အပိုင်း ၅၇
Viewers 56k

Chapter 57


နောက်တစ်နေ့မနက်တွင် ကျောင်းသားလေးယောက်လုံး၏ အကဲဖြတ်မှုဗီဒီယိုအားလုံး စုံလင်သွားပြီဖြစ်သည်။ ဟွမ်ကျိကျင်းက နှစ်နှစ်ကာကာ ပြုံးကာ ပြောလိုက်သည်။ 


"ကောင်းတယ် ကောင်းတယ် သရုပ်ဖော်ချက်တွေကို လူသိရှင်ကြား ထုတ်ပြတာတွေက တစ်ခုထက်တစ်ခုကို ပိုကောင်းလာတာပဲ ရုပ်ရှင်ဧကရာဇ်ကိုပါ ဖိတ်နိုင်တဲ့သူတောင် ရှိသေးတယ် အံ့ဩလောက်စရာပဲ ရှောင်ရှု မင်းကရော ဘာလို့ ဘာမှ မလုပ်သေးတာလဲ ..." 


"ကျွန်တော်က သူတောင်းစားလို လုပ်ရတာလေ ဒီလောက် ပုံဆိုးပန်းဆိုးကြီးကို ဘယ်လိုစိတ်ကူးမျိုးနဲ့ အများရှေ့ ချပြရမှာလဲ ..." 


ရှောင်ကျားရှုက USB drive ကို ကမ်းပေးကာ ပြောလိုက်သည်။ 


"ကျိကျင်ကော ဒါကို တစ်ယောက်တည်းပဲ ကြည့်နော် အပြင်ကို ပျံ့မသွားစေနဲ့ ဟုတ်ပြီလား ..." 


"လာစမ်းပါ ငါ့မှာ ပါးစပ်အကြီးကြီးလည်း မရှိပါဘူး ခဏနေရင် မင်းကို အမှတ်ပေးမယ် ဂျက်စီ၊ ဂျင်ရှီဂျွန်း မင်းတို့နှစ်ယောက်လုံး ကျတယ် ဒီအတန်းကို ထပ်လာဖို့ မလိုတော့ဘူး မင်းတို့လို မရိုးမသားလုပ်တတ်တဲ့ ကျောင်းသားမျိုးကို သင်မပေးနိုင်ဘူး ..." 


ထို့နောက် လင်းလဲ့ယန်ကို ကြည့်လိုက်သည်။ 


"မင်းကတော့ အောင်မှတ်ပဲရတယ် အစောပိုင်း တစ်ဝက်လောက်က သဘာဝကျပေမယ့် အဆုံးနားရောက်လေလေ အငြင်းပွားစရာ ဖြစ်လာလေပဲ မင်းက မင်းကိုယ်မင်း မိန်းကလေးတစ်ယောက်လို သဘောမထားခဲ့ဘူး ငါသာ ကျိမြန်ဆိုရင် အစောကြီးကတည်းက သိနေလောက်ပြီ သူကလည်း သိရဲ့သားနဲ့ မင်းနဲ့ လိုက်‌ကစားပေးနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဒီသရုပ်ဆောင်အရည်အချင်းလောက်လေးနဲ့ ဘယ်သူ့ကို အရူးလုပ်နေတာလဲ ..." 


ဂျက်စီနှင့် ဂျင်ရှီဂျွန်းတို့နှစ်ဦးလုံး စိတ်ဆိုးမာန်ဆိုးဖြင့် ချက်ခြင်း ထွက်သွားကြကာ သူဌေးကို သွားတိုင်မည်ဟုပင် ပြောသွားကြသေးသည်။ ဟွမ်ကျိကျင်းကမူ လုံးဝဂရုမစိုက်၊ ကွန်ပျူတာကိုသုံးကာ USB stick ကို ဖွင့်ကြည့်လိုက်သည်။ ရှောင်ကျားရှုမှာ Nan Men Plaza အနီးတွင် အိမ်ခြေယာမဲ့တစ်ဦးကဲ့သို့ လှည့်ပတ်သွားလာနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ သူက အိမ်ခြေယာမဲ့တို့နှင့် တစ်သားတည်းကျသည်အထိ ရောနှောနေထိုင်ကာ ထိုသူတို့၏ ပင်ပန်းဆင်းရဲမှုနှင့် နာကျင်မှုတို့ကို တွေ့ကြုံခံစားခဲ့သည်။ ရိုက်နှက်ခံရသည့်တိုင် တန်ပြန်မတိုက်ခိုက်ရဲသည့် အိမ်ခြေယာမဲ့တို့၏ အမူအကျင့်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။ 


