အပိုင်း ၅၈
Viewers 45k

Chapter 58


အရိုက်ခံရလွန်းပြီး ခေါင်းပေါက်တော့မည့် အခြေအနေနှင့် နီးကပ်လာသည့်အတွက် ရှောင်ကျားရှုမှာ ကျိုးကျိုးနွံနွံနှင့် ရှင်းပြလိုက်ရတော့သည်။ 


"အိုကေ အိုကေ ကျွန်တော် တကယ့်အကြောင်းပြချက်အစစ်ကို ပြောပြပါ့မယ် တကယ်တော့လေ အမေ့ကို သုံးရက်လောက် လုပ်အားပေးသွားလုပ်မယ်လို့ပဲ ပြောထားတာ လမ်းပေါ်မှာ ခြေသလုံးအိမ်တိုင်နေမယ်လို့ မပြောခဲ့ဘူး ကျဲပဲ တွေးကြည့်လေ သူ့သားက ဘုံပိုင်ပိုက်ထဲက‌ ရေကို သောက်၊ အမှိုက်ပုံးထဲ ခေါင်းထိုးပြီး စားစရာရှာ၊ တစ်ခြားသူတွေ ရိုက်တာခံရပြီး ခေါင်းပေါက်သွားတယ်ဆိုတာမျိုးကိုသာ တွေ့လိုက်ရရင် သူမ ဘယ်လို ခံစားရမလဲကို နာမည်ဂုဏ်သတင်းကို ကျွန်တော့်အမေရဲ့ မျက်ရည်နဲ့ လဲရမယ်ဆိုရင်တော့ တောင်းပန်ပါတယ် ကျွန်တော် မလုပ်နိုင်ဘူး ..." 


ဟွမ်မိန်ရွှမ်က ရုတ်ချည်း ငြိမ်ကျသွားပြီး သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးကာမှ ခပ်တိုးတိုး ရယ်မောလိုက်သည်။ 


ရွှယ်ကျဲ အိုး ရွှယ်ကျဲ ကျဲကတော့ ဒီလိုမျိုး သားလိမ္မာလေး မွေးထားမိမှန်း သိမယ်မထင်ဘူး ... 


ရွှယ်မြောင်က မသိဘူးလား ... သေချာပေါက်ကို သိတာပေါ့ ... 


ထိုအခိုက်တွင် သူမကလည်း မျက်ရည်တို့ကို စီးကျလျက် တံခါးဝအနီးတွင် မတ်တပ်ရပ်နေသည်။ 


ရှို့ချန်ယုက သူမ၏ နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးရင်း ပြောလိုက်သည်။ 


"အထဲ ဝင်ဦးမလား ..." 


သားဖြစ်သူမှာ သုံးရက်အတွင်း ပေါင်ချိန်များစွာ ကျဆင်းသွားကြောင်း သတိထားမိကတည်းက သက်တော်စောင့်များကို အကြောင်းစုံ မေးမြန်းထားပြီးဖြစ်ရာ ရုံးခန်းထဲသို့ ဝင်သွားပြီး အလောတကြီး မေးခွန်းထုတ်ရန် မလိုအပ်တော့ချေ။ သူမက ငိုကြွေးလျက်ပင် ပြုံးကာ ပြောလိုက်သည်။ 


"မဝင်တော့ဘူး သူ့လုပ်ချင်ရာသာ လုပ်ခိုင်းတော့ ငါ တကယ်ကို သူ့ကို မနိုင်တော့ဘူး ..." 


မင်းရဲ့ လေသံက ဒီ့ထက်နည်းနည်းလေး မာပြီး မျက်လုံးထဲက ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကို ဖျောက်ထားလိုက်ရင် စိတ်ဆိုးနေတယ်လို့ ပိုပြီး ယုံချင်စရာကောင်းတယ် အခုကတော့ ... 


ရှို့ချန်ယုက တိတ်တဆိတ် ရယ်မောရင်း ပြောလိုက်သည်။ 


"ဒါဆိုလည်း မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာ ငါ့ကိုစောင့်နေ အင်တာနက်ပေါ်က မှတ်ချက်‌တွေကို ကိုင်တွယ်ဖို့ သစ်ပင်လေးကို ကူညီပေးလိုက်ဦးမယ် ပြီးမှ မင်းကို နေ့လည်စာစားဖို့ လာခေါ်မယ် ဟုတ်ပြီလား ..." 


