အပိုင်း ၄၆
Viewers 45k

Chapter 46


ရှောင်ကျားရှုအနေဖြင့် အနုပညာလောကမှာ အလွန်ရှုပ်ထွေးပွေလီလှကြောင်း သိထားသည့်တိုင် ဤမျှအထိ ကမောက်ကမ ဖြစ်လိမ့်မည်ဟုတော့ ထင်မှတ်မထားချေ။ 


ဒါက စတူဒီယို အငှားချထားတဲ့ ကုမ္ပဏီလေးပဲလေ ဘာလို့များ ဝန်ထမ်းတွေက မြေအောက်ဂိုဏ်းစတားတွေလို နဂါးပုံတွေ ဖီးနစ်ပုံတွေ တက်တူးထိုးထားကြတာလဲ ကလေးတွေကိုတောင် တိုက်ခိုက်လိုက်သေးတယ် ... 


သို့သည့်တိုင် သူ့ခွန်သူ့အားဖြင့် ဖြေရှင်းနိုင်သည့်အရာ မရှိကြောင်းလည်း သိထားသည့်အတွက် ချက်လက်မှတ်ကိုထုတ်ကာ အော်ပြောလိုက်သည်။ 


"ဘာက ပြဿနာလဲ ကျန်တဲ့ ငှားရမ်းခတွေ ငါပေးမယ် ဘယ်လောက်လဲ ..." 


ရန်ပွဲဖန်တီးနေသူများက သူဝတ်ထားသည့် နာရီကပင်လျှင် ဒေါ်လာသန်းနှင့်ချီကာ အဝတ်အစားနှင့် ဖိနပ်များမှာလည်း နာမည်ကြီးတံဆိပ်များဖြစ်ကြောင်း တွေ့လိုက်သည့်အတွက် သူတို့၏ လုပ်ရပ်များကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျသင့်သည့် တန်ဖိုးကို ပြောလာသည့်အခါ ရှောင်ကျားရှုက ချက်လက်မှတ်ထဲသို့ အမြန် ဖြည့်ပေးလိုက်သည်။ 


"မြန်မြန်သွားရင်သွား မဟုတ်ရင် ရဲခေါ်တော့မှာ ..." 


ထိုသို့ပြောကာ ချက်လက်မှတ်ကို ပစ်ပေးလိုက်သည်။ လူမိုက်များမှာ ငွေတောင်းရန်အတွက် သူဌေးဖြစ်သူက ငှားရမ်းထားခြင်း ဖြစ်ကာ ပစ္စည်းများကို ဖျက်ဆီးရသည့်အတွက် အလွန်ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် စကားတစ်ခွန်းမှပင် ပြောမနေဘဲ ချက်လက်မှတ်ကိုယူကာ ခြေကုန်သုတ်၍ ထွက်ပြေးသွားကြတော့သည်။ 


မြေကြီးပေါ် လဲကျနေသည့် ဝမ်ကျန်းက ဝန်ထမ်းနှစ်ဦး၏ အကူအညီဖြင့် ထရပ်ကာ သွေးထွက်နေသော နဖူးကို ဖိထားလျက် ပြောလိုက်သည်။ 


"ရှောင်ရှောင် မင်းအပေါ် ကျေးဇူးကျွေး တင်သွားရပြီ ငွေချေးစာချုပ် ရေးပေးပါ့မယ် မင်းရဲ့ ငွေတွေကို ခုနစ်ရက်အတွင်း ပြန်ရစေရမယ်လို့ အာမခံပါတယ် ..." 


သူ့အိမ်ကို ဝယ်ယူမည့်သူ တွေ့ထားပြီးဖြစ်ရာ ခုနစ်ရက်အတွင်း ငွေရလာတော့မည်ဖြစ်သည်။ 


ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။ 


"ကလေးတွေရော အဆင်ပြေကြရဲ့လား ..." 


ကလေးများကို ဂရုစိုက်ပေးရန် တာဝန်ရှိသည့် ဝန်ထမ်းများက လက်ကို ယမ်းကာ ပြောလိုက်သည်။ 


"ဒါရိုက်တာဝေ့ စိတ်ချလက်ချသာ အနားယူပါ ကလေးတွေအကုန် ဘာဒဏ်ရာမှ မရဘဲ အပြင်ဘက်ကို ရောက်နှင့်နေပါပြီ ကင်မရာသုံးလုံးတော့ ပျက်စီးသွားတယ် လာကြည့်လှည့်ပါဦး ..." 


