အပိုင်း ၅၀
Viewers 44k

Chapter 50


"ဟုတ်တယ် ဟုတ်တယ် လဲ့ယန် ခပ်သွက်သွက်လေး သွားမေးလိုက် ကျိကျုံက နေ့ခင်းပိုင်းမှာ ရိုက်ကူးရေး ရှိနေသေးတော့ အဆာခံလို့ မဖြစ်ဘူးလေ ..." 


ချိန်ဖမ်းရှင်းကလည်း အလိုတူအလိုပါ ဝင်ပြောလိုက်သည်။ 


လင်းလဲ့ယန်ကလည်း ကျိကောကို လိုချင်တပ်မက်နေသည့် သူတို့၏ လောဘစိတ်များကို မမြင်ဘဲမနေ။ ထိုကိစ္စအပေါ် အလွန်အာရုံနောက်နေပြီဖြစ်သည်။ 


"ကျိကောမှာ လက်ထောက်ရှိပြီးသား မင်း ပူနေစရာ မလိုဘူး ရှောင်ယွီ မနက်ဖြန်ကနေစပြီး အလုပ်မလာနဲ့တော့ အိမ်မှာပဲ စာအုပ်ဖတ်နေ ရှောင်ကျားရှုက မင်းအကြောင်း ငါ့ကို လာတိုင်တယ် သူပြောတာတော့ မင်းက သူ့လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တဲ့အတွက် တရားတောင်စွဲလို့ ရတယ်တဲ့ ..." 


ကျိကောကြောင့်ဟု ပြော၍ မရသည့်အတွက် အားလုံးကို ရှောင်ကျားရှုအပေါ် ပုံချလိုက်တော့သည်။ ထို့အပြင် သူပြောသမျှတိုင်းမှာလည်း တစ်ခုမှ မုသားမပါချေ။ 


"ဘာကြီး ... ဓာတ်ပုံလေးတစ်ပုံပဲလေ ဒီလောက်အထိ ဇာချဲ့ဖို့ လိုလို့လား ..." 


သူမက အလွန်ဒေါသထွက်သွားသည့်တိုင် ရှောင်ကျားရှုကိုလည်း အပြစ်မပြုရဲ။ လူချမ်းသာများ၏ နောက်ခံမှာ ရှုပ်ထွေးနက်နဲလှရာ မျက်လုံးကို လှိမ့်လျက် ကျိမြန်၏ အဝတ်လဲခန်းထဲသို့ ပြေးဝင်သွားတော့သည်။ 


"ကျိကောကို အကူအညီ သွားတောင်းရမယ် ..."


"မင်း... အခုချက်ခြင်း ပြန်လာခဲ့စမ်း ..." 


လင်းလဲ့ယန်မှာ ပျာယာခတ်သွား‌တော့သည်။ ချိန်ဖမ်းယွီကို လှမ်းဆွဲရန် ကြိုးစားလိုက်သော်ငြား သူမက ပြေးထွက်သွားနှင့်ပြီဖြစ်သည်။ 


ချိန်ဖမ်းရှင်းကလည်း ပြောလာသည်။ 


"ကျိကျုံကမှ ငါတို့ရဲ့ ဘော့စ်‌လေ သူမကို အလုပ်ဖြုတ်ချင်ရင်တောင် သူပဲ ဖြုတ်ရမှာပေါ့ ရှောင်ကျားရှုနဲ့ ဘာဆိုင်လို့လဲ ..." 


လင်းလဲ့ယန်မှာ ရုတ်တရက် အပြောင်းအလဲကြောင့် ကြက်သေသေသွားတော့သည်။ ထို့နောက်တွင်မှ သူမ၏ နောက်သို့ အပြေးလိုက်သွားလိုက်သော်လည်း တံခါးဝနား ရောက်သည့်အခါ ကျိမြန်၏ စကားသံမှာ အပြင်ဘက်အထိပင် လျှံထွက်နေကြောင်း တွေ့လိုက်ရသည်။ 


"မင်းကို အလုပ်ဖြုတ်ချင်တဲ့သူက ငါ ရှောင်ကျားရှု မဟုတ်ဘူး အခုကနေစပြီး မင်းက ငါ့ရဲ့ ဝန်ထမ်း မဟုတ်တော့ဘူး ဒီမှာ မင်းရဲ့လစာ ..." 


