အပိုင်း ၄၉
Viewers 44k

Chapter 49


လင်းလဲ့ယန်က မြှောက်ထိုးပင့်ကော် လုပ်ပေးလို့သာ မဟုတ်ရင် ဒီလိုမျိုး စိတ်ရူးဖောက်တဲ့ စကားမျိုး ပြောမိစရာလား ... 


"ဘာလို့ အရင်သွားနှင့်တာလဲ ပြောတော့ကျ ကျွန်တော့်ကိုပါ နေ့လည်စာ စားဖို့ ခေါ်သွားမယ်ဆိုပြီးတော့ ..." 


"ငါ ဘယ်လိုလုပ် သိမှာလဲ သိချင်ရင် သူ့ကို ဖုန်းဆက်မေးကြည့်ပါလား လင်းလဲ့ယန် ငါ သတိပေးထားလိုက်မယ် ရှေ့လျှောက် ဒီလောင်ဇီကို သေနတ်တစ်လက်လို အသုံးချဖို့ စိတ်တောင်မကူးနဲ့ ..." 


ဖန်ခွင်းက သရော်လိုက်သည်။ 


"ကျိကောရဲ့ စီးပွားရေးလုပ်ငန်းတွေက မင်း ဝင်စွက်ဖက်လို့ ရတာမျိုး မဟုတ်ဘူး ပြောတော့ကျ ကျိကောနဲ့ အတူတူရှိတာ သူ့ပိုက်ဆံတွေကြောင့် မဟုတ်ပါဘူးဆို ဒါဆို ဘာလို့များ သူဘယ်လောက်ဝင်တယ် ဘယ်လောက်ရှုံးသွားတယ်ဆိုတာတွေကို လိုက်ဂရုစိုက်နေတာလဲ သူသာ ငွေတွေ အများကြီး ရှုံးသွားရင် မင်းရမယ့်ဟာလည်း နည်းသွားမှာ ကြောက်လို့လား မင်းက ကျိကောကို ရွှေပေါင်လုံးကြီးလို သဘောထားနေတာပဲ ..."


ဖန်ခွင်းက ဒေါသတကြီး ထွက်သွားလိုက်သည်။


 သို့သော် ကျိမြန်ကိုတော့ ဘာတစ်ခွန်းမှ သွားမပြောရဲတော့ချေ။ 


လင်းလဲ့ယန်၏ မျက်နှာမှာ ဖြူလျော်ကာ စိတ်ကယောင်ခြောက်ခြား ဖြစ်ကုန်တော့သည်။ 


ဘာလဲ ရွှေပေါင်လုံးကြီးက ကျိကောကလည်း ဒီလိုပဲ တွေးနေတာလား ... 


သူက တိတ်တဆိတ် ညည်းညူကာ ကျိမြန်ကို ဖုန်းဆက်လိုက်သော်ငြား ဆက်သွယ်၍ မရတော့ချေ။ ထို့ကြောင့် ချိန်ဖမ်းရှင်းကိုခေါ်ကာ ကုမ္ပဏီသို့ အမြန်ပြန်လာခဲ့ရတော့သည်။ 


ကျိမြန်က ဖုန်းကို အသံပိတ်ကာ ကုမ္ပဏီတွင် တစ်ရေးတစ်မော အိပ်နေလိုက်သည်။ သူပြန်နိုးလာချိန်တွင်တော့ မျက်နှာချင်းဆိုင် ဆိုဖာ‌တွင် စိုးရိမ်တကြီး ထိုင်နေသော လင်းလဲ့ယန်ကို တွေ့လိုက်ရသည်။ 


"ပြန်လာပြီလား ..." 


‌ခပ်အက်အက်အသံဖြင့် မေးကာ ဆံပင်များကို ဆွဲဖွလိုက်သည်။ 


"ကျိကော ကျွန်တော် ကောကို ရှင်းပြချင်တာလေး ရှိလို့ ..." 


