အပိုင်း ၄၇
Viewers 44k

Chapter 47


ရှောင်ကျားရှုက ဇာတ်ညွှန်းကိုယူကာ ပြောလိုက်သည်။ 


"ဒီပရောဂျက်က အဆင်ပြေပါ့မလား စဉ်းစားလိုက်ဦးမယ် မနက်ဖြန် အကြောင်းပြန်ပါ့မယ် ဖုန်းနံပါတ်က 139XXXXXXXX တကယ်လို့ မမှတ်မိရင် စတူဒီယို နံပါတ် ၆ မှာ လာရှာလို့ ရတယ် ဒီရက်ပိုင်းအတွင်း အဲဒီမှာပဲ ရုပ်ရှင်ရိုက်နေတာ ..." 


ကျောက်ချွမ်မှာ အလွယ်တကူ မရှက်တတ်၊ ထူထဲလှစွာသော မျက်နှာအရေပြားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ မစ္စတာရှောင်၏ အမူအယာမှာ လှည့်စားတတ်သူနှင့် မတူသည့်အတွက် ဖုန်းနံပါတ်ကို အလျင်အမြန် မှတ်ထားလိုက်သည်။ 


စိတ်ရှုပ်ထွေးမှုနှင့် ပုန်ကန်ထကြွလိုမှုတို့ကို ဖြတ်ကျော်ခဲ့ပြီးနောက် ရှောင်ကျားရှု၏ စိတ်အခြေ‌အနေမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှ်ိလာခဲ့ပြီဖြစ်သည်။ သူသည် အလုပ်ကို အာရုံစူးစိုက်ကာ ရည်မှန်းချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ချထားတတ်သူဖြစ်သည်။ သို့မဟုတ်ပါလျှင် ဘွဲ့ကြိုတန်းနှင့် ဘွဲလွန်တန်းကို လေးနှစ်နှင့် ပြီးနိုင်လိမ့်မည် မဟုတ်ချေ။ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ၏ ဇာတ်ညွှန်းကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်ရှုကာ အစီအစဉ်အသစ် ရေးဆွဲရန် တစ်ညသာ အချိန်ပေးလိုက်ရသည်။ 


ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့က အချိန်မရွေး ရပ်တန့်သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံနေရတာလေ ဘယ်လိုလုပ် စိတ်အေးလက်အေး ဖတ်နေရဲမှာလဲ ...


နှစ်နာရီကြာ အနားယူပြီးနောက် မနက်မိုးလင်းချိန်တွင် တမန်တော် ရိုက်ကွင်းသို့ ထွက်လာခဲ့ရပြန်တော့သည်။ "အေးစက်တဲ့ ရေခဲမင်းသားက တကယ်တော့ ချောမောတဲ့ မင်းသမီးတစ်ပါးတဲ့" ၏ ဇာတ်ညွှန်းနှင့် အစီအစဉ်စာအုပ်ကို မမေ့မလျော့ သယ်လာကာ ထုံးစံအတိုင်းပင် ဒါရိုက်တာလောနှင့် အခြားသူများအတွက်လည်း မနက်စာ ဝယ်လာခဲ့လိုက်သည်။ ပင်လယ်စာဆန်ပြုတ်ကို မွှေနေရင်း အချက်အလက်တစ်ပုံကြီးကို ဖတ်နေလိုက်သည်။ 


"မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား ..." 


ကျိမြန်က သူ့ဘေးနား ဝင်ထိုင်ကာ မေးလိုက်သည်။ 


"‌ညဉ့်နက်တဲ့အထိ နေမိလို့ပါ ..." 


ရှောင်ကျားရှုက မကွယ်ဝှက်စတမ်း ပြောရင်း နှုတ်ဆက်လိုက်သည်။ 


"ကျိကော ကောအတွက် မနက်စာက ဘယ်ဘက်ကရေရင် ဒုတိယမြောက်အထုပ်နော် ..." 


"မင်းစားနေတဲ့ ဆန်ပြုတ်က ဘာလဲ ..." 


