အပိုင်း ၆၈
Viewers 44k

Chapter 68


ဗီဒီယိုကို ကြည့်ပြီးသည့်အခါ လင်းလဲ့ယန် like ပေးခဲ့သော ပို့စ်ကို သတိရသွားသည့် အင်တာနက်သုံးစွဲသူများက သူ့ကို လှောင်ပြောင်ရယ်မောလိုက်ကြတော့သည်။ 


"အကျိုးနည်း လင်းလဲ့ယန်ဆိုတဲ့ လူသစ်လေးက ငါတို့ မူချင်ကျဲကို ကန်ရုံတင်မကဘူး ဒီပို့စ်ကိုပါ like လုပ်လိုက်သေးတယ် အရှက်မရှိလိုက်တာ လေးစားမှုဆိုတဲ့ စကားလုံးကိုရော ချရေးတတ်ရဲ့လား နင်နဲ့ လီကျားအာ ဘာများ ကွာခြားသေးလို့လဲ " 


လီကျားအာ၏ နာမည်ဂုဏ်သတင်းမှာ ပျက်စီးသွားပြီဖြစ်ရာ သူမ၏နာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စက်ဆုပ်ရွံရှာစိတ်တို့ ပေါက်ကွဲထွက်လာကြတော့သည်။ သူတို့က လင်းလဲ့ယန်၏ စိတ်ပျက်ဖွယ်လုပ်ရပ်ကို ပိုမိုထင်ရှားလာစေရန် လီကျားအာနှင့် နှိုင်းယှဉ်လိုက်ကြတော့သည်။ မြောင်မူချင်၏ ပရိသတ်များက Weibo အနှံ့ နေရာယူထားသည့်အတွက် သူ့ကိုယ်ပိုင်ပရိသတ်များကပင်လျှင် သူ့ကို အပြစ်တင်နေကြောင်း သိလိုက်ရသည့်အခါ လင်းလဲ့ယန်မှာ ပျာယာခတ်သွားတော့သည်။ 


PR ဌာနက ကျိမြန်၏ ညွှန်ကြားချက်ကို ရရှိထားပြီးဖြစ်၍ သူ့အတွက် တိုက်ခိုက်ပေးမည့် ရေတပ်အမြောက်အများ ငှားရမ်းကာ ရှင်းပြ၍ဖြစ်စေ၊ စကားလမ်းကြောင်းလွှဲ၍ဖြစ်စေ အခြေအနေကို ထိန်းချုပ်လိုက်သည်။ သိူ့သော် ထိုထိန်းချုပ်မှုမှာလည်း ကြာရှည်မခံ။ "o=" အမည်ရ account ပိုင်ရှင်တစ်ဦးက လင်းလဲ့ယန်ကို အဆုံးအထိ ‌ဆွဲချသွားနိုင်သည့် screenshot အမြောက်အများ ထုတ်ပြလာသည်။ မြောင်မူချင်အကြောင်း အပုပ်ချသည့် ဆောင်းပါးကို like‌ ပေးထားသူမှာ လင်းလဲ့ယန်တစ်ဦးတည်း မဟုတ်၊ ချိန်ဖမ်းရှင်းကလည်း မြောင်မူချင်၊ ရှောင်ကျားရှုတို့အကြောင်း အပုပ်ချထားသည့် ဆောင်းပါးမှန်သမျှကို like ပေးထားသေးသည်။ 


ဒါတွေက အခုလေးဆယ်လောက် ရှိတာ‌ဆိုတော့ အကုန်လက်ချော်သွားတာတော့ မဟုတ်ပါဘူးနော် ... 


ချိန်ဖမ်းရှင်းက လင်းလဲ့ယန်ရဲ့ အေးဂျင့်လေ ရှင်းရှင်းပြောရရင် သူက လင်းလဲ့ယန်ရဲ့ အမြင်ကို ကိုယ်စားပြုတဲ့သူပဲ ရေတပ်တွေ ပြောသလို နားလည်မှုလွဲတာ မဟုတ်ဘဲ တကယ်ကို မုန်းနေကြလို့သာ ဒီလိုဖြစ်လာတာပေါ့ ...