လင်းလဲ့ယန်က သူ့အတွေးများကို အစီအစဉ်တကျ ပြန်စီရင်း ပြောလိုက်သည်။ 


ကျွန်တော်က ခင်ဗျားရဲ့ ပိုက်ဆံတွေကို မက်လို့ အတူတူနေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် ပြောပြချင်တယ် ခင်ဗျားရဲ့ ပြီးခဲ့တဲ့ လုပ်ရပ်တွေကြောင့် စိတ်လှုပ်ရှားသွားရလို့ ကြင်နာမှုကို ပြန်ပေးဆပ်ချင်လို့ ခင်ဗျားရဲ့ အချစ်ကို တုန့်ပြန်ခဲ့တာ ခင်ဗျား တစ်နှစ်ကို ဘယ်လောက် ဝင်လဲ ကျွန်တော် ဂရုမစိုက်ဘူး ခင်ဗျားနဲ့ အတူတူ ရှိနေချင်ရုံလေးပဲ ... 


ရင်ထဲထိရှသွားစေနိုင်လောက်မည့် စကားလုံးများစွာ ရှိနေသော်ငြား ၎င်းတို့ကို မည်သို့ ဖော်ပြသင့်မှန်း မသိတော့ချေ။ 


ကြင်နာမှုကို ပြန်ပေးဆပ်တယ် ဟုတ်လား ... 


ကျိမြန်မှာ တစ်စက္ကန့်ခန့် အေးခဲသွားတော့သည်။ ထို့နောက် လင်းလဲ့ယန်ကို အိပ်ယာထက် ဆွဲချကာ သူ၏ ဖျော့တော့နေသော နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။ လင်းလဲ့ယန်က အကျင့်ပါနေသည့်အတိုင်း အနေအထားပြောင်းဟန်ဖြင့် ခေါင်းကိုစောင်းကာ ရှောင်ပုန်းရင်း နှုတ်ခမ်းနှစ်လွှာကို ထိတွေ့စေလိုက်သည်။ တောက်ပသည့် မျက်ဝန်းအစုံမှာ ပိတ်ကျသွားပြီဖြစ်သည့်အတွက် မည်သည့်ခံစားချက်ကိုမှ မမြင်နိုင်တော့ချေ။ 


ချစ်သူစုံတွဲအကြား ခြားနားချက်များကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ ရှင်းပြခြင်းမဟုတ်၊ အိပ်ယာပေါ် လူးလှိမ့်လိုက်ခြင်းသာ ဖြစ်သည်။ တစ်ကြိမ်ဖြင့် မလုံလောက်ပါလျှင် နှစ်ကြိမ်... ကျိမြန်ကို နှစ်သိမ့်ပေးနိုင်ရန် အလို့ငှာ လင်းလဲ့ယန်က လိုက်လျောပေးဟန်ဆောင်လိုက်သည်။ 


ခွင့်ပြုပေးတယ် ... 


ကျိမြန်က ထိုစကားလုံးများကို တိတ်တဆိတ် ရေရွတ်လိုက်ပြီး အနည်းငယ်ကြာကာမှ လင်းလဲ့ယန်ကို ပြောလိုက်သည်။ 


"နေ့ခင်းပိုင်းမှာ ရိုက်စရာတွေ ရှိသေးတယ် မဟုတ်လား ကောင်းကောင်းအနားယူလိုက်တော့ ..." 


လင်းလဲ့ယန်မှာ အနည်းငယ် ကြောင်အသွားသော်ငြား အပြင်ဘက်သို့ ထွက်လာနိုင်မှသာ စိတ်အေးသွားရတော့သည်။ 


အိပ်ယာပေါ် မတက်ရရင်တော့ အကောင်းဆုံးပေါ့ ဝန်ခံဖို့အတွက်ကတော့ သင့်တော်တဲ့ အခွင့်အရေးတစ်ခုကို ရှာတွေ့တဲ့အထိ စောင့်လိုက်ဦးမယ် ကျိကောအနေနဲ့လည်း သူက ဘယ်လိုလူမျိုးဆိုတာ ရှင်းရှင်းလင်းလင်း သိသင့်ပါတယ် သူ့ပိုက်ဆံတွေကိုသာ မက်နေရင် စတုရန်းပေ ၃၀ မီတာပဲ ရှိတဲ့ တိုက်ခန်းလေးထဲမှာပဲ နေနေမယ်များ ထင်နေလား ... 


