အပိုင်း ၆၁
Viewers 45k

Chapter 61


"ကျိကွမ် Entertainment ရဲ့ လှည့်ကွက်တွေက တစ်နေ့ထက်တစ်နေ့ကို ပိုပိုပြီး ညစ်ပတ်လာတာပဲ ဘယ်သူကမှ ရှောင်ကျားရှုကို အကြောင်းပြချက်မရှိဘဲ ဆွဲမချဘူးလေ ဟုတ်တယ်မဟုတ်လား အကုန်လုံးက ချန်းယွဲ့ရေပူစမ်းအပန်းဖြေစခန်း ကြော်ညာအတွက်ပဲပေါ့ မျှမျှတတစဉ်းစားကြည့်မယ်ဆိုရင် ဒီကြော်ညာလေးတစ်ခုအတွက်နဲ့ ယွမ်သန်းပေါင်းများစွာ ရမှာဆိုတော့လည်း မနာလို မဖြစ်တဲ့သူရယ်လို့ မရှိဘူးပေါ့ ..." 


ကျိမြန်က လှောင်ရယ်လိုက်သည်။ 


"လူထုဆက်သွယ်ရေးဌာနကို သွားပြီး အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ခိုင်းထားလိုက် ငါ ဥက္ကဌရှို့နဲ့အတူ စီစဉ်စရာရှိတာ စီစဉ်လိုက်ဦးမယ် ..." 


ဖန်ခွင်းမှာ သူ့ကို အပူတပြင်း တားမြစ်လိုက်ချင်သော်ငြား မလုပ်နိုင်ခဲ့။ ထိုစဉ်မှာပင် မြောင်မူချင်က ပို့စ်တစ်ခု တင်လာပြန်သည်။ 


"ကောလဟာလတွေ ဖြန့်ရတာ သိပ်ကို ပျော်စရာကောင်းနေတယ်ပေါ့ ဒါဆို မင်းတို့တစ်မိသားစုလုံးကိုပါ မီးသင်္ဂြိုဟ်စက်ထဲ ထည့်ပစ်လိုက်ကြ @ သစ်ပင်ပေါက်ကလေး ငါ မင်းရဲ့ အပြစ်ကင်းမှုကို ယုံတယ်" 


အိုးမိုင်ဂေါ့ ... ကောင်းတယ် သိပ်ကိုကောင်းတယ် အင်တာနက်သုံးစွဲသူတွေရဲ့ တိုက်ခိုက်မှုက ပိုတောင် အားကောင်းလာပြီ ဒီနှစ်ယောက်ကို လှိုင်းလုံးကြီးတွေလို အစွမ်းကုန် ပုတ်ထုတ်ကြတော့မှာပဲ ... 


ဖန်ခွင်းက ဒေါသထွက်လွန်း၍ အော်ကြီးဟစ်ကျယ် ရယ်မောလိုက်ချင်သော်ငြား ထိုအရှုပ်ထုပ်ပိုင်ရှင်နှစ်ဦီးသာမက ကျိမြန်ကပါ ‌ပို့စ်တင်ရန် စာရေးနေကြောင်း တွေ့လိုက်ရပြန်သည်။ 


"ကျိကော ဘာတွေ လုပ်နေတာလဲ ဖုန်းကိုချထားလိုက်ပါ နည်းနည်းလောက် စိတ်အေးအေးလေး ထားကြည့်ရအောင်လေ မင်းနဲ့ ရှောင်ကျားရှုရဲ့ ဆက်ဆံရေးက သာမန်လုပ်ဖော်ကိုင်ဖက်အဆင့်ပဲ ရှိတာကို ဘာလို့ ဒီရေဆိုးရေပုပ်တွေထဲ ဝင်ပါမှာလဲ ..." 


ဖန်ခွင်းက ဖုန်းကို ဆွဲလုရန် ပြင်လိုက်သော်ငြား ကျိမြန်၏ ရေခဲရိုက်အကြည့်များကြောင့် အသာနောက်ပြန်ဆုတ်လိုက်ရတော့သည်။ 


"ရှောင်ကျားရှုက ငါတွေ့ဖူးသမျှ လူသစ်တွေထဲမှာ အလားအလာ အရှိဆုံးသူပဲ အခြေအမြစ် မရှိတဲ့ ကောလဟာလတွေကြောင့် အပျက်စီးမခံနိုင်ဘူး ..." 


ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ ရေးထားသောစာကို အချောသတ်ကာ ပို့စ်တင်လိုက်သည်။ 


"အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ ပြစ်ချက်မရှိဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်ရင် ဘေးစကားတွေကို ခေါင်းငုံ့ပြီး ငြိမ်ခံမနေနဲ့ @ သစ်ပင်ပေါက်ကလေး " 


မြောင်မူချင်ကို ပွဲကြည့်သူများ၏ မီးတောက်ကို ဆီလောင်းပေးသူဟု ဆိုရပါလျှင် ကျိမြန်မှာ အုတ်အော်သောင်းနင်း ထကြွမှု၏ လက်သည်ပင်ဖြစ်သည်။ အင်တာနက်သုံးစွဲသူများက ရှောင်ကျားရှုတွင် သန်မာသည့်နောက်ခံ ရှိနေသည်ဟု ပို၍ပင် ယုံကြည်လာကြတော့သည်။ သူက ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်အောင် ထွက်ပြေးနိုင်ခဲ့ရုံသာမက လွေ့ရွှေ့နှင့် ကွမ်ရှီ၏ ထိပ်တန်းသရုပ်ဆောင်များကို အသုံးချ၍ပင် နာမည်ဆိုးကို ရှင်းလင်းလိုက်သေးသည်။ ထိုကဲ့သို့ လူမှုပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေသူများအဖို့ ပြည်နှင်ဒဏ်ကသာ အထိုက်တန်ဆုံး ဖြစ်ပေသည်။ 


ဖန်ခွင်းက မှတ်ချက်များကို ဖတ်ကာ အလောတကြီး ပြောလိုက်သည်။ 


"ကျိကော ကြည့်ပါဦး မင်းရဲ့ ပရိသတ်တွေဆိုတာ သစ္စာအရှိဆုံးပရိသတ်တွေပဲ ဒါပေမယ့် သူတို့တောင် နားမလည်နိုင်ကြတော့ဘူး ဒီကိစ္စကြီးပြီးတာနဲ့ မင်းရဲ့ နာမည်ဂုဏ်သတင်းကတော့ သွားပြီပဲ အနားယူတော့မယ်လို့ တွေးထားရင်တောင် ဒီလိုကြီးတော့ ဖျက်ဆီးပစ်လို့ မရဘူးလေ ရှောင်ကျားရှုက စွပ်စွဲခံရတာပါလို့ ဘာလို့ အရမ်းသေချာနေတာလဲ အမှန်တရားက ဘာလဲ ..." 


"PR ဌာနကို သွားသတင်းပေးလို့ ပြောရင် သွားလိုက်လေ ဘာလို့ ပေါက်ကရတွေ ဆက်ပြောနေတာလဲ ရှောင်ကျားရှုက ဘယ်လိုဆိုတာ မင်းထက် ငါပိုသိတယ် ..." 


သူ့အမူအယာမှာ အလွန်တင်းမာခက်ထန်နေကာ အကြည့်တို့မှာလည်း နက်ရှိုင်းနေသည်။ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုအပေါ် ရူးရူးမူးမူး နှစ်သက်မှုကို သိရှိထားသည့်အတွက် ‌တောက်ပသင့်သည့် ကြယ်တစ်ပွင့် ကြွေလွင့်သွားမည်ကို လက်ပိုက်ကြည့်မနေနိုင်။ ထို့အပြင် ဤကောလဟာလများအကြောင်းကို သူ အသိဆုံးဖြစ်သည်။ နစ်နာသူကပင် ဘာတစ်ခွန်းမှ မပြောရသေး။ ပြစ်မှုကျုးလွန်သူက အဖြူကို အမဲဖြစ်အောင် ပေါက်ကရ ပြောလာခဲ့တော့သည်။ 


ဓာတ်လှေကားက တစ်ဖြည်းဖြည်း အပေါ်တက်သွားပြီး ၂၆ လွှာအရောက်တွင် ငိုသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ နှလုံးသားကို ထွင်းဖောက်သွားခြင်းလည်း မဟုတ်၊ နားရွက်ဖျားကို ထိုးဖောက်သွားခြင်းလည်း မဟုတ်၊ နာလွန်းမက နာနေသည့် အကောင်ပေါက်စလေးတစ်ကောင်၏ ကြေကြေကွဲကွဲ ရှိုက်ငိုနေသံသဖွယ်ပင်။ ဆေးရုံတွင် ဖြစ်ခဲ့သည်များကို ရုတ်ချည်း သတိရသွားသည့်အတွက် ဓာတ်လှေကားကိုရပ်ကာ လှေကားထစ်များ ရှိရာဆီသို့ ထွက်လာခဲ့လိုက်လျှင် ထောင့်နား၌ ဘောလုံးတစ်လုံးသဖွယ် ကွေးညွတ်ရင်း ဒူးနှစ်ဖက်ကြား ခေါင်းမြှုပ်လျက် အသံတစ်သံမှ မထွက်ဘဲ တဆတ်ဆတ် တုန်ရီနေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည်။ 