PR ဌာနမှာ လူထုအမြင်ကို ပြောင်းလဲနိုင်ရန် အလို့ငှာ ရေတပ်အများအပြား ငှားရမ်းကာ အဓိကသတင်းဌာနများကိုပါ ဤကိစ္စနှင့် ပတ်သက်၍ သတင်းမရေးရန် ဆက်သွယ်လိုက်ရတော့သည်။ သတင်းရေးမည့်သူ မရှိပါလျှင် "ရှောင်ကျားရှုနှင့် မြောင်မူချင်တို့၏ မကောင်းကြောင်း ရေးထားသည့် ဆောင်းပါးကို like ပေးခဲ့သည့် လင်းလဲ့ယန်" ဟူသည့် အဖြစ်အပျက်မှာ သိပ်မကြာခင် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ သူ့ကျော်ကြားမှုကို ထိခိုက်သွားသည့်တိုင် များစွာ နစ်နာသွားမည်တော့ မဟုတ်ပေ။ 


PR ဌာနမှ ဖုန်းကို လက်ခံရရှိပြီးနောက်တွင်တော့ ကျိမြန်မှာ သူ့ကိုယ်သူ စကားလုံးတစ်လုံးဖြင့်သာ ဖော်ပြနိုင်တော့သည်။ "သေလုအောင် ပင်ပန်းနေပြီ" 


သူက ဖြူလျော်နေသည့် လင်းလဲ့ယန်ကို စိုက်ကြည့်ကာ မပီမသ ရေရွတ်လိုက်သည်။ 


"ရှေ့လျှောက် ဂရုစိုက် ..." 


ထို့ထက် ပိုပြောလိုက်ချင်သော်ငြား ပြောစရာစကား မရှိတော့ပေ။ လင်းလဲ့ယန်မှာ သိမ်မွေ့ကျိုးနွံဟန် ရှိသော်ငြား အမှန်စင်စစ်တွင်မူ မည်သူမှ လိုက်မမီနိုင်လောက်အောင် ခေါင်းမာသူဖြစ်သည်။ အခြားသူများ မည်မျှပင် ပြောနေပါစေ သူ့အတွေးကို လုံးဝ မပြောင်းလဲတတ်သူဖြစ်သည်။ 


"နားလည်ပါပြီ ကျိကော ကျွန်တော့်ကို ပြောနေတဲ့သူတွေ ရှိနေသေးတော့ အဆင်ပြေပါ့မလားဟင် ..." 


သူက မသက်မသာဖြင့် မေးလိုက်သည်။ 


"ဒီဖြစ်ရပ်က အဆိုးဘက်ကို သက်ရောက်မသွားအောင်ပဲ ထိန်းချုပ်နိုင်မှာ လူတွေရဲ့ စကားကိုတော့ လိုက်ပြီး မကန့်သတ်နိုင်ဘူး ဒီကိစ္စမှာ မင်းက အဓိကလူ မဟုတ်လို့ ပြီးသွားတာနဲ့ ဘယ်သူမှ အွန်လိုင်းပေါ်မှာ ပြောနေမှာ မဟုတ်ဘူး ဒါပေမယ့် မင်းရဲ့ အနုပညာလမ်းကြောင်းမှာတော့ အမည်းစက်ကြီး ဖြစ်သွားလိမ့်မယ် ဒါကြောင့် ရှေ့လျှောက် အပြောအဆို အပြုအမူတွေကို သေချာသတိထား အလားတူအမှားမျိုး ထပ်မလုပ်မိစေနဲ့ ..." 


ကျိမြန်က တစ်ခဏမျှ တွေးပြီးနောက် ထုတ်ပြောလိုက်သည်။ 


"ဒီဖြစ်သွားတဲ့ ကိစ္စတွေကို ကြည့်ကြည့်ရင် ချိန်ဖမ်းရှင်းက အေးဂျင့်ဖြစ်ဖို့ အရည်အချင်းမရှိမှန်း သိလောက်ရောပေါ့ မင်းအတွက် သင့်တော်တဲ့ အေးဂျင့်တစ်ယောက်လောက် ပြန်ရွေးပေးရမလား ..." 


