အပိုင်း ၅၆
Viewers 43k

Chapter 56


ရှောင်ကျားရှုသည် ကိုယ်တိုင်မကြုံတွေ့ဖူးသည့် ဖြစ်ရပ်တစ်ခုကို သရုပ်ဆောင်ပါလျှင် ထိုသရုပ်ဆောင်မှုမှာ သဘာဝကျလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသူဖြစ်သည်။ ထို့ကြောင့် ထိုဇာတ်ကောင်ကို ရသည်နှင့်တစ်ပြိုင်နက် ကျောလယ်ခန့် ရှည်လျားသည့် ဆံပင်တုတစ်ခုနှင့် မုတ်ဆိတ်မွေးအတုများကို စတိုင်လစ်အား ပြင်ဆင်စေကာ သူတောင်းစားများအကြား ရောနှောနေထိုင်လိုက်သည်။ ဖုန်းလည်းမယူ ပိုက်ဆံအိတ်လည်း မပါဘဲလျက် Nan Men Plaza တွင် သုံးရက်ကြာ နေထိုင်ခဲ့ကာ ရေဆာလျှင် အများသုံး သန့်စင်ခန်း၊ သို့မဟုတ် စည်ပင်ရေပိုက်လိုင်းများမှ ရေကို သောက်ကာ ဗိုက်ဆာပါလျှင် ဖြတ်သွားဖြတ်လာများထံမှ ‌တောင်းရမ်း၍ဖြစ်စေ၊ အမှိုက်ပုံများအကြား လှန်လှောရှာဖွေ၍ဖြစ်စေ ဝမ်းမီးကို ငြိမ်းသတ်ခဲ့သည်။ ဤသို့ဖြင့် ရှောင်ဆေးဝါးလုပ်ငန်းစု၏ ဒုတိယသခင်လေးဟူသော ဘဝကို မေ့ထားကာ သူတောင်းစားများ၏ နေ့စဉ်ဘဝအတိုင်း တစ်ထပ်တည်း နေထိုင်ခဲ့သည်။ 


နောက်ဆုံးရက်သို့ ရောက်လာသည့်အခါတွင်တော့ သူ့ဗိုက်မှာ ကျောနှင့် ကပ်နေလောက်အောင်ပင် ဆာလောင်မွတ်သိပ်နေပြီဖြစ်သည်။ အားပျက်နွမ်းနယ်စွာဖြင့် ကြမ်းပြင်တွင် လဲလျောင်းနေကာ အဝတ်အစားတို့မှာ နံစော်နေပြီး ယခင်က အထက်တန်းကျလှသည့် ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ ပလာဇာဘေးနားရှိ နာရီစင်ကို တိတ်တဆိတ် ချောင်းကြည့်ရင်း အကဲဖြတ်မှု ပြီးစီးမည့်အချိန် ၁၂ နာရီထိုးမည်ကို စောင့်ဆိုင်းနေလိုက်သည်။ 


ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက်က မတူညီတဲ့ နေထိုင်မှုပုံစံအမျိုးမျိုးကို ကြုံတွေ့ခံစားဖူးဖို့ လိုအပ်တယ် ပြီးတော့ အဲဒီ့အတွေ့အကြုံတိုင်းကလည်း မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအတွက် အဖိုးမဖြတ်နိုင်‌လောက်အောင် အထောက်အကူ ဖြစ်စေလိမ့်မယ် အဲဒါကြောင့် ကြိုးစားထား အပင်ပေါက်လေး ... 


ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့အကြည့်တစ်ခုလုံး ကြိုးစားတိုက်ခိုက်လိုစိတ်တို့ တောက်လောင်‌လာသော်ငြား များမကြာမီမှာပင် ပျောက်ကွယ်သွားကာ ကြောက်ရွံ့မှုတို့ အစားထိုး ဝင်ရောက်လာတော့သည်။  


ဟို ဟိုလူက ကျိကောတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မဟုတ်လား ... 


