အပိုင်း ၅၁
Viewers 44k

Chapter 51


ကျိမြန်သာ သတိပြုမိပါလျှင် ကောက်ချက်အနည်းငယ် ချမိမည် ဖြစ်သော်ငြား ရှောင်ကျားရှုမှာလည်း ပျာယာခတ်မနေ။ သူက ထိုင်ခုံနောက်တွင် ချိတ်ဆွဲထားသည့် ကုတ်အင်္ကျီကို ဝတ်ဆင်ကာ တစ်ခုတည်းသော ပြစ်ချက်ကို ချောချောမွေ့မွေ့ ဖုံးကွယ်လိုက်သည်။ 


သူက ကျိမြန်အနီးသို့ သွားကာ ပြုံးပြလိုက်လျှင် ကျိမြန်က သူ့နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ညီအစ်ကိုနှစ်ဦး ရုံးခန်းထဲမှ ထွက်သွားပြီးနောက် ထွန်းညှိထားသည့် မီးလုံးတို့ တစ်ခုပြီးတစ်ခု ပိတ်သွားတော့သည်။ 


၎င်းမှာ ဇာတ်ညွှန်းထဲတွင် အင်မတန်ရိုးရှင်းသည့် အခန်းတစ်ခန်းမျှသာ ဖြစ်သော်ငြား သရုပ်ဆောင်တို့ ဖော်ပြသွားသည့် ခံစားချက်တို့မှာ အလွန်သန်မာ‌အားကောင်းကာ ကြောက်မက်ဖွယ်ကောင်းသည့်အပြင် ဖျက်ဆီးနိုင်စွမ်းလည်း ကြီးမားလှသည်။ အကြောင်းမှာ လင်‌ဖုန်း၏ ကမ္ဘာတစ်ခုလုံး ပြာမှုန့်ပင် မကျန်တော့အောင် ပြိုကွဲပျက်စီးသွား၍ဖြစ်သည်။ ရှောင်ကျားရှုသာ ကူကယ်ရာမဲ့မှုနှင့် ကြောက်ရွံ့မှုကို ပီပီသသ မဖော်ပြနိုင်ပါလျှင် ထိုဇာတ်ဝင်ခန်းတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ ကျိမြန် ရုံးခန်းထဲသို့ ဝင်လာချိန်၌ ထို ကူကယ်ရာမဲ့မှုတို့ကို ထိန်းချုပ်ရမည်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကလည်း သစ္စာဖောက်၍မရ၊ ထိုခံစားချက်များကို မျက်နှာပေါ်တွင်လည်း ထုတ်ပြ၍ မရချေ။ ဤသည်မှာ သရုပ်ဆောင်၏ အရည်အချင်းကို စမ်းသပ်လိုက်ခြင်းပင်ဖြစ်သည်။ 


မူလက လောကျန်းဝေ့သည် ရှောင်ကျားရှုအပေါ် စိုးရိမ်နေသေးသော်ငြား သူသည် လိုအပ်သည့် ခံစားချက်များကို ကောင်းကောင်းမွန်မွန် ထုတ်ပြနိုင်နေသည့်အတွက် ကြားဖြတ်နှောင့်ယှက်ခြင်း မပြုတော့။ မတ်တပ်ရပ်လိုက်ချိန်တွင် ပေါ်လာသည့် ချွေးများ နစ်ရွှဲနေသော ကျောပြင်မှာ ပြီးပြည့်စုံသည်ဟုပင် ဖော်ပြ၍ ရပေသည်။ 


အသေးစိတ်အချက်အလက်များ မသိသာလေလေ ခံစားချက်တို့ ပိုမိုနက်ရှိုင်းလာလေပင်ဖြစ်သည်။ ထို့ကြောင့် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာရန် ခန္ဓာကိုယ်၏ လှုပ်ရှားမှုက ကောင်းမွန်ရမည်သာမက ခံစားချက်များကိုလည်း မျက်လုံးမှတစ်ဆင့် ပြသနိုင်ရမည့်အပြင် ဆဲလ်တစ်ခုချင်းစီကပါ သရုပ်ဆောင်မှုအပေါ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ 


"Cut ..." 


