အပိုင်း ၆၉
Viewers 45k

Chapter 69


"မား ဘယ်တုန်းက Weibo စသုံးလိုက်တာလဲ ကျွန်တော့်ကိုတောင် မပြောဘူး ..." 


Weibo တွင် ရွှယ်မြောင်ဟူသည့် account များ အများအပြား ရှိသော်ငြား တစ်ခုမှ အစစ်မဟုတ်ပေ။ ထို့ကြောင့် အင်တာနက်သုံးစွဲသူများသည် လွန်ခဲ့သည့် သုံးရက်ကမှ ဖွင့်ထားသည့် account ကို သူတို့နတ်ဘုရားမ၏ account အစစ်ဟု မထင်ကြပေ။ 


"မင်းအဖေနဲ့ ကွာရှင်းပြီးကတည်းက တစ်ခုလောက် ဖွင့်ချင်နေတာ အင်တာနက်ပေါ်က လူတွေက မင်းကို တမင်တကာ မကောင်းပြောနေ‌တယ်လို့ သိလိုက်ရတော့ တစ်ခုလောက် ယာယီဖွင့်လိုက်တာလေ ..." 


သူမက ထပ်ပြောလိုက်သည်။ 


"ရှောင်ရှု တကယ်လို့လေ တစ်ယောက်ယောက်က သားကို အမေ့ကြောင့်သာ အနုပညာလောကထဲ ဝင်လာနိုင်တာ အရင်းအမြစ်ကောင်းတွေ ရဖို့လည်း အမေ့ရဲ့ အဆက်အသွယ်ပေါ် မှီခိုနေရတာလို့ ပြောလာရင် သား စိတ်ညစ်မှာလားဟင် ..." 


ရှောင်ကျားရှုက လက်မခံ။ 


"အမေ ဒါကြီးက ယုတ္တိမရှိဘူးလေ အနုပညာလောကထဲ ဝင်ဖို့ အမေ့ကို မှီခိုရတယ် အမေ့ကြောင့်ပဲ အရင်းအမြစ်ကောင်းတွေ ရတယ် ဒါက ဘာ စိတ်ပျက်စရာ လိုလို့လဲ ..." 


တစ်ခဏ တွေးကြည့်ပြီးနောက် သဘောပေါက်သွားသည့်အခါတွင်တော့ ရယ်ရခက် ငိုရခက်လာတော့သည်။ 


"မားရဲ့ အတွေးတွေက များလွန်းနေပြီ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ရင် အရည်အချင်း မရှိသေးလို့ ကောင်းကောင်းလုပ်နိုင်ရင် ကြိုးစားလို့ပေါ့ ဒါက မားနဲ့မှ မဆိုင်တာ ကျွန်တော့်မှာ ကူညီပေးနိုင်တဲ့ အမေကောင်းတစ်ယောက် ရှိတယ်ဆိုတဲ့ ကိစ္စက သူများတွေ ဖျက်လိုဖျက်ဆီး လုပ်ရမယ့်ဟာမှ မဟုတ်တာ ကျွန်တော်တို့က သားအမိတွေလေ ဘာလို့ စည်းခြားထားရမှာလဲ အမေ မှတ်မိသေးလား ကျွန်တော် ငယ်ငယ်က မိဘဆရာအစည်းအဝေးပွဲမှာ အမေ့ကို အရမ်းလာစေချင်ခဲ့တာလေ အဘိုးက အမေ့အကြောင်း အသိမခံနိုင်ဘူးလို့ အဖေက ပြောလို့သာ အဲ့ဒီအချိန်တုန်းကဆို ဘာမှ ပြန်မပြောရဲတော့ ထောင့်လေးမှာပဲ တိတ်တိတ်လေးငိုခဲ့ရတာ ကျွန်တော့်နှလုံးသားထဲမှာ အရမ်းကို မသက်မသာ ဖြစ်ခဲ့တာပေါ့ ရွှယ်မြောင်က ငါ့အမေ ကမ္ဘာပေါ်မှာ အကောင်းဆုံး အမေပဲဆိုပြီး တစ်လောကလုံး သိအောင်ကို အော်ပြောချင်ခဲ့တာ ..." 


