အပိုင်း ၅၉
Viewers 45k

Chapter 59


ရှောင်ကျားရှုတစ်ယောက် မြောင်မူချင်၏ အရှုပ်တော်ပုံအကြား ရောယောင်ပါသွားပြီမှန်း သိသွားသော ဟွမ်မိန်ရွှမ်မှာ ဒေါသထွက်လွန်း၍ မူးမေ့လဲလိုက်ချင်စိတ်ပင် ဖြစ်ပေါ်လာတော့သည်။ သူမက သူ့နားရွက်ကို လိမ်ဆွဲကာ ဆူပူကြိမ်းမောင်းလိုက်သည်။ 


"တော်တော်ကို ပညာတွေ တတ်နေတယ်ပေါ့ ဟုတ်လား ဟင် သူများတွေက ဆွဲထည့်ခံရမှာ ကြောက်လို့တောင် ငြိမ်ငြိမ်လေး ပါးစပ်ပိတ်နေကြတာကို မင်းကတော့ ဓားရှေ့တောင် ဝင်ရပ်လိုက်သေးတယ် အခု ငါတို့တွေပေါ်ကိုပါ မကောင်းတဲ့မှတ်ချက်တွေ ရောက်လာတော့မယ်ဆိုတာကိုရော သိရဲ့လား Weibo ကို မြန်မြန်လေး ဖျက်လိုက် ..." 


"မဖျက်ပါဘူး စာချုပ်ချုပ်ကတည်းက ကျွန်တော် ဘာတင်တင် ဝင်မစွက်ဖက်ပါဘူးလို့ သဘောတူထားတယ်လေ သူတို့သာ မူချင်ကျဲကို တစ်ခြားကိစ္စနဲ့ ထိုးချမယ်ဆိုရင် ဘာမှ ဝင်မပြောပါဘူး ဒါပေမယ့် သရုပ်ဆောင်တဲ့ လုပ်ငန်းအပေါ်မှာ ထားတဲ့ သူမရဲ့ စိတ်အားထက်သန်မှုကိုတော့ မဟုတ်မမှန်‌ပြောလို့ မရဘူးလေ ကျဲက ရိုက်ကွင်းကို လိုက်မလာဖူးတော့ မသိလောက်ဘူး မူချင်ကျဲရဲ့ ဒဏ်ရာတွေအကုန်လုံးက အစစ်တွေ သူမက တိုက်ခိုက်တဲ့အခန်းတွေမှာ တစ်ခါမှ လူစားထိုး မသုံးဖူးဘူး တစ်ခြားကိစ္စတွေမှာ ဆိုးလားကောင်းလားတော့ မသိပေမယ့် အလုပ်အပေါ် စိတ်အားထက်သန်တဲ့နေရာမှာတော့ သူမက လေးစားထိုက်တဲ့သူပဲ သရုပ်ဆောင်တစ်ယောက်က ကျင့်ဝတ်သိတတ်ဖို့ လိုအပ်တယ် အဲဒီ့အထဲမှာမှ အခြေခံအကျဆုံး ကျင့်ဝတ်က အလုပ်နဲ့ ပတ်သက်လာရင် ပညာရှင်ပီပီသသ နေထိုင်တာပဲ သရုပ်ဆောင်တစ်ယောက်က ရိုက်ကူးရေးကို အလေးအနက် မထားဘူး၊ အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုသာ မရှိဘူးဆိုရင် သူ့ကို သရုပ်ဆောင်လို့ ဘာလို့ ခေါ်နေဦးမှာလဲ ..." 


ရှောင်ကျားရှုက ဗီဒီယိုများကို စုစည်းကာ မြောင်မူချင်ထံ ပို့ပေးလိုက်သည်။ စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းပိတ်ထားမည်ကို စိုးရိမ်၍ ဖုန်းဆက်၍ပင် အကြောင်းကြားလို‌က်သေးသည်။ 


ဟွမ်မိန်ရွှမ်က သူ့နားရွက်ကို လွှတ်ပေးလိုက်ပြီး ရယ်ရခက် ငိုရခက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ ဟင် မင်းကို တာဝန်ယူပြီးကတည်းက ဒီအစ်မကြီးဖြင့် အသက်ဆယ်နှစ်လောက် တိုသွားသလိုပဲ ..." 


