အပိုင်း ၆၂
Viewers 45k

Chapter 62


ကျိမြန်၏ နှစ်သိမ့်ပေးမှုကြောင့် ရှောင်ကျားရှုမှာ တစ်ဖန် ပြန်လည်ရွှင်ပျလာကာ ခိုင်မာသော ခြေလှမ်းများနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ သို့သော် ရွှယ်မြောင်ကို တွေ့လိုက်ရချိန်တွင်တော့ ရုတ်ချည်း အားနည်းသွားရ‌ပြန်တော့သည်။ 


"မား ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ..." 


"ဖုန်းကလည်း ဆက်မရ၊ မင်းကလည်း ဘယ်ရောက်နေမှန်း မသိလို့လေ ဘယ်လိုဖြစ်လို့ မလာဘဲ နေနေနိုင်တော့မှာလဲ ..." 


သူမက သားဖြစ်သူ၏ နားရွက်ကို လှမ်းဆွဲမည် ပြုလိုက်သော်လည်း မျက်လုံးနှင့် နားရွက်တို့ ရဲရဲနီနေကာ ပါးနှစ်ဖက်တွင်လည်း တစ်သျှူးစတို့ ကပ်နေသည့်အတွက် ငိုထားကြောင်း ရိပ်မိသွားတော့သည်။ 


"ကြည့်ပါဦး ဘယ်လောက်ကြီးကျယ်တဲ့ ကိစ္စမို့လို့ ငိုရတာလဲ တန်လို့လား ..." 


သူမက သံမဏိဖြစ်မလာသည့် သံချောင်းကို မုန်းတီးဟန်ဖြင့် ခေါင်းခေါက်လိုက်သည်။ သို့သော် သူမ၏ နှလုံးသားမှာမူ နာကျင်နေပေတော့သည်။ ဤဖြစ်ရပ်ကို လုံးဝ မျက်နှာလွှဲခဲပစ် လုပ်မည်မဟုတ်၊ ပါဝင်သူတိုင်းအား ကြောက်မက်ဖွယ် ကောင်းလှသည့် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ခိုင်းမည်ဖြစ်သည်။ 


"မျက်နှာသွားသစ်ပြီးမှ ပြန်လာခဲ့ ဒီမှာ လူကြီးတွေ အများကြီး ရှိနေတာကိုတောင် မရှက်ဘူး ..." 


ရှောင်ကျားရှုမှာ ထိုအခါမှသာ ရုံးခန်းထဲ၌ လူကြီးများဖြင့် ပြည့်နှက်နေကြောင်း သတိထားလိုက်မိသည်။ အချို့ကို ငယ်စဉ်က တွေ့ဖူးသော်လည်း အချို့ကိုမူ လုံးဝ မတွေ့ဖူး။ သို့သော် ထိုသူအားလုံးက သူ့ကို ချစ်ခင်မှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည့်အတွက် ခွန်အားသတ္တိတို့ ပြည့်လျှံလာသည့်နှယ် ခံစားလိုက်ရတော့သည်။ လေးလေးစားစား ဦးညွတ်ပြရင်း မျက်နှာကို လက်ဖြင့်အုပ်လျက် ပြေးထွက်သွားတော့သည်။ 


"ရှောင်မြန်လည်း လာထိုင်လေ ဒီတစ်ခေါက်ကတော့ မင်းကို ကျေးဇူးတင်ရမှာပဲ ..." 


သူမက ကျိမြန်ကို လက်ယပ်ပြကာ လှမ်းခေါ်လိုက်သည်။ 


"ရွှယ်ကျဲက အရမ်းကြင်နာလွန်းနေပါပြီ ..." 


ကျိမြန်က ခပ်ပြုံးပြုံး ပြန်ဖြေရင်း ရှို့ချန်ယုဘေး ဝင်ထိုင်လိုက်သည်။ ဝါစဉ်အရဖြစ်စေ၊ ကြွယ်ဝမှုအရဖြစ်စေ ယခင့်ယခင်ကတည်းကပင် ထို big shot ကြီးများနှင့် တစ်စားပွဲတည်းထိုင်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ 


"ရှောင်ရှုက အိမ်မှာဆို မင်းအကြောင်း ခဏခဏ ပြောတာ မင်းကို တော်တော်လေးကို လေးစားနေတာလေ ..." 