တစ်ဖြည်းဖြည်း ညဉ့်နက်လာပြီး မီးအလင်းရောင်များ မှိန်ဖျော့နေသည့်အပြင် ကျိမြန်က mask တပ်လျက် ရုပ်ဖျက်ထားသည့်တိုင် သူကတော့ နောက်ကျောလေးကို မြင်ရုံဖြင့်ပင် မှတ်မိနေ‌ဆဲဖြစ်သည်။ မြေကြီးပေါ် ချထားသည့် မြွေအရေခွံအိတ်ကို ဆွဲယူကာ အချိန်မရွေး ထပြေးရန် ပြင်နေစဉ်မှာပင် ကျိမြန်၏ အကြည့်တို့က သူ့ဘက်သို့ ကျရောက်လာသည်။ သူ့တစ်ကိုယ်လုံးကို စိုက်ကြည့်ပြီး‌နောက်တွင်တော့ သာမန်ကာလျှံကာဖြင့် ပြန်လှည့်သွားတော့သည်။ 


ဖြည်းဖြည်းလေးပဲ သွားကြရအောင် ဖြည်းဖြည်းလေး ... 


ရှောင်ကျားရှုက တစ်ကိုယ်‌တော် ရေရွတ်ရင်း ယိမ်းထိုးလျက် လျှောက်လာလိုက်သည်။ ဗိုက်ဆာလွန်း၍ မူးနောက်နေရာ စိတ်ဝိဉာဉ်ပျောက်ဆုံးနေသည့် သူတောင်းစားတစ်ဦးနှင့် တူညီရန် သရုပ်ဆောင်နေစရာပင် မလိုတော့ချေ။ ထို့ကြောင့် အကောင်းမွန်ဆုံး သရုပ်ဖော်ပြချက်မှာ စိတ်ကူးယဉ်တုပချက်မှ လာခြင်းမဟုတ်၊ ကိုယ်တိုင် ကြုံတွေ့ခံစားရသည့် အတွေ့အကြုံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်တော့ချေ။ ရုပ်ရှင်တစ်ခု ရိုက်ကူးချိန်တိုင်း သရုပ်ဆောင်များ စုဝေးကာ အဖွဲ့လိုက် လေ့ကျင့်ရေးဆင်းကြပြီး သက်ဆိုင်ရာ ဇာတ်ကောင်တို့၏ နေထိုင်မှုပုံစံအတိုင်း နေထိုင်စေသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ချေ။ ထိုသို့ ကြုံတွေ့ခံစားပြီးလေတိုင်း တစ်ဦးချင်းစီ၏ သရုပ်ဆောင်စွမ်းရည်မှာ ပိုမို တိုးတက်လာလေသည်။ 


ရုပ်ရှင်လောကမှာ ဒီလိုထုံးစံမျိုးကို ဆက်မလုပ်တော့တာတော့ နှမြောစရာပဲ အဲဒါကြောင့်လည်း ထူးထူးခြားခြား သရုပ်ဆောင်ပြောင်မြောက်ပါတယ်ဆိုတဲ့ မင်းသားမျိုး မရှိတော့တာနေမှာ ... 


ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေသည့်အတွက် သတိမထားမိပါဘဲ ကျိမြန်၏အရှေ့မှ ဖြတ်လျှောက်လာမိလိုက်သည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်တိုင် တစ်‌ဖက်သူ၏ အရိပ်မှာ နေရာတွင်သာ ရှိနေဆဲဖြစ်သည်။ 


ထင်ထားတဲ့အတိုင်းပဲ ... ကျိကောက ဒီတိုင်း ဖြတ်သွားဖြတ်လာသဘောပါပဲ ... 