သို့သော် Weibo ကို ဖျက်ရန်တော့ ထပ်မပြောတော့။


ထိုအချိန်တွင် မြောင်မူချင်ကမူ သူမအိမ်ရှိ ရေကူးကန်တွင် စိတ်အေးလက်အေး နေပူဆာလှုံနေသည်။ 


"Weibo မှာ တင်ပြီးပြီလား ..." 


သူမက ပျင်းတိပျင်းရွဲဖြင့် မေးလိုက်သည်။ 


"တင်ပြီးပါပြီ လူတောင် ငှားစရာ မလိုဘူး ကျဲရဲ့ မကောင်းကြောင်း ပြောမယ့်သူတွေက ရောက်နှင့်နေပြီ ..." 


လက်ထောက်က အလွန်လေးစားနေဟန်ဖြင့် ပြောလိုက်သည်။ 


"မူချင်ကျဲ ဒီလိုအိုင်ဒီယာမျိုးကို ဘယ်လိုလုပ် စဉ်းစားမိလိုက်တာလဲ တကယ်ကို ဉာဏ်ကောင်းလိုက်တာ ..." 


"ကြော်ညာက ငါတို့မှန်းထားသလောက် ပေါက်မသွားဘူးလေ အဲဒီ့အကြံကလည်း ငါပေးထားတာဆိုတော့ စပွန်ဆာကုမ္ပဏီကို မကူညီလို့ မရတော့ဘူးပေါ့ ဒါက ပြောရရင် ကြော်ညာက အရမ်းကို အတုအယောင် ဆန်လွန်းနေတာကြောင့်ပဲ ငါက တကယ်ကို ထိခိုက်ခဲ့တာဆိုပေမယ့် လူတွေကတော့ ငါ့ဒဏ်ရာတွေက မိတ်ကပ်နဲ့ ဆွဲထားတာပါဆိုပြီး ပြောကြတယ် ပြီးတော့ အတုလုပ်ပြီး ကြော်ညာပါတယ် ဘာညာပေါ့ အိုကေ ဒီလိုဆိုမှတော့ အခြေအနေကို ပုံကြီးချဲ့လိုက်ရုံပဲ ရှိတာပေါ့ ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ ပညာရှင်မပီသဘူးဆိုပြီး ရှုံ့ချလိုက်မယ် ပြီးရင် ရိုက်ကူးရေးလုပ်နေတုန်းက ဒဏ်ရာရထားတဲ့ ဗီဒီယိုတွေကို ချပြမယ် ပထမတစ်ချက်က ငါ့နာမည်ကို ရှင်းလင်းဖို့ ပြီးတော့ စပွန်ဆာကိုလည်း ပိုပြီး နာမည်ကြီးလာအောင် ကူညီပေးနိုင်မယ် တတိယတစ်ချက်အနေနဲ့ ရုပ်ရှင်ကိုလည်း စိတ်ဝင်စားတဲ့သူ ပိုများလာလိမ့်မယ် ပိုက်ဆံမရှုံးတဲ့အပြင် ပိုတောင် ဝင်ငွေကောင်းလာမယ့်ကိစ္စပဲလေ ..." 


သူမက ရေကန်ဘေးတွင် လဲလျောင်းနေရင်း အမှုမဲ့ အမှတ်မဲ့ မေးလိုက်သည်။ 


"ငါနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဘယ်သူကများ ငါ့ဘက်က ရပ်တည်ပေးကြသေးလဲ ..." 


လက်ထောက်က ရုတ်ချည်း ကမောက်ကမ ဖြစ်သွားတော့သည်။ 


"မူချင်ကျဲ အခုထိ ဘယ်သူမှ ပေါ်မလာသေးပါဘူး ..." 