အတွေ့အကြုံဟုသာ ရည်ညွှန်းခဲ့သော်ငြား ထိုသူကမူ လက်တွေ့ကျကျ နေထိုင်ပြခဲ့သည်။ 


ဗီဒီယို ပြီးဆုံးသွားသည့်တိုင် ဟွမ်ကျိကျင်းမှာ စကားမပြောနိုင်သေး။ နောက်နားတွင် ကျန်နေခဲ့သည့် လင်းလဲ့ယန်မှာမူ ပို၍ပင် ‌ထိတ်လန့်အံ့ဩသွားတော့သည်။ 


ဟွမ်ကျိကျင်းက ဗီဒီယိုကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလျက် ပြောလိုက်သည်။ 


"အပင်ပေါက်လေး မင်းသာ သရုပ်ဆောင်တဲ့အချိန်တိုင်း ဒီအဆင့်မျိုးအထိ ရောက်နိုင်ရင် ငါ မင်းကို သင်ပေးစရာ မရှိတော့ဘူး ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်ဆိုတာ ဘဝအတွေ့အကြုံတွေကနေ ထွက်ပေါ်လာတာ သီအိုရီတွေကနေ မဟုတ်ဘူး ဒီအကဲဖြတ်မှုမှာ မင်းက အကောင်းဆုံးဆိုတာ အငြင်းပွားနေစရာတောင် မလိုဘူး ဒီအခြေအနေကို ဆက်တိုက် ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ် ..." 


"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ် ..." 


ရှောင်ကျားရှုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ 


"ကျိကျင်ကော ကျွန်တော် တစ်ခုလောက် ပွင့်ပွင့်လင်းလင်း ပြောလို့ရမလား ကျွန်တော်ကိုယ်ကျွန်တော်လေ အနုပညာရှင်တစ်ယောက်လိုပဲ သတ်မှတ်ထားတာ ရုပ်ရှင်မင်းသားလို့ မတွေးထားဘူး ..." 


"Pff ..." 


ဟွမ်ကျိကျင်း၏ ရယ်သံက လှစ်ခနဲ ထွက်လာတော့သည်။ ရှောင်ကျားရှု၏ အမူအယာကို တွေ့လိုက်သည့်အခါ သူက လက်ကိုယမ်းလျက် ချက်ခြင်း ရှင်းပြလိုက်တော့သည်။ 


"မင်းကို ‌လှောင်တာ မဟုတ်ပါဘူး ဒီတိုင်း ချစ်စရာကောင်းတယ်လို့ ထင်မိလို့ ... ဟားဟားဟားဟားဟား ..." 


နောက်ဆုံးတွင်တော့ အောင့်မထားနိုင်တော့သည့်အတွက် မျက်နှာကို အုပ်လျက် အားရပါးရ ရယ်ချလိုက်တော့သည်။ 


အနုပညာရှင် ဟုတ်လား ဒီသစ်ပင်ပေါက်လေးမှာ ကိုယ်ပိုင်ခံယူချက် ရှိနေတာပဲ ... 


"ကျိကျင်ကောရေ ရယ်မနေပါနဲ့တော့ ကျွန်တော့်ကို ဒီဗီဒီယိုလေး ကူပြီး အကဲဖြတ်ပေးပါဦး ဘယ်နေရာတွေမှာများ တိုးတက်ဖို့ လိုနေသေးလဲလို့ ဟေး နားထောင်နေရဲ့လား ..." 