ဝေ့ကျန်း၏ မျက်နှာတစ်ခုလုံး သွေးရောင်ပင် မရှိတော့။ သူက သက်ပြင်းချလိုက်သည်။ ထိုကင်မရာများမှာလည်း ငှားရမ်းထားခြင်းဖြစ်သည်။ တစ်လုံးငှားရမ်းခကပင်လျှင် ယွမ်သောင်းဂဏန်း ကျသင့်ရာ ပျက်စီးသွားသော ကင်မရာသုံးလုံးအတွက် ဒေါ်လာသောင်းဂဏန်း လျော်ကြေးပေးရမည်ဖြစ်သည်။ ထို‌အတွက် ကုန်ကျစရိတ်ကပင်လျှင် မနည်းလှ။ သို့ရာတွင် အခက်အခဲမည်မျှ ကြုံတွေ့ပါစေ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ကိုမူ မဖြစ်မနေ ရိုက်ကူးရမည်ဖြစ်သည်။ ဤသည်မှာ သူ့အိပ်မက်သာမက ကလေးများ၏ အိပ်မက်လည်း ဖြစ်ပေသည်။ 


စိတ်ဓာတ်ကျဆင်းနေမှုကို သတိပြုမိလိုက်သည့် ရှောင်ကျားရှုက မေးလိုက်သည်။ 


"ဒါရိုက်တာဝေ့ ကျွန်တော် ကြည့်ကြည့်ရသလောက်တော့ ခင်ဗျားရဲ့ ရုပ်ရှင်က အလားအလာရှိနေတယ် အဲဒါ ကျွန်တော် ရင်းနှီးမြှုပ်နှံချင်တယ်ဆို ဘယ်လို သဘောရလဲ ..." 


"အာ ..." 


ဝေ့ကျန်းမှာ ရှောင်ကျားရှု၏ ဆိုလိုရင်းကို အတော်ကြာသည်အထိ သဘောမပေါက်သေး။ ထို့နောက်တွင်မှ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြောလိုက်သည်။ 


"နေ ... နေပါဦး မစ္စတာရှောင် ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက နာမည်ကြီး "နှစ်တစ်ရာအိပ်မက်" ကို ကလေးဗားရှင်း ပြန်ရိုက်ထားတာနော် ဒီလောကထဲမှာ ဒါမျိုး ဘယ်သူမှ မရိုက်ဖူးသေးတော့ မြတ်ပါ့မလား ရှုံးမလား မသေချာသေးဘူး ဒီရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံပြီးကာမှ ရှုံးသွားမှာကို စိတ်မပူဘူးလား ..." 


သူသည်လည်း ရင်းနှီးမြှုပ်နှံသူများကို ရှာခဲ့ဖူးသော်ငြား ထိုသူများက ကလေးဇာတ်လမ်းဟု ကြားကတည်းကပင် ခေါင်းယမ်းပြီးသားဖြစ်သည်။ "နှစ်တစ်ရာအိပ်မက်" ကို ပြန်ရိုက်မည်ဟု သိလိုက်ရချိန်တွင်တော့ ငြင်းဆန်မှုမှာ ပို၍ပင် ပြင်းထန်လာတော့သည်။ ရှောင်ကျားရှုက ရင်းနှီးမြှုပ်နှံရန် ဦးစွာ ကမ်းလှမ်းလာသူ ဖြစ်သော်ငြား အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း ကြိုပြောထားရမည်ဖြစ်သည်။ 


ရှောင်ကျားရှုကမူ ထိုစကားကို စိတ်ထဲထားဟန်မတူ။ 


"ကျွန်တော် မြင်ပြီးပါပြီ ကောင်းမယ်ထင်လို့ ရင်းနှီးမြှုပ်နှံတာပါ ဒီရုပ်ရှင်ကို ရောင်းမယ် မရောင်းမယ်ဆိုတာက ကျွန်တော့်ကိစ္စ ဖြစ်သွားပြီလေ ကျွန်တော့်ကို အစီအစဉ်စာအုပ်နဲ့ ဘဏ္ဍာရေးအစီရင်ခံစာလေး လုပ်ထားပေးနော် အိမ်ပြန်ရောက်ရင် ကြည့်ကြည့်လိုက်မယ် ..." 


