည်။ 


"ကောကော ရေချိုးပြီးသွားရင် မင်းအဖေ ရုပ်ရှင်ရိုက်တာကို အတူတူ သွားကြည့်ကြရအောင်နော် ..." 


"ဟုတ်ကဲ့ ..." 


ဝေ့ပေါ်ရီက လိမ်လိမ်မာမာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


ဝေ့ပေါ်ရုန်ကလည်း သူ့တောင်းဆိုချက်ကို မငြင်း။ ရေချိုးပြီးနောက် ရှောင်ကျားရှုကို စတူဒီယိုသို့ ခေါ်လာခဲ့လိုက်သည်။ မစ္စတာဝေ့သည် နန်းတော်ညစာစားပွဲ အခမ်းအနားကို ရိုက်ကူးနေကာ မြောက်များစွာသော ကလေးသရုပ်ဆောင်များက ရှေးခေတ်အဝတ်အစားများကို ဝတ်ဆင်ရင်း ဖွင့်ပွဲအတွက် ကော်ဇောနီပေါ်တွင် ကခုန်နေသော မိန်းမလှသေးသေးလေးများကို ရှုစားနေကြသည်။ အားလုံးမှာ အသက်ဆယ်နှစ်ပင် မပြည့်ကြသေးသော်ငြား အမူအယာမှာမူ အလွန်လေးနက်နေကြပြီး လက်ကောက်ဝတ်ကို လှည့်လျက် အင်္ကျီလက်ကို ခါယမ်းလိုက်ကြသည်။ မင်းမျိုးမင်းနွယ်အဖြစ် သရုပ်ဆောင်နေကြသူလေးများက ဝိုင်တစ်ခွက် ငှဲ့ကာ ခေါင်းကို ယမ်းခါလျက် မုတ်ဆိတ်ကို ပွတ်သပ်ရင်း အချင်းချင်း စကားစမြည် ပြောနေလိုက်သည်။ သူတို့၏ အသက်များကို လျစ်လျူရှုထားလိုက်ပါလျှင် အလွန် လက်ရာမြောက်သည့် ထုတ်လုပ်ရေးတစ်ခုပင် ဖြစ်သည်။ 


ရှောင်ကျားရှုမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထား၍ မရတော့သည့်အတွက် ကျောဘက်သို့လှည့်ကာ ပါးစပ်ကို အသည်းအသန် အုပ်ထားလိုက်ရတော့သည်။ မရယ်မိတော့အောင် စိတ်ကို ပြင်ဆင်ပြီးကာမှ မစ္စတာဝေ့အနား တိတ်တဆိတ် လျှောက်လာရင်း သူ့ရှေ့ရှိ စခရင်ကို ငေးကြည့်‌လိုက်သည်။ 


"အိုကေ ဒီတစ်ခန်းလည်း ပြီးပါပြီ ..." 


အဖေဝေ့က လက်ခုပ်တီးလိုက်သည့်အခါ သရုပ်ဆောင်လေးများလည်း မတ်တပ်ထရပ်ပြီး အကြောဆန့်လိုက်ကြရင်း ငြိမ်သက်နေသည့် ရိုက်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်တော့သည်။ 


"ဒီဘက်က ..." 


အဖေဝေ့က ရှောင်ကျားရှုကို လှည့်ကြည့်လိုက်သည်။ 


"ကျွန်တော့်နာမည်က ရှောင်ကျားရှုပါ ဟိုဘက် စတူဒီယိုမှာ ရိုက်ကူးရေး လုပ်နေပါတယ် ဝေ့ပေါ်ရီ၊ ဝေ့ပေါ်ရုန်တို့နဲ့ အတူတူ အလုပ်လုပ်နေတာပါ ..." 


ရှောင်ကျားရှုက စခရင်ကို ညွှန်ပြရင်း ပြောလိုက်သည်။ 


"ဒါရိုက်တာဝေ့ ကျွန်တော် လောလောလတ်လတ် ရိုက်ထားတာလေးတွေကိုများ ကြည့်ခွင့်ရှိမလားဗျ ..." 


"ရတာပေါ့ ပေါ်ရုန်ရေ မစ္စတာရှောင်အတွက် ထိုင်ခုံလေး ယူလာပေးလိုက်ပါဦး ..." 


ဒါရိုက်တာဝေ့က ရိုက်ကူးပြီးသွားသည့် အပိုင်းများကို ယူလာကာ အားတက်သရော ပြောလိုက်သည်။ 


"ငါ ရိုက်ထားတာ ခုနစ်ပိုင်း၊ရှစ်ပိုင်းစာလောက် ပြီးပြီဆိုတော့ နောက်ထပ် ဆယ်ပိုင်းလောက်ပဲ လိုတော့တယ် ပြောရရင် သရုပ်ဆောင်အားလုံးက ကလေးတွေဆိုတော့ ရိုက်ဖို့ အဆင်မပြေတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးလေ သူတို့ရဲ့ လုပ်နိုင်စွမ်းနဲ့ဆို သိပ်အဆင်မပြေလောက်ဘူး အဲဒါကြောင့် ဇာတ်ကြောင်းကို အကျဉ်းချုံးလိုက်တာ ..." 