လောကျန်းဝေ့က စာအိတ်နီကို ထုတ်ကာ နှမြောနေဟန်ဖြင့် ပြောလိုက်သည်။ 


"ယူလိုက် ... ယူလိုက်ပါတော့ ဒီတစ်ပိုင်းလည်း ပြီးသွားပြီဆိုတော့ ..." 


"ဆုအတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာလော ..." 


ရှောင်ကျားရှုက စာအိတ်နီကိုယူကာ သူရိုက်ထားသည့်အပိုင်းကို ပြန်ကြည့်ရန် ထိုင်လိုက်သည်။ ကျိမြန်ကလည်း အနားသို့ ရောက်လာကာ မော်နီတာကို ငေးကြည့်နေလိုက်သည်။ 


လောကျန်းဝေ့က ရိုက်ကူးပြီးကာစအပိုင်းကို ပြန်ပြလိုက်သည်။ ရှောင်ကျားရှု၏ ချွေးများ စိုရွှဲနေသော နောက်ကျောကို တွေ့လိုက်သည့်အခါ ကျိမြန်၏ အကြည့်တို့ ဝင်းလက်သွားတော့သည်။ တွဲဘက်မင်းသားတစ်ယောက်အနေဖြင့် ကြည့်လျှင်ပင် မည်သည့် အပြစ်အနာအဆာကိုမှ မတွေ့ရ။ ရုပ်ရှင်ထဲရှိ လင်ထောင်မှာ တကယ့်လက်တွေ့တွင် ရှိနေသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။ ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှု၊ စိတ်သောကဖိစီးမှုတို့မှာ စစ်မှန်လွန်း၍ သရုပ်‌ဆောင်နေသည်ဟုပင် မထင်ရ၊ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုကို သဘာဝကျကျပင် ဖော်ပြသွားသည်။ 


ရှောင်ကျားရှုက တကယ်ကိုပဲ ... 


လူငယ်လေးကို ငုံ့ကြည့်လိုက်သည့်အခါ နှုတ်ခမ်းတို့ ဖြူလျော်နေပြီး အလွန် အခြေအနေ ဆိုးဝါးနေကြောင်း တွေ့လိုက်ရသည်။ 


ရှောင်ကျားရှုက ဇာတ်ကောင်ထဲသို့ ခပ်မြန်မြန် ဝင်ရောက်နိုင်ခဲ့သော်ငြား ဇာတ်သွားဇာတ်လာမှာ နှေးကွေးလှသည့်အတွက် လင်ဖုန်း၏ ခံစားချက်များကို မဖယ်ထုတ်နိုင်သေး။ သူ့ဘဝကိုပင် သံသယဝင်လာတော့သည်။ 


လင်အုပ်စုက မူးယစ်ဆေးရောင်းပြီး အကျိုးအမြတ်တွေ အများကြီး ရလာတာ ဒါဆို သူတို့မိသားစုရဲ့ ဆေးဝါးလုပ်ငန်းကရော ... စထုတ်တုန်းက ဆေးဝါးဆိုပေမယ့် မူးယစ်ဆေးထုတ်ဖို့ လုပ်ချင်ရင်လည်း အလွယ်လေးပဲလေ မူးယစ်ဆေးတွေကို လူမသိအောင်လုပ်၊ ဆေးဝါးတွေကြားထဲ ရောထည့်ပြီး တစ်နိုင်ငံလုံးအနှံ့ ကူးသန်းရောင်းဝယ်နေရင် ... 