ရွှယ်မြောင်က သက်ပြင်းချလိုက်သည်။ 


"အဖြစ်အပျက်တွေကိုတောင် သေသေချာချာ မမေးဘဲနဲ့ ရှောင်ရှုဘက်ကနေ ရပ်တည်ပြီး ပို့စ်တင်ပေးခဲ့တာ မင်းပါ ဆွဲချခံလိုက်ရမှာ မကြောက်ဘူးလား ..." 


"ကျွန်တော်က ရှောင်ကျားရှုကို ကောင်းကောင်း သိလို့ပါ ..." 


သူက များများစားစား ရှင်းမပြသော်ငြား ထိုတစ်ခွန်းကပင်လျှင် ရွှယ်မြောင် စိတ်ကျေနပ်ရန် လုံလောက်နေပြီဖြစ်သည်။ ကျိမြန်၏ လက်ရှိအနေအထားအရ ဤအရှုပ်အထွေးမျိုးတွင် ရောပါသွားရန်အကြောင်း မရှိပေ။ ခုနစ်နှစ်ဆက်တိုက် အနုပညာလောကတွင် ထိပ်သီးဖြစ်လာခဲ့သူအဖို့ ရှောင်မိသားစုကို မျက်နှာလုပ်နေရန်လည်း မလိုအပ်ချေ။ 


"မင်းရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဒိကိစ္စက မင်းကို ဆွဲမချစေရဘူးလို့ အာမခံတယ် ..." 


ရွှယ်မြောင်က ဆေးလိပ်တစ်ဘူးကိုထုတ်ကာ ပျူပျူငှာငှာ ကမ်းလှမ်းလိုက်သည်။ 


"သောက်ဦးမလား ..." 


"ကျေးဇူးပါ ရွှယ်ကျဲ ..." 


ကျိမြန်က ရှက်မနေ။ ဆေးလိပ်တစ်လိပ်ကို ဆွဲယူကာ လက်ချောင်းကြား ညှပ်ထားလိုက်သည်။ 


မျက်နှာသစ်ပြီး ပြန်ရောက်လာသော ရှောင်ကျားရှုက စားပွဲပေါ်ရှိ မီးခြစ်ကို အပြေးလေး ကောက်ကိုင်ကာ ခွေးပေါက်လေးသဖွယ် ခါးကိုကိုင်း၊ ခေါင်းကိုညွတ်လျက် မယ်တော်ကြီးရွှယ်မြောင်၏ ဆေးလိပ်ကို မီးညှိပေးလိုက်သည်။ ဤအပြုအမူမှာ သူငယ်စဉ်ကတည်းက အသားကျလာသည့်ပုံစံ ဖြစ်ပြီး ပြဿနာတစ်ခုခု ရှာမိလေတိုင်း လိမ်လိမ်မာမာဖြင့် ခိုင်းသမျှကို လုပ်ပေးလေ့ရှိသည်။ 


ရွှယ်မြောင်က ခနဲ့တဲ့တဲ့ပြုံးကာ ဆေးလိပ်ကို မီးညှိလိုက်သည်။ လိမ္မော်ရောင် မီးရောင်က ကျောက်စိမ်းသဖွယ် ဖြူဖွေးနေသည့် သူမ၏ မျက်နှာပေါ် ရောင်ပြန်ဟပ်ကာ သွေးရောင်သဖွယ် နီရဲနေသည့် နှုတ်ခမ်းတစ်စုံကို ပိုမိုပြီး စွဲမက်ဖွယ် ဖြစ်စေခဲ့သည်။ သို့သော် ကာယကံရှင်ကမူ သူမကိုယ်သူမ မည်မျှ ဆွဲဆောင်မှုရှိလှကြောင်းကို မေ့လျော့နေဟန်ပင်။ နှုတ်ခမ်းနှစ်လွှာကို အသာဟကာ ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။ 


"အန်တီစုတို့၊ အန်ကယ်ကျန်းတို့၊ ကျိကောတို့ကိုလည်း မီးညှိပေးလိုက်ဦး ..." 