ချိန်ဖမ်းယွီ၏ မျက်နှာမှာ မီးပုံတစ်ခုနှယ် ဟုန်းဟုန်းတောက်နေသည့်တိုင် စားပွဲပေါ်မှ ပိုက်ဆံများကိုလည်း လှမ်းမကြည့်ဘဲ မနေနိုင်။ 


သူမက နွမ်းပါးတဲ့ နယ်စွန်နယ်ဖျားက အထက်တန်းကျောင်းသူလေးပဲလေ အချိန်တိုအတွင်းမှာ ယွမ်နှစ်ထောင်ကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ နှစ်ရက်အတွင်းမှာတောင် ယွမ်နှစ်ထောင်ဆို တစ်လလုပ်ရင် ဘယ်လောက်တောင် ရလိုက်မလဲ ... 


တွေးလေလေ ပိုပြီး အလုပ်မထွက်လိုလေ ဖြစ်လာသည့်အတွက် ကျိမြန်ကို အသည်းအသန် ရှင်းပြလိုက်သော်ငြား သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်သော ကျိမြန်က သူမကို ဆွဲထုတ်သွားရန် လက်ထောက်နှစ်ယောက်အား အချက်ပြလိုက်သည်။ 


လောဘကြီးတယ် တစ်ကိုယ်ကောင်းဆန်တယ် မောက်မာပြီးတော့ ပျင်းကပျင်းသေးတယ် ဒီလိုလူစားမျိုးက ဘယ်အလုပ်နဲ့မှ အဆင်ပြေမှာ မဟုတ်ဘူး ... 


လင်းလဲ့ယန်က လက်ထောက်နှစ်ဦး၏ ဆွဲထုတ်မှုကြားမှ ဇွတ်အတင်း ရုန်းထွက်နေသော ချိန်ဖမ်းယွီကို ကြည့်‌ရုံသာ ကြည့်နေလိုက်သည်။ သူမက ယွမ်နှစ်ထောင်ကို ပြန်ယူကာ ထွက်မသွားမီ လင်းလဲ့ယန်ကို ကိစ္စအားလုံး၏ တရားခံအဖြစ် စူးစူးရဲရဲ စိုက်ကြည့်သွားလိုက်သေးသည်။ ထိုအကြည့်မှာ မည်သည့်အဓိပ္ပါယ် သက်ရောက်နေကြောင်း မရှင်းပြတတ်တော့ချေ။ 


ချိန်ဖမ်းရှင်းက သူ့ညီမအနောက် ပြေးလိုက်ကာ အမောတကော မေးလိုက်သည်။ 


"ဘာတွေ လုပ်နေကြတာလဲ ဖမ်းယွီကို အခုချက်ခြင်း လွှတ်လိုက် ..." 


ဆူညံသံများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကာမှ ကျိမြန်လည်း စီးကရက်ကို တိတ်တဆိတ် မီးညှိလိုက်သည်။ 


လင်းလဲ့ယန်က မျက်ခုံးတို့ကို ပင့်လျက် ပြောလိုက်သည်။ 


"ကျိကော ဒီရက်ပိုင်း ဆေးလိပ်တွေ တအားသောက်လွန်းနေတယ်နော် ကျွန်တော့်ကို ဆေးလိပ်ဖြတ်ပါ့မယ်လို့ ကတိပေးထားတယ် မဟုတ်လား ..." 


"ချိန်ဖမ်းယွီကို အလုပ်ဖြုတ်ဖို့ ပြောလိုက်တာ ငါလေ ဘာလို့ ရှောင်ကျားရှုပေါ် လွှဲချရတာလဲ ..." 