ကျိမြန်က နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံကာ မေးလိုက်သည်။ 


ရှောင်ကျားရှုက ဆန်ပြုတ်ပန်းကန်ကို သူ့အနား တွန်းပို့ပေးလိုက်သည်။ 


"ပင်လယ်စာ ဆန်ပြုတ်လေ တော်တော်လေးကို ချိုပြီးတော့ လတ်ဆတ်တယ် ..." 


"ပုစွန်ရော ပါလား ..." 


"ပါတာပေါ့ ဒီမှာ ကြည့်ပါ့လား အများကြီးပဲ ..." 


ရှောင်ကျားရှုက ဆန်ပြုတ်ပန်းကန်ကို မွှေနောက်ကာ အောက်ခြေရှိ ပုစွန်အားလုံးကို ဆယ်လာလိုက်သည်။ 


ကျိမြန်က မျက်မှောင်ခပ်ဖွဖွ ကြုတ်လိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် ဆိုင်းတွနေဟန်ပင်။ တစ်ခဏမျှ စဉ်းစားပြီးနောက် အိတ်ထဲမှ ဆေးပုလင်းကို ထုတ်ယူရင်း ပြောလိုက်သည်။ 


"ရှိသေးလား ကိုယ့်ကို တစ်ပန်းကန်လောက် ပေးပါဦး ..." 


ထိုသို့ပြောရင်း ဆေးလုံးကို မျိုချလိုက်သည်။ 


အနည်းငယ် နောက်ကျမှ ရောက်လာသည့် ဖန်ခွင်း၏ မျက်လုံးတို့ ပြူးကျယ်သွားကာ သူ့ကို ငေါက်ငမ်းလိုက်သည်။ 


"ဘာလို့ ... မင်း ထပ်ပြီး သေချင်နေတာလား ... " 


သခင်လေးရှောင်၏ မေးခွန်းတို့ဖြင့် ပြည့်နှက်နေသော အကြည့်တို့ကို သတိထားမိလိုက်သည့်အခါ ကျန်စကားလုံးများကို မျိုသိပ်ထားလိုက်တော့သည်။ 


ရှောင်ကျားရှုက ကျိမြန်အတွက် ပင်လယ်စာဆန်ပြုတ်တစ်ပန်းကန် ခပ်ပေးပြီးနောက် ဇာတ်ညွှန်းကိုသာ ပြန်ဖတ်နေလိုက်သည်။ ဖန်ခွင်းက သူ့ကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ဘယ်လိုဖြစ်ပြီးတော့ မင်းမှာ "အေးစက်တဲ့ ရေခဲမင်းသားက တကယ်တော့ ချောမောတဲ့ မင်းသမီးတစ်ပါးတဲ့" ရဲ့ ဇာတ်ညွှန်း ရှိနေရတာလဲ ကျောက်ချွမ်က မင်းကို ရင်းနှီးမြှုပ်နှံဖို့ လာကမ်းလှမ်းတာလား ငါပြောပြမယ် သူ့စကားကို နားမယောင်မိစေနဲ့ သိလား သူ့ရိုက်ကွင်းတစ်ခုလုံးက လူထူးဆန်းတွေ ပြောတော့သာ ရှေးခေတ်နောက်ခံဇာတ်လမ်းတဲ့ ဖက်ရှင်တွေက ခေတ်သစ်ဖက်ရှင်ရှိုးတွေထက်တောင် ပိုပြီး လန်းနေသေးတယ် သရုပ်ဆောင်တွေကဆို တစ်ယောက်မှ ဘွဲ့မရသေးဘူး အကုန် ရုပ်ကလေးကိုကြည့်ပြီးပဲ ရွေးထားကြတာ အခြေခံအရည်အချင်းလေးတောင် မရှိကြဘူး ..." 