"အိုကေပါ ..." 


ရှောင်ကျားရှုက အခွင့်အရေး လက်လွတ်သွားမည်ကို စိုးရိမ်သည့်အလား မီးခြစ်ကိုယူကာ တစ်ယောက်ပြီးတစ်ယောက် ခပ်သွက်သွက် မီးညှိပေးလိုက်သည်။ ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုတို့မှာမူ အစောကြီးကတည်းက မေ့ပျောက်သွားနှင့်ပြီဖြစ်သည်။ 


ကျိမြန်က နှလုံးသားကင်းမဲ့သည့် သခင်ငယ်လေးရှောင်ကို ငေးကြည့်ရင်း ခေါင်းအသာယမ်းကာ ချောင်းဟန့်လိုက်သည်။ 


"အန်ကယ်ရှို့ ..." 


သူက ရွှယ်မြောင်ကို ငေးကြည့်ရင်း အတွေးလွန်နေဟန်ရှိသော ရှို့ချန်ယုကို တမင်တကာ လှုပ်နှိုးလိုက်သည်။ 


"PR plan ကို ပြင်ဆင်ပြီးသွားပြီ မဟုတ်လား ကျွန်တော့်အကူအညီ လိုသေးလား ..." 


"မလိုတော့ဘူး မင်းတင်လိုက်တဲ့ ပို့စ်ကကို အကြီး‌‌ဆုံးအကူအညီ ဖြစ်နေပြီ ..."


ရှို့ချန်ယုက လက်ကို ယမ်းပြရင်း သူ့မျက်ဝန်းထဲရှိ အရူးအမူး ချစ်ခင်စိတ်တို့ကို ဖယ်ထုတ်လိုက်သည်။ 


ရွှယ်မြောင်ကမူ သူ၏ မူမမှန်မှုကို သတိထားမိသေးဟန်မတူ။ ဖုန်းကိုသာ သည်းကြီးမည်းကြီး ငုံ့ကြည့်ရင်း လှောင်ရယ်လိုက်သည်။ 


"အဲဒီ့ အကျင့်စာရိတ္တ ကောင်းလှပါတယ်ဆိုတဲ့ အနုပညာရှင်တွေနဲ့ ဆောင်းပါးရေးသူတွေကို အကုန် ‌မှတ်ထား သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ တစ်ယောက်ချင်းစီ လိုက်တရားစွဲပစ်မယ် သတင်းမှားဖြန့်ချီတာနဲ့ ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သွားပုတ်လေလွင့်ပြောတာက သာမန် အတင်းပြောတာ မဟုတ်ဘဲ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရမယ့် ပြစ်မှုတွေပဲ ..." 


"ဟုတ်ကဲ့ပါ ဥက္ကဌရွှယ် အခုချက်ခြင်း ချရေးထားလိုက်ပါ့မယ် ..." 


အတွင်းရေးမှူးက web page များကို တစ်ခုပြီးတစ်ခု screenshot ရိုက်ကာ သက်သေအဖြစ် သိမ်းထားလိုက်သည်။ 


ရှောင်ကျားရှုက မီးခြစ်ကိုချကာ ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်လျှင် ထိုင်စရာနေရာလွတ် မရှိတော့သည့်အတွက် ကျိမြန်ဘေးသို့ တိုးဝှေ့ပြီးသာ ဝင်ထိုင်လိုက်တော့သည်။ သူ ဝင်နှောင့်ယှက်ရမည့် အခန်းကဏ္ဍ မရှိတော့။ စားပွဲတစ်ခုလုံး နာရီဝက်အတွင်း သူ့အမေ စုစည်းထားသည့် စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေကာ မျက်မြင်သက်သေများကလည်း တရုတ်ပြည်သို့ ရောက်လာတော့မည်ဖြစ်သည်။ စစ်ပွဲကို တရားဝင် စတင်ရန်သာ ကျန်တော့သည်။ 