"ကောင်းသားပဲ တစ်ယောက်မှ မရှိတော့လည်း မရှိတဲ့အတိုင်းပဲပေါ့ အခုခေတ် လူ့ဘောင်အဖွဲ့အစည်းမှာ ကရုဏာတရားဆိုတာ စာရွက်တစ်ရွက်လောက်တောင် မကြီးမားတော့ဘူး ပြောမရဘူး ငါ့ကို မကောင်းပြောတဲ့သူတွေထဲမှာ သူတို့ငှားထားတာတွေတောင် ပါချင်ပါနေမှာ ..." 


သူမပင် ပြော၍ မပြီးသေး။ လက်ထောက်ဖြစ်သူ၏ ‌အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရ‌တော့သည်။ 


"ကျဲ ကျဲ ကျဲဘက်ကနေ လိုက်ပြောပေးတဲ့သူတစ်ယောက် ပေါ်လာပြီ ရှောင်ကျားရှုတဲ့ ..." 


"ဟမ် ..." 


မြောင်မူချင်က ဖုန်းကို အလန့်တကြား ယူကြည့်လိုက်သည်။ ထိုအခါ ရိုက်ကွင်းတွင် သူမ ထိခိုက်ထားသည့် ဗီဒီယိုများ ပေးပို့ထား‌ကြောင်း တွေ့လိုက်ရပြီး ဖုန်းခေါ်ဆိုမှုတစ်ခုကိုပါ လက်ခံရရှိလိုက်သည်။ 


ဖုန်းစခရင်ကို ငေးကြည့်နေသည့် သူမ၏ အမူအယာမှာ စိတ်ရှုပ်ထွေးနေဟန်ပင်။ ဤနည်းဗျူဟာကို မသုံးခင်ကတည်းက သူမ၏ မကောင်းသတင်းများ ပျံ့နှံ့လာပါလျှင် ရပ်တည်ပေးမည့်သူ မည်သူမှ ရှိလိမ့်မည် မဟုတ်မှန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ အခြေအနေ မည်မျှအထိ ဆိုးဝါးစေကာမူ အားလုံးမှာ အတုအယောင်သာဖြစ်ရာ သူမ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည့်အတွက် မည်သို့မှ မခံစားရချေ။ သို့သော် ယခုမူ "ရှောင်ကျားရှု" ဟူသည့် စာလုံးကို ငေးကြည့်ရင်း သူမ၏ နှာခေါင်းတစ်ခုလုံး စပ်ဖျဉ်းဖျဉ်း ဖြစ်လာကာ နွေးထွေးမှုကိုပါ ခံစားလိုက်ရတော့သည်။ 


အကယ်၍ အခြားတစ်ယောက်က ဤသို့ ရပ်တည်ပေးလာပါလျှင် သူ့တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက် ရှိနေသလားဟု အင်တာနက်သုံးစွဲသူများနည်းတူ သူမလည်း သံသယဝင်မိမည်ဖြစ်သည်။ သို့သော် ရှောင်ကျားရှုကိုမူ သူနှင့် သိကျွမ်းလာသည်မှာ အနည်းငယ် ကြာမြင့်ပြီဖြစ်၍ မည်ကဲ့သို့သော လူစားမျိုးဖြစ်မှန်း မသိနိုင်စရာ မရှိချေ။ ထိုသူသည် ရုပ်ရှင်ရိုက်ရသည်ကိုသာ စိတ်ဝင်စားကာ ကျန် မည်သည့်အရာကိုမှ ဂရုမစိုက်။ သူ့ကို မဟုတ်မမှန် ပြောနေသူများကိုပင် ပြန်လည် မဖြေရှင်းသူက သူမဘက်မှ ရပ်တည်ပေးလာခဲ့သည်။ 


လူတစ်ယောက်ရဲ့ အတွင်းစိတ်က ဒီလောက်အထိတောင် ရိုးရှင်းနိုင်တယ်လား ... 