သူက ဟွမ်ကျိကျင်း၏ လည်ပင်းကို ချုပ်ကာ ဖက်ထားလိုက်သည်။ နှစ်ဦးသားမှာ တပူးပူးတတွဲတွဲဖြင့် ဆရာတပည့်အစား သူငယ်ချင်းနှင့်ပင် တူနေသေးသည်။ 


ရယ်မောနေသူနှစ်ဦးကို ကြည့်ရင်း လင်းလဲ့ယန်၏ ခံစားချက်တို့ ရှုပ်ထွေးလာတော့သည်။ ဟွမ်ကျိကျင်းက လူတိုင်း၏ ဗီဒီယိုကို အကဲဖြတ်ကာ အားသာချက်၊ အားနည်းချက်များကို ထောက်ပြပေးပြီးနောက်တွင်တော့ ကျိမြန်ကို ရှာဖွေရန် ၂၆ လွှာသို့ ယောင်ချာချာဖြင့် ရောက်လာတော့သည်။ ပြတင်းပေါက်အနီးရှိ စားပွဲတွင် ဝင်ထိုင်ကာ ကျိမြန် စာရွက်စာတမ်းများ ဖတ်ပြီးသည်အထိ စောင့်နေလိုက်သည်။ သူ့စိတ်တစ်ခုလုံး အတွေးများစွာဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။ 


မူလက ရှောင်ကျားရှုကို အရည်အချင်းမရှိ၊ မိသားစုနောက်ခံကိုသာ မှီခိုနေရသည့် လူချမ်းသာလေးအဖြစ် တွေးထားခဲ့သော်ငြား ယခုမူ သူ့သရုပ်ဆောင်မှုမှာလည်း မညံ့လှကြောင်း သိသွားတော့သည်။ ရှောင်ကျားရှုမှာ သရုပ်ဆောင်ကောင်းသည့်တိုင် ၎င်းမှာ မွေးရာပါအရည်အချင်းကြောင့်ဖြစ်ပြီး သူသာ ကြိုးစားပါလျှင် ရှောင်ကျားရှုထက် ပိုသာနိုင်သည်ဟု တွေးခဲ့မိသည်။ 


သိူ့သော် သူ့အကဲဖြတ်မှုမှာ တစ်ဖန် မှားသွားပြန်ချေပြီ။ ထိုအခိုက်တွင် သူ့စိတ်ထဲ၌ စာသားတစ်ခုသာ ထွက်ပေါ်လာတော့သည်။ "မင်းထက် ထူးချွန်တဲ့သူတွေက ကြောက်ဖို့မကောင်းဘူး ထူးချွန်တဲ့အပြင် ပိုပြီးလည်း ကြိုးစားတဲ့သူတွေကမှ ကြောက်ဖို့ကောင်းတာ " 


သူအနေဖြင့်လည်း ဤကဲ့သို့သော ရှောင်ကျားရှုကို ကြောက်ရွံ့နေမိချေပြီ။ သူ့ဘဝ၏ အနိမ့်ကျဆုံးအချိန်ကို ကျော်ဖြတ်ခဲ့စဉ်ကပင် သူကဲ့သို့ အမှိုက်ပုံးထဲ ခေါင်းစိုက်ကာ လှန်လှောရှာဖွေခြင်း မလုပ်ခဲ့ဖူး။ ဒိတ်လွန်‌၍ ချဉ်စူးနေသော စားစရာများကို တစ်လုတ်ပြီးတစ်လုတ် စားနေသည့် ရှောင်ကျားရှုကိုကြည့်ရင်း မရွံမိသည့်အပြင် ကြောက်ရွံ့မှုကိုသာ ခံစားမိလိုက်တော့သည်။ 


ဟွမ်ကျိကျင်း ပြောခဲ့သလိုပဲ သူသာ ဒီလိုမျိုး စိတ်ပိုင်းဖြတ်နိုင်ရင် သရုပ်ဆောင်မကောင်းစရာကို မရှိဘူး ရှောင်ကျားရှုက တကယ်ကို အန္တရာယ်အများဆုံး ရန်သူပဲ ... 