ကျိမြန်၏ ထက်ရှသော အကြည့်တို့က သူ့အပေါ် အခြေချထားသည်။ 


လင်းလဲ့ယန်က ရှက်ရွံ့စွာဖြင့် တီးတိုးပြောလိုက်သည်။ 


"ရှောင်ယွီက ကောကို မုန်းသွားမှာ ကြောက်လို့ပါ အဲဒါကြောင့် ရှောင်ကျားရှုလို့ ပြောလိုက်တာ ဖမ်းရှင်းက ကုမ္ပဏီမှာပဲ ဆက်ရှိနေဦးမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာပူရရင် မကောင်းဘူးလေ ..." 


"မင်းရဲ့ သဘောထားကို နားမလည်တာတော့ မဟုတ်ပေမယ့် တစ်ခုလောက် သတိပေးလိုက်ချင်တယ် လူတစ်ယောက် အထူးသဖြင့် ယောကျာ်းတစ်ယောက်က တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ရှိရတယ် ကိုယ့်လုပ်ရပ်ကို တစ်ခြားသူအပေါ် လွှဲချလို့ မရဘူး ချိန်ဖမ်းရှင်းက ငါ့ကို မုန်းတယ်ဆိုရင်လည်း ထွက်သွားလေ ငါက ကုမ္ပဏီတစ်ခုရဲ့ သူဌေး မိသားစုစီးပွားရေး အသေးစားလေးရဲ့ ခေါင်းဆောင် မဟုတ်ဘူး လဲ့ယန် ..." 


ကျိမြန်က တစ်ခွန်းချင်း ပြောလိုက်သည်။ 


"ဒီရက်ပိုင်းတွေမှာ မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို တော်တော်လေး စိတ်ပျက်စေတယ် ငါတို့နှစ်ယောက်ကြားက ခံစားချက်တွေက မင်းအတွက် အနှောင့်အယှက် ဖြစ်နေရင် ဒါမှမဟုတ် ငါနဲ့ ချစ်သူ‌ဖြစ်ဖို့ မင်းကိုယ်မင်း အတင်းအကြပ် ဖိအားပေးခံခဲ့ရတယ်လို့ ထင်နေရင် အချိန်မရွေး ထွက်သွားလို့ရတယ် ..." 


လင်းလဲ့ယန်မှာ ပျာယာခတ်သွားကာ ကျိမြန်ကို အလောတကြီး ပွေ့ဖက်ရင်း တဖွဖွ ရေရွတ်လိုက်သည်။ 


"ကျွန်တော် မှားသွားပါတယ် ကျိကော ကျွန်တော်နဲ့ လမ်းမခွဲလိုက်ပါနဲ့ ကောက ကျွန်တော့်အတွက် အတားအဆီး မဟုတ်ပါဘူး ကျွန်တော့်ရဲ့ ကွန်းခိုရာလေးပါ ကောနဲ့အတူ တစ်ဘဝလုံးကို အတူတူ ကုန်ဆုံးသွားချင်တာပါ ..." 


သူက စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ နှစ်နှစ်ကာကာဖြင့် ပြောလိုက်သည်။ ယခုမူ ကျိမြန်နှင့် တစ်ဘဝလုံးကို အမှန်တကယ် ကုန်ဆုံးချင်လာပြီဖြစ်သည်။ မူလက ကျေးဇူးပြန်ဆပ်လိုရုံသာ ဖြစ်သော်ငြား နှစ်ကာလ ကြာညောင်းလာသည့်အခါတွင်မူ ခံစားချက်တို့ စစ်မှန်လာတော့သည်။ ထို့အပြင် ကျိမြန်မှာ လူကောင်းတစ်ယောက် ဖြစ်ရာ သူ့အပေါ် ချစ်ကျွမ်းဝင်သွားခြင်း မရှိရန် မဖြစ်နိုင်လှချေ။ 


ဟုတ်တယ် သူ ကျိမြန်ကို ချစ်သွားပြီး ကျိ‌မြန်အတွက်သာဆို သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကိုပါ ပြောင်းလဲပစ်နိုင်တယ် ကျွန်တော် အများကြီး ကြိုးစားထားတာကို ဘာလို့ မမြင်တာလဲ ကျိကော ... 