မြောင်မူချင်မှာ ငိုရခက်ရယ်ရခက် အနေအထားကြီးကို ကိုယ်တိုင် ကြုံလိုက်ရတော့သည်။ ဖုန်းပြန်ဖြေတော့မည့်အချိန်မှာပင် တစ်ဖက်သူက ဖုန်းချလိုက်ကာ WeChat မှတစ်ဆင့် စာပို့၍ နှစ်သိမ့်ပေးလာသည်။ 


"မူချင်ကျဲ ကျွန်တော် ရိုက်ကွင်းမှာ ရိုက်ထားတဲ့ ဗီဒိယိုတွေ ပို့ပေးထားတယ် အဲဒါက အကူအညီဖြစ်မလားတော့ မသေချာဘူး ဒါရိုက်တာလောကိုလည်း မေးထားလိုက်သေးတယ် သူက ‌ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မပါအောင် သေချာတည်းဖြတ်နိုင်ရင် သုံးလို့ရတယ်တဲ့ ..." 


"အိုကေ ကျေးဇူးတင်ပါတယ် သစ်ပင်ပေါက်စလေး ..." 


ဒါက သူမအတွက် အနုပညာလောကထဲက ယောကျာ်းတစ်ယောက်ကို သဘောကျမိတာ ပထမဆုံးအကြိမ်ပဲ ဒါပေမယ့် ဒီကောင်လေးနဲ့ သူမနဲ့က level တူမနေတာ ဆိုးတာပဲ ... 


မျက်နှာကိုအုပ်ကာ တစ်ခဏမျှ ရယ်လိုက်ပြီးကာမှ လက်ထောက်ဘက်ကို လှည့်လျက် မေးလိုက်သည်။ 


"ဘာလို့ ငါ့ကိုယ်ငါ မကောင်းတဲ့သူလို့ ခံစားနေမိတာလဲ မသိဘူး ..." 


"ဒီလိုကြီး မတွေးပါနဲ့ အခု အင်တာနက်ပေါ်မှာ လူတိုင်းက ကျဲရဲ့ မကောင်းကြောင်းတွေကို ပြောနေပေမယ့် မစ္စတာရှောင်တစ်ယောက်ပဲ ရပ်တည်ပေးတာလေ ပြင်ဆင်ထားတဲ့အတိုင်း အမှန်တရားကို ချပြတဲ့အချိန်ကျရင် သူတစ်‌ယောက်ပဲ အမှန်အတိုင်း ပြောရဲတယ်ဆိုပြီး လူတိုင်းရဲ့ အကောင်းမြင်တာကို ခံရမှာပါ ဒီနှစ်တွေထဲမှာ အတုနဲ့အစစ်က ခွဲရခက်လာပြီ အစစ်ဖြစ်နေရင်တောင် သူတို့က တမင်တကာကြီး အတုလို့ပြောပြီး လူတွေ ဆူပူကြိမ်းမောင်းတဲ့အထိ စောင့်ပြီးမှ အစစ်ဖြစ်ကြောင်း သက်သေပြကြတယ် အဲဒီ့အခါမှ ကျန်တဲ့သူတွေကလည်း အစစ်ဆိုတာကို ယုံသွားကြရော ဘယ်လိုလောကကြီးပါလိမ့် ..." 


လက်ထောက်က ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်သည်။ 


တစ်ဖက်တွင် ကျိမြန်ကလည်း အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို အာရုံစိုက်နေမိသည်။ လင်းလဲ့ယန်ကလည်း သူ့ဘေးကပ်ထိုင်ကာ Weibo ကို ကြည့်ရင်း လက်တို့က like ပေးသည့် ခလုတ်အပေါ် အတော်ကြာ ရစ်ဝဲနေမိတော့သည်။ မြောင်မူချင်ကြောင့် အရှက်ရခဲ့ရသည်များကို မမေ့ဖျောက်နိုင်သေးရာ သူ့အဖို့ အင်တာနက်ပေါ်မှ စကားများမှာ အမှန်ပင်ဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင် A အဆင့် စတားများသာ ရှိနေပြီး ကျန်သူများမှာမူ သူမထက် အဆင့်နိမ့်ကျသည့်ဟန်။  


"Like ပေးတဲ့ခလုတ်ကို မနှိပ်မိဖို့ သတိပေးချင်တယ် ..." 