ဖန်ခွင်းက ကျောက်ချွမ်၏ ဇာတ်လမ်းကို တစ်နာရီနီးပါး မရပ်မနား ဝေဖန်နေလိုက်သည်။ 


သို့သော် ရှောင်ကျားရှုကမူ သူပြောသမျှတိုင်းကို နားမထောင်။ အာရုံအလုံးစုံကို ဇာတ်ညွှန်းတွင်သာ မြှုပ်နှံထားသည်။ 


ဒီဇာတ်ကြောင်းက တကယ်ကို မိုက်တာပဲ အရိုက်အရာ ဆက်ခံမယ့် မင်းသားက ယောကျာ်းလေးလို ဝတ်စားထားတဲ့ မိန်းကလေး၊ ကြင်ယာတော်ကလည်း ယောကျာ်းလေးလိုပဲ ဝတ်စားထားတယ် ဒီဇာတ်ကောင်နှစ်ယောက်လုံးက သူ့အခက်အခဲနဲ့သူ နောက်ပိုင်းကျ အတွဲတွေ ဖြစ်သွားကြရော လက်ထပ်ပြီးတော့လည်း ကိစ္စတွေအများကြီး ထပ်ဖြစ်သေးတယ် မင်းသားက သရဖူအတွက် တိုက်ခိုက်ချင်နေပြီးတော့ ကြင်ယာတော်ကကျ ဗိုလ်ချုပ်ကြီး ဖြစ်ချင်တယ် ပြီးတော့ ကလေးတွေ အများကြီးလည်း မွေးချင်သေးတယ်တဲ့ ဇာတ်လမ်းရဲ့ အစပိုင်းမှာ ကမောက်ကမတွေ အများကြီး ဖြစ်ခဲ့ပြီး အလယ်ပိုင်းက စိတ်ထိခိုက်လွယ်စရာတွေနဲ့ ပြည့်နှက်နေတယ် အဆုံးကတော့ ကြမ်းတမ်းရိုင်းပျပြီးတော့ ဘာရသမှ မပါဝင်ဘူး ဒါက လူ့လောကရဲ့ သုံးဖက်အမြင်ကို စိန်ခေါ်လိုက်တာပဲ ... 


ထိုသည်သာမက ဇာတ်ကြောင်းမှာ ရယ်ရွှင်မြူးဖွယ်လည်း ကောင်းလှသည့်အတွက် ရှောင်ကျားရှုမှာ ဖတ်နေရင်း မရေမတွက်နိုင်အောင်ပင် ရယ်မောမိလိုက်သေးသည်။ တစ်သျှူးတစ်ရွက်ကိုထုတ်ကာ ပါးစပ်ကို ဖုံးအုပ်ရင်း စိတ်ကို တည်ငြိမ်အောင် ထားပြီးမှသာ ဆက်ဖတ်နိုင်တော့သည်။ 


ဒီလို ရုပ်ရှင်ကို ဘယ်သူကများ မကောင်းဘူးလို့ ပြောတာလဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်စရာကောင်းပြီး သူများနဲ့ မတူဘဲ ‌ကွဲထွက်နေရုံလေးတင်လေ ကျောက်ချွမ်ရဲ့ ရိုက်ကူးတဲ့စတိုင်ကလည်း ဘယ်သူနဲ့မှ မတူဘူး သူက အဝတ်အစားဒီဇိုင်းအသစ်၊ သရုပ်ဆောင်အသစ်၊ ရှူခင်းအသစ်တွေကို သုံးထားတော့ အစပိုင်းမှာတော့ နည်းနည်း မူးနောက်နေချင်စရာ ဖြစ်လိမ့်မယ် ဒါပေမယ့် သေချာလေး ကြည့်လေလေ ရုပ်ရှင်ကပေးတဲ့ ထူးကဲလှတဲ့ သုခုမဟန်ကို ခံစားမိလာလေပဲ ... 