တွေးလေလေ ပိုမိုကြောက်ရွံ့လာသည့်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာတော့သည်။ 


ကျိမြန်က တစ်ခဏမျှ တွေးပြီးနောက် ခါးကိုင်းကာ လူငယ်လေး၏ အေးစက်နေသော ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


ရှောင်ကျားရှုမှာ ပြန်မတုန့်ပြန်နိုင်သေး။ ဖြစ်နိုင်ချေနည်းပါးသည့် စိတ်ကူးယဉ်မှုအကြား ကြောက်အားတကြီး နစ်မြှုပ်နေ‌ဆဲဖြစ်သည်။ 


ကျိမြန်က လမ်းပျောက်နေဟန်ဖြင့် သူ့ဆံပင်သူ ပြန်ဆွဲလိုက်သည်။ ထို့နောက် ရှောင်ကျားရှုဘေး ထိုင်ချကာ သူ့ပါးနှစ်ဖက်ကို အသာပုတ်လိုက်သည်။ 


"ဟေး ... ဘာတွေ တွေးနေတာလဲ .. ဟမ် ..." 


ရှောင်ကျားရှုမှာ ထိတ်လန့်လွန်း၍ ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မတတ်ပင်။ အကြည့်တို့ကို တစ်ဖြည်းဖြည်း စုစည်းလိုက်သည့်အခါ မြင်လွှာတွင် ထင်ဟပ်လာ‌ သော ကျိမြန်၏ပုံရိပ်က သူ့အတွေးတို့ကို မောင်းထုတ်လိုက်သည့်အတွက် မနည်းရုန်းကန်ကာ ပြောလိုက်သည်။ 


"ဘာမှ မဖြစ်ပါဘူး ဒီတိုင်း ဟိုငေးဒီငေး ငေးနေရုံပါ ..." 


"အဝတ်လဲခန်းထဲ သွားနားပြီး နွေး‌တာလေးတစ်ခုလောက် သောက်လိုက် ..." 


ကျိမြန်က သူ့ကို ဆွဲထူလိုက်သည်။ ရှောင်ကျားရှုက သူ့အညိုရောင် မြင်းရုပ်ကလေးကို မမေ့မလျော့ ယူသွားကြောင်း တွေ့လိုက်ရသည့်အခါတွင်မူ အပြုံးတို့က ဖုံးဖိ၍ မရတော့စွာ ထွက်ပေါ်လာ‌တော့သည်။ 


အာဏာရှင်ကြီး ရှောင်ကျားရှုက ဘယ်တုန်းကများ မြင်းရုပ်လေးကို သွားလေရာ သယ်သွားတတ်တဲ့ ကလေးပေါက်စလေး ဖြစ်သွားတာလဲ ... 


ရှောင်ကျားရှုမှာ ကျိမြန်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရကာ စိတ်သက်သာရာ ရသွားစေရန် နွားနို့ပူပူတစ်ခွက်ပါ သောက်လိုက်ရတော့သည်။ 


" ဇာတ်လမ်းထဲ အရမ်းနစ်ဝင်သွားတဲ့ လူတစ်ယောက်ကို တစ်ယောက်တည်း လွှတ်ထားလို့ မရဘူး တစ်ယောက်တည်းသာ လွှတ်ထားရင် အဲဒီ့ဇာတ်ကောင်ထဲမှာပဲ ဆက်ပြီး နစ်ဝင်နေလိမ့်မယ် မင်းရဲ့ မိသားစုကို ဖုန်းခေါ်ရအောင် မင်းရဲ့ဖုန်းပေး ..." 


ကျိမြန်က ပြောလိုက်သည်။ 


ရှောင်ကျားရှု၏ မျက်လုံးတို့ ပြူးကျယ်သွားတော့သည်။ ထို့နောက် သူက အလင်းပေါက်သွားဟန်ဖြင့် အပြင်ကို ပြေးထွက်ကာ ရှောင်တင်းပန်းကို တိတ်တဆိတ် ‌ဖုန်းခေါ်လိုက်သည်။ 


"ကော ဘယ်မှာလဲ ..." 


ရှောင်တင်းပန်း၏ လေးနက်နေသော အသံက ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသည်။ 


"ကုမ္ပဏီမှာ ... ဘာဖြစ်လို့လဲ ..." 


"ကော ... ကျွန်တော်တို့ မိသားစုက ဘာလုပ်တာလဲ ..." 