အသက်ကို ရှူထုတ်ကာ လမ်းနံဘေးတွင် ထိုင်ချလျက် ကျန်ရှိနေသေးသည့် နာရီအနည်းငယ်ကို ငါးအသေတစ်ကောင်သဖွယ် ကုန်ဆုံးလိုက်တော့သည်။ ၁၁ နာရီထိုးသည့်အခါ လမ်းသွားလမ်းလာများ နည်းပါးသွား၍ ကျောကိုဆန့်ကာ မတ်တပ်ရပ်လိုက်တော့သည်။ 


မြွေအရေခွံအိတ်ကို သေသေသပ်သပ်ခေါက်ကာ ချိုင်းကြားထဲ ညှပ်လိုက်ပြီး လူကူးတံတားကို ယိုင်ထိုးယိုင်ထိုးဖြင့် ဖြတ်လာလိုက်သည်။ သူ့ဘေးနားမှ ဖြတ်သွားသည့် အမူးသမား လူငယ်တစ်စုမှာ သူ့ခန္ဓာကိုယ်မှ ထွက်လာသော အနံ့အသက်ကို အဆိပ်အတောက်ဖြစ်၍ထင်၊ သူ့ကို ဝိုင်းချုပ်ကာ ရိုက်နှက်လိုက်ကြတော့သည်။ 


ဤကိစ္စမျိုးမှာ သူတောင်းစားများအဖို့ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ အင်အားလည်းမရှိ၊ ဂုဏ်ပုဒ်လည်းမရှိ၊ ပြန်စရာအိမ်လည်းမရှိ၊ လူ့အဖွဲ့အစည်း၏ အောက်ဆုံးအလွှာတွင် ရှိနေသည့် လူတန်းစားများ ဖြစ်ရာ မည်သူကမှ သူတို့၏ သေခြင်းရှင်ခြင်းအပေါ် ဂရုမစိုက်၊ ထို့ကြောင့် ဤသို့ အရိုက်နှက်ခံနေရသည့်တိုင် ကူညီပေးမည့်သူဟူ၍ မရှိချေ။


ရှောင်ကျားရှုက အဓိကနေရာများကို မထိခိုက်စေရန် အလို့ငှာ ကိုယ်ကို ကွေးညွတ်လျက် ခေါင်းနှင့် မျက်နှာကို ကာထားလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အခြားသူတောင်းစားများနှင့်လည်း ပြောဆိုဆက်ဆံခဲ့ဖူးသည့်အတွက် ဤအခြေအနေမျိုးနှင့် ကြုံတွေ့လာရပါလျှင် မည်သို့ ရင်ဆိုင်သင့်သည်ကို သဘောပေါက်နေပြီးဖြစ်သည်။ အဓိကနေရာများကို အရိုက်မခံရသရွေ့ များစွာ ကိစ္စမရှိလှပေ။ 


ခုခံရန် သို့မဟုတ် အော်ဟစ်အကူအညီတောင်းခံရန်မှာမူ လုံးဝ ထည့်မစဉ်းစားသင့်သည့် အရာများ ဖြစ်သည်။ ၎င်းတို့မှာ ရိုက်နှက်သူ၏ ဒေါသမီးကို လောင်စာထည့်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။ ထွက်ပြေး၍ ရသော်ငြား နောက်ဆုံးတွင် ပြန်ဖမ်းမိသွားပါလျှင် မိုးသီးမိုးပေါက်သဖွယ် ကျရောက်လာသည့် လက်သီးချက်များကို ခါးစည်းကာ ခံရမည်ဖြစ်သည်။ 


ရှောင်ကျားရှုမှာ သေလုအောင် နာကျင်နေသည့်တိုင် ၁၂ နာရီ မထိုးသေးသည့်အတွက် အံတင်းတင်းကြိတ်လျက်သာ သည်းခံနေရတော့သည်။ အခုလက်ရှိတွင် သူသည် ရှောင်မိသားစု၏ ဒုတိယသခင်လေး မဟုတ်။ အနိုင်ကျင့်နေသူတစ်ဦးက အရက်ပုလင်းကိုမြှောက်ကာ သူ့ကို ရိုက်ရန် ပြင်နေစဉ် အရပ်ရှည်ရှည်၊ လူကောင်ထွားထွားနှင့် အမျိုးသားတစ်ဦး ရောက်လာပြီး ထိုသူ၏ လက်ကို ဖမ်းဆုပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ 


"ငါ ရဲခေါ်ပြီးသွားပြီ မင်းရဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်ဖို့ပဲ အကြံပေးချင်တယ် ..." 