ရှောင်ကျားရှုက သူမကို ပြေးဖက်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


"မား ကျွန်တော် မားကို ချစ်တယ်နော် ပြီးတော့ မားရဲ့ သားတစ်ယောက် ဖြစ်ရတာကိုလည်း ဂုဏ်ယူတယ် ..." 


ရွှယ်မြောင်၏ မျက်လုံးတို့ ရဲရဲနီလာကာ သားဖြစ်သူ၏ နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ဆို့နင့်မှုကြောင့် အသက်ရှုမဝမည်ကို စိုးရိမ်သဖြင့် စကားပင် မပြောရဲတော့။ သူမ၏ လက်ထပ်မှု အဆင်မပြေခဲ့သည့်တိုင် အဖိုးအတန်ဆုံး လက်‌ဆောင်တစ်ခုကိုတော့ ပိုင်ဆိုင်ခဲ့ရပေသည်။ 


စုလွေ့က မျက်လုံးထောင့်စွန်းရှိ မျက်ရည်တို့ကို သုတ်ကာ မိတ်ကပ်အနည်းငယ် ပြန်ဖို့ပေးလိုက်ရင်း သားအမိနှစ်ဦး၏ ပွေ့ဖက်မှုကို ဟန့်တားလိုက်သည်။ 


"အိုကေ အိုကေ မပင်ပန်းကြနဲ့ဦး အားလုံးက ညစာစားဖို့ စောင့်နေကြတယ် ..." 


"နင်ကတော့လေ ထုံးစံအတိုင်းပဲ အငွေ့အသက်လေးကို ဖျက်ဆီးလိုက်ရမှ ..." 


ရွှယ်မြောင်က မျက်လုံးကို လှလှပပလေး လှိမ့်ပြလိုက်သည်။ 


"မင်းအစ်ကိုကြီးကိုလည်း ခေါ်လိုက် ညစာအတူတူ စားကြရအောင် ..." 


"အိုကေ ..." 


ရှောင်ကျားရှုက ရှောင်တင်းပန်းကို ဖုန်းဆက်ရန် ပြင်နေစဉ်မှာပင် တစ်ဖက်သူမှာ hot search ထဲ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ရောက်ရသည့် အကြောင်းပြချက်မှာလည်း သူ့ဘက်မှ ကူပြောပေးခဲ့၍ဖြစ်သည်။ 


"အမေ သိလား တကယ်တမ်းတော့လေ အစ်ကိုကြီးကလည်း ကျွန်တော့်ကို ချစ်တယ် ..." 


ဗီဒီယိုကိုကြည့်ရင်း အရူးတစ်ယောက်လို ရယ်မောကာ ပြောလိုက်သည်။ 


"သူက မင်းကို တကယ် ချစ်တာပါ နိုင်ငံခြားမှာ ဖြစ်သမျှ ပြဿနာတွေကိုလည်း သူပဲ ဒိုင်ခံရှင်းပေးတာလေ မင်းကို ပုံမှန်ဖုန်းဆက်နေကျ လက်ထောက်ကလည်း တကယ်တမ်းတော့ သူ့လက်ထောက် ရှောင်ချီကျဲရဲ့လက်ထောက် မဟုတ်ဘူး မင်းအစ်ကိုကြီးက ပျင်းစရာကောင်းတယ်ဆိုပေမယ့် လူဆိုးတော့ မဟုတ်ပါဘူး ရှေ့လျှောက် သူနဲ့ အဆင်ပြေအောင်နေ ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေပဲလေ သွေးသားတော်စပ်မှုကလည်း တော်တော်လေး အားကောင်းတာဆိုတော့ ..." 