"အိုကေ ... ကျွန်မရောက်လာတယ်ဆိုတာ သူ့ကို အသိမပေးလိုက်နဲ့ ..." 


ရွှယ်မြောင်က‌ နေကာမျက်မှန်ကို တပ်လျက် လှည့်ထွက်လာစဉ် ပန်းအိုးအနီးတွင် မျက်နှာသေဖြင့် ဆေးလိပ်သောက်နေသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ ပြည်တွင်း၌ အလွှမ်းမိုးနိုင်ဆုံး အမျိုးသားသရုပ်ဆောင် ကျိမြန်ဖြစ်ကြောင်း သတိပြုမိလိုက်သည့်အတွက် အသာခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ သူကလည်း တရိုတသေ ဦးညွတ်ရင်း သူမ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ 


သူမ ဓာတ်လှေကားထဲ ဝင်သွားကာမှ ကျိမြန်လည်း သူ့အမေ့ကို ချက်ခြင်း ဖုန်းဆက်လိုက်သည်။ မိခင်ဖြစ်သူကို ရုတ်တရက်ကြီး သတိရမိလာသလိုပင် ... 


ရှို့ချန်ယုက ရုံးခန်းထဲ ဝင်လာကာ တည့်တိုး ပြောလိုက်သည်။ 


"အင်တာနက်ပေါ်က မှတ်ချက်တွေကြောင့် ရောက်လာတာ မဟုတ်လား ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ညွှန်ကြားပြီးသွားပြီ ..." 


"ကျေးဇူးတင်ပါတယ် အန်ကယ်ရှို့ ..." 


ရှောင်ကျားရှုက တရိုတသေဖြင့် မတ်တပ်ထရပ်မည် ပြုလိုက်သော်ငြား ရှို့ချန်ယုက သူ့ကို ဆိုဖာပေါ် ပြန်ထိုင်ခိုင်းလိုက်သည်။ 


"ကိစ္စမရှိပါဘူး ငါ့လက်ထဲမှာ ကြော်ညာထောက်ခံချက်တစ်ခု ရထားတယ် မင်းလိုချင်လား ..." 


သူက အံဆွဲထဲမှ ဖိုင်တစ်ဖိုင်ကို ထုတ်ပေးရင်း ပြောလိုက်သည်။ 


ဟွမ်မိန်ရွှမ်က ယူကြည့်ပြီးနောက် မျက်ခုံးကို ပင့်လျက် တအံ့တဩ ပြောလိုက်သည်။


"ချန်းယွဲ့အိုဆန် အပန်းဖြေဟော်တယ်? ဒါက ကြယ်ခုနစ်ပွင့်ဟော်တယ်တွေထဲက တစ်ခု မဟုတ်လား သူတို့က ဘာလို့ အပင်ပေါက်လေးကို လာကမ်းလှမ်းရတာလဲ ..." 


သူမက ရှောင်ကျားရှုကို အထင်သေးခြင်းတော့ မဟုတ်။ သို့သော် တစ်ချိန်တည်း ပွဲဦးထွက်သူများအကြားတွင် သူ့ကျော်ကြားမှုက အနိမ့်ဆုံးဖြစ်သည်။ လူထုရှေ့ ထွက်ပေါ်လာရသည်ကိုလည်း မကြိုက်၊ လူသိနှုန်းမှာလည်း မမြင့်မားသည့်အပြင် လူစိတ်ဝင်စားမှု မြင့်တက်အောင် နောက်ကွယ်မှ ကူညီပေးမည့် big shot ကြီးများလည်း မရှိ၊ ဤသည်မှာ သူ့အတွက် ကြီးမားသော နစ်နာမှုပင်ဖြစ်သည်။ 


ရှောင်ကျားရှုသာ သဘောတူပါလျှင် သူမတွင် လူသိများအောင် လုပ်နိုင်သည့်နည်းလမ်း ထောင်သောင်းချီကာ ရှိနေပါသော်ငြား သူက သဘောမတူ၊ သရုပ်ဆောင်ခြင်းတွင်သာ အာရုံစိုက်ချင်ပါသည်ဟု ပြောလာသည့်အတွက် ဟွမ်မိန်ရွှမ်မှာ ချီးကျူးသင့်လား၊ အော်ငေါက်သင့်လားပင် မသိ‌တော့ချေ။ 


"ဒါကိုပြောတာ ကျွန်တော့်မှာ ပရိသတ်မှ အများကြီး မရှိတာ ကျွန်တော့်ကို ကြော်ညာခိုင်းရင် သူတို့ပိုက်ဆံတွေ ဆုံးသွားမှာ မကြောက်ကြဘူးလားပဲ ..." 