"မလိုသေးပါဘူး ကျိကော ဖမ်းရှင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် မသိလို့ အင်တာနက်ပေါ်က စကားတွေကို နားယောင်သွားတာပါ သူ့ကို အခွင့်အရေး‌လေး တစ်ကြိမ်လောက် ထပ်ပေးလိုက်ပါဦး ကျွန်တော်တို့နှစ်ယောက်က အတူတူ ကြီးပြင်းလာတာ ဆင်းရဲအတူတူ ချမ်းသာအတူတူ အကုန်လုံးကို မျှဝေပါ့မယ်လို့ ကတိပေးထားတာ တကယ်လို့ ကျွန်တော်သာ လက်မချော်သွားရင် သူလည်း ဒီလိုလုပ်မိမှာ မဟုတ်ဘူး အကုန် ကျွန်တော့်အမှားတွေပါ ..." 


လင်းလဲ့ယန်၏ မျက်လုံးတို့မှာ ပူပန်မှုကြောင့် ရဲရဲနီနေတော့သည်။ သူ့အပေါ် ကောင်းသူကို တစ်သက်လုံး သတိရနေပေးမည်ဖြစ်ကာ သူ့အပေါ် ဆိုးသူကိုလည်း တစ်သက်လုံး မေ့ဖျောက်ပစ်မည် မဟုတ်ပေ။ သူ့ပုံစံမှာ နူးညံ့ပုံ ပေါ်သော်လည်း အလွန် ခေါင်းမာလှသူဖြစ်သည်။ 


ကျိမြန်က မျက်လွှာချကာ နဖူးကို ပွတ်သပ်လျက် သက်ပြင်းချလိုက်သည်။ 


"ပြောစရာရှိတာအကုန် ပြောပြီးသွားပြီ သူ့ကို တတိယအကြိမ် အခွင့်အရေး ပေးလိုက်မယ် ဒါပေမယ့် လဲ့ယန် ဒါက အနုပညာလောကဆိုတာ မမေ့လိုက်နဲ့ သူသာ နောက်ထပ်အမှားတစ်ခု ထပ်လုပ်ရင် မင်းရဲ့ လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားလိမ့်မယ် ဒီတစ်ခေါက် သူ့ကို ကူညီရင်း မင်း ထိခိုက်သွားတယ် ဒီလိုမျိုးတွေ ဆက်တိုက်ဆက်တိုက် ဖြစ်လာရင် သည်းခံနိုင်ဦးမှာလား အေးဂျင့်တစ်ယောက်အနေနဲ့ သူ့မှာ အမြင်လည်း မရှိဘူး အန္တရာယ်ကို သတိပြုနိုင်စွမ်းလည်း မရှိဘူး အချက်အလက်ကို နှိုင်းယှဉ်စဉ်းစားနိုင်စွမ်းလည်း မရှိဘူး သူက အေးဂျင့်လုပ်ဖို့ အရည်အချင်း မပြည့်မီဘူး ..." 


"ကျိကော ကျေးဇူးပြုပြီး သူ့ကို အခွင့်အရေး ထပ်ပေးဖို့ တောင်းပန်နေတယ်လေ ..." 


ကျိမြန် မည်သို့ပင် ပြောနေပါစေ သူက ဤအတိုင်းသာ ထပ်ကာထပ်ကာ ပြန်ပြောနေလိုက်သည်။ ကျိမြန်သာ သဘောမတူပါလျှင် ဒူးထောက်တောင်းပန်ဦးမည်ဖြစ်သည်။ 


ကျိမြန်မှာ ပြောစရာစကားပင် မရှိတော့။ 


"အိုကေ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးလိုက်မယ် လေ့ကျင့်ရေးဌာနကို ရက်နည်းနည်းလောက် သွားပြီး အရည်အချင်းပြည့်မီတဲ့ အေးဂျင့်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သင်ယူခိုင်းလိုက် ..." 


"ဟုတ်ကဲ့ပါ ကျိကော ကျေးဇူးတင်ပါတယ်..." 


လင်းလဲ့ယန်က ဝမ်းသာအားရဖြင့် ပြန်သွားလိုက်သည်။ ချိန်ဖမ်းရှင်းကိုမူ အလုပ်ပြုတ်ခါနီးနေပြီဟု မပြောဘဲ လေ့ကျင့်ရေးဌာနသို့သာ သွားခိုင်းလိုက်သည်။ ထိုသို့ဖြင့် နားလည်မှု လွဲမှားသွားကြတော့သည်။ ချိန်ဖမ်းရှင်းကမူ ကုမ္ပဏီက သူ့ကို ပျိုးထောင်‌ပေးရန် ကြိုးစားနေသည်ဟု အတွေးရောက်ကာ မပူပန်သည့်အပြင် ဘဝင်ပင် မြင့်သွားတော့သည်။ 