" ဆေးဝါးတွေ ရောင်းတာလေ ..." 


"တရားမဝင်တဲ့ မူးယစ်ဆေးတွေလား ..." 


ရှောင်တင်းပန်းမှာ တစ်ခဏမျှ အသံတိတ်သွားပြီးကာမှ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ 


"ဒီနေ့ည အိမ်ပြန်လာခဲ့ မင်းဦးနှောက်ကို သီးသန့် ‌ဆေးပေးမယ် ..." 


"မဟုတ်တာ မဟုတ်တာ အိမ်ကို ပြန်မလာချင်ပါဘူး မူးယစ်ဆေး ရောင်းတာ မဟုတ်ရင် ပြီးရော ကော ကောက လမ်းမှားလျှောက်လို့ မရဘူးနော် ..." 


သူ့အစ်ကို၏‌ ဒေါသတို့ လွင့်စင်မလာခင် ဖုန်းကို အမြန်ချလိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်ကာ ကျေးဇူးတင်စိတ်အပြည့်ဖြင့် ဦးညွတ်လိုက်၏။ 


"ကျိကော နွားနို့အတွက် ကျေးဇူးတင်ပါတယ် အခု ကျွန်တော် အဆင်ပြေသွားပါပြီ ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


"ကျေးဇူးတင်ဖို့ မလိုပါဘူး သရုပ်ဆောင်တာက သရုပ်ဆောင်တာပဲ လက်တွေ့နဲ့ ရောမပစ်နဲ့ ..." 


"ကျွန်တော် သိပါပြီ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြရင်း တံခါးပေါက်ကို ပိတ်ပေးလိုက်သည်။ ဆယ်မီတာနီးပါးခန့် ရောက်ကာမှ ရှောင်မာကျာ ကျန်ခဲ့ကြောင်း သတိရသွားသည့်အတွက် အမြန် သွားပြန်ယူလိုက်ရတော့သည်။ 


တံခါးမခေါက်မီ ခပ်တိုးတိုးရယ်သံတစ်ခုကို ကြားလိုက်ရသော်ငြား တံခါးကို ဖွင့်လိုက်ချိန်တွင်တော့ ကျိမြန်၏ အမူအယာမှာ အလွန်လေးနက်နေပြီဖြစ်သည်။ 


"ဘာလိုချင်လို့လဲ ..." 


"ရှောင်မာကျာလေး မေ့နေလို့ ..." 


ရှောင်ကျားရှုက သူ့ကို အထူးတဆန်း ကြည့်နေလိုက်သည်။ 


ကျိမြန်၏ နှုတ်ခမ်းတို့က မသိမသာ ကော့တက်သွားသည်။ ထို့နောက်မှ ချက်ခြင်း ရုပ်ပြန်တည်ကာ မြင်းရုပ်လေးကို ကမ်းပေးရင်း အသာအယာ စနောက်လိုက်သည်။ 


"ဒီမှာ မင်းရဲ့ သီးသန့်အရုပ်လေး ..." 


ရှောင်ကျားရှု၏ ပါးနှစ်ဖက် ရဲရဲနီသွားတော့၏။ သူက အရုပ်ကို လှစ်ခနဲ ဆွဲယူကာ ကျေးဇူးတင်စကား ပြောပြီး ပြန်ထွက်ပြေးသွားတော့သည်။ သူ ထွက်သွားပြီးနောက် လင်းလဲ့ယန် ရောက်လာကာ အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။ 


"ကျိကော ရှောင်ကျားရှုက ကောကို လာရှာတာလား ..." 


"ဇာတ်ကောင်ထဲ အရမ်းနစ်ဝင်သွားလို့ သူ့ကို ကူညီပေးနေတာပါ ..."


အပြင်ဘက်မှာပဲ ကူညီပေးလို့ မရဘူးလား အဝတ်လဲခန်းထဲအထိ ခေါ်ဖို့ လိုလို့လား ... 