"ဟုတ်တယ် ကလေးတွေက မူရင်းအပိုင်းရှစ်ဆယ်လုံးကို မရိုက်နိုင်လောက်သလို ပရိသတ်ကလည်း ဒီလောက်ကြီးအထိ စိတ်ရှည်လက်ရှည် ကြည့်နေနိုင်မယ် မထင်ဘူး ..."


ရှောင်ကျားရှုသည် အသက်ဆယ်နှစ် မတိုင်ခင်အထိ နွေကျောင်းပိတ်ရက်တိုင်း ရွှယ်မြောင်နှင့်အတူ ရုပ်ရှင်များကို အကဲဖြတ်ခဲ့ရသည့်အတွက် ထိုလုပ်ငန်းစဉ်နှင့် ရင်းနှီးနေပြီးဖြစ်သည်။ ကြည့်လေလေ ဒါရိုက်တာဝေ့၏ အရည်အချင်းနှင့် ကလေးများ၏ ထူးကဲလှစွာသော သရုပ်ဆောင်စွမ်းရည်ကို အံ့ဩမိလေပင်ဖြစ်သည်။ 


အားလုံးမှာ ငယ်ရွယ်ကြသေးသည့်တိုင် တုပသရုပ်ဆောင်ရာတွင် များစွာ ကောင်းမွန်ကြသည်။ မူရင်းဗားရှင်း၏ အနှစ်သာရကို ထပ်တူကျလုနီးပါးအထိ စုပ်ယူနိုင်ကာ ဆယ်မှတ်တွင် ကိုးမှတ်ရနိုင်သည့် ‌အနေအထားမျိုးပင်ဖြစ်သည်။ ကလေးရုပ် မပျောက်သေးသည့် မျက်နှာလေးများပေါ်မှ ထွက်ပေါ်လာသော ဝမ်းနည်းမှု၊ ရှုပ်ထွေးပွေလီမှု၊ ကောက်ကျစ်မှုအားလုံးမှာ ပရိသတ်၏ နှစ်သက်မှုကို အလုံးစုံ ဆွဲဆောင်နိုင်ပေသည်။ ရှောင်ကျားရှုပင်လျှင် ထိုဆွဲဆောင်မှုကို မခံနိုင်။ ရိုက်ထားသမျှကို ကြည့်ပြီးချိန်တွင် ကလေးတစ်ယောက် လိုချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။ 


ဒုတိယအပိုင်းကို ကြည့်နေစဉ်မှာပင် ထွားထွားကျိုင်းကျိုင်း လူတစ်စု ရောက်လာကာ အော်ဟစ်သောင်းကျန်းကြတော့သည်။ 


"ဝေ့ကျန်း မင်းကို သုံးနာရီထိုးရင် ထွက်သွားဖို့ ပြောထားတာကို ဘာလို့ ဆက်ရှိနေသေးတာလဲ ကျန်တဲ့ငှားခတွေကရော ဘယ်နေ့ပေးမှာလဲ မပေးလို့ကတော့ ဒီမှာ ရှိသမျှ ပစ္စည်းတိုင်းကို ဖျက်ဆီးပစ်တော့မယ် ..."


ကလေးသရုပ်ဆောင်လေးများက ကြောက်အားလန့်အားဖြင့် ငိုကြွေးလိုက်ကြကာ အမျိုးသမီးဝန်ထမ်းများကလည်း ထိုသူများ၏ လုပ်ရပ်ကို တားမြစ်ရန် ပြေးလာလိုက်ကြသည်။ နှစ်ဦးနှစ်ဖက် အခြေအတင် ဖြစ်ကြသည့်အတွက် ဇာတ်ဝင်ပစ္စည်းသေတ္တာများစွာ ပျက်စီးကာ အဝတ်အထည်နှင့် ဖိနပ်အားလုံး စုတ်ပြဲပြီး ရှေးခေတ်လက်ဝတ်ရတနာအားလုံး တစ်စစီ ပြုတ်ထွက်ကုန်တော့သည်။ အဖေဝေ့က ဝန်ထမ်းများကို ဝင်ဆွဲရင်း ကလေးများကို ဘေးလွတ်ရာသို့ ပို့ပေးလိုက်သည်။ အခြေအနေတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေတော့၏။ 


ရှောင်ကျားရှုက ဝေ့ပေါ်ရုန်နှင့် ဝေ့ပေါ်ရီတို့ကို ဘေးကင်းရာသို့ ဆွဲခေါ်ကာ တီးတိုးမေးလိုက်သည်။ 


"ဘာတွေ ဖြစ်ကုန်တာလဲ သူတို့က ဘာလုပ်နေကြတာလဲ ..." 


"အဖေက ဒီစတူဒီယိုကို ငှားထားတာလေ အခု အချိန်စေ့သွားလို့ ဒီလူတွေက ဖယ်ခိုင်းနေတာ အဖေက ဖယ်မပေးဘဲ "နန်းတော်ညစာစားပွဲ" ကို ပြီးအောင် ရိုက်နေတာ ..." 