သုံးရက်အကြာတွင် ရှောင်ကျားရှုသည် ‌ဝေ့ကျန်း၊ ကျောက်ချွမ်တို့နှင့် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းဆွေးနွေးပြီးသွားတော့သည်။ ချမ်းချမ်းသာသာ မွေးဖွားလာသည့်တိုင် သူ့လက်ထဲတွင် ငွေပမာဏ အမြောက်အများ မရှိလှ။ အကုန်လုံးပေါင်းကာမှ ရှစ်မီလီယံသာ ရှိရာ ရုပ်ရှပ်နှစ်ခုအတွက် လုံလောက်သည်ဆိုရုံမျှသာ ရှိပေသည်။ မျက်မှောက်ခေတ် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများသည် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများကို ဦးတည်နေကြပြီး ၂၀၀ မီလီယံသည်ပင် အစဦးအဆင့်သာ ရှိပေသေးသည်။ ၅၀၀ မီလီယံမှာ သာမန်အဆင့်မျှသာ ဖြစ်ပြီး သရုပ်ဆောင်များ၏ အနုပညာကြေးမှာ ပို၍ပင် မြင့်မားသေးသည်။ ၎င်းတို့ကပင်လျှင် ၅၀ မီလီယံမှ ၆၀ မီလီယံအကြား ရှိနေပေသည်။ 


၁၀၀ မီလီယံ ရင်းနှီးမြှုပ်နှံပါလျှင် သရုပ်ဆောင်ကြေးမှာ ၉၀ မီလီယံဖြစ်ကာ ကျန် ၉၉၉၉၉၉၉.၅ ယွမ်မှာ ရိုက်ကွင်းတည်ဆောက်ခြင်း၊ ဇာတ်ဝင်ပစ္စည်းများ ဖန်တီးခြင်း၊ အလုပ်သမားခများအတွက်ဖြစ်ကာ ကျန် ပြားငါးဆယ်မှာ အထူးပြုလုပ်ချက်မှာ ဖန်တီးရန်ဖြစ်သည်။ ၎င်းမှာ "ပြားငါးဆယ် ထူးရှယ် သက်ရောက်မှု" ၏ မူရင်းဇစ်မြစ်ဖြစ်ကာ အနုပညာလောက ပိုပြီး အရှိန်ရလာသည်နှင့်အမျှ အလုပ်ကောင်းကောင်း လုပ်နိုင်ရန် လိုအပ်သည့်အရာများမှာ အမေ့လျော့ခံ ဖြစ်သွားရတော့သည်။ 


သို့သော် မေ့လျော့သူများထဲတွင် ကျောက်ချွမ်နှင့် ဝေ့ကျန်းတော့ မပါဝင်။ သူတို့က နာမည်ကြီး သရုပ်‌ဆောင်များ ငှားရမ်းရန် စိတ်ကူးမထားရာ ငွေကြေးအားလုံးကို ကင်မရာ၊ ရိုက်ကွင်းနေရာ၊ ဇာတ်ဝင်ပစ္စည်းနှင့် အထူးပြုလုပ်ချက်များ၏ အရည်အသွေး တိုးတက်စေရန်အတွက်သာ အသုံးပြုကာ ရုပ်ရှင်ကို လက်ဖျားခါရလောက်သည်အထိ ကောင်းမွန်စေရန် ကြိုးစားလိုက်ကြသည်။ ရှောင်ကျားရှုကလည်း သူတို့၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်မည် မဟုတ်သလို သရုပ်ဆောင်များကိုလည်း မိမိသဘောဖြင့် ထည့်သွင်းလိမ့်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။