လင်းလဲ့ယန်၏ အတွေးတို့ မဆုံးနိုင်လောက်အောင် ထွက်ပေါ်‌လာသော်ငြား ထုတ်လည်း မမေးရဲချေ။ ရှောင်ကျားရှု၏ အပိုင်းအားလုံး ရိုက်ကူးပြီးသွား၍သာ တော်သေးသည်။ သူနှင့် ထပ်တွေ့နေရန် မလိုအပ်တော့ချေ။ 


ကျိမြန်က ခွက်ကိုဆေးကာ ဘာမှ ရေရေရာရာ ရှင်းမပြခဲ့။ တစ်ခါတစ်ရံတွင် ရှင်းပြလေ ပိုပြီး အခြေအနေ ရှုပ်ထွေးလာလေပင်ဖြစ်သည်။ 


"ကိုယ့်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာလေး ရှိလို့ ဒါရိုက်တာလောဆီကနေ သုံးရက် ခွင့်ယူထားတယ် ..." 


သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"မင်းက ရိုက်ကူးရေး ရှိနေသေးတော့ စိတ်အရှုပ်မခံနဲ့ ပြီးတော့ မရင်းနှီးတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့လည်း ထွက်ပြီး ညစာမစားနဲ့ ဒီလောကကြီးက အရမ်း ရှုပ်ထွေးပွေလီနေတာ ..." 


"ကျွန်တော် သိပါပြီ ..." 


လင်းလဲ့ယန်က ဝမ်းသာအားရ ကတိပေးကာ သူ့ကို နမ်းရန် အနားတိုးလာသော်ငြား ကျိမြန်က တွန်းထုတ်လိုက်သည်။ 


"ကိုယ် အရင်သွားနှင့်တော့မယ် နေ့ခင်းပိုင်းမှာ အစားကို သေချာလေး အချိန်ယူပြီး စားထား ပြီးရင် ရိုက်ရမှာတွေ အများကြီး ရှိသေးတယ် မဟုတ်လား မရိုက်ခင် ဝါယာကြိုးတွေကို သေချာစစ် လုံခြုံရေးက အဓိကနော် တကယ်လို့ မရိုက်နိုင်ရင်လည်း လူစားထိုးသုံး အရှက်ရမှာကို မကြောက်နဲ့ ဟုတ်ပြီလား ..." 


လင်းလဲ့ယန်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ဂရုစိုက်ခံရသည့်အတွက် သူ့နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပြောင်းသွားတော့၏။ ကျိမြန်ကို လိုက်ပို့ပြီးနောက် စားသောက်ရန် ပြန်လာစဉ် လက်ထောက်ဒါရိုက်တာတစ်ဦးနှင့် အတူတူ ထိုင်နေသော ချိန်ဖမ်းရှင်းကို တွေ့လိုက်ရသည့်အခါ သူ့အမူအယာမှာ ဆန်းပြားသွားတော့သည်။ လက်ထောက်ဒါရိုက်တာ ထွက်သွားပြီးနောက် ချိန်ဖမ်းရှင်းက ထမင်းနှစ်ဘူးကိုင်ကာ သူ့အနား ရောက်လာပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ 


"လဲ့ယန် ငါ မင်းကို ဒီည တွေ့ဆုံပွဲတစ်ခု ခေါ်သွားပေးမယ် ..." 


"ငါ မသွားဘူး ..." 


လင်းလဲ့ယန်က ချက်ခြင်း ငြင်းဆန်လိုက်သည်။ 


ချိန်ဖမ်းရှင်းကမူ အခွင့်အရေးကို လက်လွှတ်လိုက်ရသည့်အတွက် မနှစ်မြို့တော့။ 


"တွေ့ဆုံပွဲဆိုတာ ဘာလဲ သိလို့ မသွားဘူးလို့ ပြောတာလား ငါပြောပြမယ် ဒါက တင်းကျန်းအုပ်စုက လုပ်တာကွ နာမည်ကြီးဒါရိုက်တာတွေ အများကြီး လာကြမှာ နောက်ဆုံးတော့ မင်းကို အဆက်အသွယ်တွေ ရအောင် ကူညီပေးနိုင်သွားပြီ မင်းအတွက် အခွင့်အရေးတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲဆိုတာကိုရော သိရဲ့လား မင်းက တကယ်ကို ရူးနေပြီပဲ ..."


