အပိုင်း ၆၀
Viewers 44k

Chapter 60


"ထားလိုက်တော့ ..." 


စိတ်မရှည်သည့် အမူအယာကို ပထမဆုံးအကြိမ် ထုတ်ပြမိလိုက်ခြင်းဖြစ်သည်။ 


"ရှင်းပြမနေနဲ့တော့ ဒီကိစ္စကို မင်းကြိုက်သလိုသာ ကိုင်တွယ် ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ် လူထုအမြင်က အခြေအနေတစ်ခုကို ပြောင်းပြန်ဖြစ်သွားစေနိုင်တဲ့အထိ ‌ပြင်းထန်တယ် ..."


ဘယ်လို ပြောင်းပြန်လှန်မှာလဲ မြောင်မူချင်က ခဏခဏ မကောင်းပြောခံရပေမယ့် တစ်ခါမှ ထွက်မရှင်းဖူးဘူးလေ အနုပညာလောကမှာ မျက်နှာသာပေးခံရတဲ့သူလို့မှ မရှိတာ ဟိုအရူးကောင် ရှောင်ကျားရှုကလွဲလို့ ဘယ်သူကများ မြောင်မူချင်ဘက်က ပြောပေးလို့လဲ ကျိကောနဲ့ ဒါရိုက်တာလောတောင် ဘာမှ မပြောတာကို ... 


လင်းလဲ့ယန်က ဘာပို့်စ်မှ တင်မနေတော့။ ဖုန်းကိုသာ ပိတ်ထားလိုက်တော့သည်။ 


ကျိမြန်က စီးကရက်ကိုထုတ်ကာ တိတ်တဆိတ် ဖွာရှိုက်နေလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ဆေးလိပ်ဖြတ်မယ်လို့ ကတိပေးထားတယ်လေ ..." 


သူက စွပ်ပြုတ်တစ်ခွက် ထည့်ပေးရင်း ပြောလိုက်သည်။ 


"အခုတလော ဟိုးအရင်ကထက်ကို ပိုသောက်လာသလိုပဲ ဒါက ကျန်းမာရေးအတွက် မကောင်းဘူးနော် e-cigarette ဝယ်ပေးရမလား ..." 


ကျိမြန်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ မေးလိုက်သည်။ 


"လဲ့ယန် မင်းရော ကိုယ်က အရမ်းကို ညှာတာထောက်ထားတတ်တယ်လို့ ထင်လား ..." 


"ဘာလို့လဲ ကျိကော ကောက ဒါတွေကို ကြုံတွေ့ခဲ့ဖူးပြီးသားဖြစ်လို့ ကျွန်တော့်ကောင်းကျိုးအတွက် လုပ်ပေးတာလေ ကော စားလာတဲ့ ဆားက ကျွန်တော် စားဖူးတဲ့ထမင်းထက်တောင် များနေပြီကို ကောရဲ့ ကျေးဇူးကြောင့်သာ အန္တရာယ်တွေကို ကွေ့ပတ်ရှောင်နိုင်တာပါ ..." 


လင်းလဲ့ယန်က သူ့ကောင်လေးကို အလွန် စိတ်အားထက်သန်စွာ ငေးကြည့်လိုက်သည်။ 


"ဟက် ..." 


ကျိမြန်က ဘာစကားမှ ပြောမလာတော့။ 


သီးသန့်ခန်းထဲတွင် ဆေးလိပ်ငွေ့တို့ ပိုများလာ၍ စားစရာပင် အရသာပြောင်းသွားတော့သည်။ 


မြောင်မူချင်သည် အလွယ်တကူ အမုန်းခံရတတ်သည့် လူစားမျိုးဖြစ်သည်။ အကြောင်းမှာ သူမသည် အလွန်ရဲစွမ်းသတ္တိရှိကာ အလုပ်ကြိုးစားသည့်အတွက် ဒါရိုက်တာများက သူမနှင့် အလုပ်တွဲလုပ်ရန် မျက်စိကျကြပြီး ထို့ကြောင့်ပင်လျှင် အခြားသူများ၏ လမ်းကို မတော်တဆ ပိတ်ထားမိရာ ရောက်သွားတော့သည်။ ထို့ကြောင့် anti-fan များ၏ အပြစ်ရှာမှု ဖြစ်သည့်တိုင် သူမကို အောက်ခြေသို့ရောက်အောင် ရိုက်ချနိုင်သည်အထိ ပုံကြီးချဲ့တတ်ကြသည်။ သို့သော် သူမကမူ ဤသို့ကြုံလေတိုင်း ပိုမို၍သာ တိုးတက်သွားတော့သည်။ 