ကျိမြန်ကမူ သူ မည်မျှအထိ စိတ်ပျက်လက်ပျက်ဖြင့် ဝမ်းနည်းနေမိကြောင်း သိထားပေသည်။ 


"ဘာလို့ငိုနေတာလဲ ..." 


ကျိမြန်က ခပ်တိုးတိုး မေးလိုက်သည်။ 


"ဒီနားမှာ လာငိုဖို့ အချိန်ရှိရင် ဘာလို့ နာမည်ပျက်ရှင်းဖို့ နည်းလမ်းမရှာတာလဲ ..." 


"ကျိကော ..." 


ရှောင်ကျားရှုက မျက်ရည်နှာရည်တို့ ရွှဲနစ်နေသည့် မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ 


ကျိမြန်က လက်ကိုင်ပဝါကိုထုတ်ကာ သူ့မျက်နှာကိုအုပ်၍ အားသွန်ခွန်စိုက် သုတ်ပေးလိုက်သည်။ 


"မင်း အပြစ်ကင်းမှန်း သိတယ် သက်သေသွားရှာ ..." 


"ကျိကော ကော နားမလည်ပါဘူး ကျွန်တော် အပြစ်ကင်းတာမကင်းတာက အရေးမကြီးဘူး နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကပဲ အရေးကြီးတာ တကယ်လို့ နောက်မှာ ရှိနေတာက ကျွန်တော့်မိသားစုဆိုရင် ကျွန်တော် ဘာပဲပြောပြော သူတို့က နိုင်ငံခြားကို ဇွတ်အတင်း ပို့တော့မှာလေ ကိုယ့်မကောင်းကြောင်း ဖြန့်တဲ့သူက ကိုယ့်မိသားစုဆိုရင် ဘယ်လောက်အပြစ်ကင်းကင်း သက်သေမပြနိုင်တော့ဘူး ဒီခံစားချက်က ဘယ်လိုဆိုတာ ကောင်းကောင်းသိတယ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ဒီလိုနဲ့ပဲ ဆုံးသွားခဲ့တာလေ ..." 


"မင်းမိသားစုကို ဖုန်းဆက်ပြီး သူတို့လက်ချက်လားလို့ မေးလိုက် ဝန်ခံရင် အမှန်အတိုင်း သိရမယ် ငြင်းရင်လည်း မင်းစိတ်သက်သာရာ ရသွားမယ်လေ မမေးမမြန်းဘဲ ချောင်လေးမှာ ပုန်းပြီး ထင်ရာတွေးနေတာက အရူးဆုံးနဲ့ အပျော့ညံ့ဆုံး လုပ်ရပ်ပဲ ..." 


ကျိမြန်က သူ့ဖုန်းကို စက်ဖွင့်ပေးရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ကြည့်ကြည့်လိုက် မင်းကို စိတ်ပူ‌တဲ့သူတွေဆီကနေ missed call ‌တွေ ဝင်ထားတာမှ အများကြီးပဲ မင်းက လမ်းအဆုံးနဲ့ အဝေးကြီး လိုပါသေးတယ် ..." 


ဖုန်းကို ကောက်ကိုင်လိုက်သည့် ရှောင်ကျားရှု၏ မျက်နှာမှာ ရုတ်ချည်း ရဲရဲနီလာတော့သည်။ အမေ၊ အန်ကယ်ရှို့၊ အန်တီရှို့၊ မိန်ရွှမ်ကျဲ၊ ကျိကျင်ကော၊ လက်ထောက်ရှောင်ကျိုး၊ ဒါရိုက်တာလော၊ မြောင်မူချင် ... ဒါဇင်ပေါင်းများစွာသော ဖုန်းကောလ်တို့ကြောင့် သူ့ဖုန်းပင် ပျက်သွားတော့မလို။ WeChat တစ်ခုလုံးလည်း အားပေးနှစ်သိမ့်သည့် စာတိုများဖြင့် ပြည့်နှက်နေကာ Weibo တွင် သူ့ကို tag တွဲကာ တင်ထားသူများလည်း အများအပြားပင်။ ထိုသူများအနက် အမြင်သာဆုံးမှာ ကျိမြန်ပင် ဖြစ်သည်။ 


"ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့နေ ဘေးစကားတွေကို ခေါင်းငုံ့ခံမနေနဲ့ ကျိကောက မင်းကို အပြည့်အဝ ယုံကြည်ပေးထားတယ်" 


ထို့အပြင် ဤကဲ့သို့ အငြင်းပွားနိုင်ဖွယ် များလှသည့် အခြေအနေမျိုးမှာပင် မြောင်မူချင်က သူ့ဘက်မှ ရပ်တည်ပေးလာသည်။ 


အေးစက်နေသော ရှောင်ကျားရှု၏ နှလုံးသားတစ်ခုလုံး တစ်ဖန် ပြန်လည်နွေးထွေးသွားတော့သည်။ သူ့အစ်ကိုကြီးကို အရင်ဆုံး ဖုန်းခေါ်လိုက်သော်ငြား မကိုင်သည့်အတွက် မတ်တပ်ထရပ်ကာ အခိုင်အမာ ပြောလိုက်သည်။ 


"အရှုံးမပေးဘူး ကျွန်တော့်မှာ သက်သေတွေ ရှိတယ် ..." 


ယာဉ်တိုက်မှုအကြောင်း စုံစမ်းချက်နှင့်အတူ ပူးတွဲတင်ပြပါ စာရွက်စာတမ်းတို့ကို ယခင်အခေါက် စုံစမ်းမှု ပြီးစဉ်ကတည်းက သိမ်းဆည်းထားသည့်အပြင် ဟဲရီ မသေဆုံးမီ အသံဖိုင်မှာ အကောင်းဆုံးသက်သေခံချက်ပင်ဖြစ်သည်။ ကောလဟာလဖြန့်ကာ သူ့ကို ရိုက်ချရန် ကြိုးစားသူအားလုံးကို တရားစွဲကာ ထိုသူတို့ ပိုင်ဆိုင်သမျှ ဆုံးရှုံးရအောင်


ဆောင်ရွက်တော့မည်ဖြစ်သည်။ 


"သက်သေတွေ ရှိထားတယ်ဆိုတော့ ကောင်းတာပေါ့ အပေါ်ထပ်ကို သွားကြရအောင် ဥက္ကဌရှို့က စိတ်ပူနေလောက်ပြီ ..." 


ကျိမြန်က သူ့ကို ဓာတ်လှေကားရှေ့သို့ ခေါ်လာခဲ့လိုက်သည်။ မျက်နှာပေါ်တွင် မျက်ရည်နှင့် နှာရည်တို့ ကြွင်းကျန်နေသေးကြောင်း တွေ့လိုက်ရသည့်အခါ တစ်သျှူးတစ်ရွက်ကိုယူကာ သုတ်ပေးလိုက်သည်။ 


အမောတကော ရောက်လာရင်း ထိုမြင်ကွင်းကို မတော်တဆ တွေ့လိုက်မိသည့် လင်းလဲ့ယန်မှာတော့ ရှာလကာရည်ပုလင်းလိုက် သောက်လိုက်ရသည့်နှယ်။ Weibo တွင် post ခဲသည့် ကျိကောက ပထမဆုံးအကြိမ် ရှောင်ကျားရှုအတွက် ရပ်တည်ပေးလိုက်ခြင်းကို အခုထိ မယုံကြည်‌နိုင်သေး။ 


သူနဲ့ ရှောင်ကျားရှုက ဘယ်လို ပတ်သက်နေတာလဲ ဘာလို့ အပြစ်ကင်းတယ်ဆိုတာကို တပ်အပ်ကြီး ပြောနိုင်ရတာလဲ ... 


ကျိမြန်က တစ်ခုခု ခံစားလိုက်ရဟန်ဖြင့် သူ့ကို လှည့်ကြည့်လိုက်သော်ငြား တစ်ခုကိုမှ ရှင်းမပြခဲ့ချေ။ 


"ကျိကော အခု အင်တာနက်ပေါ်က စကားတွေက နေရာတကာမှာ ပျံ့နေပြီ PR ဌာနကို သွားကြည့်သင့်တယ် သူတို့ အစည်းအဝေး လုပ်နေကြတယ် ..." 