တင်းကျန်းသည် Skyworth Entertainment ၏ CEO ဖြစ်ကာ သူ၏ ဆုံးဖြတ်ချက်များမှာ အနုပညာလောကကို ကိုင်လှုပ်နိုင်သည်ဟုပင် ဆိုစမှတ်ပြုကြသည်။ သူက အကြောက်အလန့်ကင်းကာ ရက်ရောလှသည့်အပြင် အလှရသ ခံစားနိုင်ရန် သီးသန့် ရည်ရွယ်ကာ ကော့တေးပါတီများကို မကြာခဏ ကျင်းပပြီး နာမည်ကြီး ဒါရိုက်တာများနှင့် သရုပ်‌ဆောင်များကို ဖိတ်ကြားလေ့ရှိသည်။ 


သူကျင်းပသည့် ဧည့်ခံပွဲသို့ တက်ရောက်နိုင်ရန်မှာ လင်းလဲ့ယန်ကဲ့သို့ နာမည်မရသေးသည့် လူသစ်လေးအဖို့ မဖြစ်နိုင်လောက်သည့်အရာပင် ဖြစ်သည်။ တစ်ခဏမျှ ဆိုင်းတွနေ‌လိုက်မိသော်ငြား ကျိမြန်၏ ညွှန်ကြားချက်များကို သတိရသွားသည့်အတွက် နောက်တစ်ကြိမ် ငြင်းဆန်လိုက်သည်။ 


"ငါ မသွားဘူး ..." 


"ဘာလို့လဲ ငါ့ကို သင့်တော်တဲ့ အကြောင်းပြချက်ပေးလေ ..." 


ချိန်ဖမ်းရှင်းမှာ အလွန်စိတ်ပျက်လက်ပျက် ဖြစ်လာတော့၏။ 


"ကျိကောက ခွင့်ပြုမှာ မဟုတ်ဘူး ..." 


"ငါတို့က တင်းကျန်း၏ ဖိတ်ကြားချက်ကို ရခဲ့မှန်းသာ ကျိကောသိရင် သူလည်း ငါတို့ရဲ့ လုပ်နိုင်စွမ်းကို ချီးကျူးမှာပဲ ကျိမြန်က ဘော့စ်လေ သူ့လက်အောက်မှာလည်း ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ အများကြီး ရှိ‌နေတော့ မင်းတစ်ယောက်တည်းကိုပဲ အစွမ်းကုန် ပျိုးထောင်ပေးနိုင်မှာ မဟုတ်ဘူး မင်းလမ်းကို မင်းကိုယ်တိုင် ဖောက်မှ ရမှာ အရင်းအမြစ်ကောင်းတွေက ကောင်းကင်ပေါ်ကနေ ဒီတိုင်း ပြုတ်ကျလာမယ်များ ထင်နေလား မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ တိုက်ခိုက်မှ ရလာမှာကွ မင်းက အခု နာမည်မကြီးသေးတော့ ကျိမြန်ကလည်း မင်းကို ဂရုစိုက်ဦးမှာ မဟုတ်ဘူး နာမည်ကြီးလာမှ မင်းကို ကောင်းတဲ့ အရင်းအမြစ်‌တွေ ပေးမှာ အဲဒါကြောင့် အရင်ဆုံး မင်းက ကြိုးစားပြရမှာ နားလည်လား ..." 


ချိန်ဖမ်းရှင်း၏ စကားတို့က လင်းလဲ့ယန်၏ နှလုံးသားကို ရိုက်ခတ်သွားတော့သည်။ 


ဟုတ်သားပဲ ဒီလမ်းကြောင်းကို ရွေးတယ်ဆိုတာ ကိုယ့်အစွမ်းအစနဲ့ကိုယ် ကျိမြန်ဘေးမှာ ရပ်ချင်လို့ မဟုတ်လား ဘာလို့ တစ်ဖြည်းဖြည်း သူ့ကိုပဲ မှီခိုမိလာရတာလဲ ... 