Z အဆင့်မှ A အဆင့်သို့ ရောက်လာရန် အချိန်သုံးနှစ်သာ ယူခဲ့ရသည့်အတွက် အပြစ်ရှာနေသူများမှာ သူမကို နာမည်ကြီးလာစေရန် တစ်ဖက်တစ်လမ်းမှ ကူညီခဲ့မိလေသလားဟုပင် နောင်တရလာတော့သည်။ ထိုအချိန်မှစ၍ အနုပညာလောကတွင် စကားလုံးအသစ်တစ်ရပ် ထွက်ပေါ်လာတော့သည်။ 


"black-red"


(ဒါက အပြစ်ပြောခံရလေ နာမည်ကြီးလာလေလို့ ဆိုလိုချင်တာပါ) 


သို့သော် မြောင်မူချင်မှာမူ အသံတိတ်မနေနိုင်တော့။ သူမကြုံတွေ့ခဲ့ရသည့် ပြစ်တင်ပြောဆိုမှုအားလုံးကို ပြန်လည်တုန့်ပြန်ချင်လာသည်။ ထိုအခါမှသာ လူထုကလည်း အသံတိတ်နေခြင်းမှာ အပြစ်မကင်း၍မဟုတ်၊ သမာသမတ်ကျကာ မကြောက်တတ်၍ဖြစ်ကြောင်း သဘောပေါက်သွားကြမည်ဖြစ်သည်။ 


သို့သော် ရှင်းလင်းမှု ပြုလုပ်ရာတွင် အချိန်ကိုက် လုပ်နိုင်ရန်လည်း လိုအပ်ပေသည်။ စောလွန်း၍လည်းမရ၊ နောက်ကျလွန်း၍လည်းမရ၊‌ စောလွန်းပါလျှင် လုံလောက်သည့် လွှမ်းမိုးမှု မရနိုင်၊ နောက်ကျလွန်းသွားပါလျှင်လည်း လူစိတ်ဝင်စားမှု လျော့နည်းသွားတတ်သည့်အတွက် ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကို ရွေးချယ်နိုင်ရန် ‌လိုအပ်ပေသည်။ သို့သော် မြောင်မူချင်၏ anti-fan များမှာ အလွန်အင်အားကြီးမားကာ သူမ တမင်တကာ ဖြန့်ဝေခဲ့သည့် ဓာတ်ပုံအားလုံးကို ထုတ်ပြလာသဖြင့် သုံးရက်ကြာသည့်တိုင် လူစိတ်ဝင်စားမှု အများဆုံး ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှောင်ကျားရှုပါ အနိုင်ကျင့်ခံနေရတော့သည်။ 


ဥက္ကဌရုံးခန်းတွင် ရှို့ချန်ယုနှင့် ဟွမ်မိန်ရွှမ်တို့က ရှောင်ကျားရှုကို အလယ်မှထားကာ မြောက်များစွာသော ဝေဖန်မှုတို့ကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြသည်။  


"အင်တာနက်ပေါ်က မှတ်ချက်တွေကို ကြည့်ကြည့်လိုက်ပါဦး ဒီလူတွေကတော့ ဂဃနဏ မသိဘဲနဲ့လည်း အကုန်‌လျှောက်ပြောနေကြတာပဲ အခု သူများကို ကူညီရခြင်းရဲ့ တန်ဖိုးကို သိသွားပြီ မဟုတ်လား ဒါရိုက်တာလောရော ရှစ်ထင်းဟန်ရော ကျိမြန်ရော အကုန် အသံတိတ်နေတာကို မင်း ဝင်ပြောစရာနေရာ ရှိလို့လား ..." 


ဟွမ်မိန်ရွှမ်က စားပွဲပေါ်ရှိ ဓာတ်ပုံအချို့ကို ယူကာ မေးလိုက်သည်။ 


"ဒီပုံတွေကိုရော ဘယ်လို ရှင်းပြမှာလဲ ..." 


ရှောင်ကျားရှုက ၎င်းတို့ကို မကြည့်သေးဘဲ ကျိမြန်ဘက်မှ အားတက်သရော ကူပြောပေးလိုက်သည်။ 


"ကျိကောက Weibo မှာ ဘာမှ မတင်ဖူးဘူးလေ အလုပ်နဲ့ဆိုင်တာလောက်ပဲ တင်တော့ ဒီတစ်ခေါက်လည်း သူ ဝင်မပြောတာ သဘာဝကျပါတယ် ..." 