လင်းလဲ့ယန် ထွက်သွားကာမှ ကျိမြန်လည်း စိတ်အေးသွားရတော့သည်။ ထိုင်ခုံကို မှီထိုင်လျက် ခေါင်းကိုယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။ 


လူတွေရဲ့ စိတ်နှလုံးကို ထိုးဖောက်ပြီး မြင်လာလေ ပိုပြီး ဉာဏ်မမီတော့လေပဲ လူတွေရဲ့ စိတ်နှလုံးက အရှုပ်ထွေးဆုံးလို့ သတ်မှတ်ဖို့ တကယ်ကို ထိုက်တန်ပါတယ် ဟိုးအရင်က လင်းလဲ့ယန်နဲ့ အတူတူနေရင် ဘာလို့ စိတ်သက်သာပျော်ရွှင်တယ်လို့ ခံစားခဲ့ရတာလဲ အခုကျတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ မသိခဲ့တော့သလိုပဲ ဒါတွေက ဘယ်သူ့အမှားလဲ သူကပဲ


တစ်ဖက်သတ်ဆန်လွန်းနေတာလား လင်းလဲ့ယန်ကပဲ သူ့အပေါ် မပွင့်လင်းတာလား ... 


ထိုသို့ တွေးမိပြီးနောက် မျက်နှာကို အုပ်လျက်သာ သက်ပြင်းချလိုက်တော့သည်။  


အင်တာနက်သုံးစွဲသူများ၏ စိတ်အားထက်သန်မှုမှာတော့ မချုပ်ငြိမ်းသေး။ သတ္တိကောင်းလှသည့် သတင်းထောက်တစ်ယောက်က ရှောင်ဆေးဝါးလုပ်ငန်းစု ရုံးချုပ်ရှေ့တွင် ရှောင်တင်းပန်းကို ပိတ်ဆို့ကာ မေးမြန်းလိုက်သည်။ 


"အခုဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဘယ်လို မြင်ပါသလဲ ပြီးတော့ ရွမ်လင်းယီအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်က အရမ်းကို အကြင်နာတရား ကင်းမဲ့လွန်းတယ်လို့ရော ထင်ပါသလား ..." 


ရှောင်တင်းပန်းက လျစ်လျူရှုထားသည့်အတွက် သက်တော်စောင့်များက ဆွဲထုတ်သွားရန် ပြင်လိုက်သည်။ သို့သော် သူက သတင်းထောက်၏ စကားကို ရပ်နားထောင်ကာ ပြန်ဖြေလိုက်၏။ 


"ဒါဆို မင်းကရော ငါ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ ..." 


သတင်းထောက်က ချက်ခြင်း ပြန်ဖြေလိုက်သည်။ 


"ပွဲပြီးတဲ့အထိ စောင့်ပြီးမှ ဒီကိစ္စကို ဆွေးနွေးရမှာပေါ့ ဘာပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ကိုတော့ အရှက်တကွဲအကျိုးနည်းဖြစ်သွားအောင် လုပ်လို့ မရဘူးလေ ..." 


ရှောင်တင်းပန်းက လှောင်ရယ်လိုက်သည်။ 


"ငါ့ညီရဲ့ ကြော်ငြာကို လုယူဖို့အတွက် ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးပြီး သူ့ဘဝတစ်ခုလုံး ပျက်စီးသွားအောင်ပါ ကြံစည်ခဲ့တဲ့မိန်းမလေ ငါ ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေကို ဒီလိုမျိုး ငါ့ညီအပေါ် ယုတ်မာခဲ့တဲ့ မိန်းမဆီ ပေးပစ်ရမယ်လို့ ဆိုလိုချင်တာလား ..." 


သူက သတင်းထောက်ကို ညွှန်ပြရင်း အမိန့်ပေးလိုက်သည်။ 


"ဆွဲထုတ်သွား စိတ်ကျန်းမာရေး ပြဿနာ ရှိနေတဲ့သူတွေနဲ့ စကားဆက်မပြောနိုင်ဘူး မင်းရဲ့မိသားစုကို ထိခိုက်အောင် လုပ်ထားတဲ့သူကိုတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်လို့ တွေးနေသေးတယ်ပေါ့ မင်းမိသားစုအစား စိတ်မကောင်းလိုက်တာ ..." 