လင်ပါသားအကြောင်း ပြောရပါလျှင် ရွှယ်မြောင်၏ ခံစားချက်တို့မှာ များစွာ ရှုပ်ထွေးလှသည်။ သူသည်လည်း ထိုပြန်ပေးဆွဲခံခဲ့ရသည့် ကိစ္စအတွက် တာဝန်ရှိ‌သည်ဆိုသော်ငြား ဖြစ်ပြီးသည်များကို ပြန်လည်ကာ ပြောမနေလိုတော့ပေ။ 


"ဒါပေါ့ အစ်ကိုကြီးက လူကောင်းလေ ကျွန်တော်ဆို ငယ်ငယ်ကတည်းက သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာ ..." 


သူကမူ ရှောင်တင်းပန်းအပေါ် မကျေလည်မှုများ လုံးဝမရှိ။ 


သူ့ကို ပြန်ပေးဆွဲခဲ့တာက မကောင်းတဲ့ ဦးလေးကြီးတွေလေ သူ့အစ်ကိုကြီးနဲ့ ဘာဆိုင်လို့လဲ အစ်ကိုကြီးက အပြင်ခေါ်လာလို့ ပြန်ပေးဆွဲခံရတယ်လို့ ပြောချင်တာလား နိုးနော် ဒီလိုကောက်ချက်မျိုး တစ်ခါမှ မချဖူးဘူး ... 


သူက ရှောင်တင်းပန်းကို စိတ်လှုပ်ရှားပူပန်မှုအပြည့်ဖြင့် ဖုန်းခေါ်လိုက်သည်။ လေသံမှာ အခြေအနေကောင်းသည့်ဘက်သို့ ယိမ်းယိုင်နေသည့်အတွက် စိုးရိမ်တကြီး မေးလိုက်သည်။ 


"ကောကော ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အဘိုးက ကျွန်တော့်ကို အနုပညာလောကထဲ ဝင်ရင် ရှောင်မိသားစုရဲ့နာမည်ကို သုံးလို့မရဘူးလို့ ပြောထားတယ် မဟုတ်လား ကျွန်တော်နဲ့ ညီအစ်ကိုတော်ပါတယ်လို့ ပြောလိုက်တော့ ကောကော အဆူမခံရဘူးလားဟင် ..." 


ညီဖြစ်သူထံမှ ဖုန်းလက်ခံရရှိခဲ့သည့် ရှောင်တင်းပန်းမှာလည်း အလားတူပင် စိတ်လှုပ်ရှားပူပန်နေပေသည်။ သို့သော် သူပြန်ဖြေလိုက်သည့် လေသံမှာမူ အလွန် တုံးတိဖြစ်နေ၏။ 


"ဒီအကြောင်းတွေ တွေးမနေနဲ့ ကောကော မကိုင်တွယ်နိုင်တဲ့ကိစ္စလို့ မရှိဘူး မင်းအစ်ကိုကြီးက အခု ရှောင်မိသားစုခေါင်းဆောင် ဖြစ်နေပြီ ဘယ်သူမှ မင်းကို အပြစ်ပေးလို့ မရတော့ဘူး လုပ်ချင်တာသာလုပ် ဘယ်သူ့ကိုမှ စိတ်ပူမနေနဲ့ ..." 


"အိုး ... ဒါဆိုလည်း ညစာစားဖို့ သတိတရ လာခဲ့နော် ..." 


ရှောင်ကျားရှုမှာ သူအစ်ကိုကြီး၏ ချစ်ခင်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရသည့်အတွက် ဘာဆက်ပြောရမှန်းပင် မသိတော့။ ဖုန်းကျသွားသည့်တိုင် အသိစိတ် ပြန်ကပ်မလာသေးပေ။ ထို့နောက်မှ ခပ်တိုးတိုး ရယ်မောလိုက်သည်။ 


ရှောင်တင်းပန်းကလည်း ဖုန်းချပြီးနောက် ယောင်‌ယောင်လေး ပြုံးလိုက်မိတော့သည်။ ထို့နောက်မှ မျက်နှာချင်းဆိုင်တွင် မျက်နှာဆိုးနှင့် ထိုင်နေသော ရှောင်ချီကျဲ ရှိနေသေးကြောင်း သတိရလိုက်သည့်အတွက် မျက်နှာကို ချက်ခြင်း ပြန်တည်လိုက်တော့သည်။ 


"မင်းညီဆီကလား ..." 