ထိုသို့ ကောင်းမွန်လှသည့် ရင်းနှီးမြှုပ်နှံသူကြောင့် ကျောက်ချွမ်နှင့် ဝေ့ကျန်းတို့မှာ ရာနှုန်းပြည့် စိတ်အားတက်ကြွလာကာ စိတ်ကူးဉာဏ်ကွန့်မြူးမှု မကြာခဏ ထွက်ပေါ်လာပြီး ရိုက်ကူးရေးလုပ်ငန်းစဉ်မှာလည်း တစ်ဖြည်းဖြည်း မြန်ဆန်လာတော့သည်။ သို့သော် ရှောင်ကျားရှုမှာမူ သူမကိုင်တွယ်နိုင်သည့် ပြဿနာအသစ်များဖြင့် ရင်ဆိုင်နေရတော့သည်။ ပြဿနာ အရင်းအမြစ်မှာ လင်းလဲ့ယန်၏ အသစ်စက်စက် လက်ထောက်လေးထံမှ မြစ်ဖျားခံလာသဖြင့် လင်းလဲ့ယန်ကိုသာ သွားရောက်တိုင်တန်းလိုက်ရတော့သည်။ 


လက်‌ထောက်၏ နာမည်မှာ ချိန်ဖမ်းယွီဖြစ်ကာ လင်းလဲ့ယန်၏ အေးဂျင့် ချိန်ဖမ်းရှင်း၏ ညီမဖြစ်ပေသည်။ သူမသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျရှူံးခဲ့သည့်အတွက် ပေကျင်းသို့ လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။ ရုပ်ရည်မှာ တင့်တယ်ကာ ကြည့်ကောင်းလှသော်ငြား အချိန်ရှိသရွေ့ ရှောင်ကျားရှု၏ အဝတ်လဲခန်းထဲသို့ ပြေးဝင်ကာ ပစ္စည်းများကို ထိကြည့်ကိုင်ကြည့်နေတတ်သည်။ သူမကိုယ်သူမ အပြင်လူတစ်ယောက်အဖြစ် မှတ်ယူထားဟန် မတူ။ 


ရှောင်ကျားရှုက ရက်ပေါင်းများစွာ သည်းခံနေခဲ့သေးသော်ငြား သူမက သူ အဝတ်လဲနေသည့်ပုံများစွာကို ရိုက်ကူးနေကြောင်း သိလိုက်ရချိန်တွင်တော့ ဆက်ပြီး သည်းမခံနိုင်တော့ချေ။ 


"လင်းလဲ့ယန် ငါ့မှာ မင်းကို ပြောစရာရှိတယ် ..." 


အားလုံး နေ့လည်စာ သွားစားနေကြချိန်တွင် ရှောင်ကျားရှုက သူ့ကို အဝတ်လဲခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။ 


"ဘာလဲ ..." 


လင်းလဲ့ယန်က တစ်ခန်းလုံးကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။ 


"မင်းရဲ့ အဝတ်လဲခန်းက တကယ်ကို ကြီးတာပဲ ရေချိုးခန်းသီးသန့်တောင် ပါလိုက်သေးတယ် ..." 


ရှောင်ကျားရှုက သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးပြီးနောက် ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"ကြည့်ကြည့်လိုက် ဒါက ချိန်ဖမ်းယွီ မနေ့ကရိုက်ထားတဲ့ ဓာတ်ပုံ ငါ့လက်ထောက်က အချိန်မီ တွေ့လိုက်လို့သာ မဟုတ်ရင် ဒီပုံကို အွန်လိုင်းပေါ် တင်ပြီးလောက်ပြီ ..." 


လင်းလဲ့ယန်က ဖုန်းကို လှမ်းကြည့်လိုက်ရာ ဓာတ်ပုံမှာ ရှောင်ကျားရှု အဝတ်လဲနေသည်ကို ရိုက်ထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ လက်နှစ်ဖက်ဖြင့် တီရှပ်ကို ပင့်မြှောက်ထားသောကြောင့် သေးသွယ်သော ခါးလိုင်းနှင့် ဖြူဖွေးနေသော ရင်အုပ်တို့ကို အတိုင်းသား မြင်နေရသည်။ တီရှပ်က မျက်နှာကို အုပ်ထားသည့်အပြင် ရိုက်ကူးထားသည့် ကွာလတီမှာလည်း များစွာ မမြင့်မားလှသည့်အတွက် သူနှင့် ရင်းနှီးသူများမှအပ မည်သူမှ ထိုသူမှာ ရှောင်ကျားရှုဖြစ်ကြောင်း သိကြလိမ့်မည် မဟုတ်ချေ။ 