ဘေးကျပ်နံကျပ် အခြေအနေကြောင့် လင်းလဲ့ယန်မှာ ကယောင်ချောက်ခြား ဖြစ်လာတော့သည်။ မည်သည့်အချိန်ကတည်းက ရှောင်ကျားရှုကို ရန်သူအဖြစ် သတ်မှတ်မိလိုက်သည်မသိ။ ရန်သူကို ကိုယ့်ခွန်ကိုယ့်အားဖြင့် အနိုင်တိုက်နိုင်မည်ဟု ထင်မှတ်ထားခဲ့မိသော်ငြား တစ်နေ့တွင် ရန်သူသည် ကိုယ့်ထက် အဆရာထောင်သောင်းမက သာလွန်နေကြောင်း သိရှိသွားတော့သည်။ နှစ်ဦးကြား ကွာဟချက်များက သူ၏ စိုးရိမ်ပူပန်စိတ်ကို လောင်စာထည့်ပေးနေသည့်နှယ်ပင်။ 


ကော်ဖီကုန်သွားသည်မှာ ကြာနေပြီဖြစ်သော်ငြား ယခုထိ သတိမထားမိသေး။ ကော်ဖီခွက်ကို နှုတ်ခမ်းနှင့် ကပ်လျက် ခပ်ဖြည်းဖြည်း စုပ်သောက်မိနေဆဲဖြစ်သည်။ 


ကျိမြန်က ‌စာရွက်စာတမ်းများကို ဘေးချကာ သူ့ကို စိုက်ကြည့်လျက် လမ်းပျောက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"ဘာဖြစ်လို့လဲ မင်းကိုကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေသလိုကြီးပဲ ..." 


"ကျွန်တော် ..." 


သူက ကျိမြန်ကို ရှောင်ကျားရှု၏ သုံးရက်တာအတွေ့အကြုံအကြောင်းနှင့် သူ၏ ဆောက်တည်ရာမရ ဖြစ်နေမှုတို့ကို ပြောပြချင်သော်ငြား အကယ်၍ ပြောပြလိုက်ပါလျှင် ရှောင်ကျားရှုအပေါ် ကျိမြန်၏ နှစ်လိုမှုတို့သာ တိုးလာမည်ဖြစ်သည်။ ထို့ကြောင့် ချက်ခြင်း စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။ 


"ဒီရက်ပိုင်း ရထားတဲ့ ကြော်ညာထောက်ခံချက်တွေအကြောင်း စဉ်းစားနေတာပါ ..." 


ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။


"ထောက်ခံချက်တွေကို လက်လွတ်စပယ် လက်မခံနဲ့ ပစ္စည်းရဲ့ အဆင့်အတန်းကို မတွေးခင် ကိုယ်က ဘယ်နေရာမှာ ရောက်နေတာလဲ အရင်တွေး မင်းရဲ့ပုံရိပ်နဲ့ လိုက်ဖက်မယ့် ကုန်ပစ္စည်းကိုရွေး မဟုတ်ရင် နာမည်ကြီးထားသမျှ အလကားဖြစ်ကုန်မယ် ဘယ်ထောက်ခံချက်တွေ ရထားလဲ ဖန်ခွင်းကို ပြပြီး မင်းနဲ့ ဘယ်ဟာက သင့်တော်လဲ ရွေးခိုင်းလိုက် အရမ်းလောဘမကြီးနဲ့ ..." 


ဟမ် .... ဒါပေမယ့် ချိန်ဖမ်းရှင်းက အကုန်လုံး လက်ခံပြီးသွားလို့ စာချုပ်တောင် ချုပ်တော့မယ့်ဟာကို ... 