"ဟုတ်ကဲ့ ..." 


"သူက ညစာစားဖို့ ဖိတ်တာလား ..." 


"ဟုတ်ကဲ့ ..." 


"မင်းအန်တီရွှယ်ရော လာမှာတဲ့လား ..." 


"ဟုတ်ကဲ့ ..." 


"စကားလေးနည်းနည်းလောက် ပိုပြောရင် သေသွားမှာ ကြောက်လို့လား ဘာလို့ သူတို့ကို အိမ်လာပြီး ညစာစားဖို့ မပြောလိုက်တာလဲ ဒီလောက် ကိစ္စအကြီးကြီး ဖြစ်သွားပြီး‌တာတောင် အိမ်ပြန်မလာဘဲ အပြင်မှာ အလေလိုက်နေချင်သေးတာလား ဒီလူအိုကြီးကို စိတ်ကုန်သွားကြတာလား ..." 


ရှောင်ချီကျဲ၏ လေသံမှာ တစ်စထက်တစ်စ ပူပန်မှုတို့ မြင့်တက်လာတော့သည်။ 


သူ့စကားအဆုံးတွင် ရှောင်မိသားစု၏ လူအိုကြီးက ဖုန်းဆက်ကာ ရှောင်တင်းကျယ်ကို ဘာကြောင့် ရာထူးမှ ဖယ်ရှားပစ်သလဲဟု မေးမြန်းလာသည်။ 


"အဘိုး ဆေးဂိုဒေါင်ထဲမှာ အဆိပ်အတောက် ဖြစ်နိုင်တဲ့ ဆေးဝါးတွေ အများကြီး ရှိနေတယ် ဒီအကြောင်းကို ကျွန်တော် စောစောစီးစီး သိသွားပြီး တင်သွင်းသူအသစ် ရှာနိုင်လို့သာ မဟုတ်ရင် အခုအချိန်အထိ ရှောင်ဆေးဝါးလုပ်ငန်းစုဆိုတာကြီး ရှိနေလိမ့်ဦးမယ်လို့ ထင်လား ဒုတိယဦးလေးရဲ့ မိသားစုတွေက ဘာလုပ်ခဲ့လဲ သူတို့ကို ရိုးရိုးသားသားနေဖို့နဲ့ ကျွန်တော့်ဒေါသကို လာမဆွဖို့ ပြောလိုက်ပါ သူတို့သာ ရှောင်ရှုကို ထပ်ပြီး မကောင်းကြံရဲရင် ကျွန်တော်ပြောရဲ‌တယ် သူတို့တွေ ခြူးတစ်ပြားမှ မရဘဲနဲ့ တရုတ်ပြည်ကနေ ထွက်သွားရလိမ့်မယ် ..." 


လူအိုကြီးရှောင်မှာ ဒေါသတကြီးဖြင့် သက်ပြင်းချလိုက်တော့သည်။ သို့သော် သူတတ်နိုင်သည့်အရာဟူ၍လည်း မရှိတော့သည့်အတွက် အသာ နောက်ပြန်ဆုတ်လိုက်ရတော့သည်။ 


ရှောင်ချီကျဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။  


"တင်းပန်း ဘာပဲပြောပြော အဲဒါ မင်းရဲ့ ဒုတိယဦးလေးပဲလေ အရမ်းကြီး အခက်မတွေ့ပါစေနဲ့ ..." 