လင်းလဲ့ယန်က ပြဿနာမှာ ပြောပလောက်အောင်လည်း မကြီးလှဟု ခံစားလိုက်ရသည်။ သူက ချိန်ဖမ်းယွီအတွက် တောင်းပန်ပေးရန် ရည်ရွယ်ကာ ရှောင်ကျားရှုပြောသမျှကို နားထောင်နေလိုက်သည်။ 


"သူမသာ ဒါကို အွန်လိုင်းပေါ် တင်လိုက်ရင် လုံခြုံရ ချိုးဖောက်မှုနဲ့ တရားစွဲမိမှာ သေချာတယ် လက်ထောက်တစ်ယောက်က ဒီလိုလုပ်ရပ်မျိုး လုပ်တယ်ဆိုတာ ဘယ်လိုမှ ပရော်ဖက်ရှင်နယ်မဆန်ဘူး တကယ်ကို ဒေါသထွက်ချင်စရာပဲ သူမကို အလုပ်ဖြုတ်ပေးဖို့ တောင်းဆိုချင်တယ် ..." 


ရှောင်ယွီက ငါ့လက်ထောက်လေ သူမကို အလုပ်ဖြုတ်ခိုင်းရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ ... 


လင်းလဲ့ယန်က ဤသို့ တွေးလိုက်သော်ငြား ထိုအတွေးကိုမူ ထုတ်မပြ။ နူးညံ့သည့် လေသံကိုသုံးကာ ရှင်းပြလိုက်သည်။ 


"ရှောင်ယွီက အခုမှ ငါ့မွေးရပ်မြေကနေ ထွက်လာတာလေ အသက်ကလည်း ငယ်သေးတော့ သူမ နားမလည်သေးတဲ့ စည်းကမ်းတွေ အများကြီး ရှိနေသေးတယ် ရှောင်ရှု မင်း သူမကို ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးလို့ ရမလား ..." 


"ဒါက မင်းနဲ့ ဆွေးနွေးချင်တဲ့ ဒုတိယအကြောင်းအရာပဲ သူမက အခုထိ အသက်မပြည့်သေးဘူး အလုပ်မလုပ်ခိုင်းတာ အကောင်းဆုံးပဲ ..." 


သူက အလေးအနက် ပြောလိုက်သည်။ 


"ငါ နားလည်ပါတယ် နွေကျောင်းပိတ်ရက် ပြီးသွားရင် သူမကို ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေဖို့ ပြောမှာပါ နှစ်လပဲကို ဒီတစ်ကြိမ်‌လေးပဲ ‌ခွင့်လွှတ်ပေးလိုက်လို့ မရဘူးလား ..." 


လင်းလဲ့ယန်က ပြုံးကာ ပြောလိုက်သော်ငြား သူ့စိတ်ထဲတွင်မူ လွန်စွာ နေရခက်နေတော့သည်။ 


ရှောင်ကျားရှုရဲ့ လေသံက သည်းမခံချင်စရာ ကောင်းလိုက်တာ ငါက သူ့ လက်အောက်ငယ်သားမှ မဟုတ်တာ သူအမိန့်ပေးတိုင်း နားထောင်စရာလား ... 


ချိန်ဖမ်းယွီမှာ ယာယီဝန်ထမ်းသာဖြစ်ကြောင်း သိလိုက်ရကာမှ ရှောင်ကျားရှု၏ လေးနက်မှုတို့ ပြေလျော့သွားတော့သည်။ 


"ကောင်းပြီလေ သူမက ငယ်သေးတော့ စာသင်တာကမှ မှန်ကန်တဲ့ လမ်းကြောင်းပဲ နောက်တစ်ခါ ဒါမျိုး ထပ်မလုပ်မိဖို့လည်း ပြောထားလိုက်ဦး ဒီလိုလုပ်ရပ်မျိုးက ဥပဒေကို ချိုးဖောက်ရာကျတယ် ..." 