ကျိမြန်က သူ့ကို စိုက်ကြည့်လိုက်သည်။ 


"ဒီကိစ္စသေးသေးလေးလောက်နဲ့ မြောင်မူချင်က ပြိုလဲသွားမှာ မဟုတ်ဘူး သူမ အရည်အချင်းရှိလား မရှိဘူးလားဆိုတာ တစ်နိုင်ငံလုံးက ဒါရိုက်တာတွေ အသိဆုံးပဲ ..." 


"ကျွန်တော်လည်း နှိပ်ဖို့ မတွေးထားပါဘူး ..." 


သို့သော် လင်းလဲ့ယန်မှာ အနည်းငယ် ထိတ်လန့်သွားသည့်အတွက် လက်ချောင်းတို့ တုန်ယင်ကာ ခလုတ်ကို မတော်တဆ နှိပ်မိသွားတော့သည်။ သူ unlike ပြန်လုပ်မည့် အချိန်ကိုပင် မစောင့်၊ မျက်စိလျင်သည့် ဖြတ်သွားဖြတ်လာများက အလျင်အမြန် screenshot ရိုက်ကာ ကောလဟာလများ၏ သက်သေအဖြစ် သုံးလိုက်ကြတော့သည်။ 


ရှစ်ထင်းဟန်နှင့် ကျိမြန်တို့က လင်းလဲ့ယန်နှင့်အတူ ဓာတ်ပုံတွဲရိုက်ထားသည့်အတွက် သူတို့သုံးဦးလုံး "တမန်တော်" ကို ရိုက်ကူးနေကြကြောင်း အားလုံးအသိ ဖြစ်သည်။ မြောင်မူချင်မှာ ထိုဇာတ်ကား၏ ခေါင်းဆောင်မင်းသမီးဖြစ်သည်။ 


ရိုက်ကွင်းက လူသစ်လေးက ဒီပို့စ်ကို သတ္တိရှိရှိနဲ့ like ပေးသွားတယ် ကြည့်ရတာ သူလည်း မြောင်မူချင်ကို မကြိုက်ဘူးထင်တယ် ... 


ပြဿနာမှာ ချက်ခြင်း ကြီးမားသွားသည့်အတွက် လင်းလဲ့ယန်လည်း ငိုချလုမတတ်ပင် ဖြစ်လာတော့သည်။ 


သူ တကယ်ကို တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး ... 


လင်းလဲ့ယန်က like ကို ချက်ခြင်း ပြန်ဖြုတ်ကာ ဖုန်းကိုကိုင်လျက် ငိုကြွေးလိုက်သည်။ 


"ဒုက္ခပါပဲ ကျိကော ကျွန်တော် တကယ် မရည်ရွယ်ပါဘူး အခု ဘယ်လိုလုပ်ရမလဲဟင် ..." 


ကျိမြန်က မျက်နှာကို ပွတ်သပ်ရင်း ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။ 


"လက်ချော်သွားလို့ဆိုတဲ့အကြောင်း ရှင်းပြတဲ့ ပို့စ်တစ်ခု အမြန်ဆုံးတင်လိုက် ပြီးတော့ မြောင်မူချင်ရဲ့ ဘက်ကနေ ရှိနေပါတယ်ဆိုတဲ့ အကြောင်းကိုပါ ထည့်ရေး ..." 


ဘာလို့ မြောင်မူချင်ကိုပါ အားပေးရဦးမှာလဲ ... 