အသက်ရှင်လိုစိတ် အနည်းငယ် ရှိနေသူများက အထိတ်ထိတ်အပျာပျာ ဖြစ်သွားကာ အရက်ပုလင်းများကို လွှင့်ပစ်လျက် ခြေကုန်သုတ်ပြီး ပြေးသွားကြတော့သည်။ 


ရှောင်ကျားရှုက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ကို ကယ်တင်ပေးသူမှာ ကျိမြန်ဖြစ်နေမှန်း သိလိုက်ရသည့်အခါ သူ့နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လျှံလာတော့သည်။ 


ကျိကောက ထင်ထားတဲ့အတိုင်း တကယ်ကို လူကောင်းတစ်ယောက်ပဲ "မတရားမှုကို ကြုံကြိုက်တဲ့အခါ သံကုန်ဟစ်လို့ ထုတ်ပြောတယ် လက်သီးသုံးဖို့ လိုလာရင်လည်း နောက်မတွန့်ဘဲ လေပြင်းတိုက်ပြီး မီးဟုန်းဟုန်း‌တောက်နေသလို အားနဲ့မာန်နဲ့ တိုက်ခိုက်တယ်" ... ဟမ် နေပါဦး ငါက ဘယ်လိုဖြစ်လို့ ချက်ခြင်းကြီး ခံစားချက်တွေ ကောင်းသွားရတာလဲ ဟမ် ဘာလို့ သီချင်းတွေတောင် ညဉ်းမိသွားရတာလဲ ... 


ရှောင်ကျားရှုမှာ အရိုက်ခံလိုက်ရသည့်အတွက် စိတ်နှင့်လူနှင့် မကပ်တော့ချေ။ 


ကျိမြန်၏ ပူပန်နေသော အမူအယာတို့ အနည်းငယ် ပြေလျော့သွားကာ သူ့နှုတ်ခမ်းထောင့်စွန်းများမှာလည်း ယောင်ယောင်လေး လှုပ်ခတ်သွားတော့သည်။ ကော့ညွတ်လိုက်ချင်သည့်တိုင် တမင်တကာ တင်းခံထားသည့်နှယ်ပင်။ 


ရှောင်ကျားရှုရဲ့စိတ်တွေက ဘာလို့ ဒီလောက်တောင် ရိုးရှင်းနေရတာလဲ ... 


သူက ငုတ်တုပ်ထိုင်ချကာ မေးလိုက်သည်။ 


"ထိခိုက်သွားသေးလား လမ်းရော လျှောက်နိုင်ရဲ့လား ဆေးရုံကို လိုက်ပို့ပေးရမလား ..." 


"ရပါတယ် ခေါင်းလေးနည်းနည်းပဲ ထိခိုက်သွားတာပါ ကျေးဇူးတင်ပါတယ် လူကြီးမင်း ..." 


ရှောင်ကျားရှုက ဟိုင်နန်လေယူလေသိမ်းဖြင့် ခပ်နှေးနှေး ပြောလိုက်သည်။ ခေါင်းကိုလည်း မော့မကြည့်ရဲ။ ခါးကိုလည်း ယခင်ကထက်ပင် ပိုပြီး ကုန်းထား‌လိုက်သေးသည်။ သို့သော် သူ့မျက်နှာကို မော့ထားသည့်တိုင် အလွန်အမင်း ညစ်ပတ်ပေရေနေသည့်အတွက် မည်သူကမှ သူ့ကို မှတ်မိလိမ့်မည် မဟုတ်ချေ။ အနည်း‌ဆုံးတော့ ကျိမြန်က မှတ်မိမည်မထင်။ သူ့တွင် စူပါပါဝါ မရှိသရွေ့ သူတောင်းစားအုပ်စုကြားထဲရှိ ရှောင်ကျားရှုကို ရှာတွေ့နိုင်မည် မဟုတ်‌ချေ။ 


"တကယ်ရော အဆင်ပြေရဲ့လား ..." 


ကျိမြန်က မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးပါးအထိ တွန့်ထားရင်း မေးလိုက်သည်။ 


"တကယ်ကို အဆင်ပြေတာပါ ဒီဘက်က လူကြီးမင်းကို ကျေးဇူးအများကြီး တင်ပါတယ် ..." 