"ငါ ကောင်းကောင်း သင်ကြားပေးလိုက်ပါ့မယ် ..." 


အဝတ်လဲခန်းထဲမှ ထွက်လာပြီးနောက် လင်းလဲ့ယန်၏ တောက်ပသော အပြုံးတို့မှာ ရုတ်ချည်း မဲမှောင်သွားတော့သည်။ နားနေခန်းထဲတွင် ချိန်ဖမ်းယွီကို မတွေ့မိသည့်အတွက် အပြင်ဘက်ထွက်ကာ လိုက်ရှာလိုက်တော့သည်။ 


ဘုံနားနေခန်းမှာ နေ့လည်စာစားနေသော ဝန်ထမ်းများဖြင့် ပြည့်နှက်နေသည်။ ချိန်ဖမ်းယွီက ကျိမြန်ဘေးနား ဝင်ထိုင်ကာ သူ့ကို သဘောကျမှုအပြည့်ဖြင့် အားရပါးရ စိုက်ကြည့်နေသည်။ ကျိမြန်က သူမကို သာမန်ကာလျှံကာသာ တုန့်ပြန်နေပြီး သူ့အမူအယာမှာ အေးစက်မှုနှင့် သိမ်မွေ့မှု ရောနှောနေသည်။ 


လင်းလဲ့ယန်၏ နှလုံးသားတစ်ခုလုံး တရွရွဖြစ်သွားကာ သူတို့အနားသို့ အမြန် လျှောက်သွားလိုက်တော့သည်။ 


"ရှောင်ယွီ ငါ့အတွက် နေ့လည်စာတစ်ဘူးလောက် သွားယူပေးပါဦး ..." 


ချိန်ဖမ်းယွီက မကျေမနပ် ရေရွတ်လိုက်သည်။ 


"လဲ့ယန်ကော ကောမှာ ခြေထောက်မပါလို့လား ထမင်းစားပွဲကဖြင့် ဒီကနေ မီတာနှစ်ဆယ်တောင် မဝေးတာကို ..." 


"မလာသေးဘူးလား ... ဟမ် ... လူသုံးယောက်စာကို ဘယ်လိုလုပ် ငါတစ်ယောက်တည်း သယ်နိုင်မှာလဲ ..." 


ချိန်ဖမ်းရှင်းက စိတ်မရှည်လက်မရှည်ဖြင့် အော်ငေါက်ရင်း ထမင်းစားပွဲရှိရာသို့ ထွက်လာလိုက်သည်။ 


ချိန်ဖမ်းယွီမှာလည်း သူမ၏ အစ်ကို ပိုပြီး ဒေါသထွက်လာကာ သူမအား မျက်နှာသာမပေးတော့မည်ကို စိုးရိမ်သဖြင့် စိတ်မပါလက်မပါဖြင့် အမြန် ထလာလိုက်ရတော့သည်။ 


"ရှောင်ကျားရှုက ဘာတဲ့လဲ ..." 


ကျိမြန်က သာမန်ကာလျှံကာ မေးလိုက်သည်။ 


လင်းလဲ့ယန်က ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ 


"ဘာမှ အထွေအထူး မဟုတ်ပါဘူး ကျွန်တော့်ကို ပြောရမယ့်စာသားလေးတွေ ကူကျင့်ပေးတာပါ ..." 


ရှောင်ယွီ၏ ပြဿနာကို ကျိကောအား အသိပေးလိုက်၍ မဖြစ်။ သို့မဟုတ်ပါလျှင် ကျိကောသည် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ရောနှောထားသည့်အတွက် သူ့ကို အပြစ်တင်ကာ ရှောင်ယွီကို အလုပ်ဖြုတ်ပစ်ပေလိမ့်မည်။


ဒါပေမယ့် ဓာတ်ပုံတစ်ပုံလေးပဲ မဟုတ်ဘူးလား သူက မိန်းကလေးလည်း မဟုတ်၊ မျက်နှာကလည်း ကောင်းကောင်း မမြင်ရတဲ့ဟာကို ဘာတွေ ပြဿနာ လုပ်နေတာလဲ ... 