"ကျိမြန်အကြောင်း မေ့ထားပြီး ဒီပုံတွေကို ကြည့်ကြည့်လိုက် ဟုတ်ပြီလား ..." 


ဟွမ်မိန်ရွှမ်က သူ့နားရွက်ကို လှမ်းဆွဲလိုက်သည်။ 


ရှို့ချန်ယုက သူမကို အတင်းတားကာ နားချရန် ကြိုးစားလိုက်သည်။ 


"ကောင်းကောင်းပြောကြပါ သူ့ကို ‌မခြောက်ပါနဲ့ ..." 


ဟွမ်မိန်ရွှမ်မှာ ရူးတော့မလိုပင် ခံစားမိလာ၍ ‌ကိုယ့်ဆံပင်ကိုယ်သာ ဆွဲထားလိုက်တော့သည်။ 


မစ္စတာရှို့ရေ ရှင်က သူ့ကို ချစ်တယ်ဆိုရင်တောင် ဒီလိုလုပ်နေလို့ မရဘူးလေ ဒီအရှုပ်တွေကို ဘယ်လိုရှင်းမှာလဲ ...


ရှောင်ကျားရှုက ဓာတ်ပုံများကို လှမ်းကြည့်လိုက်ပြီးနောက်တွင်တော့ နေရာတွင်သာ ကြောင်အသွားတော့သည်။ လူငယ်လေးက ပျက်စီးသွားသော ပြိုင်ကားဘေးတွင် ဒူးထောက်ထိုင်နေကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းတစ်ခုကို ပွေ့ဖက်ထားသည်။ နိုင်ငံခြားသား ရဲများက အခင်းဖြစ်နေရာကို ပိတ်ဆို့ထားပြီး မြောက်များစွာသော ဖြတ်သွားဖြတ်လာတို့က ခပ်ဝေးဝေးမှ အကဲခတ်နေကြသည်။ ကားအစိတ်အပိုင်းများနှင့် သွေးစက်များက နေရာအနှံ့ လွင့်စင်နေကာ မြင်ကွင်းတစ်ခုလုံး အနိဌာရုံအပြည့်ပင်။ ဤသည်မှာ သူ ၁၆ နှစ်သားအရွယ် ယာဉ်တိုက်မှု ဖြစ်သည့်နေရာသို့ အပြေးရောက်သွားခဲ့စဉ်က အဖြစ်အပျက်ဖြစ်သည်။ 


ဟဲရီရဲ့ အလောင်းကို ပွေ့ထားတဲ့ပုံ မဟုတ်လား ဒါကို ဘယ်သူက ဓာတ်ပုံရိုက်ပြီး တရုတ်ပြန်ပို့လိုက်ရတာလဲ ... 


ရုတ်ချည်းပင် ဆွံ့အသွားရတော့သည်။ မရှင်းပြနိုင်၍မဟုတ်၊ စကားမပြောနိုင်လောက်အောင်ပင် ဝမ်းနည်းနေ၍ဖြစ်သည်။ 


ထိုပုံကို မြင်လိုက်သည့် ဟွမ်မိန်ရွှမ်ကလည်း မျက်နှာကို လက်ဖြင့်အုပ်လျက် ပူပင်ကြီးစွာဖြင့် မေးလိုက်သည်။ သူမ၏ ပုံစံမှာ အရှက်ရနေဟန်ပင်။ 


"နိုင်ငံခြားမှာ နေတုန်းက တကယ်ပဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်ခဲ့ဖူးတာလား ..." 


သူမအသံ ဆုံးသည်နှင့်တစ်ပြိုင်နက် PR ဌာနမှ ဝန်ထမ်းတစ်ယောက် ရောက်လာကာ အလောတကြီး ပြောလိုက်သည်။ 