ရှောင်ကျားရှုမှာ သူ့ကိုယ်သူ ပြန်ဝေဖန်ရမည်ကိုလည်း ရှက်ရွံ့ဟန်မတူ။ 


ရှို့ချန်ယုက သူ့ကို အဓိပ္ပါယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"မင်း မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း တကယ်ကို တစ်လုံးမှ မသိဘူးပဲ ချန်းယွဲ့အိုဆန် အပန်းဖြေစခန်းရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူက ရှောင်ဆေးဝါးလုပ်ငန်းစု ဒီဟော်တယ်ရဲ့ အဓိက နယ်ပယ်က ခရီးသွားအပန်းဖြေလုပ်ငန်းမှ မဟုတ်တာ ကျန်းမာရေးနဲ့ အားအင်ပြန်လည်ပြည့်ဖြိုးစေဖို့လေ ..."


ရှောင်ကျားရှု၏ နိုင်ငံခြားတွင် နေထိုင်ခဲ့သည့်ဘဝကို သရုပ်ဖော်ပြရပါလျှင် "နားနှစ်ဖက်လုံးကို ပိတ်ဆို့ထား၍ ပြတင်းပေါက် အပြင်ဘက်ရှိ အသံများကို မကြားရ၊ စိတ်ရောကိုယ်ပါ စာအုပ်စာပေထဲတွင်သာ နစ်မြှုပ်ထားသူ" ဟု ပြောရပေလိမ့်မည်။ ရှောင်မိသားစုမှာ မည်ရွေ့မည်မျှ ပိုင်ဆိုင်ကြောင်း လုံးဝ မသိချေ။ 


"ဆိုတော့ ဒါက ရှောင်မိသားစုပိုင်ပဲပေါ့ သူတို့တွေ ရှောင်ရှုကို ငှားတာ မထူးဆန်းတော့ပါဘူး ..." 


ဟွမ်မိန်ရွှမ်က သခင်ငယ်လေးရှောင်၏ခေါင်းကို ဖိုင်ဖြင့် ခေါက်ရင်း စနောက်လိုက်သည်။ 


"ကိုယ်လယ်ထဲက ဆန်ရေစပါး အပြင်မထွက်ကောင်းဘူးတဲ့ လက်ခံလိုက်ကြတာပေါ့ ..." 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုကလည်း တုန့်ဆိုင်းမနေဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ကို ငွေပမာဏမည်မျှပင် ကမ်းလှမ်းလာသလဲပင် စစ်ဆေးမနေတော့။ 


စီးပွားရေးအကြောင်း ဆွေးနွေးပြီးနောက် ဥက္ကဌရှို့ကို နေ့လည်စာအတူစားရန် ဖိတ်ခေါ်ခဲ့သော်ငြား အငြင်းခံလိုက်ရသည့်အတွက် ပထမထပ်ရှိ ကြော်ညာစခရင်ကိုသာ လာကြည့်လိုက်တော့သည်။ တိုက်ခိုက်သည့်အခန်းကို ရိုက်ကူးပြီးကာစ မြောင်မူချင်မှာ အမာရွတ်တို့ ပြည့်နှက်နေကာ အလွန် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေသော်ငြား ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် ရှိနေသေးသည်။ မိတ်ကပ်ပြင်ပေးသူကလည်း သူမအနီးတွင် ဘယ်ပြန်ညာပြန် လျှောက်နေရုံမှအပ မည်သည့်အကူအညီမှ မပေးနိုင်တော့။ မြောင်မူချင်က စိတ်အေးအေးထားရန် ပြုံးပြကာ မိတ်ကပ်အိတ်ကို ထုတ်လျက် သူမကိုယ်တိုင် လိမ်းခြယ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်ဝိဉာဉ်ကင်းမဲ့နေသည့် အမျိုးသမီးတစ်ဦးမှ နတ်ဘုရားမတစ်ပါးအဖြစ်သို့ ရင်သပ်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်။ 


ရှောင်ကျားရှုက ဘေးမှ ရပ်ကြည့်နေရင်း ပြောလိုက်သည်။ 


"မိတ်ကပ်ရဲ့အစွမ်းက တကယ်ကို အံ့မခန်းပဲနော် ..." 