သူ့ရဲ့ သီကုံးနိုင်စွမ်းတွေ၊ အရောင်ရွေးချယ်ပုံတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို သရုပ်ဖော်ပြနိုင်ပုံတွေ၊ ဇာတ်ကြောင်းကို အစီအစဉ်တကျဖြစ်အောင် ခန့်ခွဲနိုင်ပုံတွေ အကုန်လုံးက လက်ဖျားခါလောက်စရာပဲ ... အခုမှ ရုပ်ရှင်စရိုက်ဖူးတဲ့ ဒါရိုက်တာနဲ့ မ‌တူဘဲ နာမည်ကြီး အနုပညာရှင်တစ်ယောက်လို့တောင် ထင်ရတယ် သူ့ရဲ့ ရသခံစားမှုက နည်းနည်း စီးပွားရေးဆန်တယ် ဆိုပေမယ့် လုံးဝ အသက်မဲ့နေတာမျိုးလည်း မဟုတ်ဘူး အိပ်မက်လို ထင်ရလောက်‌တဲ့ သရုပ်ဖော်မှုမျိုး ... 


ဇာတ်ညွှန်းကို ဖတ်ပြီးနောက် ရှောင်ကျားရှုက တစိမ့်စိမ့်တွေးကာ ပြောလိုက်သည်။ 


"သတိပေးတဲ့အတွက် ခွင်းကောကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော့်အထင်တော့ ဒီဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းပြီး ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်လို့ပဲ ထင်တယ် ..." 


ဇာတ်ညွှန်းကို ဖိုင်တွဲထဲသို့ ပြန်ထည့်တော့မည့်အချိန်တွင် ကျိမြန်က ပြုံးကာ ပြောလာသည်။ 


"ကိုယ် ကြည့်ကြည့်လို့ ရမလား ..." 


"ရပါတယ် ..." 


ရှောင်ကျားရှုက သူ့ကို နှစ်ဖိုင်လုံး ကမ်းပေးရင်း ရှင်းပြလိုက်သည်။ 


"ကျိကော ဒီတစ်ခုက "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" အတွက် ဇာတ်ညွှန်းပါ ဒါကိုလည်း တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး ကျွန်တော့်အထင်တော့ ဒီရုပ်ရှင်နှစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံလောက်စရာ အရည်အသွေးတွေ ရှိနေတယ်လို့ ထင်ပါတယ် ..."


"ဒါရိုက်တာဝေ့ရဲ့ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ဒါက ကလေးရုပ်ရှင် မဟုတ်လား ..." 


ကျိ‌မြန်က ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ဒီနှစ်ပိုင်းမှာ ကလေးရုပ်ရှင်တွေက သိပ်ပြီး ရောင်းထွက်ဖို့ မလွယ်ဘူး စူပါမန်းတို့၊ မကောင်း‌ဆိုးဝါးတို့၊ ဒါမှမဟုတ် အကောင်ပိစိလေးတွေ အများကြီး ပါတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးတွေလောက်ပဲ ရိုက်ကြတာ ရှေးခေတ်နောက်ခံ ဇာတ်လမ်းမျိုးကတော့ ကြည့်မယ့်သူကို မရှိလောက်ဘူး ..." 


"ကျွန်တော် အစီအစဉ်အသစ် ပြန်ဆွဲထားတယ် အဓိက ပစ်မှတ်ထားတာကတော့ အရွယ်ရောက်ပြီးသား ကြည့်ရှုသူတွေကိုပါ ..." 


ရှောင်ကျားရှုက သူ ညလုံးပေါက် ကြိုးစားထားသည့် အစီအစဉ်ကို ထုတ်ပြလိုက်သည်။ ယမန်နေ့ညက ထိုဇာတ်ညွှန်းနှစ်ခုနှင့် ပတ်သက်၍ အနည်းငယ် တွေဝေနေခဲ့သေးသော်ငြား ယခုမူ သူ့ဆုံးဖြတ်ချက်တို့ ပြတ်သားနေပေသည်။ သူ့ကိုယ်ပိုင်အမြင်နှင့် အကဲဖြတ်နိုင်စွမ်းကိုသာ ယုံကြည်ထား‌လိုက်တော့သည်။ 


ကျိမြန်က ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို လှန်လှောကြည့်ရင်း ‌ရှောင်ကျားရှုကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ သူ့အနေဖြင့် အကဲဖြတ်စကား နှစ်ခွန်းကိုသာ ပြောနိုင်တော့သည်။ မထင်ထားလောက်အောင်ကို ပရော်ဖက်ရှင်နယ်ကျတဲ့ အစီအစဉ်နဲ့ သမားရိုးကျ မဟုတ်တဲ့ အကျဉ်းချုံး နေရာချထားပေးမှု ... 