"ဂျင်းတို့မှာ ရင့်သည့်တိုင် စပ်နေဆဲ" ဟူသည့် စကားပုံကိုပင် အမှတ်ရမိတော့သည်။ သူ့အမေသည် နှစ်ပေါင်းနှစ်ဆယ် ကြာမြင့်သည့်တိုင် ရှောင်မိသားစုအတွက် ပါရမီဖြည့်ဖက် ဇနီးကောင်း၊ မိခင်ကောင်းတာဝန်ကို ကျေပွန်ခဲ့သော်ငြား သူမ၏ အတွင်းစိတ်ထဲတွင်မူ ခက်ထန်မှုနှင့် မာန်စွယ်တို့ကို ထိန်းသိမ်းထားဆဲဖြစ်သည်။ နူးညံ့တင့်တယ်လှသည့် အထက်တန်းလွှာအမျိုးသမီးတို့ ဝတ်နေကျဝတ်စုံမျိုးကို မဝတ်တော့ဘဲ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်သည့် အနက်ရောင်ဝတ်စုံတစ်ထည်ကိုသာ ပြောင်းလဲဝတ်ဆင်ထားပြီး နှုတ်ခမ်းတို့မှာလည်း မီး‌တောက်သဖွယ် နီရဲနေသည်။ ကြယ်ပွင့်များသဖွယ် အေးစက်လှသည့် မျက်ဝန်းနှင့် ဘုရင်မတစ်ပါးသဖွယ် ဝင့်ထည်လှသည့် ယခုပုံစံကိုသာ ပို၍ သဘောကျမိသေးသည်။ 


အစောပိုင်းက အနည်းငယ် စိတ်ထိခိုက်ခဲ့သေးသော်ငြား ယခုမူ လေထဲ မျောလုမတတ် ပျော်‌မြူးနေတော့သည်။ သူ့ခံစားချက်တို့ ကူးစက်လာသည့်အတွက် ကျိမြန်ပင်လျှင် မျက်နှာကို တင်းမထားနိုင်တော့။ မျက်လွှာချလျက် နဖူးကို ပွတ်သပ်ရင်းသာ တိတ်တဆိတ် သက်ပြင်းချလိုက်တော့သည်။ 


ဘုရားသခင်က အပြစ်ကင်းတဲ့သူတွေကို ချစ်တယ်ဆိုတာ တကယ်ကို အမှန်ပဲကိုး မဟုတ်သေးပါဘူး ပိုပြီး သင့်တော်တဲ့ ဆိုရိုးတစ်ခု ရှိပါသေးတယ် ဘာပါလိမ့် ရူးသွပ်တဲ့ လူငယ်လေးက ပိုပြီး ပျော်ရွှင်ရတယ်ဆိုတာလား ... 