လင်းလဲ့ယန်၏ ဦးရေပြားတို့ ထုံထိုင်းသွားသော်ငြား မဆန့်ကျင်ရဲသည့်အတွက် ဝေဝေဝါးဝါးလုပ်ရင်း အမှန်တရားကို ထုတ်မပြောတော့။ 


ကျိမြန်က ကုလားထိုင်နောက်မှီကို မှီထိုင်ကာ လက်တစ်ဖက်က လည်စည်းကို ဖြည်လျက် ကျန်တစ်ဖက်က မျက်ခုံးနှစ်ဖက်ကြား နှိပ်နေလိုက်သည်။ သူ့ပုံစံမှာ အလွန်ပင်ပန်းနေဟန်ပင်။ အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ သူက ပြောလိုက်သည်။ 


"နောက်ဆို ဘာအလုပ်ပဲရှိရှိ ဖန်ခွင်းကို အရင်ပြော သူဆုံးဖြတ်ပေးလိမ့်မယ် ..." 


ဖန်ခွင်းမှာ နားပူနားဆာတိုက်ကာ စပ်စုတတ်သည့်တိုင် လုပ်ငန်းခွင်တွင်တော့ ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်သည်။ 


"ဒါဆို ဖမ်းရှင်းက ဘာအလုပ်မှ မလုပ်ရတော့ဘူးဆိုတဲ့ သဘောလား ..." 


လင်းလဲ့ယန်က ရုတ်ချည်း သတိကပ်သွားသည်။ 


"ဖန်ခွင်းဆီကနေ လေ့လာလို့ ရပါတယ် သူ့ကို လစာပေးနေဦးမှာပါ ..." 


ကျိမြန်က ပြောလိုက်သည်။ 


"ထောက်ခံချက်ကိစ္စတွေကို ကိုင်တွယ်ဖို့ ဖန်ခွင်းကို မြန်မြန် သွားရှာလိုက် ကျိုးကျောက်ယန် အနုပညာလောက‌ကနေ ဘယ်လို ကန်ထုတ်ခံလိုက်ရလဲဆိုတာကို မှတ်မိတယ် မဟုတ်လား ..." 


‌ကျိုးကျောက်ယန်သည် ကျိကွမ်ကုမ္ပဏီ၏ တောက်ပသော အနာဂတ်ပိုင်ရှင် တက်သစ်စအနုပညာရှင်တစ်ဦးဖြစ်သည်။ သို့သော် သူ့မန်နေဂျာမှာ လောဘကြီးလွန်း၍ ကျန်းမာရေးဖြည့်စွက်စာ၊ လျှပ်စစ်ကား၊ အလှကုန်၊ နို့မှုန့်၊ အစားအသောက်များမှအစ မြေကွက်များအထိ အမျိုးမျိုးသော ကြော်ညာများကို လက်ခံခဲ့သည်။ ထိုပစ္စည်းများအနက် အချို့ထုတ်ကုန်များမှာ အရည်အသွေး ကွပ်ကွဲမှုဌာန၏ စစ်ဆေးမှုအောက်တွင် တုပပြုလုပ်ထားသည့် အရည်အသွေး ညံ့ဖျင်းသော ပစ္စည်းများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ပြီး ထိုသတင်းမှာ ညတွင်းချင်း ပျံ့နှံ့သွားသည်။ ထိုသို့ဖြင့် ကျိုးကျောက်ယန်၏ ဂုဏ်သတင်းမှာလည်း တစ်ညတည်းဖြင့် ပျက်စီးသွားကာ လူတိုင်း၏ သပိတ်မှောက်ခြင်းကို ခံခဲ့ရသည့်အတွက် အနုပညာလောကမှ ခြေရာဖျောက်သွားခဲ့ရတော့သည်။ 


ထိုအကြောင်းကို တွေးမိပြီးနောက် လင်းလဲ့ယန်၏ တုန့်ဆိုင်းမှုအားလုံး ပျောက်ကွယ်ကုန်ကာ ဖန်ခွင်းနှင့် ချိန်ဖမ်းရှင်းကို အမြန်လိုက်ရှာလိုက်တော့သည်။ 