လင်းလဲ့ယန်က စိတ်မပါလက်မပါ ပြုံးပြရင်း အနားသို့ ရောက်လာသည်။ 


"အပေါ်ထပ်မှာ အစည်းအဝေးလုပ်ဖို့ လွှတ်လိုက်ပါ ဥက္ကဌရှို့ရဲ့ အစီအစဉ်ကို ဝန်ထမ်းအားလုံး နားထောင်ရလိမ့်မယ် ..." 


ကျိမြန်က သူ့ကို ပြောစရာ ရှိနေသည့်နှယ် နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သော်ငြား အဆုံးတွင်တော့ မည်သည့်စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။ 


ဓာတ်လှေကားတံခါး ပွင့်လာကာ တစ်ဖန် ပြန်ပိတ်သွားပြီး အလျင်အမြန် ရွေ့လျားသွားတော့သည်။ လင်းလဲ့ယန်ကမူ အထဲသို့ လိုက်မဝင်၊ ငေးကြည့်နေရင်း အပြုံးတို့ တစ်ဖြည်းဖြည်း ခါးသီးသွားတော့သည်။ 


ရှောင်ကျားရှုသာ ပျောက်ကွယ်သွားရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ... 


သူ့အတွေးတို့ကို ထိန်းချုပ်၍ပင် မရတော့။ 


ဥက္ကဌရုံးခန်းမှာ အပ်ကျသံပင် ကြားရမတတ် ဆိတ်ငြိမ်နေသည်။ မြောက်များစွာသော လက်ထောက်တို့က သတင်းအချက်အလက် ဖြန့်ဝေရန် ရောက်လာကြသော်ငြား အသက်ပင် ပြင်းပြင်းမရှုရဲ၊ အားလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ 


လွေ့ရွှေ့ရဲ့ဥက္ကဌ စုလွေ့၊ ကျားဟဲရဲ့ CEO စုန့်ရှင်းကျိုး၊ ဖူကျုံးမီဒီယာရဲ့ ဥက္ကဌ ကျန်းရှစ်ပေါ် ... ဒါတွေက နှာတစ်ချက်ချေလိုက်ရုံနဲ့တင် အနုပညာလောကကို ကိုင်လှုပ်နိုင်တဲ့သူတွေ မဟုတ်ဘူးလား ... သူတို့တွေအကုန် တစ်နေရာတည်းမှာ ရှိနေကြတဲ့အပြင် ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ အမျိုးသမီးကိုတောင် စိုးရိမ်တကြီး ကြည့်နေလိုက်ကြသေးတယ် ... 


ထိုအမျိုးသမီးမှာ ကြော့ရှင်းရည်မွန်ကာ မူးမေ့လဲလုမတတ် တင့်တယ်လှပပြီး ထူထဲလှသော မျက်ခုံးအစုံတို့က သူရဲကောင်းဆန်သည့် စိတ်နေစိတ်ထားကို ဖော်ညွှန်းနေသည်။ သူမသည် အာရှတစ်ခွင် ကျော်ကြားခဲ့ကာ အအောင်မြင်ဆုံးအချိန်တွင် ရုတ်ချည်း အနားယူသွားခဲ့သည့် ဘယ်တော့မှ အိုမင်းသွားမည် မဟုတ်သော နတ်ဘုရားမ ရွှယ်မြောင်ပင်ဖြစ်သည်။ စားပွဲပေါ် တင်ထားသော ဖုန်းကို နီရဲနေသည့် လက်သည်းဆိုးဆေးတို့ ‌ဆိုးထားသော လက်အစုံဖြင့် တတောက်တောက်ခေါက်ရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။ 


"လီကျားအာတစ်ယောက် သတင်းထုတ်ပြန်လို့ ပြီး၊ ရွမ်လင်ယီလည်း စာချုပ်ချုပ်လို့ ပြီးတဲ့အထိ စောင့်လိုက်ပါဦး ပြီးတော့မှ အမှန်တရားကို ထုတ်ပြကြတာပေါ့ ငါ့သားကိုများ လာပြီး ဆွဲချချင်‌တယ်ပေါ့ ဟုတ်လား ကုန်းကောက်စရာ မကျန်တဲ့အထိ အကုန်လုံး ဆုံးရှူံးသွားအောင်ကို လုပ်ပြမယ် ဘယ်သူက ပိုပြီး ကောက်ကျစ်ရက်စက်သလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့ ..." 