"ကြည့်ရသလောက်တော့ ရင်းနှီးမြှုပ်နှံလို့ အဆင်ပြေမယ့်ပုံပဲ ..." 


သူက သဘောတူလိုက်သည်။ 


"ကျိကော နောက်နေတာတော့ မဟုတ်ပါဘူးနော် ..." 


ဖန်ခွင်းက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။ 


"ဒီရိုက်ကူးရေးအဖွဲ့ နှစ်ဖွဲ့လုံးက ပျက်စီးနေကြတာကို ရင်းနှီးမြှုပ်နှံချင်သေးတယ်လား တစ်ခုက ကလေးတွေကို သုံးပြီး ရှေးခေတ်ရုပ်ရှင် ရိုက်တယ် နောက်တစ်ခုက ရှေးခေတ်ဇာတ်လမ်းထဲမှာ အဝတ်အစား ထူးထူးဆန်းဆန်းတွေကို ထည့်သုံးထားတယ် အတွင်းခံတွေ ထုတ်မဝတ်တာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ ရှောင်ကျားရှုရေ ကျိကောက မင်းကို နှစ်သိမ့်ပေးနေတာ အရမ်းကြီး စိတ်ထဲ မထားနဲ့ ..." 


ကျိကောက ငါ့ကို နှစ်သိမ့်ပေးနေပြီးတော့ ငါကလည်း ဒါကို သတိမပြုမိဘူးလို့ ပြောချင်တာလား ကျိကောက ဟားဗက်တက္ကသိုလ်ရဲ့ သင်္ချာဌာနကို full scholarship နဲ့ ဝင်ခွင့်ရခဲ့တယ်ဆိုတာရော သိရဲ့လား သူ့မိသားစုပြဿနာကြောင့် ဘွဲ့မရလိုက်ဘူး ဆိုပေမယ့် သူ့အိုင်ကျူက ခင်ဗျားလိုလူ တစ်ဒါဇင်လောက်ကို လမ်းဘေးရောက်သွားအောင် လုပ်နိုင်သေးတယ် ဘာလို့ ကျိကောရဲ့ စကားကို နားမထောင်ရမှာလဲ ... 


ရှောင်ကျားရှုမှာ အလွန် စိတ်ပျက်သွားသော်ငြား အပေါ်ယံတွင်တော့ ထုတ်မပြခဲ့။ သူက ခေါင်းမာမာဖြင့် ဆက်ပြောလိုက်သည်။ 


"ကျိကောက သဘောတူတဲ့အပြင် အဆင်ပြေမယ်လို့ပါ ပြောခဲ့တယ်လေ ..." 


"ကျိကောသာ ဒီပရောဂျက်နှစ်ခုစလုံးကို တကယ် စိတ်ဝင်စားရင် မင်းက သူ့ကိုပါ ရင်းနှီးမြှုပ်နှံစေချင်သေးတာလား ..." 


ရှစ်ထင်းဟန်က အနားရောက်လာကာ လှောင်ပြောင်လိုက်သည်။ 


"ကျိမြန် လက်တွေ့ မလုပ်ဘဲ အပြောပဲ ကြီးမနေနဲ့လေ မင်းရဲ့ ချက်လက်မှတ်ကို သွက်သွက်လေး ထုတ်ပေးလိုက် ..." 