သူ့စိတ်တို့ လေလွင့်နေရင်း နေ့လည်သုံးနာရီအချိန်သို့ ရောက်လာခဲ့တော့သည်။ လီကျားအာက သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပကာ Weibo တွင်ပါ တစ်ပါတည်း တိုက်ရိုက်ထုတ်လွှင့်လိုက်သည်။ ဦးစွာပထမ သူမက သူမ၏ သနားစဖွယ် ဆယ်ကျော်သက်ဘဝအကြောင်း ငိုကြွေးပြောဆိုပြီး နောက်ကွယ်ရှိ ရှောင်ကျားရှုကြောင့် ကွမ်ရှစ်၊ ကွမ်မြန်နှင့် လွေ့ရွှေ့တို့ကဲ့သို့သော ကုမ္ပဏီကြီးအားလုံး၏ ငြင်းပယ်မှုကို ခံရပါသည်ဟုပါ ဖွင့်ဟလာသည်။ ရှောင်ကျားရှုမှာ သူမကို အဓမ္မကျင့်ခဲ့သည့် ရာဇဝတ်ကောင်နှင့် သူငယ်ချင်းဖြစ်၍ သူမကို ရှင်းထုတ်လိုခဲ့ခြင်းဖြစ်ကြောင်းကို သက်ဆိုင်ရာဌာန၏ လက်ရှိတံဆိပ်တုံးပါ အမှုတွဲဖိုင်နှင့် ရှောင်ကျားရှုနှင့် ဟဲရီတို့ ငယ်စဉ်‌တောင်ကျေး ကလေးဘဝမှ အရွယ်ရောက်သည်အထိ ခင်မင်ရင်းနှီးခဲ့သည့် ဓာတ်ပုံများကို သက်သေအဖြစ် တစ်ပါတည်း ထုတ်ပြလာသည်။ သက်သေကွင်းဆက်မှာ အလွန်ရှင်းလင်းလှသည့်အတွက် အင်တာနက်သုံးစွဲသူအားလုံး မချိတင်ကဲ ရေရွတ်လိုက်ကြတော့သည်။ 


အခုခေတ် လူချမ်းသာမျိုးဆက်တွေက တော်တော်ကို ဂျိုကြွနေကြတာပဲ ဥပဒေကို ချိုးဖောက်ရုံတင် မကဘူး နစ်နာသူကိုပါ ထပ်ပြီး အနိုင်ကျင့်လိုက်သေးတယ် ရဲတွေက ဘာလုပ်နေကြတာလဲ ... 


"ငါ တိုင်ချက်ဖွင့်လိုက်ပြီ ဒီကိစ္စက လူထုရဲ့ အာရုံစိုက်မှုကို ရသွားပြီဆိုတော့ ရဲတွေကလည်း မျက်စိစုံမှိတ်ပြီး ကြည့်မနေနိုင်လောက်တော့ပါဘူး " 


အမှန်တရားကို မြတ်နိုးသူအချို့က ဤသို့ ပြောလာသည်။ 


တိုက်ရိုက်ထုတ်လွှင့်နေသည့် မိနစ်နှစ်ဆယ်အတွင်းမှာပင် အောက်ခြေသို့ ရောက်လုရောက်ခင်ဖြစ်နေသော လီကျားအာ၏ ကျော်ကြားမှုမှာ မိုးထိတိုင် မြင့်မားလာတော့သည်။ လူထု၏ ကရုဏာက သူမကို တစ်ဖန် ပြန်လည်ကျော်ကြားစေပြန်ကာ အမျိုးသမီးဝါဒီကို လက်ကိုင်ထားသည့် အင်အားစုများကပါ တရားမျှတမှုကို ရှာဖွေရန် သူမဘက်မှ ရပ်တည်ပေးလာကြတော့သည်။ ရှောင်ကျားရှု၏ follower မှာလည်း တစ်သန်းမှ ခြောက်သန်းအထိ ရုတ်ချည်း ထိုးတက်လာသော်ငြား အများစုမှာမူ သူ့ကို ဆူပူကြိမ်းမောင်းလိုသည့် anti-fan များသာ ဖြစ်ကြပေသည်။ 


မှတ်ချက်များကို ကြည့်နေသည့် ရှောင်ကျားရှုမှာလည်း အယုတ္တအနတ္တစကားများကိုသာ ဆက်တိုက် တွေ့နေ‌ရတော့သည်။ သူ့ကို အနိုင်ကျင့်တတ်သူ၊ အကျင့်မကောင်းသူဟု ပြောပါလျှင် သူ့အကြောင်းကို သူသာလျှင် အသိဆုံးဖြစ်သည့်အတွက် ထိုစကားများကို လျစ်လျူရှုထားနိုင်ပေသည်။ သို့သော် သူ၏ သရုပ်ဆောင်အရည်အချင်းကို ညံ့ဖျင်းသည်ဟု ပြောလာသည့်အခါတွင်မူ ယမ်းပုံမီးကျသည့်နှယ် ဒေါသတို့ ပေါက်ကွဲထွက်လာတော့သည်။


ငါက ဘာကိစ္စ သရုပ်ဆောင်တာ ညံ့ရမှာလဲ မင်းတို့က ငါသရုပ်ဆောင်ထားတာတွေ ဘယ်နေရာမှာရော မြင်ဖူးလို့လဲ ... 