ဝေ့ကျန်းက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စတူဒီယိုထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေလိုက်သည်။ ထို့နောက် အစီအစဉ်စာအုပ်ကို ကားထဲ ထားခဲ့မိမှန်း သတိရသွားသည့်အခါ အလျင်အမြန် သွားယူရန် ပြင်လိုက်သည်။ 


ရှောင်ကျားရှုက သူ့ကို လှမ်းဆွဲကာ ပြောလိုက်သည်။ 


"မပူပါနဲ့ အရင်ဆုံး နဖူးက ဒဏ်ရာကို ဆေးထည့်လိုက်ပါဦး ကလေးတွေက အပြင်ဘက်မှာ‌ဆိုတော့ သူတို့ကို လန့်သွားစေမိလို့ မဖြစ်ဘူးလေ ..." 


"အာ ... အိုကေ ..." 


ဝေ့ကျန်းက ချက်ခြင်း ထိုင်ချလိုက်ကာ ဆေးထည့်ပေးရန် ဝန်ထမ်းနှစ်ဦးကို အကူအညီတောင်းလိုက်သည်။


ထို့နောက် တုတ်ကိုင်ထားသည့် လူတစ်စု ရောက်လာကာ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


"စတူဒီယိုကို ဘယ်ခွေးကောင်တွေ ဖျက်ဆီးသွားတာလဲကွ ကျောက်ချွမ်က ဘယ်သူလဲဆိုတာကိုတောင် ဂရုမစိုက်ကြတော့ဘူးပေါ့ ပြောလိုက်မယ်နော် ငါ အခု ရဲခေါ်ထားပြီးသား မင်းတို့ကောင်တွေကို ထောင်ထဲ မပို့ရမချင်း လုံးဝ မပြန်ဘူး လူအိုကြီးဝေ့ လူအိုကြီးဝေ့ ရှိနေလား ပေါ်ရုန်နဲ့ ပေါ်ရီက ငါ့နားလေးမှာနော် စိတ်မပူနဲ့ သိလား ..."


(မှတ်မိအောင် ပြန်ပြောရရင် ကျောက်ချွမ်က လီကျားကို ကျိမြန် မိတ်ဆက်ပေးခဲ့တဲ့ ကုမ္ပဏီပိုင်ရှင် ကျိုးနန်ရဲ့ ရည်းစားပါ ရှေ့ဆုံးအပိုင်းတွေမှာ သူ့အကြောင်း ပါဖူးပါတယ်) 


အချိန်ကိုက် ရောက်ရှိလာသည့် ရွှယ်မြောင်၏ သက်တော်စောင့်များမှာလည်း ထိုသူ၏ အမြင်တွင် လူမိုက်များ ဖြစ်သွားရှာလေတော့သည်။ 


"အားလုံးပဲ ဒါက နားလည်မှု လွဲနေတာပါ နားလည်မှု လွဲနေတာပါ ကျွန်တော်တို့က ရိုက်ကွင်းကို ဖျက်ဆီးဖို့ လာတာ မဟုတ်ပါဘူး မစ္စတာရှောင်ရဲ့ သက်တော်စောင့်တွေပါ..." 


ရှောင်ကျားရှု၏ လက်ထောက်က ချွေးပြိုက်ပြိုက်ကျလျက် အမောတကော ရှင်းပြလိုက်သည်။ သက်တော်စောင့်များမှာ မည်သည့်ကိစ္စကိုမှ မဆောင်ရွက်ရသေးသည့်တိုင် ရန်လိုသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေပေသည်။ 


ခေါင်းဆောင်ငယ်က အပွင့်ရိုက်တီရှပ်နှင့် စုတ်ပြဲနေသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ ပုခုံးအထိ ကျဆင်းနေသည့် မလျှော်ဖွပ်ရသေးသော ဆံပင်ကို နောက်ပြန်စည်းထားသည်မှာ ပို၍ပင် တေလေဂျပိုးပုံစံ ပေါက်နေသေးသည်။ သူက လက်ထောက်ကို လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ဟစ်လိုက်သည်။ 


"မစ္စတာရှောင် ဟုတ်လား ဘယ်က မစ္စတာရှောင်လဲ မင်းအဘိုးမှတ်လို့ လာပြီး ရူးကြောင်မူးကြောင် လုပ်ပြနေတာလား ..." 