ကျိမြန်က အမှန်တကယ်ကြီး ချက်လက်မှတ်ကို ထုတ်ပေးလာကာ အားတက်သရော ပြောလိုက်သည်။ 


"မင်းကရော တစ်ဦးတည်းပိုင်ပဲ ဖြစ်ချင်လား ဖက်စပ်စီးပွားရေးသဘောမျိုး လုပ်ချင်လား ငါလည်း ဒီပရောဂျက်နှစ်ခုကို တော်တော်လေး စိတ်ဝင်စားမိပေမယ့် ဇာတ်ညွှန်းက မင်းဝယ်ထားတာ အစီအစဉ်ကလည်း မင်းကိုယ်တိုင် ဆွဲထားတာပဲဆိုတော့ မင်းရဲ့ အကြံကို မေးမှ ရမယ်လေ ပြောပါဦး ကိုယ်ရော ရှယ်ယာဝင်လို့ရမလား ..." 


လူတိုင်းကမူ သူသည် ရှောင်ကျားရှုကို စနောက်နေခြင်းသာ ဖြစ်ပြီး တစ်ဖက်သူ၏ ငွေများ သဲထဲရေသွန် ဖြစ်မသွားစေရန် ဖြောင်းဖျလိမ့်မည်ဟုသာ ထင်ထားခဲ့ကြသည်။ ရုတ်ချည်း မျက်မှောင်ကြုတ်ကာ ပါးစပ်ကို အုပ်လျက် ရယ်မောလိုက်ကြသည်။ 


လင်းလဲ့ယန်ကလည်း အနားသို့ ရောက်လာသည်။ ဘေးနားတွင် ထိုင်ကာ နှစ်ဦးသား စကားပြောသည်ကို နားထောင်နေသည့် သူ့မျက်နှာမှာ ရယ်မောနေဟန် ဖြစ်သော်ငြား အတွင်းစိတ်မှာမူ ကသိကအောက် ဖြစ်နေပေသည်။ 


ကျိကောက သူ့ကို တစ်ခါမှ ဒီလိုမျိုး ဟာသမပြောဖူးဘူး အမြဲလိုလို နူးညံ့သိမ်မွေ့ပြီး စဉ်းစားချင့်ချိန်တတ်တဲ့သူလိုပဲ ဒီပုံစံကမှ သူ့ရဲ့ အစစ်အမှန်ပုံစံလို့ ထင်ခဲ့မိပေမယ့် ရှောင်ကျားရှုနဲ့ အတူတူ ရှိနေမှ ဖြစ်လာတတ်တဲ့ ပုံစံကတောင် ပိုပြီး စစ်မှန်နေတယ် သူ့အနေနဲ့ ဘာများ တွေးနိုင်ဦးမှာလဲ ... 


သူက အတွေးများဖြင့် အလုပ်များနေစဉ် ရှောင်ကျားရှုက အားရဝမ်းသာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကောင်းပြီလေ ဒါဆို ကျိကော ဒီပရောဂျက်နှစ်ခုကို အတူတူ ပူးပေါင်းကြတာပေါ့ ကျွန်တော့်မှာ ဘာအတွေ့အကြုံမှ မရှိတော့ ကောကပဲ သင်ပြပေးပါဦး ဒီအကြောင်းကို ညနေမှပဲ ဆက်ပြောကြရအောင် ဒါရိုက်တာဝေ့နဲ့ ဒါရိုက်တာကျောက်ကို ညစာအတူတူစားဖို့ ဖိတ်လိုက်ပါ့မယ် ..." 


ရှောင်ကျားရှုက WeChat ကိုဖွင့်ကာ ဒါရိုက်တာနှစ်ဦးကို ဖိတ်ကြားလိုက်သည်။ 


ဖန်ခွင်းကမူ ကျိမြန်မှာ စနောက်နေသည်ဟုသာ တွေးနေဆဲဖြစ်သည့်အတွက် ရှောင်ကျားရှု၏ဖုန်းကို ဆွဲလုကာ ပြောလိုက်သည်။ 


"အာ ... ခဏလောက် စောင့်ပါဦး ..." 