ကျိမြန်၏ မျက်လုံးထဲရှိ အေးခဲခြင်းတို့ အရည်ပျော်သွားသော်ငြား ဝမ်းနည်းမှုတို့တော့ ကျန်နေဆဲဖြစ်သည်။ သူက လင်းလဲ့ယန်ကို ပွေ့ဖက်ထားရင်း နွမ်းနယ်စွာ ပြောလိုက်သည်။


"ခဏနေရင် ရှောင်ကျားရှုကို သွားတောင်းပန်လိုက်နော် ..." 


ဒါက ခွင့်လွှတ်လိုက်တာလား ... 


လင်းလဲ့ယန်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ‌ပြုံးပြလိုက်သည်။ 


နောက်တစ်နေ့မနက်တွင် ချိန်ဖမ်းယွီတစ်ယောက် ထပ်ပေါ်မလာတော့။ လင်းလဲ့ယန်ထံမှ ထိုအကြောင်းကို ကြားလိုက်ရသော ရှောင်ကျားရှုမှာလည်း ပြောစရာစကားပင် မရှိတော့ချေ။ 


မင်းဘာသာမင်း အလုပ်ဖြုတ်ချင်ဖြုတ်ပေါ့ ငါ့ကို ဆွဲထည့်စရာလား ငါက အသုံးချခံလိုက်ရတာပေါ့ ဟုတ်လား ... 


သို့သော် ဘာတစ်ခုမှ ပြောမနေတော့ဘဲ လင်းလဲ့ယန်၏ တောင်းပန်မှုကိုသာ အသာတကြည် လက်ခံလိုက်တော့သည်။ ချိန်ဖမ်းရှင်း၏ ပုံစံမှာလည်း အလွန် ထူးဆန်းနေ၏။ သူ သတိမထားမိချိန်တွင် မီးဝင်း‌ဝင်းတောက်နေသော အမုန်းမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ လှည့်ကြည့်လိုက်သည့်အခါတွင်မူ ပျူငှာသည့် အပြုံးတစ်ပွင့်ကို လှစ်ဟပြနှင့်နေပြီးဖြစ်သည်။ 


ရှောင်ကျားရှုက သူနှင့် ဝေးရာတွင် တမင်တကာ နေနေလိုက်သည်။ 


မျက်နှာနှစ်ဖက်နဲ့ ယုတ်မာကောက်ကျစ်ပြီး ကလိန်စေ့ငြမ်းဆင်တတ်တဲ့ သူမျိုးက ကြောက်စရာအကောင်းဆုံး၊ အမှိုက်သရိုက်အဆန်ဆုံးပဲ ... 


သုံးရက်အကြာတွင် ဒါရိုက်တာဝေ့က အနီရောင်စာအိတ်ကြီးတစ်အိတ်ကို သူ့ရှေ့ ယမ်းပြလိုက်သည်။ 


"ရှောင်ရှု ဒါကို တွေ့လား မင်းသာ နောက်‌ဆုံးအခန်းကို NG မပါဘဲ ရိုက်နိုင်ရင် ဒီစာအိတ်တစ်အိတ်လုံးက မင်းအတွက်ပဲ မဟုတ်ရင်တော့ တစ်ပြားမှ ရမယ်မထင်နဲ့ ... " 


နောက်ဆုံးအခန်းမှာ လင်ဖုန်းတစ်ယောက် လင်အုပ်စု၏ တကယ့်စီးပွားရေးမှာ မူးယစ်ဆေး ရောင်းချခြင်းဖြစ်ကြောင်း အန်နီထံမှတစ်ဆင့် သိလိုက်ရချိန်ဖြစ်သည်။ မယုံကြည်နိုင်စွာဖြင့် အသည်းအသန် ငြင်းဆန်မှုကို ဖော်ပြရမည်ဖြစ်ပြီး လျှို့ဝှက်စာရင်းစာအုပ်ကို စစ်ဆေးရန် ကုမ္ပဏီ၏ ကွန်ယက်ကို တိတ်တဆိတ် ခိုးဝင်လိုက်သည်။ ထို့နောက်တွင်တော့ သူ၏ သုံးလောကအမြင်တို့ ပြိုကွဲပျက်စီးသွားရတော့သည်။ ထိုအချိန်တွင် လင်ထောင် ရောက်လာသည့်အတွက် လင်ဖုန်းသည် သူ ရှာတွေ့သွားပြီဖြစ်ကြောင်း မသိသာစေရန် လှိုင်းထန်နေသော ခံစားချက်များကို ဖုံးကွယ်ထားရပေတော့သည်။ 