ဝေ့ပေါ်ရုန်၏ မျက်နှာမှာ ထိတ်လန့်မှုတို့ကြောင့် ဆွတ်ဆွတ်ဖြူနေတော့သည်။ သူ့အဖေ အရိုက်ခံရမည်ကို စိုးရိမ်သဖြင့် စတူဒီယိုသို့ မကြာခဏ လာကြည့်ခြင်း ဖြစ်ပေသည်။ ဝေ့ပေါ်ရီ၏ မျက်လုံးတို့မှာ ရဲရဲနီနေကာ သူ့အစ်ကို၏ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ 


"ရက်စေ့သွားရင် စာချုပ်အသစ် ပြန်ချုပ်လိုက်လေ ..." 


ရှောင်ကျားရှုက သောကဖိစီးနေသော ညီအစ်ကိုနှစ်ဦးကို ခပ်ဖွဖွ ပွေ့ဖက်ထားလိုက်သည်။ 


"ပိုက်ဆံမှ မရှိဘဲနဲ့ ဘယ်လိုလုပ် စာချုပ်ပြန်ချုပ်လို့ ရမှာလဲ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်နဲ့ ကင်မရာတွေကလည်း ငှားထားတာဆိုတော့ ဒီစတူဒီယိုကို ငှားဖို့အတွက် မတတ်နိုင်တော့ဘူးလေ အဖေက တစ်ခြားသူတွေစီကနေလည်း ပိုက်ဆံတွေ အများကြီး ချေးထားသေးတယ် ကျွန်တော်တို့သာ ပြန်မဆပ်နိုင်ရင် ဒီရုပ်ရှင်ကို ဆက်မရိုက်နိုင်လောက်တော့ဘူး ရှေ့ရက်ပိုင်းတုန်းက ကျွန်တော်တို့အိမ်ကို ဝယ်မယ့်သူတစ်ယောက်နဲ့တောင် ဆက်သွယ်ထားသေးတယ် ကျွန်တော်တို့မှာ နေစရာ မရှိလောက်တော့ဘူး ..." 


ဝေ့ပေါ်ရုန်မှာလည်း ကလေးတစ်ဦးသာ ဖြစ်ရာ ခေါင်းငိုက်စိုက်ချလျက် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။ 


ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းကို ဆက်မရိုက်နိုင်တော့ဘူးပေါ့ နှမြောစရာ ကောင်းလိုက်တာ ... 


သုံးစက္ကန့်ခန့် စဉ်းစားပြီးနောက် ရှောင်ကျားရှုက လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။ 


"ဒီမှာပဲ ငြိမ်ငြိမ်လေး နေနေကြဦးနော် ကောကော အပြင်ထွက်ပြီး သူတို့နဲ့ စကားပြောလိုက်ဦးမယ် ဒီရုပ်ရှင်ကို သေချာပေါက် ပြီးတဲ့အထိ ရိုက်ကူးရမယ် ငါ ရင်းနှီးမြှုပ်နှံပေးမယ် ..." 


သူ့ကိုယ်ရေးကိုယ်တာလက်ထောက်ကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း ရွှယ်မြောင်ကို ဖုန်းဆက်ကာ အစီရင်ခံလိုက်သည်။ 


ရွှယ်မြောင်ကတော့ အလေးအနက်ပင် စဉ်းစားမနေ။ 


"ရှောင်ရှုက "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ရဲ့ ကလေးဗားရှင်းမှာ ရင်းနှီးမြှပ်နှံချင်တယ်လို့ ပြောလိုက်တာလား အိုကေ သူ့ကို ရင်းနှီးမြှုပ်နှံခိုင်းလိုက်လေ ငွေမလောက်လည်း ကိစ္စမရှိဘူး ရိုက်ကူးရေးပြီးရင် ထပ်ရလာဦးမှာပဲကို ဘာကြီး ငွေရှုံးသွားမှာ မကြောက်ဘူးလား ဟုတ်လား မကြောက်ပါဘူး ငါ့အာရုံတွေက ပြောနေတယ် အဆင်ပြေလိမ့်မယ် အချိန်လေးတစ်ခုပဲ စောင့်လိုက်တဲ့ မင်းသာ ဖုန်းမဆက်ရင် မေ့တော့မလို့ ရိုက်ကွင်းတစ်ခုလုံး ရှုပ်ထွေးနေတာ မဟုတ်လား သူ့အတွက် သက်တော်စောင့်နှစ်ယောက်လောက် ရှာပေးလိုက် ငါ ဆယ်မိနစ်အတွင်း အရောက်လာခဲ့မယ် ရှောင်ရှုကို ဘယ်သူကမှ မတိုက်ခိုက်စေနဲ့ ..." 


အလောတကြီး ပြောပြီးနောက် ဖုန်းကို ချက်ခြင်း ချလိုက်သည်။ 


Xxxxxxxx