"ကိစ္စတွေက ကြီးကုန်ပြီ ရှောင်ကျားရှုကို နိုင်ငံခြားမှာ နေတုန်းက ဆေးသုံးပြီး ကားပြိုင်မောင်းရင်း လူတစ်ယောက်ကို သတ်ခဲ့တယ်လို့ ပြောလာတဲ့သူ ရှိနေတယ် အခု ပုံတွေပါ ပျံ့ကုန်ပြီ အဲဒါ ဥက္ကဌရှို့ကို ဘယ်လို ကိုင်တွယ်ရမလဲ လာမေးတာပါ ဓာတ်ပုံတွေကလည်း တော်‌တော်ကို ပြတ်သားတယ် ရှောင်ကျားရှုနဲ့ ရဲတွေရဲ့ ပုံတင် မကဘူး မြေကြီးပေါ်က အလောင်းကိုပါ ရှေ့တည့်တည့်ကနေ ပြတ်ပြတ်သားသား ရိုက်ထားတာ ပိုဆိုးတာက အဲဒီ့တုန်းက သူ အသက်မပြည့်သေးဘူးဆိုတာပဲ ဖျတ်ခနဲ ကြည့်လိုက်ရင်တောင် သိသာနေတယ် ..." 


အသက်မပြည့်သေးသည့် ပြစ်မှုကျူးလွန်သူများကို မည်သို့မည်ပုံ အပြစ်ပေးရမလဲဟူသည့် ပြဿနာသည် လတ်တလောနှစ်များတွင် ဆွေးနွေးမှုအများဆုံး ခေါင်းစဉ်ပင်ဖြစ်သည်။ ထိုသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် လူထုတစ်ရပ်လုံးက စိတ်ဝင်တစား စောင့်ကြည့်ကြမည်မှာ သံသယဝင်နေရန်ပင် မလိုအပ်ချေ။ ထိုကိစ္စမှာ သေးငယ်သည်ဟု မဆိုသာ။ ရှောင်ကျားရှု၏ အသက်မွေးဝမ်းကျောင်း ပျက်စီးရုံသာမက သူ့ကိုပင် သေလမ်းအထိ တွန်းပို့နိုင်သည့်ကိစ္စ ဖြစ်သည်။ 


ဒါပေမယ့် တစ်ခုတော့ မေးစရာရှိတယ် အခုမှ ပွဲဦးထွက်လာတဲ့သူကို ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ ... 


ဟွမ်မိန်ရွှမ်က ချွေးသီးချွေးပေါက်တို့ စီးကျလာသည့်တိုင် ရှို့ချန်ယုမှာမူ ထူးမခြားနားပင်။ သူက ရှောင်ကျားရှု၏ ပုခုံးကိုပုတ်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"သစ်ပင်ပေါက်လေး ဒါကို ဦးလေးတာဝန် ထားထားလိုက် မင်း မပြောချင်ရင် မပြောနဲ့ ဒီလိုကိစ္စတွေ လုပ်မယ့်သူ မဟုတ်မှန်း ဦးလေးက ယုံထားပြီးသား ..." 


"ကျေးဇူးတင်ပါတယ် အန်ကယ်ရှို့ ..." 


ရှောင်ကျားရှုအနေဖြင့် သူ့ထက် အသက်ကြီးသူများ အခက်ကြုံနေသည်ကို မည်သည့်နည်းနှင့်မှ လက်ပိုက်ကြည့်မနေနိုင်။ အတိတ်တွင် ဖြစ်ခဲ့သည်များကို ပြောပြတော့မည့် အချိန်မှာပင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ ခေါ်ဆိုသူမှာ ချန်းယွဲ့ရေပူစမ်း အပန်းဖြေစခန်းမှ ဥက္ကဌဖြစ်ပြီး ရှောင်ကျားရှု၏ အကျင့်စာရိတ္တတွင် အပြစ်အနာအဆာ ရှိနေကြောင်း တွေ့ရသဖြင့် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားလာသည်။ 


"သတင်းတောင် ထုတ်ပြန်ပြီးပြီကို ဘယ်လိုဖြစ်လို့ နောက်ပြန်ဆုတ်လို့ ရတော့မှာလဲ တကယ်လို့ ပြန်ဆုတ်လို့ ရတယ်ပဲထား ရှင်တို့အနေနဲ့ ဒီလိုကြေငြာချက်မျိုး ထုတ်လို့မရဘူးလေ ပြဿနာဖြစ်သွား ..." 