ဟွမ်မိန်ရွှမ်က မထူးဆန်းလေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။ 


"အဲဒီ့အမာရွတ်တွေကလည်း မိတ်ကပ်နဲ့ပဲ လုပ်ထားတာပဲကို လက်နဲ့ဆွဲလိုက်ရင်‌တောင် ပျက်နိုင်မှတော့ မိတ်ကပ်နဲ့ ဖုံးနေစရာ လိုသေးလို့လား ပြီးခဲ့တဲ့နှစ်ရက်လောက်က ငါဝယ်ခဲ့တဲ့ concealer ဆို နှာခေါင်းပေါ်က ဝက်ခြံသေးသေးလေးကိုတောင် ဖုံးမပေးနိုင်ဘူး အခုခေတ်ကြော်ညာတွေကတော့ ပိုပိုပြီးကို အလွန်အကျူးတွေ ဖြစ်လာကြတာပဲ ..." 


"မဟုတ်ဘူး အဲဒီ့ဒဏ်ရာတွေက အစစ်တွေ ..." 


ရှောင်ကျားရှုက ရှင်းပြချင်သေးသော်ငြား ဟွမ်မိန်ရွှမ်ကမူ ပျင်းရိလွန်း၍ ဆက်နားမထောင်လိုတော့။ 


"အိုကေ အိုကေ အိုကေ အစစ်လို့ပဲ ထားလိုက်ပါ လာ ကားထဲ ဝင်ခဲ့တော့ ဒီအစ်မကြီးက ဗိုက်တော်တော်ဆာနေပြီ ..." 


ရှောင်ကျားရှုက သူ့နှာခေါင်းကို ပွတ်သပ်လျက် ကားပါကင်တွင် ရပ်ထားသည့် ကားထဲသို့ ဝင်လိုက်သည်။ 


Celebrity တစ်ယောက်အနေနဲ့ ရိုက်ကူးရေး လုပ်နေတဲ့အချိန်မှာ လက်ထောက်တစ်ယောက် ရှိပေမယ့် ရိုက်ကူးချိန်ပြင်ပမှာဆို သူကမှ လက်ထောက်အစစ် ဒီကမ္ဘာမှာ သူ့လို ထူးဆန်းတဲ့ဘဝမျိုး ပိုင်ဆိုင်ထားတဲ့သူ နောက်တစ်ယောက်တောင် ရှိပါဦးမလားပဲ ... 


နှစ်ဦးသား သီးသန့်စားသောက်ဆိုင်တစ်ခုသို့ သွားကာ စားစရာများ မှာပြီးနောက် ကိုယ်စီဖုန်းကိုထုတ်ကာ အချိန်ဖြုန်းနေလိုက်သည်။ ဟွမ်မိန်ရွှမ်က Tian Mao ကို သုံးနေပြီး ရှောင်ကျားရှုကမူ Weibo ကို ဝင်ကြည့်နေသည်။ 


"ကျိကော ပွဲဦးထွက်တုန်းက တကယ်ကို ချောတာပဲနော် ဒါပေမယ့် အခုတော့ ပိုပြီးတောင် ချောလာပြီ ဟင်း ကြည့်ပါဦး ဒါက ဘယ်ရုပ်ရှင်ကပုံလဲ ဘာလို့ မမှတ်မိတာပါလိမ့် ..." 


ရှောင်ကျားရှုက ဖုန်းကို ဟွမ်မိန်ရွှမ်၏ နှာခေါင်းအောက်အထိ ထိုးပြလိုက်သည်။ 


"အဲဒီ့ပုံက "မိစ္ဆာသစ်သီး" ဇာတ်ကားကလေ အဲဒီ့ရုပ်ရှင်က ၂၀၀၉ ကတည်းကကို အခုထိ ပြသခွင့်မရသေးဘူး အဲဒါကြောင့် မင်းတစ်ခါမှ မတွေ့ဖူးတာ ဟုတ်ပြီလား ငါဈေးဝယ်နေတာကို လာမနှောင့်ယှက်နဲ့တော့ ..." 