"ဒါရိုက်တာကျောက် ဒါက တကယ်ကို နားလည်မှုလွဲနေတာပါ ဒီဘက်က မစ္စတာရှောင်းတဲ့ သူက ကလေးတွေကို ဘေးလွတ်တဲ့နေရာ ရွှေ့ပေးပြီး ငှားခတွေလည်း ကူပေးထားတဲ့လူပါ သူက တကယ်ကို လူကောင်းပါဗျာ ဟိုလူမိုက်တွေက အစောကြီးကတည်းက ထွက်သွားနှင့်ပါပြီ ..." 


ဝေ့ကျန်းက လူငယ်လေးကို ဆွဲထားရင်း အလောတကြီး ပြောလိုက်သည်။ 


"သူတို့က မစ္စတာရှောင်ရဲ့ သက်တော်စောင့်တွေပါ သူတို့က အခုမှ ရောက်လာကြတာဆိုတော့ အခြေ‌အနေကို ဘာမှ မသိကြသေးပါဘူး အားလုံး နားလည်မှုလွဲကုန်ကြတာပါ ..." 


လူငယ်လေးက ပြဿနာ၏ အရင်းအမြစ်ပိုင်ရှင် မစ္စတာဝေ့ကိုတစ်လှည့် ရှောင်ကျားရှုကိုတစ်လှည့် အကဲခတ်လိုက်သည်။ သူသည်လည်း အနီးအနားရှိ စတူဒီယိုတွင် အလုပ်လုပ်နေသူဖြစ်ရာ သတင်းကြားသည်နှင့်တစ်ပြိုင်နက် အမောတကော ပြေးလာခဲ့ပေသည်။ 


"စောစောက အပြုအမူအတွက် တကယ်ကို တောင်းပန်ပါတယ် ..." 


လူငယ်လေးက သူ့မျက်နှာကို ရုတ်ချည်း ပြောင်းလဲပစ်လိုက်သည်။ မူလက ခြိမ်းခြောက်လိုသည့် မျက်နှာထားမှာ ယခုမူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေပေသည်။ 


"ရပါတယ် ခင်ဗျားကလည်း ကြင်နာတတ်တဲ့သူဖြစ်လို့ အပြေးလေး လာကူညီတာပေါ့ ..." 


ရှောင်ကျားရှုက နာရီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ 


"ဒါရိုက်တာဝေ့ အစီအစဉ်စာအုပ်ကို ကျွန်တော့် email ထဲပဲ ပို့ရင်ပို့ထားလိုက်တော့လေ ဆက်သွယ်ရမယ့် လိပ်စာကို ပေးခဲ့ပါ့မယ် နဖူးက သွေးထွက်နေတုန်းဆိုတော့ ဆေးရုံသွားပြီး ဆေးစစ်ကြည့်လိုက်တာ အကောင်းဆုံးပဲ ခေါင်းကို ခိုက်မိတယ်ဆိုတာ ပေါ့ပေါ့လေးနေလို့ မရဘူးနော် ..." 


တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ထပ်‌ဖြည့်ပြောလိုက်သည်။ 


"အိမ်ကိုလည်း မရောင်းသင့်ဘူး မဟုတ်ရင် ပေါ်ရုန်နဲ့ ပေါ်ရီတို့ ဘယ်မှာ သွားနေရမှာလဲ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေးမှာဖြစ်လို့ စိတ်ပူမနေပါနဲ့တော့ ..." 


ဝေ့ကျန်းမှာ မျက်ရည်များပင် ရစ်သိုင်းလာသည်အထိ စိတ်လှုပ်ရှားသွားရတော့သည်။ 


အခုမှ ပထမဆုံး တွေ့ဖူးတဲ့ သူစိမ်း ဘယ်သူစိမ်းကများ မင်းရဲ့ အကျိုးအမြတ် မင်းရဲ့ သားသမီးတွေကို ဂရုစိုက်ပေးဖူးလို့လဲ မစ္စတာရှောင်းက တကယ်ကို လူကောင်းတစ်ယောက် ဖြစ်လိမ့်မယ် ... 


သူက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရှောင်ကျားရှုကို စတူဒီယိုဝင်ပေါက်နားအထိ လိုက်ပို့နေသည့်အတွက် ကျောက်ချွမ်၏ အကြည့်တို့ လင်းလက်သွားခြင်းကို သတိမပြုမိလိုက်ချေ။ 


"မစ္စတာရှောင် ဒီနားကို ရောက်လာပြီးမှတော့ ကျွန်တော့် စတူဒီယိုလေးကိုပါ လိုက်ကြည့်လှည့်ပါ့လား သိပ်မဝေးဘူး သိလား ခြေလှမ်းနည်းနည်းလေး လှမ်းလိုက်ရင်ကို ရောက်ပြီ ကျွန်တော်တို့ကလည်း ရှေးခေတ်နောက်ခံဇာတ်လမ်းတစ်ပုဒ် ရိုက်နေတာလေ ..." 