သူက ထိုသို့ ပြန်ပြောလိုက်ချင်သော်ငြား ဘေးနားရှိ ကျိမြန်ကို ကြည့်လိုက်မိချိန်တွင် စိတ်ပျက်လက်ပျက်ဖြင့် လက်ပြန်ချထားလိုက်တော့သည်။ 


ဒါပေမယ့် ကျိကောနဲ့ ယှဉ်ကြည့်ရင်တော့ သူ့ရဲ့ သရုပ်ဆောင်တာက သရုပ်ဆောင်တယ်လို့ ခေါ်လို့ မရသေးဘူးပေါ့ အများကြီး တိုးတက်‌ဖို့ လိုနေသေးတာပဲ ဘာလဲ ငါတစ်ယောက်တည်းကိုပဲ ပြောဆိုနေတာဆိုရင်တော့ မေ့ပစ်လိုက်တော့မလို့ပဲ ဒါပေမယ့် မင်းတို့တွေက ကျိကောကိုပါ အမှားနဲ့အမှန် မခွဲခြားတတ်ဘူးဆိုပြီး ပြောလာကြတယ်ပေါ့ ဟုတ်လား ဒါကိုတော့ လုံးဝ သည်းမခံနိုင်ဘူးကွ ... 


အံတင်းတင်းကြိတ်ကာ ထိုသူများကို ပြန်လှန်ငြင်းရန် reply ခလုတ်ကို နှိပ်လိုက်သော်ငြား ကျိမြန်က ဖုန်းကို ဆွဲလုသွားလိုက်သည်။ 


"လျစ်လျူရှုထားလိုက် ဘာမှ အခြေအမြစ် မရှိဘူး ..." 


"အိုကေ ..." 


ရှောင်ကျားရှုက ရုတ်ချည်း ရပ်တန့်ကာ မူကြိုကလေးတစ်ယောက်နှယ် လက်နှစ်ဖက်ကို ဒူးပေါ်တင်လျက် ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့သည်။ ရွှယ်မြောင်နှင့် အခြားသူများမှာမူ လေးနာရီခွဲတွင် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲအတွက် အလုပ်များနေကြသည်။ 


ဦးစားပေးသင့်သည်များကို ဆောင်ရွက်ပြီးဖြစ်၍ ကျိမြန်လည်း အားလုံးကို နှုတ်ဆက်ကာ ထွက်ခွါရန် ပြင်လိုက်သည်။ ထို့နောက် ရှောင်ကျားရှုကို ဖုန်းပြန်ပေးရင်း အကြံပေးလိုက်သည်။ 


"Weibo ကို မကြည့်နဲ့ မှတ်ချက်တွေကိုလည်း ပြန်မပြောနဲ့ မင်းသဘောထားကို အသံတိတ် ထုတ်ပြလိုက် ..." 


သဘောထားကို ပြဖို့ အသံတိတ် တုန့်ပြန်ရမယ် ဟုတ်လား ဒါပေါ့ လူတစ်စုက မင်းအကြောင်း မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာတောင် တည်ငြိမ်‌နိုင်သေးတယ်ဆိုရင်ကို တစ်ပန်းသာနေပြီ ဘာလို့လဲသိလား မင်းရဲ့ နှလုံးသားက သူတို့ထက် ကြံ့ခိုင်လို့ပဲ ... 


ရှောင်ကျားရှုက မျက်လုံးထောင့်စွန်းကို ခပ်ဖွဖွသုတ်ရင်း ပြောလိုက်သည်။ 


"ကျိကော ကျေးဇူးတင်ပါတယ် ..." 