ရှောင်ကျားရှုက ဖုန်းကို ပြန်ယူကာ ခေါင်းတယမ်းယမ်းဖြင့် ရေရွတ်လိုက်သည်။ 


"ဒါက ဘာလို့ ပြသခွင့် မရတာလဲ ကျွန်တော်သာ ရုပ်သံလွှင့်ဌာနရဲ့ ခေါင်းဆောင်ဆို သူ့ရုပ်ရှင်တွေ အကုန်လုံးကို ခွင့်ပြုချက်ပေးလိုက်မှာ ကျိကောရဲ့ ရုပ်ရှင်တွေ အကုန်လုံးက အရည်အသွေးမှာ‌တော့ ထိပ်တန်းပဲ ..." 


ထိုသို့ပြောရင်း အရန် account ကို ပြောင်းလိုက်ချိန်တွင် "အနုပညာလောကရဲ့ အကြံသမား မြေခွေးမတွေအ‌ကြောင်းကို တူးဆွကြည့်ကြမယ်ဟေ့" အမည်ရ ဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်ရ၏။ ထိုဆောင်းပါးတွင် M အမည်ရ အမျိုးသမီး အနုပညာရှင်သည် ပရော်ဖက်ရှင်နယ် မဆန်သည့် ဟန်ပြသပ်သပ်သာ ဖြစ်ကြောင်း၊ နာမည်ကြီး‌လာရန် အလို့ငှာ အခြားသူများကို ချနင်းတတ်ကြောင်းနှင့် သူမ၏ ဆိုးရွားလှသည့် နောက်ကြောင်းရာဇဝင်များအကြောင်း စာလုံးရေ ထောင်ဂဏန်းနီးပါးခန့်ဖြင့် အစီအစဉ်တကျ ရေးသားထားကာ အလွန် ဇာတ်ရှိန်မြင့်လှပေသည်။ 


ထို M ဟူသည့် အနုပညာရှင်မှာ မြောင်မူချင်ကို ဆိုလိုခြင်းဖြစ်ကြောင်း အလျင်အမြန်ပင် သဘောပေါက်သွားကြသည့်အတွက် သူမ၏ ရန်လိုနေသော ဓာတ်ပုံများကိုပါ ထပ်ဆောင်းသက်သေများအဖြစ် တူးဆွလာကြတော့သည်။ 


ရှောင်ကျားရှုမှာ ဖတ်လေလေ ဒေါသထွက်လာသည့်အတွက် အသံကိုနှိမ့်ကာ ပြောလိုက်သည်။


"မိန်ရွှမ်ကျဲ အင်တာနက်ပေါ်က လူတွေကလေ သွားပုတ်လေလွင့် ပြောတဲ့နေရာမှာတော့ ဆရာကြီးပဲနော် မူချင်ကျဲရဲ့ စရိုက်က ကောင်းလားဆိုးလားတော့ မသိပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ တကယ်ကို ပညာရှင်ပီသတဲ့သူပါ သူတို့တင်ထားတဲ့ပုံတွေကိုလည်း ကြည့်လိုက်ပါဦး ရိုက်ကူးရေး လုပ်နေတုန်း ခြေထောက်ခိုက်မိသွားတာတောင် မရပ်ဘဲ သည်းခံထားတာလေ နာလွန်းမက နာလာလို့သာ သူ့‌လက်ထောက်ကို ဆေးရည်နဲ့ နှိပ်ပေးခိုင်းတဲ့ဟာကို ဘယ်လိုဖြစ်လို့ လက်ထောက်ကို လူလို သဘောမထားဘူးတွေ ပြောနေကြရတာလဲ ဒါကြီးက အရမ်းကို ပုံကြီးချဲ့ရာ မရောက်လွန်းဘူးလား အမှန်တရားက ဘာဆိုတာတောင် မသိဘဲနဲ့ လက်ထောက်က ဒူးထောက်ထားတယ်ဆိုတာကလည်း အဲဒါကမှ နှိပ်ပေးဖို့ ပိုအဆင်ပြေလို့လေ အတင်းအဓမ္မ အခိုင်းခံရလို့မှမဟုတ်တာ ..." 