ဒါရိုက်တာလောက ဖိအားကြီးစွာဖြင့် ပြောလိုက်သည်။ 


"လင်ထောင်က တရားမျှတမှုကို လိုလားတဲ့ လူငယ်တစ်ယောက်ဆိုတော့ ဒီအချက်ကို သေချာပေါက် လက်ခံနိုင်မှာ မဟုတ်ဘူး ရှောင်ရှု မင်းမျက်နှာပေါ်က ကြွက်သားတိုင်းကို ကောင်းကောင်းအသုံးချပြီး ရှုပ်ထွေးပွေလီနေတဲ့ ခံစားချက်တွေကို ပေါ်လွင်အောင် လုပ်ပြလိုက် စိတ်ထဲမှာ မယုံကြည်နိုင်သေးဘူး ဒါပေမယ့် ယုံကြည်မှရမယ် မယုံကြည်နိုင်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ စိတ်ပျက်မှုတွေ၊ ပူပန်မှုတွေ ..." 


ရှောင်ကျားရှုက တစ်ခဏ တုန့်ဆိုင်းနေပြီးကာမှ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါရိုက်တာလော စိတ်ချလက်ချ နေပါ ဆရာ့ရဲ့ပိုက်ဆံတွေ သိမ်းထားရမှာ မဟုတ်ဘူး ..." 


သူ ဤကဲ့သို့ ယုံကြည်ချက်ပြည့်‌ဝနေသည်မှာလည်း အကြောင်းအရင်းရှိပေသည်။ လင်ထောင်ရဲ့ နေရာမှာ သူ့အစ်ကို ရှောင်တင်းပန်းကို စိတ်ကူးယဉ်ကြည့်လိုက်ရင်၊ ရှောင်ဆေးဝါးလုပ်ငန်းကို လင်အုပ်စုအဖြစ် တွေးကြည့်လိုက်ရင်၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည် ကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့ အစ်ကိုကြီးက မူးယစ်‌ဆေးရောင်းဝယ်ခြင်းနဲ့ ချမ်းသာလာတာလို့ သိသွားခဲ့ရင် သူ့ခံစားချက်တွေက ဘယ်လို ဖြစ်နေလိမ့်မလဲ ... 


ထိုတစ်ခဏတွင် ရှောင်ကျားရှု၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံး အေးခဲသွားတော့သည်။ 


ရှောင်ကျားရှု၏ ခံစားချက်အပြောင်းအလဲကို သတိပြုမိလိုက်သော လောကျန်းဝေ့က မေးလိုက်သည်။ 


"အိုကေ ဒီတစ်ခုကလည်း သေသွားတဲ့ကလေးနဲ့ အခြေအနေ အတူတူပဲ အဖွဲ့သားတွေ ... အာရုံစိုက်ထားကြမယ် ရိုက်ဖို့ အဆင်သင့်ပြင် ဝမ်း တူး သရီး အက်ရှင် ..." 


ရှောင်ကျားရှု၏ လက်ချောင်းတို့က ကီးဘုတ်ကို ခပ်မြန်မြန် နှိပ်လိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် သူ့အမူအယာတို့ တင်းတောင့်သွားကာ မျက်လုံးတို့ကို မှေးကျဉ်းလျက် မျက်မှောင်ကြုတ်လိုက်သည်။ ကွန်ပျူတာစခရင်ပေါ်တွင် လင်အုပ်စု၏ ပြီးခဲ့သည့် နှစ်ဝက်အတွင်း ကူးသန်းရောင်းဝယ်ခဲ့သည့် မူးယစ်ဆေးဝါးများအကြောင်း လျှို့ဝှက်စာအုပ်ကို ဖွင့်ထားပြီး ထိုလုပ်ငန်းသည် အရှေ့တောင်အာရှတစ်ခွင်လုံးကို လွှမ်းခြုံထားကာ ဆေးအမျိုးအစား ပမာဏမှာလည်း ရာဂဏန်းနီးပါး ရှိနေပေသည်။ 