"စောင့်မနေနဲ့တော့ အခုပဲ နေ့လည်ရောက်တော့မှာလေ ညပိုင်းကျ လုပ်စရာ ရှိသေးတယ် ..." 


ကျိမြန်က ချက်လက်မှတ်စာအုပ်ကို ဘေးနား ချထားရင်း ပြောလိုက်သည်။ 


"သူ့ကို အာရုံစိုက်မနေနဲ့ ကိုယ်စားစရာရှိတာသာ စားကြ ..."


အားလုံးက အံ့ဩသွားကြသည့်တိုင် ဘာမှ ဆက်ပြောမနေဘဲ မနက်စာသာ စားလိုက်ကြတော့သည်။ 


ကိုယ့်ပိုက်ဆံကို ရေစုန်မျှောချင်နေကြတာ သူတို့နဲ့ ဘာမှ မဆိုင်ဘူးလေ ... 


ရှောင်ကျားရှုကလည်း ဖန်ခွင်းကို လျစ်လျူရှုကာ ဝေ့ကျန်းနှင့် ကျောက်ချွမ်းတို့ကို စာပို့ပြီး နေ့ခင်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအကြောင်း ဆွေးနွေးရန် အနီးနားရှိ စားသောက်ဆိုင်တစ်ခုကို ချိန်းဆိုလိုက်သည်။ 


ကျိမြန်၏ ချစ်သူ လင်းလဲ့ယန်မှာလည်း ထိုကဲ့သို့ သဲထဲရေသွန်ဖြစ်မည့်ကိစ္စမျိုးကို ဂရုမစိုက်ဘဲ မနေနိုင်ချေ။ သခင်လေးရှောင် သန့်စင်ခန်းသွားသည်ကို အခွင့်ကောင်းယူကာ ကျိမြန်၏ အင်္ကျီစကို ဆွဲလျက် နားချလိုက်သည်။ 


"ကျိကော တကယ်ကြီး အဲဒီ့ပရောဂျက်နှစ်ခုမှာ ရင်းနှီးမြှုပ်နှံမလို့လား ကျွန်တော် နားရမယ့်အချိန်တုန်းက အဲဒီ့စတူဒီယိုတွေဘက်ကို ရောက်ခဲ့သေးတယ် ရိုက်ကွင်းနှစ်ခုစလုံးက ဘာမှ ပီပီပြင်ပြင် မရှိဘူး ဇာတ်ညွှန်းက ထူးဆန်းပြီးတော့ ဒါရိုက်တာရော သရုပ်ဆောင်တွေရော တစ်ယောက်မှ အတွေ့အကြုံမရှိဘူး အကုန် ရှုပ်ယှက်ခတ်နေကြတာပဲ ..." 


သူ့စကားများကို အဆုံးအထိပင် ဆက်မပြောရဲတော့။ 


ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားခင် ရှောင်ကျားရှုရဲ့ မျက်နှာကို အရင်ကြည့်ခဲ့တာလား သူ့အပေါ်မှာ ထူးဆန်းတဲ့ ခံစားချက်တွေ ရှိနေလို့ သူ့အာရုံကို ဆွဲဆောင်ချင်နေတာလား ကျွန်တော်က ရှောင်ကျားရှုလောက် မတော်လို့ ကျွန်တော့်ကို မကြိုက်တော့တာလား ... 


သူ့နှလုံးသားတစ်ခုလုံး စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ 


မဟုတ်သေးဘူး ရှောင်ကျားရှုကလည်း သူ့မျက်စိအောက်မှာပဲ ရှိနေတာလေ ဒါပေမယ့် သူက ကျိကောနဲ့ ပတ်သက်လာရင် တအား တက်ကြွ‌လွန်းနေတော့ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ သူ့ကိုယ်သူ ရှောင်ကျားရှုနဲ့ ယှဉ်မိလေလေ ပိုပြီး ကြောက်မိလာလေပဲ ... 


Xxxxx