ဒီတိုင်းသာ ဆက်သွားနေရင် သူ့ခံယူချက်တွေ ပျက်ပြားကုန်လောက်လား ... 


"ကောင်းပြီ ငါသွားမယ် ပွဲက ဘယ်အချိန် စမှာလဲ ..." 


လင်းလဲ့ယန်က အံတင်းတင်းကြိတ်ကာ သဘောတူလိုက်သည်။ 


"ည ၇ နာရီ စမှာ ငါ မင်းအိမ်ကို ခြောက်နာရီခွဲ လာခေါ်မယ် ..." 


ချိန်ဖမ်းရှင်းက ခပ်သွက်သွက် ပြောလိုက်သည်။ 


"မင်းသိလား ထန်ကောက တင်းကျန်းရဲ့ပွဲမှာ ဒါရိုက်တာကျန်းနဲ့ တွေ့ခဲ့လို့ "သစ်တော်ပန်းပွင့်ချိန်" နဲ့ "မိုးစက်များ" မှာ သရုပ်ဆောင်ခွင့်ရခဲ့တာ ပြီးခဲ့တဲ့နှစ်အထိ ဘာနာမည်မှ မရှ်ိသေးတဲ့သူက ဒီနှစ်မှာ ပထမတန်းစားကြယ်ပွင့် ဖြစ်နေပြီ ကော့တေးပါတီလေး တစ်ခုလောက် တက်လိုက်ရုံနဲ့ အဆင့် ၁၈ ကနေ ပထမတန်းကို ခုန်တက်သွားတာနော် ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမလို့လား အနုပညာလောကမှာ အရေးအကြီးဆုံးက ဘာလဲသိလား အဆက်အသွယ်ပဲ ..." 


"ငါသိပြီ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချပါ့မယ် ..." 


လင်းလဲ့ယန်၏ နှလုံးသားမှာ လောဘတို့ဖြင့် လောင်မြိုက်လာကာ ကျိမြန်၏ စကားများကို မေ့လျော့သွားတော့သည်။ 


တစ်ချိန်တည်းမှာပင် ရှောင်ကျားရှုကလည်း ဖိတ်ကြားချက်ကို ဟွမ်မိန်ရွှမ်းထံမှတစ်ဆင့် လက်ခံရရှိခဲ့သည်။ 


"တင်းကျန်း ဟုတ်လား သူ့ကို မသိပါဘူး ..." 


"သူ့ကို သိစရာ မလိုပါဘူး ဒီတိုင်း ထမင်းတစ်နပ်လောက်သာ သွားစားလိုက် ဒါရိုက်တာဟူမင်လည်း အဲဒီ့ပွဲမှာ ရှိနေလိမ့်မယ် သူက သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကား ရိုက်မလို့ နိုင်ငံခြားက နာမည်ကြီး လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတစ်ပုဒ်ရဲ့ မူပိုင်ခွင့်ကို ဝယ်ထားတယ် စာအုပ်ရဲ့ ပရိသတ်‌ သန်းဂဏန်းလောက်က ဒီရုပ်ရှင် ထွက်လာမှာကို အာရုံစိုက်နေကြတာ မင်းကို အဲဒီ့ဇာတ်ကားရဲ့ နံပါတ်တစ်အမျိုးသားဇာတ်လိုက်နေရာအတွက် လူရွေးပွဲ ဝင်ခိုင်းမယ် စဉ်းစားထားလို့ သူနဲ့ သေချာ‌ရင်းနှီးအောင် လုပ်ခဲ့ ... " 


"အဲဒီ့ဝတ္တုက "The Lovers" ဆိုတဲ့ဟာလား ..." 


ရှောင်ကျားရှုမှာ ရုတ်ချည်း စိတ်ဝင်စားသွားတော့သည်။ 


Xxxxxx