ဟွမ်မိန်ရွှမ်ပင် ချေပ၍ မပြီးသေး။ တစ်ဖက်သူက စိတ်မရှည်လက်မရှည်ဖြင့် ဖုန်းချသွားတော့သည်။ Weibo ကို ဖွင့်လိုက်သည့် အချိန်တွင်တော့ ချန်းယွဲ့အပန်းဖြေစခန်းမှ စာချုပ်ဖျက်သိမ်းကြောင်း ကြေငြာချက်မှာ ပြည်သူများအကြား ပျံ့နှံ့နှင့်နေပြီဖြစ်သည်။ ရှောင်ကျားရှု၏ အနုပညာလမ်းခရီးကို "အကျင့်စာရိတ္တပိုင်းဆိုင်ရာတွင် ပြစ်ချက်ရှိနေ၍ ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်တော့" ဟူသည့် စကားက ပိတ်ဆို့ထားလိုက်တော့သည်။ 


ဒါက သာ့ကောရဲ့ ဟော်တယ်ဆိုတော့ ဒီထုတ်ပြန်ချက်ကရော သာ့ကောရဲ့ ညွှန်ကြားချက်အရ ထွက်လာတာပဲလား ပြီးတော့ ဒီပြဿနာကို အချိန်ကိုက်ဖြစ်လာဖို့ပါ ကြံစည်ထားခဲ့တာလား သူ့ကို ချောက်ထဲအထိ ရောက်အောင် တွန်းချပြီး ပိုင်ဆိုင်မှုတွေ ပြိုင်မလုနိုင်တော့အောင်လား ... 


ရှောင်ကျားရှုမှာ ဤသို့ မတွေးသင့်မှန်း သိနေသည့်တိုင် များစွာ တွေးမိနေဆဲဖြစ်သည်။ 


အခြေအမြစ်မရှိသည့် မှန်းဆချက်အနည်းငယ်က သူ့ကို ဆွဲမချနိုင်သော်ငြား တိုက်ခိုက်လိုစိတ်များမှာတော့ ကုန်ခမ်းသွားချေပြီ။ ယခုအချိန်တွင် မည်သည့်အရာကိုမှ မမြင်ချင်၊ မကြားချင်တော့ဘဲ လူသူကင်းမဲ့ရာ နေရာတစ်ခုတွင်သာ သွားပုန်းနေချင်လိုက်တော့သည်။


ရွှယ်မြောင်ထံမှ ဖုန်းဝင်လာသည့်အတွက် ရှို့ချန်ယုက သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးကာ အပြင်ထွက်သွားလိုက်သည်။ ဟွမ်မိန်ရွှမ်ကလည်း မကောင်းသတင်းများကို အမြန်ဆုံး ဖိနှိပ်နိုင်ရန် ဆက်သွယ်‌ဆောင်ရွက်နေသည့်အတွက် ရှောင်ကျားရှုက သူတို့သတိမပြုမိသည့်အချိန်တွင် အရေးပေါ်လှေကားမှတစ်ဆင့် တစ်ထစ်ချင်း ဆင်းလာခဲ့လိုက်သည်။ ၂၆ လွှာသို့ ရောက်လာချိန်တွင်တော့ ဆက်မလျှောက်နိုင်တော့သည့်အတွက် နေရာတွင်ထိုင်ချကာ ဒူးနှစ်ဖက်ကြား ခေါင်းကိုဝှက်လျက် အသံတိတ် ငိုကြွေးလိုက်‌‌တော့သည်။ 


သူ ဒီကို ပြန်မလာခဲ့သင့်ဘူး အဖေနဲ့ အစ်ကိုကြီးက တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ သူ့ကို ချစ်လာမှာပါလို့ မမျှော်လင့်ခဲ့သင့်ဘူး သူတို့နှစ်ယောက်ကမှ မိသားစုအစစ်အမှန် ဖြစ်ပြီးတော့ ‌အမေနဲ့ငါကတော့ ဒီတိုင်း အပိုလူသပ်သပ်ပဲ ... 


သူသာ အများကြီး ‌မျှော်လင့်မထားခဲ့မိပါလျှင် ယနေ့ကဲ့သို့ များစွာ စိတ်ပျက်မိမည် မဟုတ်ပေ။ 


ဖုန်းက တိတ်တဆိတ် တုန်ခါနေကာ ရွှယ်မြောင်နှင့် သူ့လက်ထောက်သာမက မြောင်မူချင်ကပင်လျှင် အမြောက်အများ ဖုန်းခေါ်ထားသော်ငြား သူ့အဖေနှင့် အစ်ကိုထံမှ ခေါ်ဆိုမှုတစ်ခုတစ်လေမှ ဝင်မလာခဲ့ချေ။ ရှောင်ကျားရှုက ဖုန်းကို စက်ပိတ်ထားလိုက်တော့သည်။ 


ဖန်ခွင်းက အလုပ်လုပ်နေသော ကျိမြန်အနားသို့ ရုတ်တရက် ရောက်လာကာ ပြောလိုက်သည်။ 


"ရှောင်ကျားရှုတော့ သွားပြီပဲ ..." 