သူက ရှောင်ကျားရှုအနီးသို့ မျောက်တစ်ကောင်နှယ် ပြေးသွားလိုက်သည်။ သူ့မျက်နှာမှာ အလွန်အရည်ထူလှရာ ရိုက်ပုတ်မောင်းထုတ်၍လည်း ထွက်သွားမည် မထင်။ ကံကောင်းခြင်းနတ်ဘုရားကို မီတာတစ်ရာ အကွာရှိ စတူဒီယိုရှိရာသို့ ပင့်ဆောင်နိုင်ရန် အားကြိုးမာန်တက် သွေးဆောင်လိုက်တော့သည်။ 


ရှောင်ကျားရှုမှာ သူ့စကားများကြောင့် မူးနောက်လာတော့၏။ အတင်း ထွက်ပြေးလိုက်ချင်သော်ငြား လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အတွက် ထွက်ပြေး၍လည်း မရ။ နောက်‌ဆုံးတွင်တော့ စတူဒီယိုသို့ လိုက်ပါသွားရတော့သည်။ ရိုက်ကွင်းကို ကြည့်ရှုပြီးနောက်တွင်မူ တစ်စထက်တစ်စ မူးဝေကာ မေ့လဲတော့လုမတတ်ပင် ဖြစ်လာရတော့သည်။


ဒါက ဘာကြီးလဲ ရှေးခေတ်က ဘယ်မင်းသမီးကများ tube top နဲ့ မီနီစကတ်ကို ဝတ်လို့လဲ မင်္ဂလာဝတ်စုံမှာရော ပုလဲဖြူကို သုံးလို့လား ပြီးတော့ ဖိနပ်ကရော ဘာကြိီးလဲ! ငါ အများကြီး ဖတ်မကြည့်ရသေးဘူးဆိုတိုင်း လာမညာနဲ့နော် ရှေးခေတ် နတ်ဘုရားတွေက ရောမခေတ်က ခြေညှပ်ဖိနပ်ကို စီးလို့လားဟ ...


(Tube top က ကြိုးမပါတဲ့ ရင်ပြတ်အင်္ကျီကို ပြောတာ ထင်တယ် မီနီစကတ်ကတော့ လူတိုင်း သိလောက်ပါတယ် ) 


ရှောင်ကျားရှု၏ မျက်လုံးတို့မှာ ချက်ခြင်းလက်ငင်း မျက်ရည်စီးကျလာတော့မည့်နှယ် နာကျင်လာတော့သည်။ ကျောက်ချွမ်၏ ဇာတ်ညွှန်းကို ဘေးဘက်သို့ တွန်းပို့ရန် ပြင်နေစဉ် တစ်ဖက်သူ၏ ဒေါသတကြီး စကားသံကို ကြားလိုက်ရသည်။ 


"ငါတို့ ရိုက်ကွင်းတစ်ခုလုံးက တာဝန်သိတတ်တဲ့သူတွေချည်းပဲ ငါတို့ငှားထားတဲ့ စတိုင်လစ်က နိုင်ငံတကာမှာတောင် နာမည်ရထားတဲ့ ဒီဇိုင်နာဂျက်စ်လေ သူက အမေရိကန် ဖက်ရှင်ဒီဇိုင်နာ အသင်းကြီးကနေ အမျိုးသမီးတွေအတွက် တစ်နှစ်တာ ဒီဇိုင်နာဆုနဲ့ တစ်နှစ်တာအတွက် ကျောက်မျက်ရတနာ ဒီဇိုင်နာဆု ပါ ရထားတာလေ သရုပ်ဆောင်တွေကိုလည်း ကြည့်ကြည့်လိုက်ပါဦး အကုန်လုံး မလှကြဘူးလား တီထွင်ဆန်းသစ်နိုင်စွမ်းရော မရှိကြဘူးလား လူတွေက ဘာလို့များ ငါတို့ကို စံချိန်စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ပြောကြမှန်း နားကို မလည်နိုင်တော့ဘူး သူတို့တွေရဲ့ မျက်လုံးက တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ် ..." 