လင်အုပ်စုမှာ အန်နီပြောခဲ့သလိုပင် မူးယစ်ဆေးမှောင်ခိုဂိုဏ်း အကြီးစားဖြစ်နေပေသည်။ လင်ထောင်မှာ တစ်သီးတစ်သန့် နေတတ်သည့် စီးပွားရေးလုပ်ငန်းရှင် မဟုတ်၊ အရှေ့တောင်အာရှရှိ အာဏာအကြီးဆုံး မူးယစ်ရာဇာတစ်ဦး ဖြစ်နေသည်။ သက်သေရှာတွေ့သွားသည့် ရှောင်ကျားရှုမှာ မယုံနိုင်သော်ငြား ယုံကြည်ရန်မှအပ ရွေးစရာ မရှိတော့ချေ။ ကွန်ပျုတာစခရင်ကို စိုက်ကြည့်နေသည့် မျက်လုံးတို့မှာ ဆိုးဆိုးဝါးဝါး ထိတ်လန့်မှုတစ်စုံတစ်ရာနှင့် ကြုံတွေ့လိုက်ရသည့်နှယ် အေးခဲနေပြီး မျက်ခွံတို့ တဆတ်ဆတ် တုန်ရီလာတော့သည်။ ရှောင်ကျားရှုမှာ သရုပ်ဆောင်နေသည်ကိုပင် မေ့လျော့သွား၍ ကြောက်လန့်နေသည့် အမူအယာကို ထုတ်မပြနိုင်ခဲ့။ ထိုအစား သူ့အမူအယာမှာ မျက်မှောက်တွင် ရှိနေသမျှလူတိုင်းကို ရင်မဆိုင်ရဲ၍ အသူတစ်ရာချောက်နက်ထဲသို့ ခုန်ချလိုဟန် ဖြစ်နေပေသည်။ 


ဤသည်မှာ လောကျန်းဝေ့ အလိုရှိသည့် မူလပုံစံမဟုတ်။ 


ဒီတိုင်းဆို ပရိသတ်က လင်ထောင်ရဲ့ စိတ်ပျက်အားငယ်မှုကို ဘယ်လိုလုပ် နားလည်နိုင်တော့မှာလဲ ... 


Cut ဟု အော်တော့မည့် အချိန်မှာပင် ရှောင်ကျားရှု၏ လက်ဖမိုးပေါ်ရှိ ဒဏ်ရာကို တွေ့လိုက်သည့်အတွက် သူ့မေးရိုး‌တို့ တင်းတောင့်သွားတော့သည်။ ဒဏ်ရာမှာ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်နေပေသည်။ သွယ်လျဖြူဖွေးလှသည့် လည်ပင်းမှာလည်း နက်ပြာရောင် ပြောင်းနေပြီး တစ်ခုပြီးတစ်ခု ထိုးထွက်လာသည့် ကြွက်သားတို့မှာ သူ့ဦးခေါင်းကို တစ်စစီ ဖောက်ခွဲပစ်တော့မည့်ဟန်ပင်။ 


အလွန်အမင်း ကြောက်ရွံ့မှုနှင့် ပူပန်မှုကို ကြုံတွေ့ရသူမှသာလျှင် ဤကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုမျိုးကို ကြုံတွေ့နိုင်မည်ဖြစ်သည်။ ၎င်းမှာ အလွန်အမင်း လက်တွေ့ကျနေပြီး မူလရည်ရွယ်ထားသည့် ဗားရှင်းထက်ပင် စိတ်ခံစားချက် ပြင်းထန်လှပေသည်။ လောကျန်းဝေ့က မြှောက်ထားသည့်လက်ကို အသာပြန်ချကာ ကျိမြန်ကို ဆက်သရုပ်ဆောင်ရန် အချက်ပြလိုက်သည်။ 