အိုး ဖာ့ခ် ရှောင်ကျားရှုက ရွှယ်မြောင်ရဲ့ သားပေါ့ ဟုတ်လား ဒါကမှ တကယ့် ပွဲအကြီးစားကြီး ... 


လက်ထောက်များမှာ အလွန် အံ့ဩတုန်လှုပ်သွား၍ ဤအဖြစ်အပျက်မှာ ရုပ်ရှင်များထက်ပင် ပိုပြီး ရုပ်ရှင်ဆန်သေးသည်ဟု ထပ်ကာထပ်ကာ တွေးမိလိုက်ကြတော့သည်။ 


ကိုယ့်ညီကို သေတဲ့အထိ ဆွဲချမယ့်သူရယ်လို့ ရှိမှမရှိခဲ့ဖူးတာ ... 


"မြောင်မြောင် ပူမနေပါနဲ့ ကျိမြန်ကလည်း သစ်ပင်ပေါက်ကလေးကို ခေါ်လာနေပြီ သိပ်မကြာခင် ရောက်လာလိမ့်မယ် ..." 


ရှို့ချန်ယုက ဖုန်းကိုကြည့်ကာ မေးလိုက်သည်။ 


"ရှောင်ချီကျဲကရော ဘာပြောလဲ ..." 


"သူ့ကို ပြန်လက်မထပ်သရွေ့ ရှောင်ရှုက သူ့သား မဟုတ်လို့ ဂရုမစိုက်နိုင်ဘူးတဲ့လေ ..." 


ရွှယ်မြောင်က သရော်လိုက်သည်။ 


"သူဂရုမစိုက်တော့ရော ဘာလုပ်ရမှာလဲ အိုး ဟုတ်သား ဒီတစ်ခေါက်တော့ ကျိမြန်ကို ကျေးဇူးတင်ရမှာပဲ မဟုတ်ရင် ငါတို့တွေ စစ်ဆေးမှုရလဒ်ကို ဒီလောက်မြန်မြန် ရလာမှာ မဟုတ်ဘူး ..." 


"U.S မှာ သူ့အဆက်အသွယ်တွေ ရှိနေတော့ မှတ်တမ်းရလာဖို့ဆိုတာ မခဲယဉ်းပါဘူး ..." 


ကျိမြန်အကြောင်း စကားစပ်မိကာမှ ရှို့ချန်ယုလည်း အလွန်အံ့ဩသွားရသည်။ ထိုသူသည် ဂျူနီယာများကို ဂရုစိုက်သည့်တိုင် အမှားအမှန် မသဲကွဲသည့် ကိစ္စများတွင် ဝင်ပါလေ့မရှိ၊ သူ့ကိုယ်သူ အင်မတန် ချစ်တတ်သည့် လူစားမျိုးဖြစ်သည်။ 


"ဘာပဲဖြစ်ဖြစ် သူ့ကို ကျေးဇူးတင်ရမှာပါပဲ အိမ်မှာဆို ရှောင်ရှုက သူ့ကို တအားချီးကျူးတာ စကားဆယ်ခွန်းမှာ ရှစ်ခွန်းက ကျိကောအကြောင်းတွေချည်းပဲ ..." 


သားဖြစ်သူ ရောက်လာတော့မည့်အကြောင်း ကြားရသည့်အခါ အေးစက်နေသည့် ရွှယ်မြောင်၏မျက်နှာမှာ ရုတ်ချည်း နူးညံ့သွားပြီး ကျေးဇူးတတင်ဖြင့် ပြောလိုက်သည်။


"ပြီးတော့ ရှင်တို့အားလုံးကိုရောပဲ ရှောင်ရှုကို ကူညီပေးဖို့ အမြန်ဆုံး ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီကိစ္စတွေ ပြီးသွားကာမှ ထမင်းတစ်နပ်လောက် လိုက်ကျွေးပါ့မယ် ..." 


"ရွှယ်ကျဲရေ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ ဒါက ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ ကျွန်မတို့က ရှိုးပွဲကြီး တစ်မျိုးတစ်ဖုံ ပြောင်းသွားမှာကို စောင့်ကြည့်ဖို့ ပိုပြီးတောင် စိတ်အားထက်သန်နေသေးတယ် ..." 


စုလွေ့က တီဗီကိုဖွင့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။ 


"ကျွန်မတော့ ဒီလူတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး ..."


Xxxxxx