ကျိမြန်၏ လက်တို့ တစ်စက္ကန့်ခန့် တုန့်ဆိုင်းသွားတော့သည်။ 


"ချိန်ဖမ်းယွီကို အလုပ်ဖြုတ်လိုက် ..." 


သူက အမိန့်ပေးလိုက်သည်။ 


"ဘာလို့လဲ ..." 


လင်းလဲ့ယန်မှာလည်း မပျော်ရွှင်တော့။ 


"ဒီကို ရောက်နေတာ သုံးရက်ရှ်ိပြီ သူမကို အရေးတကြီး လိုအပ်တဲ့နေရာလို့ ရှိလို့လား ဘာမှ မလုပ်ဘဲ နေမှာနဲ့စာရင် အိမ်မှာပဲ စာအုပ်ဖတ်နေတာက ပိုကောင်းလိမ့်ဦးမယ် ..." 


"ဒါဆိုလည်း ပြီးမှ သူမကို ပြောလိုက်ပါ့မယ် ..." 


ချိန်ဖမ်းယွီက သဘောတူလိမ့်မည်မဟုတ်ပေ။ သူမ စရောက်လာသည့် နေ့ကတည်းက ကျောင်းပြန်တက်တော့မည် မဟုတ်ကြောင်း လင်းလဲ့ယန်ကို ပြောထားပြီးဖြစ်သည်။ 


ထိုသို့ တွေးလိုက်မိသည့်အတွက် သူမဘက်မှ ကူညီကာ ရှင်းပြလိုက်တော့သည်။ 


"တစ်ယောက်ယောက်က သူမအကြောင်း ပြောခဲ့မိလို့လား သူမက ငယ်လည်းငယ်သေး၊ အခုမှ ပေကျင်းကို စရောက်ဖူးတာဆိုတော့ မသိနားမလည်တာတွေ အများကြီး ရှိနေ ..." 


"၁၇ နှစ်ဆိုတဲ့ အရွယ်က ဘာမဆို နားလည်ဖို့ လုံလောက်နေပြီ အလုပ်ဖြုတ်လိုက် မဟုတ်ရင် ပြဿနာ ပိုကြီးလာလိမ့်မယ် ..." 


ကျိမြန်က နှိုင်းနှိုင်းဆဆဖြင့် ပြောလိုက်သည်။ ထမင်းဘူးသယ်ကာ ပြန်ရောက်လာသည့် ချိန်မောင်နှမကို တွေ့လိုက်ရချိန်တွင်မူ တူကိုချလျက် ရုတ်ချည်း ထွက်သွားလိုက်တော့သည်။ အရိုးသားဆုံး ပြောရပါလျှင် သူသည်လည်း ချိန်ဖမ်းယွီ၏ တွယ်ကပ်မှုများကို မွန်းကြပ်နေပြီဖြစ်သည်။ 


"လဲ့ယန်ကော ကျိကောက ဘယ်သွားတာလဲ သူ စားလို့မှ မပြီးသေးတာကို စားစရာတွေက အရသာ မရှိလို့များလား အပြင်ဘက် စားသောက်ဆိုင်ကနေ တစ်ခုခု သွားဝယ်ပေးလိုက်ရမလား မသိဘူး ..." 


ချိန်ဖမ်းယွီက အားတက်သရော ပြောလိုက်သည်။ 


"ဟုတ်တယ် ဟုတ်တယ် လဲ့ယန် ခပ်သွက်သွက်လေး သွားမေးလိုက် ကျိကျုံက နေ့ခင်းပိုင်းမှာ ရိုက်ကူးရေး ရှိနေသေးတော့ အဆာခံလို့ မဖြစ်ဘူးလေ ..." 


ချိန်ဖမ်းရှင်းကလည်း အလိုတူအလိုပါ ဝင်ပြောလိုက်သည်။ 


Xxxxxxx