ကျိမြန်က အံ့ဩမှုတို့ကို ရုတ်သိမ်းကာ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ 


ရှောင်ကျားရှုက ခပ်ဖွဖွ သက်ပြင်းချကာ စိတ်အခြေအနေကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ ခံစားချက်အားလုံးကို ရုတ်သိမ်းမပစ်ဘဲ မျက်စိကို အနားပေးနေသည့်နှယ် ကုလားထိုင်နောက်မှီကို မှီထိုင်နေလိုက်သည်။ အခြားလက်တစ်ဖက်က လျှို့ဝှက်စာအုပ်အကြောင်း ဖွင့်ကြည့်ထားသည့် စာမျက်နှာကို ပိတ်လိုက်ပြီး ကျိမြန် အနားရောက်လာကာမှ သွေးရောင်သဖွယ် နီမြန်းနေသော မျက်ဝန်းအစုံကို ဖွင့်ကြည့်လိုက်တော့သည်။ 


"ဘာလို့ နောက်ကျတဲ့အထိ နေနေတာလဲ ..." 


ကျိမြန်က ကွန်ပျူတာကို လျှပ်တပြက်ကြည့်ကာ မေးလိုက်သည်။ 


"အခု ပရောဂျက်တစ်ခုကို လုပ်နေတာလေ အဲဒါက နည်းနည်းလေး အလျော်အစားများတော့ ဘာဆက်လုပ်ရမှန်း မသိ‌လို့ ..." 


ရှောင်ကျားရှုက မောပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်သည်။ စခရင်ပေါ်တွင် လျှို့ဝှက်စာရင်းစာအုပ်အစား ပြီးပြည့်စုံလုနီးပါး ဖြစ်နေသော အစီအစဉ်တစ်ခုကို ပြသထားပြီး အချက်အလက်များမှာလည်း သူပြောသွားသည်များနှင့် ကိုက်ညီနေပေသည်။ 


ကျိမြန်က အသံတိတ်နေသေးသည့်တိုင် သူ့အကြည့်တို့မှာတော့ နူးညံ့သွားသည်။ သူက ပုခုံးကို ပုတ်ကာ ပြော‌လိုက်သည်။ 


"ဒီအတွက် ပူမနေနဲ့ ကောနဲ့ ညစာလာစားရင်ရော ဘယ်လိုလဲ တောင်ဘက်ပိုင်းက အကင်တန်းကို မှတ်မိသေးလား အဲဒါက အခုအချိန်အထိ ဖွင့်လောက်သေးတယ် ..." 


"ဖွင့်သေးတယ်လား ..." 


ရှောင်ကျားရှုက စိတ်ပင်ပန်းနေသည့်တိုင် သက်‌တောင့်သက်သာ ရှိလေဟန်ဖြင့် မေးလိုက်သည်။ 


"ဒါဆို ကျွန်တော့်ကို စောင့်ဦး ဖိုင်တွေ သိမ်းလိုက်ဦးမယ် ..." 


"အိုကေ စောင့်နေမယ် ..." 


ကျိမြန်က စားပွဲနှင့် မျက်နှာချင်းဆိုင်တွင်ရပ်ကာ ဖိုင်များကို သိမ်းဆည်း၍ ကွန်ပျူတာကို ပိတ်နေသော ရှောင်ကျားရှုအား စောင့်နေလိုက်သည်။ သူ မတ်တပ်ထရပ်လိုက်သည့်အခါ အပြာရောင် ရှပ်အင်္ကျီတစ်ထည်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေကာ နောက်ကျောဘက်တွင် ရေကွက်အကြီးကြီးတစ်ကွက် ဖြစ်ပေါ်နေပေသည်။ အခန်းထဲတွင် လေအေးပေးစက် တပ်ဆင်ကာ အပူချိန်ကို ၁၈ ဒီကရီတွင်သာ ချိန်ညှိထားသဖြင့် ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်ထားလျှင်ပင် ချွေးထွက်နိုင်စရာအကြောင်း မရှိပေ။


Xxxxxxxx