ကြော်ညာအရေအတွက် နည်းပါးခြင်းသည် သရုပ်ဆောင်၏ ဝင်ငွေအပေါ်တွင်သာ အကျိုးသက်ရောက်သည်မဟုတ်၊ မန်နေဂျာ၏ လစာရာခိုင်နှုန်းပါ နည်းပါးသွားသည့်အတွက် ချိန်ဖမ်းရှင်းက သဘောမတူ။ သို့သော် သူ့အထက်တွင် ကျိမြန် ရှိနေသည့်အပြင် ဖန်ခွင်းမှာလည်း ရန်လိုတတ်ဟန် ရှိနေသည့်အတွက် အံတင်းတင်းကြိတ်လျက်သာ လက်ခံလိုက်ရတော့သည်။ ဖန်ခွင်းက အားလုံးကို စေ့စေ့စပ်စပ် အကဲဖြတ်ပြီးနောက် ချောကလတ်ကြော်ညာတစ်ခုမှအပ ကျန်ထုတ်ကုန်အားလုံးကို ငြင်းပယ်လိုက်သည်။ ထို့နောက် အားလုံး ဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်း ကျိမြန်ထံ အစီရင်ခံလိုက်သည်။ 


ကျိမြန်က WeChat ကိုပိတ်ကာ အနည်းငယ် တွေဝေနေပြီးနောက် Weibo မှ နောက်ဆုံးရ အနုပညာသတင်းများကို ကြည့်နေလိုက်သည်။ လင်းလဲ့ယန်၊ ဂျက်စီနှင့် ဂျင်ရှီဂျွန်းတို့မှာ ရှောင်ကျားရှုနှင့် သရုပ်ဆောင်အတန်း အတူတူတက်နေသည့်အပြင် သူတို့၏ အကဲဖြတ်ဗီဒီယိုများကိုပါ အင်တာနက်ပေါ် တင်ထားသည့်အတွက် အားလုံးက ရှောင်ကျားရှုလည်း အလားတူပင် တင်လိမ့်မည်ဟု တွက်ဆထားကြသည်။ 


သို့သော် စောင့်နေရင်း အချိန်များသာ ကုန်သွားသော်ငြား ရှောင်ကျားရှုကမူ ပေါ်မလာ။ စိတ်မရှည်နိုင်ကြတော့သည့်အတွက် သူ့ကို လော်ဆော်နေသူများ များပြားလာသည့်အပြင် စိတ်ရှုပ်ထွေးသွားသူများသာမက ကျိန်ဆဲသူများပါ အများအပြား ရှိလာတော့သည်။ ထို့နောက်တွင်တော့ ရှောင်ကျားရှုမှာ သူ့ပုံရိပ်ကို အင်မတန် ဂရုစိုက်လွန်း၍ အိမ်ခြေယာမဲ့အဖြစ် သရုပ်ဆောင်ခဲ့သည့် ဗီဒီယိုကိုပင် မတင်ရဲဟု သွားပုတ်လေလွင့် ပြောလာကြတော့သည်။ 


မတူညီသည့် သီအိုရီများကို ဆွဲထုတ်ပြလာသူများလည်း အများအပြားပင်။ ရှောင်ကျားရှုမှာ ဒုက္ခမခံလို၍ ဤအကဲဖြတ်မှုဗီဒီယို ရိုက်ကူးရာတွင်ပင် မပါဝင်ခဲ့။ သူသည် အဆက်အသွယ်များစွာကို လက်ကိုင်ထားသည့် သခင်ငယ်လေးဖြစ်ရာ ဆရာဟွမ်ကျိကျင်းကို ထောက်ထားနေရန် မလိုအပ်၊ သရုပ်ဆောင်စွမ်းရည် မရှိသည့်တိုင် သေလုအောင် ကောင်းမွန်လှသည့် ရုပ်ရှင်များတွင် ပါဝင်ခွင့် ရနေဦးမည် ဖြစ်သည်ဟု ပြောလာကြသူများလည်း မနည်းမနောပင်။ 