ကျိကောသာ မရှိပါလျှင် သူလည်း ဤကဲ့သို့ တောင့်ခံနိုင်လောက်မည်မထင်။ အနိမ့်အမြင့် အတက်အကျများစွာ ကြုံတွေ့လိုက်ရသည့်တိုင် သရုပ်ဆောင်ရခြင်းကိုတော့ နှစ်သက်ဆဲဖြစ်ပြီး ဤအလုပ်ကို ရွေးချယ်ခဲ့သည့်အတွက်လည်း နောင်တမရမိပေ။ 


ကျိမြန်က သူ့ခေါင်းကို ပုတ်ပေးရင်း ခပ်ဖွဖွပြုံးကာ ခေါင်းယမ်းပြပြီး ခံစားချက်အပြည့်ဖြင့် ထွက်လာလိုက်သည်။ ၂၆ လွှာသို့ ပြန်ရောက်သည့်အခါ ဖန်ခွင်း၊ လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ကို ရုံးခန်းထဲ ခေါ်လိုက်၏။ 


"ငါ ဒီမနက်က ဆုံးဖြတ်ချက်ချတာ မှားသွားတယ် ..." 


သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"မင်းတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို မကန့်သတ်ခဲ့သင့်ဘူး လဲ့ယန် အခုကနေစပြီး မင်းကို တစ်ယောက်တည်း လွတ်ထားလိုက်ပြီ အလုပ်နဲ့ ပတ်သက်ပြီး မင်းစိတ်ကြိုက်စီစဉ်တော့ ဖန်ခွင်း အချိန်ဇယားကို ချိန်ဖမ်းရှင်းဆီ ပြန်ပေးလိုက် ..." 


"ဟုတ်ကဲ့ပါ ကျိကော ..." 


ဖန်ခွင်းက တစ်လုံးမှ စောဒကမတက်ဘဲ မနက်ပိုင်းက သူယူထားသည့် အချိန်ဇယားကို ပြန်ပေးလိုက်သည်။ 


ချိန်ဖမ်းရှင်းက ကျိမြန်ကို ချက်ခြင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ သူ့အနေဖြင့် အောက်ခြေသိမ်းအလုပ်များကို ဆက်မလုပ်လိုတော့။ လဲ့ယန်တွင် ဥက္ကဌကျိ၏ အထောက်အပံ့များ ရှိနေပြီဖြစ်ရာ သူသည်လည်း အနှေးနှင့်အမြန် ရွှေအဆင့်မန်နေဂျာ ဖြစ်လာတော့မည်ဖြစ်သည်။ 


"ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး မေးစရာရှိရင် ဖန်ခွင်းကိုမေး သူက မင်းထက် အတွေ့အကြုံပိုများတယ် ရှေ့လျှောက် ငါ့ကို ပုံမှန်လုပ်နေကျ အဓိက PR ပွဲတွေကလွဲလို့ လဲ့ယန်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး အစီရင်ခံစရာ မလိုတော့ဘူး ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


"အားလုံး ထွက်သွားလို့ရပြီ ..." 


သုံးယောက်သား အတန်းလိုက် ထွက်သွားကြတော့သည်။ ဖန်ခွင်းက စိတ်သက်သာရာ ရသွားကာ ချိန်ဖမ်းရှင်းက ပျော်မြူးနေသည်။ စိတ်ပျက်သူဟူ၍ လင်းလဲ့ယန်တစ်ဦးသာ ရှိပေသည်။ သူက တံခါးအပြင်ဘက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အနည်းငယ် ရှုပ်ထွေးသလို ခံစားလိုက်ရတော့သည်။ ကျိမြန်သာ သူ့လွတ်လပ်ခွင့်ကို ကန့်သတ်ပါလျှင် စိတ်ပျက်ကာ ဒေါသထွက်မည် ဖြစ်သော်လည်း ဘာတစ်ခုကိုမှ ဂရုမစိုက်တော့ဟု သိလိုက်ရသည့်အခါတွင်မူ လမ်းပင် မလျှောက်နိုင်လောက်တော့အောင် လစ်ဟာသွားတော့သည်။ 


Xxxxx