"ဘာဖြစ်လို့လဲ ..." 


ကျိမြန်က ရုတ်ချည်း ခေါင်းကိုမော့ကာ မေးလိုက်သည်။ မျက်ခုံးတို့ကိုလည်း တင်းတင်းကြပ်ကြပ် တွန့်စုထား၏။ 


"နိုင်ငံခြားမှာ နေတုန်းက ကား‌မောင်းပြိုင်ရင်း လူသတ်ခဲ့မိတယ်တဲ့လေ အဲဒီ့ပုံကို ဘယ်သူက ဖြန့်လိုက်လဲတော့ မသိဘူး အခု ချန်းယွဲ့အပန်းဖြေစခန်းက အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ ပြစ်ချက်ရှိလို့ဆိုပြီး စာချုပ်ကို ဖျက်သိမ်းသွားပြီ ပြောရေးဆိုခွင့်ရှိသူကိုပါ တစ်ခါတည်း ပြောင်းသွားတယ် "အရုဏ်ဦး" ရဲ့ နံပါတ်တစ် ရွမ်လင်ယီတဲ့ လက်မှတ်ထိုးပွဲကို ဒီနေ့နေ့လယ် ၄ နာရီမှာ လုပ်ဖို့ စီစဉ်ထားတယ် သတင်းထောက်တွေ တော်တော်များများ ဖိတ်စာရထားပြီးပြီ ပွဲကလည်း တော်တော်ကို ခမ်းခမ်းနားနားပဲ ဒါနဲ့ ရှောင်ကျားရှုက ရှောင်မိသားစုရဲ့ ဒုတိယသခင်လေး မဟုတ်ဘူးလား ဘာလို့ ဒီလို ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားရတာလဲ သူ့မိသားစုပိုင် ဟော်တယ်ရဲ့ blacklist သွင်းတာကို ခံလိုက်ရတဲ့အပြင် ရှောင်မိသားစုဝင် တစ်ယောက်မှလည်း သူ့ဘက်ကနေ ‌နေမပေးကြဘူး ..." 


‌ဖန်ခွင်းက ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။ 


ဒါကလည်း နောက်ထပ် အမွေလုပွဲတစ်ခုပဲ နေမှာပေါ့ ရှောင်ကျားရှုကို နာမည်ပျက်အောင်လုပ်၊ ပြီးရင် တရုတ်ကနေ နှင်ထုတ်လိုက်ရင် ရှောင်မိသားစုတစ်ခုလုံး သူ့အစ်ကိုအပိုင် ဖြစ်သွားမှာလေ ... 


"သူက လူသေ‌တဲ့အထိ တိုက်သတ်စရာအကြောင်း မရှိဘူး ..." 


ကျိမြန်က ရှို့ချန်ယုကို ဖုန်းခေါ်ကာ US ကိုပါ email တစ်စောင် ပေးပို့လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို ဝတ်ရင်း ရှင်းပြလိုက်သည်။ 


"ငါ အပေါ်ထပ်ကို သွားကြည့်လိုက်ဦးမယ် ကွမ်မြန်ရဲ့ လူထုဆက်ဆံရေးအဖွဲ့ကို မှတ်ချက်တွေကို အမြန်ဆုံး ထိန်းချုပ်ဖို့ ပြောထားလိုက် တစ်ခုခုက နားလည်မှုလွဲနေပြီ ..." 


"မဟုတ်သေးဘူးနော် ကျိကော ဒီကိစ္စထဲ ဝင်မပါဘဲ နေကြရအောင်လေ လီကျားအာကလည်း ရှောင်ကျားရှု သေချာပေါက် နောင်တရသွားမယ့် ဖွင့်ချစရာ အကြီးကြီးတစ်ခု ရှိသေးတယ်လို့ ပြောတယ် အင်တာနက်သုံးစွဲသူတွေကို သုံးနာရီထိုးတဲ့အထိ စောင့်ပေးပါတဲ့ ကြည့်ရတာ သူမကို ရှောင်ကျားရှု ပိတ်ဆို့ထားတဲ့အပေါ် မကျေနပ်လို့ တစ်ဆင့်ချင်း သေတဲ့အထိ လက်တုန့်ပြန်‌နေတာထင်တယ် ..." 


ဖန်ခွင်းက သူ့ကို အပြေးအလွှား ဟန့်တားလိုက်သည်။ 


Xxxxxxx