"ပြီးတော့ ဒီအခန်းတွေကို ပြန်ကြည့်ကြည့်လိုက် အကုန်လုံးကို င့ါအိုင်ဒီယာအတိုင်း လုပ်ထားတာ ထန်၊ ဆုန်၊ ယွမ်၊ မင် နဲ့ ချင် ခေတ်က ဗိသုကာလက်ရာတွေကို ပေါင်းစပ်ထားလို့ တင့်တယ်လှပပြီး အထက်တန်းကျချက်ပဲ သရုပ်ဆောင်တွေရဲ့ အဝတ်အစားတွေကလည်း ထူးထူးကဲကဲကို လှပကောင်းမွန်နေတော့ အကုန် ခြုံငုံကြည့်လိုက်ရင် ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်လိုပဲ ..." 


သူက နေ့လည်စာ စားနေသော သရုပ်ဆောင်များကို လက်ညှိုးထိုးပြရင်း ဆက်ပြောလိုက်သည်။ 


"ဒီ သရုပ်ဆောင်တွေ သူတို့တွေက ပွဲဦးတောင် မထွက်ရသေးတဲ့ လူသစ်တွေ ဆိုပေမယ့် တစ်ယောက်ချင်းစီရဲ့ တန်ဖိုးကတော့ မသေးဘူးနော် ပရိသတ်ရဲ့ အသည်းနှလုံးကို စကားတစ်ခွန်းမှ မပြောဘဲနဲ့တောင် သိမ်းကျုံးယူသွားနိုင်တယ် သရုပ်ဆောင်ဆိုမှ ငါ အရမ်းအသဲပေါက်တာတစ်ခု ရှိ‌သေးတယ်သိလား အစပိုင်းတုန်းကကွာ ဇာတ်လိုက်မင်းသမီးနေရာအတွက် လူရွေးပွဲ လာဖြေတဲ့တစ်ယောက် ရှိတယ် လီမျိုးရိုးလေ အသံကလည်း ကောင်း၊ ရုပ်ကလေးကလည်း ချော ဆိုတော့ သူ့ကို မင်းသား(မှားရေးတာမဟုတ်ပါဘူး)နေရာအတွက် ငှားတော့မလိုဘဲ ဒါပေမယ့် နောက်ပိုင်းကျ သူအမေ နေမကောင်းလို့ပါဆိုပြီး စာချုပ်ကို ဖျက်လိုက်ရော ငါပေးတဲ့ အနုပညာကြေးက ဆေးကုဖို့ မလောက်လို့ပါပေါ့ အဲဒါနဲ့ ငါလည်း သူမကို ရှယ်ယာတစ်စု ခွဲပေးမယ်လို့တောင် ကမ်းလှမ်းလိုက်သေးတယ် ဒါတောင်မှ သူက မပူးပေါင်းချင်တဲ့အပြင် ငါ့ကိုတောင် ရုပ်ရှင်မရိုက်နိုင်ဘူးလေး ဘာလေးနဲ့ စော်ကားသွားသေးတယ် ဒီရုပ်ရှင်ရိုက်ဖို့က ငါ့ရဲ့ အိပ်မက်ပဲ သရုပ်ဆောင်တွေက လှတယ် စတိုင်ကလည်း အထက်တန်းကျတယ် ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ် ဒီဟာက တစ်ချိန်ချိန်မှာ မုချကို အောင်မြင်မှာပဲ အဲဒီ့အခါကျမှ သူမရဲ့ နောင်တရနေတဲ့ မျက်နှာကြီးကို ထိုင်ကြည့်ဦးမှာ ..." 


ဇာတ်ညွှန်းကို တွန်းထုတ်နေသည့်‌ ရှောင်ကျားရှုက ဆက်ကိုင်ထားရန် ဆုံးဖြတ်လိုက်တော့သည်။ သူက မရဲတရဲ မေးလိုက်သည်။ 


"လီမျိုးရိုးနဲ့ သရုပ်ဆောင်မင်းသမီးဆိုတော့ လီကျားလား ..." 


"သူမကို သိလား ..." 


မစ္စတာရှောင်က လီကျားအား ဆက်သွယ်မည်ကို စိုးရိမ်စိတ်ကြောင့် ကျောက်ချွမ်၏ ရင်အစုံ တလှပ်လှပ်ခုန်လာတော့သည်။ 


"မသိပါဘူး ..." 


Xxxxxx