လင်းလဲ့ယန်မှာ အလွန် မကျေမနပ် ဖြစ်‌နေသော်ငြား ထုတ်လည်း မပြောရဲ။ ထို့ကြောင့် စကားကို ကြည့်ကောင်းအောင် ကွေ့ပတ်ပြောလိုက်သည်။ 


"အရင်ဆုံး အကြမ်းရေးလိုက်ဦးမယ် ပြီးမှ ဌာနက လူတွေကို ကူစစ်ခိုင်းလိုက်မယ်နော် ..." 


ပြီးတော့ မြောင်မူချင်က ပွဲဦးထွက်ကတည်းက လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့သူလေ လူတိုင်းက သူမကို တစ်ခါလောက်ဖြစ်ဖြစ်တော့ မျက်ရည်ပေါက်ကြီးငယ် ကျအောင် လုပ်ဖူးကြတဲ့သူတွေချည်းပဲ သူမကို အပျော်ကြူးတယ်၊ လှည့်ကွက်သုံးတယ် ပြီးတော့ လူသစ်လေးတွေကို ဖိနှိပ်ဖို့ ကြိုးစားတယ်၊ ပြီးတော့ ထိပ်တန်းရောက်လာဖို့ ဒီအနုပညာလောကမှာ ရှိသမျှ ယောကျာ်းတိုင်းနဲ့ လိုက်အိပ်ခဲ့တယ်လို့ပါ ပြောကြပေမယ့် ဒါတွေကို တစ်ခါမှ ပြန်မရှင်းခဲ့ဘူးလေ ဒီတစ်ခေါက်လည်း ထုံးစံအတိုင်းပဲ လျစ်လျူရှုထားမှာ နေမှာပေါ့ ငါသာ သူမဘက်ကနေ ရပ်တည်ပေးလိုက်ရင် အင်တာနက်သုံးစွဲသူတွေရဲ့ ဒေါသက ငါ့ဘက်ပါ မြားဦးလှည့်လာမလား မသိဘူး သူမက လူတိုင်းကို နှိမ့်ချဆက်ဆံနေတာလေ ဒါတောင် ဘာလို့ ကျန်တဲ့သူတွေက သူမကို ခြေဆုပ်လက်နယ် လုပ်ပေးနေရဦးမှာလဲ ... 


ထိုသို့တွေးမိလေလေ လင်းလဲ့ယန်မှာ မြောင်မူချင်အတွက် ပြောမပေးချင်တော့လေ ဖြစ်သည်။ သို့သော် ကျိမြန်၏ စကားကိုလည်း ပယ်ရှား၍မဖြစ်။ 


စိတ်ရှုပ်စရာ ကောင်းလိုက်တာ ... 


သူ့နှလုံးသားတစ်ခုလုံး မသက်မသာ ဖြစ်လာသော်ငြား တောက်ပသည့် အပြုံးတစ်ပွင့်ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်သည်။ သူ့စိတ်တစ်ခုလုံး အတွေးများဖြင့် ရှုပ်ထွေးနေကာ နားလည်မှု လွဲနေကြောင်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။ 


ကျိကောပြောတော့ ငါတို့နှစ်ယောက်အကြားမှာ ဖြစ်သမျှ ပြဿနာတိုင်းက ငါ့ကြောင့်တဲ့ ဒါ တကယ်ရော ဟုတ်ရဲ့လား သူ့ရဲ့ အခုတလော လုပ်ရပ်တွေကိုပဲ ကြည့်ကြည့်လေ ရှောင်ယွီကို မမေးမမြန်းဘဲ အလုပ်ထုတ်ပစ်ရုံတင် မကဘူး ဖမ်းရှင်းကိုပါ မောင်းထုတ်တော့မလို့ အခုလည်း ဖမ်းရှင်းရဲ့ လုပ်ပိုင်ခွင့်တွေကို ဘေးဖယ်ပြီး ငါရထားတဲ့ ကြော်ညာတွေကိုပါ ငြင်းပစ်လိုက်တယ် အကုန်လုံးကို သူ့ထိန်းချုပ်မှုအောက် ရောက်အောင် လုပ်နေတာပဲ ပြောတော့သာ ငါကောင်းဖို့အတွက် ဆိုပေမယ့် တကယ်တမ်းပြောရရင် လွတ်လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ပစ်လိုက်တာပဲ ... 