သတင်းထောက်များက သူ့ကို ချက်ခြင်း ‌ဆွဲထုတ်သွားသည်။ ကျန်သတင်းထောက်များက ဖြစ်စဉ်အစအဆုံးကို မှတ်တမ်းတင်ကာ သူတို့၏ လေးစားမှုကိုပါ ဖော်ပြလိုက်ကြသည်။ 


Real-time report ထွက်လာချိန်တွင်တော့ အင်တာနက်သုံးစွဲသူအားလုံး သောင်းသောင်းဖျဖျ ဖြစ်ကုန်ကြတော့သည်။ 


ဒီလောက်နှစ်တွေအကြာကြီး ကြာတာတောင် မီဒီယာရှေ့မှာ စကားမပြောဖူးတဲ့ ရှောင်တင်းပန်းက သူ့ညီလေးကို ကာကွယ်ဖို့ ဒီလောက်အရှည်ကြီး ပြောလိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး ညီလေးကို အရမ်း သည်းသည်းလှုပ် ချစ်တတ်တာပဲ ရှောင်ကျားရှုရဲ့ ဘဝကြီးက ကောင်းတာထက်ကို ပိုပြီး ကောင်းလိုက်တာ နတ်ဘုရားမ ရွှယ်မြောင်က အမေ၊ ပြီးတော့ ရှောင်တင်းပန်းလို ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျှံထွက်နေတဲ့ ဥက္ကဌကြီးကိုလည်း အစ်ကိုတော်ထားရသေးတယ် အနာဂတ်အကြောင်း ပူပန်နေစရာရော လိုသေးရဲ့လား သူ့မျက်လုံးတွေ ပိတ်ပြီး လမ်းလျှောက်ရင်တောင် ဒီသခင်လေးကို ဘယ်သူမှ ဝင်တိုက်ရဲမှာ မဟုတ်ဘူး ..."


 


သတင်းစာရှင်းလင်းပွဲပြီးနောက် ရှောင်ကျားရှုက Weibo ကြည့်ရင်း သူ့အမေ မိတ်ကပ်ဖျက်နေသည်ကို စောင့်နေလိုက်သည်။ သူ၏ ဗလာအမူအယာမှာ တစ်ဖြည်းဖြည်း အေးစက်လာတော့သည်။ သူ့ကိုသာမက ဟဲရီကိုပါ အပုပ်ချနေသူများအား တွေ့လိုက်ရ၏။ အင်တာနက်သုံးစွဲသူများက သူသည် တွက်ချက်တတ်သူတစ်ဦး၊ ထို အကဲဖြတ်မှုအတွက် တင်ပြချက်မှာလည်း ရှိုးလုပ်နေခြင်းသပ်သပ်ဟု ပြောလာကြသော်ငြား ထိုစကားတို့မှာ သူ့အတွက်တော့ အရေးမပါလှပေ။ သို့သော် ဟဲရီကို သေသင့်သည်ဟု ပြောလာသူများပင် ရှ်ိလာတော့သည်။ 


"မိန်းမတစ်ယောက်ကို ကိုင်တွယ်တာ ဘာလို့ ဒီလောက် ရူးသွပ်ရတာလဲ လီကျားအာကိုသာ ‌အစောကြီးကတည်းက သတ်လိုက်ရင် အကုန်လုံးကိူ ရှောင်ရှားပြီးသား ဖြစ်မှာကို" 


အချို့က ပြောလိုက်သေးသည်။ 


"သူ လီကျားအာကို မသတ်ချင်ပါဘူးလို့ ပြောနိုင်လို့လား နောက်မှ သတ်မယ်ဆိုပြီး လုပ်ထားတာကို သူမက ဦးအောင် တရားစွဲလိုက်လို့ နေမှာပေါ့ နှစ်ယောက်စလုံး ရွံစရာကောင်းလိုက်တာ " 


ဤသို့သော အလားတူမှတ်ချက်မျိုး အများအပြားပင်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့ကိုယ်သူတို့သာ အကြီးမြတ်ဆုံးဟု အထင်ရောက်ကာ တစ်ပါးသူကို နစ်နစ်နာနာ ပြောဆိုထင်ကြေးပေးကြသူများမှာ နေရာအနှံ့တွင် ရှိနေဆဲဖြစ်သည်။ 