ရှောင်ကျားရှုက ဟန်မပျက်အောင် ထိန်းရင်း အဆက်မပြတ် ပြောလိုက်သည်။ 


ကျိမြန်မှာ ဆက်ပြီး ကြည့်မနေနိုင်တော့သည့်အတွက် ယွမ်တစ်ရာတန်တစ်ရွက်ကို ထုတ်ပေးကာ ပြောလိုက်သည်။ 


"ဒါကိုယူပြီး တစ်ခုခု ဝယ်စားလိုက်ပါ ..." 


"ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျားက တကယ်ကို လူကောင်းတစ်ယောက်ပဲ ..." 


ရှောင်ကျားရှု၏ ရီဝေနေသော မျက်ဝန်းတို့ထဲမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။ ဤသည်မှာ သုံးရက်တာကာလအတွင်း သူ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် နွေးထွေးမှုပင်ဖြစ်သည်။ 


ကျိမြန်က ခေါင်းကို ပုတ်ပေးရန် ပြင်လိုက်ပြီးကာမှ ရှုပ်ပွနေသည့် ဆံပင်များကို သတိထားလိုက်မိသည့်အတွက် လက်ကိုသာ ယမ်းပြပြီး ထွက်လာလိုက်တော့သည်။ ထိုအချိန်မှာပင် နာရီစင်မှ ၁၂ နာရီထိုးသည့် အချက်ပေးသံ ထွက်ပေါ်လာကာ သုံးရက်တာ ခြေသလုံးအိမ်တိုင်ဘဝ အဆုံးသတ်သွားလေပြီ။ အနီးအနားတွင် ပုန်းအောင်းနေသည့် သက်‌တော်စောင့်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ စိုးရိမ်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။ 


"သခင်လေးရှောင် ကျွန်တော်တို့ သခင်လေးနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါ့မယ်လို့ ပြောတာကို လက်မှမခံတာ အခု ကြည့်ပါဦး တစ်ခုခု ဖြစ်သွားတော့မလို့ ..." 


"စောစောက ထွက်ပြေးသွားတဲ့သူတွေရော ..." 


ရှောင်ကျားရှုက မြွေအရေခွံအိတ်ကိုတစ်ဖက်၊ ယွမ်တစ်ရာကိုတစ်ဖက် ကိုင်ထားလျက် မေးလိုက်သည်။ သူ့အမူအယာမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ပင်။


"ကျွန်တော် လောင်လျှို့ကို ရဲစခန်း ဖုန်းဆက်ထားဖို့ ပြောပြီးပါပြီ မစ္စတာရှောင် ကျွန်တော် မျက်နှာချင်းဆိုင်က ဟော်တယ်မှာ အခန်းတစ်ခန်း ငှားထားပါတယ် အရင်ဆုံး ရေမိုးချိုးပြီးမှပဲ စား‌မလား ..." 


သက်တော်စောင့်မှာ သခင်လေးရှောင်ကို လေးစားနေမိတော့သည်။ 


မူလကမူ ထိုသူမှာ သုံးရက်မပြောနှင့် တစ်ရက်ပင် နေနိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့မိသည်။ သို့သော် မထင်မှတ်ထားစွာပင် ထိုသူသည် သုံးရက်လုံး နေနိုင်ရုံသာမက ရေဆာလျှင် ရေပိုက်ခေါင်းမှရေကို သောက်ကာ ဗိုက်ဆာလျှင် အမှိုက်ပုံးများအကြား မွှေနောက်ရှာဖွေ စားသောက်ခဲ့သည်။ ဤသည်မှာ သူ စစ်တပ်ထဲတွင် နေထိုင်ခဲ့စဉ်ကထက်ပင် ပိုမိုခက်ခဲကြမ်းတမ်းပေသည်။ 


"ကျေးဇူးတင်ပါတယ် ခင်‌ဗျားတို့တွေလည်း ဒီရက်ထဲမှာ တော်တော်ပင်ပန်းသွားကြရောပေ့ါ ဗီဒီယိုရော ရိုက်ထားရဲ့လား ကျွန်တော့်ကို ပြပါဦး ..." 