အခုလည်း ရိုက်သမျှ ရုပ်ရှင်တိုင်း၊ လှမ်းသမျှ ခြေလှမ်းတိုင်း၊ ပြောသမျှစကားတိုင်း အကုန်ကို သူကြိုးဆွဲရာ ကနေရတာ မကျေနပ်တဲ့ ခုခံချင်တဲ့ အရိပ်အယောင်များ နည်းနည်းလေးမှ မပြလိုက်နဲ့ သိမ်ငယ်စိတ်ကြောင့် ဒီလိုအမူအယာမျိုး ဖြစ်သွားတာလားနဲ့ အပြောခံရရော ... 


လင်းလဲ့ယန်မှာ တွေး‌လေလေ ပိုပြီး မလိုလားလေ ဖြစ်လာကာ သူ အလောတကြီး ပြောခဲ့မိသည်များကို နောင်တရလာတော့သည်။ အမှန်တရားကိုသာ စောစောစီးစီး နားလည်ခဲ့ပါလျှင် ထိုနေ့ကတည်းက ကျိကောကို သူ၏ မိုက်ရူးရဲဆန်လှသည့် ကိုယ့်ကိုယ်ကို ချစ်စိတ်အတွက် ခုခံနေခြင်း မဟုတ်ဘဲ လွတ်လပ်ခွင့်ကို တိုက်ယူနေခြင်းဖြစ်ကြောင်း ပြန်ပြောမိမည်ဖြစ်သည်။ 


ကျိကောက သူ့ကို နေရာတကာ လိုက်ထိန်းချုပ်နေတာပဲ ဆင်းရဲပြီး နောက်ခံမရှိတာနဲ့ပဲ အရုပ်တစ်ရုပ်လို ထားရာနေစေရာသွားဘဝနဲ့ နေရတော့မှာလား သူက လူသားတစ်ယောက်လေ ဘာလုပ်သင့်လဲ ဘာပြောသင့်လဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ကွ ... 


လင်းလဲ့ယန်မှာ တွေးလေလေ ဒေါသထွက်လေ ဖြစ်လာကာ ထိုအတွေးနွံထဲမှ ရုန်းမထွက်နိုင်တော့။ ဤဆက်ဆံရေးမှာ တစ်ဖက်စောင်းနင်းနိုင်လှသည်ဟုပင် ခံစားမိလာသည်။ ကျိမြန်က အပေါ်ယံတွင် သူ့အပေါ် ကောင်းမွန်လှသော်ငြား အမှန်တကယ်တွင်မူ တန်းတူညီမျှ မဆက်ဆံပေ။ 


"မင်းက ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက် လမ်းဖောက်ပေးဖို့ တာဝန်က ကိုယ့်တာဝန်" ဆိုတဲ့စကားက ချိုမြိန်စရာကောင်းတယ် ဆိုပေမယ့် တကယ်တမ်း ဂရုတစိုက် တွေးကြည့်လိုက်ရင် သိပ်မဟုတ်တော့သလိုပဲ ... 


လင်းလဲ့ယန်က သူ၏ ဒေါသအငွေ့အသက်ကို ကျိမြန် သတိထားမိသွားမည် စိုးရိမ်သဖြင့် ခေါင်းငုံ့လျက်သာ ပို့စ်ကို တည်းဖြတ်နေလိုက်သည်။ သို့သော် မိနစ်များစွာ ကုန်ဆုံးသွားသည့်တိုင် ရေးလိုက်ဖျက်လိုက်ဖြင့် အချောမသတ်နိုင်သေး။ 


ကျိမြန်က သူနှင့်အတူ ထမင်းထွက်စားရန် စဉ်းစားထားသော်ငြား ယခုမူ သွားချင်စိတ် မရှိတော့ပေ။ 


Xxxxxx