ထိုမှတ်ချက်များက အင်တာနက်သုံးစွဲသူများ၏ အာရုံကို ဆွဲဆောင်သွားကာ အချို့လူများက ရှောင်ကျားရှု၏ မိသားစုနောက်ခံကို စတင်တူးဆွလာကြတော့သည်။ သိူ့သော် မည်သည့်အချက်အလက်ကိုမှ မတွေ့ရ။ 


သူ၏ နှစ်ရှည်လများ အတွေ့အကြုံများအရ ပြောရပါလျှင် ထိုသူများသည် ရှောင်ကျားရှုအကြောင်း တမင်တကာ အပုပ်ချနေကြခြင်းပင်ဖြစ်သည်။ 


သူက တစ်ယောက်ယောက်ကို အပြစ်ပြုမိလို့လား ဒါမှမဟုတ် ဘယ်သူ့လမ်းကို ပ်ိတ်လိုက်မိလို့လဲ ...


ကျိမြန်က မျက်မှောင်ကြုတ်ကာ အတွေးတို့ကို မရပ်တန့်ဘဲ ဖုန်းကိုယူလျက် အပေါ်ထပ်ရှိ CEO ရှို့ကို သွားရှာလိုက်သည်။ 


တစ်ချိန်တည်းမှာပင် ထိုအကြောင်းကို သိသွားသော ဟွမ်မိန်ရွှမ်ကလည်း အပင်ပေါက်၏ခေါင်းကို ထပ်ကာထပ်ကာ ခေါက်နေလိုက်တော့သည်။ 


"ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်နေတာလဲ ဟမ် မင်းက celebrity လေ လူသိများအောင် လုပ်ရမှာ ထုံးစံပဲဟဲ့ ဒီဗီဒီယိုကို တင်လိုက်မှ ကန့်လန့်တိုက်နေတဲ့ဟာတွေ ပါးစပ်ပိတ်သွားမှာပေါ့ အဲဒီ့အခါကျမှ ဒီမားမားက သူတို့ကို ပါးတွေလိုက်ရိုက်မယ်လေ မကောင်းဘူးလား မင်းပဲ စဉ်းစားကြည့်ပါဦး ဘယ်လောက် မိုက်လိုက်သလဲ ဒီတစ်ဖက်ပိတ်ခေါင်းက ဘာတွေ တွေဝေနေတာလဲ ဒီလိုမျိုး ဆက်ပြီး လုပ်နေဦးမှာဆို အနုပညာလောကထဲမှာ နေမနေ‌နဲ့တော့ အမြန်ဆုံးသာ ထွက်သွား ..." 


"မိန်ရွှမ်ကျဲ နည်းနည်းလောက် အသံတိုးပါဦး ဒါက CEO ရဲ့ ရုံးခန်းလေ ..." 


ရှောင်ကျားရှုက တံခါးပေါ်ရှိ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။ 


"အဲဒီ့တော့ရော ဘာဖြစ်လဲ ဥက္ကဌရှို့ပါ မင်းရဲ့ ဆိုးရွားလှတဲ့ အကြောင်းပြချက်ကြီးကို နားထောင်ပြီးသား ဖြစ်တာပေါ့ ရုပ်ဆိုးကြီး ဖြစ်နေမှာကို ကြောက်တယ်၊ ကျိမြန်ရဲ့ပုံကို ထည့်သုံးရမှာလည်း ကြောက်တယ် ဟုတ်လား မင်းသာ ရုပ်ဆိုးပန်းဆိုးဖြစ်မှာကို ကြောက်ရင် ဘာလို့ လမ်းပေါ်မှာ သုံးရက်တောင် နေနေသေးလဲ ကျိမြန်ရဲ့မျက်နှာကြီး ပါသွားမှာကြောက်ရင် သူ့မျက်နှာကို ဝါးထားလိုက်လေ ငါ့ကို အရူးလို သဘောထားနေတာလား ဟမ် ..." 


Xxxxxxxx