ရှောင်ကျားရှုက သူ၏ အကဲဖြတ်မှုမှတ်တမ်း ဗီဒီယိုအကြောင်း မမေ့သေးချေ။ 


သက်‌တော်စောင့်က ဗီဒီယိုကို အမြန် ပြသလိုက်သည်။ 


"အကုန်လုံးကို မှတ်တမ်းတင်ထားပါတယ် အတန်းထဲက တစ်ခြားကျောင်းသားတွေက သူတို့ဗီဒီယိုတွေကို အင်တာနက်ပေါ် တင်ထားကြတယ် သခင်လေးရော တင်ချင်လား ..." 


ထိုသူတို့၏ ကြိုးစားမှုနှင့် သရုပ်ဖော်ပြနိုင်စွမ်းမှာ သခင်လေးရှောင်၏ ‌ခြေဖျားကိုပင် မမီဟု တွေးလိုက်မိတော့သည်။ 


ရိုက်ချက်အနည်းငယ်ကိုသာ အင်တာနက်ပေါ် တင်လိုက်ပါလျှင် ရှောင်ကျားရှုအပေါ် ထားရှိသည့် လူထု၏ အမြင်ကို ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။ သူသည် မောက်မာဝံ့ကြွားခြင်း မရှိ၊ အခြား လူချမ်းသာ သခင်လေးများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ အလုပ်အပေါ် ထားရှိသည့် ခံယူချက်မှာလည်း အခြားမည်သူမဆိုထက် ပိုမိုလေးနက်ကာ ပန်းတိုင်ကို ချမှတ်ပြီးသည်နှင့်တစ်ပြိုင်နက် အားကုန်သုံးကာ ကြိုးပမ်းတော့မည်ဖြစ်သည်။ 


"မတင်ဘူး ..." 


ရှောင်ကျားရှုက ခိုင်ခိုင်မာမာ ငြင်းပယ်လိုက်သည်။ ထို့နောက် မြွေအရေခွံအိတ်ကို သယ်ကာ ကြယ်ငါးပွင့်ဟော်တယ်ထဲသို့ ဝင်သွားတော့သည်။ 


သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် တံခါးစောင့်က အနားသို့ ချဉ်းကပ်လာရန် အဆင်သင့်ပြင်လိုက်သည်။ ထိုစဉ် သက်တော်စောင့်ဖြစ်ဟန်တူသော ဗလတောင့်တောင့်လူတစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် နေရာတွင်သာ ပြန်ရပ်နေလိုက်တော့၏။ 


"ဒီက လူကြီးမင်းက ..." 


အတွေးစတို့ များစွာ ယှက်သန်းလာသည့်အတွက် နဖူးတွင်ပင် ချွေးစေးများ ကျလာတော့သည်။ 


သက်တော်စောင့်က အခန်းကတ်တစ်ခုကို ထုတ်ပြလိုက်ကာမှသာ တံခါးစောင့်လည်း စိတ်သက်သာရာ ရသွားတော့သည်။ 


ဖာ့ခ် အခုခေတ် လူချမ်းသာတွေက ပိုပိုပြီးကို ထူးဆန်းလာကြတာပဲ ... 


နောက်ထပ် သက်တော်စောင့်တစ်ဦးက ရှောင်ကျားရှုအနား ရောက်လာကာ အခြေအနေကို တိတ်တဆိတ် အစီရင်ခံလိုက်သည်။ လမ်းမပေါ်တွင် CCTV များ ရှိနေသည့်အတွက် ထို ဖမ်းဆီးခံထားရသည့် အမူးသမားများမှာ အာမခံမရဘဲ ထောင်ထဲတွင် သုံးရက်လေးရက်ခန့် ညအိပ်ရတော့မည်ဖြစ်သည်။ 


"နားလည်ပြီ ..." 