ဟွမ်မိန်ရွှမ်က လက်ကို ယမ်းပြရင်း အထင်တသေး ပြောလိုက်သည်။ 


"အနုပညာလောကဆိုတာ ဒီလိုပဲ ပုံတစ်ပုံတည်းကို ခေါင်းစီးမျိုးစုံ တပ်လိုက်လို့ရတယ် အမုန်းစကားတွေ ဖြန့်မလား၊ ချီးကျူးမလား သူတို့စိတ်ကြိုက်ပဲ လူအများစုက ယုံလိုက်ပြီဆိုရင် မှန်သလားမှားသလားဆိုတာက ဘာမှ အရေးမပါတော့ဘူးလေ မြောင်မူချင်က အခုတလော နာမည်လေးရ‌လာတော့ တစ်ခြားတစ်ယောက်ယောက်ရဲ့လမ်းကို ပိတ်မိလို့ ဖြစ်မှာပေါ့ ..." 


ရှောင်ကျားရှုက ဘာမှ ထပ်မပြောတော့။ ဖုန်းကိုသာ တိတ်တိတ်လေး ကြည့်နေလိုက်သည်။ မြောင်မူချင်၏ anti-fan အရေအတွက် များသည်ထက်များလာကြောင်း တွေ့လိုက်ရသည့်အခါ သူမအတွက် စိတ်မကောင်းဖြစ်လာမိတော့သည်။ 


မဟုတ်သေးဘူး ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မှ ရတော့မယ် ... 


ထိုသို့ တွေးကာ ပုံကိုကူးလျက် သူ၏ ပင်မ account တွင်တင်ကာ ရှင်းပြလိုက်သည်။ 


"မူချင်ကျဲက ရိုက်ကူးရေးလုပ်နေတုန်း ခြေထောက်နာသွားလို့ သူ့လက်ထောက်က ဆေးရည်နဲ့ နှိပ်ပေးတာပါ ဒါက နိုင့်ထက်စီးနင်း လုပ်တာမှ မဟုတ်တာ သူမက ငါတွေ့ဖူးသမျှထဲတော့ အလုပ်ထဲမှာ စိတ်အနှစ်ထားနိုင်ဆုံး အမျိုးသမီးသရုပ်ဆောင်ပဲ" 


ထိုသို့ တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ anti-fan များပါ ရောက်ချလာကာ မြောင်မူချင်ကို ကပ်ဖားရပ်ဖားလုပ်ကာ နာမည်ကြီးရန် ကြံနေသည်ဟု ပြောလိုက်ကြပြီး သူသာ သတ္တိရှိပါလျှင် အကဲဖြတ်မှုမှတ်တမ်း ဗီဒီယိုကို ထုတ်ပြရန်ပါ တောင်းဆိုလာကြသည်။ 


"ဘာလဲ မင်းက မြောင်မူချင်နဲ့ အိပ်ထားလို့ သူမဘက်က လိုက်ပြောပေးနေတာလား ဟားဟား နင်တို့နှစ်ယောက်လုံးက တစ်စိတ်တည်း တစ်ဉာဏ်တည်းနဲ့ ခွေးထီးခွေးမ စုံတွဲလိုပဲ " 


ဒီလူတွေက လွန်လွန်းနေပြီ ... 


ရှောင်ကျားရှု၏ ဒေါသတို့ ယမ်းပုံမီးကျသည့်နှယ် ပေါက်ကွဲထွက်လာသော်ငြား သူသာ သက်သေမပြနိုင်ပါလျှင် ကူညီထားသမျှ သဲထဲရေသွန် ဖြစ်သွားမည်ဖြစ်ရာ ဖုန်းထဲမှ ဗီဒီယိုများကို လှန်လှောရှာဖွေလိုက်သည်။ ရိုက်ကွင်းတွင် ရှိနေစဉ်က တိုက်ခိုက်သည့် အခန်းများနှင့် NG များကို ရိုက်ကူးထားလေ့ ရှိသည့်အတွက် အမှန်တရားကို သက်သေပြနိုင်မည့် ဗီဒီယိုများ မုချ ရှိနေမည်ဖြစ်သည်။ 


Xxxxxxxx