ရှောင်ကျားရှုက ဤသို့ကြုံလာရမည်မှန်း သိထားသဖြင့်လည်း အများရှေ့ ချမပြခြင်းဖြစ်သည်။ 


ငါ့သူငယ်ချင်းက ဆုံးပါးသွားပြီလေ ဘာလို့ အေးချမ်းသွားတဲ့သူကို ထပ်ပြီး နှောင့်ယှက်နေဦးမှာလဲ လီကျားအာက အပြစ်ပေးခံလိုက်ရပြီဆိုပေမယ့် ငါယုံကြည်တယ် သူသေလို့ မြေအောက်ကမ္ဘာကို ရောက်တဲ့အခါမှာလည်း ဒီပြစ်မှုတွေ ပြန်ပေါ်လာဦးမှာပဲ ... 


သူက လူသိများနေသော သရော်ချက်တစ်ခုကို စက်ဝိုင်းဝိုင်းကာ ပေါက်ကရ လျှောက်မပြောရန် သတိပေးသည့် ပို့စ်တစ်ခု တင်လိုက်သည်။ ထိုအခါ မှတ်ချက်ကဏ္ဍတစ်ခုလုံး သက်ဝင်လှုပ်ရှားလာပြီး ကြင်နာတတ်သည့် ပရိသတ်များက သူ့ကို ကူညီရှင်းလင်းပေးကာ ချစ်ချစ်ခင်ခင် ပြောလိုက်ကြသည်။ 


"ငါတို့ကလေးလေးက ဒီလောက်အထိ အရွယ်ရောက်လာလိမ့်မယ်လို့တောင် မထင်ထားမိဘူး မျက်စိတစ်မှိတ်အတွင်းမှာကို အသက် ၂၀ ဖြစ်သွားပြီ အချိန်တွေက မြန်လိုက်တာ " 


"‌သစ်ပင်ပေါက်ကလေးကို ကြည့်ရတာ ဘာလို့ ရင်းနှီနေပါလိမ့်လို့ တွေးနေတာ မျက်ခုံးတွေ၊ မျက်လုံးတွေကို ကြည့်လိုက်ပါဦး မြောင်မြောင်ကို ကော်ပီကူးထားတဲ့အတိုင်းပဲ မြောင်မြောင်ရဲ့ မျိုးရိုးဗီဇက တကယ်ကို သန်မာတာပဲ သူမရဲ့ ကလေးက ကောင်းကွက်တွေ အကုန်လုံးကို ရထားတာနော် " 


"Weibo ကို နေ့တိုင်းလာပြီး ငါတို့ရဲ့ သစ်ပင်ပေါက်ကလေးကို ရေလောင်းပေးရအောင် ဒါမှ သူ မြန်မြန် ကြီးထွားလာမှာ " 


.... 


ထိုသူများမှာ ရွှယ်မြောင်၏ သစ္စာရှိပရိသတ်များဖြစ်ကြောင်း တွေးကြည့်ရန်ပင် မလိုပေ။ သူတို့က နတ်ဘုရားမကို ချစ်မြတ်နိုးကာ အားပေးထောက်ပံ့သည့်အပြင် ရှောင်ကျားရှု၏ Weibo ကိုပါ နေ့စဉ် လာကြည့်သည့်အတွက် follower အရေအတွက်မှာ နာရီပိုင်းအတွင်းမှာပင် ဆယ်သန်းကျော်သွားတော့သည်။ ရှောင်ကျားရှုက တစ်ချို့ကို reply ပြန်လိုက်ကာ သူ့အမေ၏ page ကို သွားကြည့်လိုက်သည်။ 


မိတ်ကပ်ဖျက်ပြီးသော ရွှယ်မြောင်က သားဖြစ်သူကို ကြည့်ကာ ပြုံးလိုက်သည်။ 


"ရှောင်ရှု မားရဲ့ ပရိသတ်တွေ အုံလိုက်ကြီး ရောက်ချလာတော့ စိတ်‌အနှောင့်အယှက် ဖြစ်နေပြီလား ..." 


"မဟုတ်တာ ဘာလို့ ဖြစ်ရမှာလဲ ..." 


သူက ငြင်းလိုက်သည်။ 


Xxxxxxx