လူအတန်းလိုက်ကြီး အခန်းထဲ ဝင်သွားကာ ရှောင်ကျားရှုက ရေချိုးအဝတ်အစားလဲပြီးနောက် ရွှယ်မြောင်ကို အန္တရာယ်ကင်းရှင်းပါကြောင်း အကြောင်းကြားလိုက်တော့သည်။ 


"မား အိမ်ခြေယာမဲ့တွေအတွက် အဆောက်အဦးတစ်ခုလောက်ဆောက်ဖို့ ငွေလှူချင်တယ် ပြီးတော့ သူတို့ကို ထောက်ပံ့ပေးမယ့် ရန်ပုံငွေအဖွဲ့တစ်ခုလောက်လည်း တည်ထောင်ချင်‌သေးတယ် ဘယ်လို သဘောရလဲဟင် ဟုတ်တယ် ဟုတ်တယ် သားက အဆင်ပြေပါတယ် သိပါပြီ ကျေးဇူးပါ မား ..." 


သူက တစ်ခဏခန့် ချွဲနွဲ့ပြီးကာမှ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"မား ကျွန်တော့်ကို ဒီလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကြီးပြင်းလာစေလို့ ကျေးဇူးအများကြီး တင်ပါတယ် ချစ်တယ်နော် ..." 


ထိုစကားကို ကြားလိုက်ရသည့် သက်တော်စောင့်နှစ်ဦး၏ မျက်ဝန်းတို့မှာလည်း စိုစွတ်လာတော့သည်။ နေကာမျက်မှန်များ ဝတ်ဆင်ထား၍သာလျှင် ဟန်မပျက် ရပ်နေနိုင်ခြင်းဖြစ်သည်။ 


မိခင်ဖြစ်သူထံမှ အချစ်တို့ ပြည့်နှက်နေသည့် အနမ်းတစ်ပွင့် လက်ခံရရှိလိုက်ချိန်တွင်တော့ ရှောင်ကျားရှု၏ သုံးရက်တာ စိတ်ဒုက္ခအားလုံး ပျောက်ကွယ်သွားတော့သည်။ လက်ထဲရှိ ယွမ်တစ်ရာတန်ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက်တွင်တော့ Weibo တွင် တင်ချင်စိတ်ကို ထိန်းထား၍ မရတော့။ ချက်ခြင်း ဓာတ်ပုံရိုက်ကာ ပို့စ်တင်လိုက်တော့သည်။ 


ဒါက ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ရခဲ့သမျှထဲမှာ အနွေးထွေးဆုံး လက်ဆောင်ပဲ ကျေးဇူးအများကြီး တင်ပါတယ် ... 


ကျိမြန်က အမှောင်ထဲတွင်ပုန်းကာ ရှောင်ကျားရှုကို အကဲခတ်နေခဲ့သည်။ ဘေးနားတွင် သက်တော်စောင့်များ ရှိနေကြောင်း တွေ့လိုက်ရမှသာလျှင် စိတ်အေးလက်အေးဖြင့် အိမ်ပြန်လိုက်တော့သည်။ အိမ်ပြန်ရောက်ပြီးနောက် ဖုန်းကို ထုတ်ကြည့်လိုက်သည့်အခါ သူနှင့် ရှစ်ထင်းဟန်တို့ follow လုပ်ထားမိသည့် "ဦးမညွတ်လိုက်နဲ့ သရဖူလေး ပြုတ်ကျသွားလိမ့်မယ်" account ပိုင်ရှင်မှ ယွမ်တစ်ရာတန်တစ်ရွက်၏ ပုံကို တင်ထားကြောင်း တွေ့လိုက်ရသည်။ သရဖူလေးတွင် ပရိသတ်သောင်းဂဏန်းခန့် ရှိနေပြီဖြစ်ရာ ထိုသူများက သူ့ကို ပိုက်ဆံအကြောင်းတွေးရင်း ရူးသွားပြီလားဟုပင် မေးလိုက်ကြသည်။ 


ဒီ စိတ်တစ်မျိုးပဲ ရှိတဲ့ အသားပေါင်းကတော့ ... 


ကျိမြန်မှာ ပြောစရာစကား ကင်းမဲ့သွားတော့သည်။ like မပေးမိစေရန် သူ့ကိုယ်သူ မနည်း ထိန်းချုပ်လိုက်ရ၏။


Xxxxxxxx