ရှောင်တင်းပန်းက စာရွက်စာတမ်းများကို လှန်လှောရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"အဖေ့ရဲ့ အကြီးဆုံးပြဿနာက ဘာလဲသိလား ရင်းနှီးသင့်တာနဲ့ ခပ်တန်းတန်းနေသင့်တာနဲ့ကို ခွဲခြားပြီး မသိတာပဲ ဒီအဖြစ်အပျက်တွေ ဖြစ်သွားတဲ့အချိန်မှာ ရှောင်ရှုကို ကူညီမပေးတဲ့အပြင် အန်တီရွှယ်ကိုပါ ခြိမ်းခြောက်လိုက်သေးတယ်လေ ရလဒ်က ဘယ်လိုဖြစ်လာလဲ သိလား သားအဖဆက်ဆံရေးကို အဖေကိုယ်တိုင်ပဲ တွန်းထုတ်ပစ်လိုက်တာ ..." 


"ငါက မကူညီခဲ့ဖူး ဟုတ်လား လူထုအမြင်ကို ထိန်းချုပ်တဲ့နေရာမှာ ပထမဆုံး ကူညီခဲ့တဲ့သူက ငါပါ‌ ..." 


ရှောင်တင်းပန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။


"အဖေက လူထုအမြင်ကို ထိန်းချုပ် ပြီးရင် ဒီကိစ္စကြောင့် ရှောင်မိသားစု နာမည်မပျက်အောင် ရှောင်ရှုကို နိုင်ငံခြား ပို့လိုက်မလို့လေ အဖေလုပ်သမျှက ရှောင်မိသားစုအတွက်ပဲ ဒါပေမယ့် ရှောင်ရှုကိုတော့ ကူညီပြီး မရှင်းလင်းပေးခဲ့ဘူးလေ ဘယ်သူကမှ ဒီအကြောင်းကို အစီရင်မခံပါဘူးလို့ ထင်လား ရှောင်ရှုရဲ့ ဂုဏ်သတင်းက ဘယ်လို ပြန်ရလာခဲ့တာလဲ ..." 


"နှစ်တွေ ကြာသွားရင် ဘယ်သူက မှတ်မိတော့မှာလဲ ပြီးတော့ သတင်းတွေကလည်း အကုန်အတုပဲလေ ရဲက လာစစ်ဆေးတယ်ဆိုရင်တောင် ရှောင်ရှုက ဘာဖြစ်သွားမှာမိုလို့လဲ ရိုးသားမှုက အားလုံးကို ရှင်းလင်းသွားစေလိမ့်မယ်ဆိုတဲ့စကား မကြားဖူးဘူးလား ဒါတောင် မင်းက မင်းဦးလေးနဲ့ ဝမ်းကွဲတွေကို ပြဿနာရှာချင်နေသေးတယ် ငါသာ ရှောင်ရှုကို ကုမ္ပဏီထောင်လို့ရလောက်တဲ့ ပိုက်ဆံတွေနဲ့အတူ နိုင်ငံခြားကို ပို့လိုက်ရင် ဒါက တရုတ်မှာ မင်းသားလုပ်တာထက် ပိုမကောင်းဘူးလား ..." 


ရှောင်ချီကျဲက ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမလိုက်သည်။  


"ဘာလို့ အန်တီရွှယ်က လက်လျော့ပြီး အဖေနဲ့ ကွာရှင်းခဲ့သလဲဆိုတာ မထူးဆန်းတော့ပါဘူး အဖေလည်း ဒုတိယဦးလေးရယ် အဘိုးရယ်နဲ့ အတူတူနေရအောင် အိမ်ဟောင်းကို ပြောင်းနေသင့်တယ် သူတို့က အဖေ့ကို ပိုပြီး လိုအပ်နေမှာ ..." 


ရှောင်တင်းပန်းက ကုတ်အင်္ကျီကိုဝတ်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ 


"ရှေ့လျှောက် ဒုတိယဦးလေးတို့ မိသားစုတွေ ကျွန်တော့်ကို ဘာမှ လာမတောင်းဆိုပါနဲ့လို့ သူတို့ကို အသက်ရှင်ခွင့် ပေးထားတာကိုက ညှာတာလွန်းရာ ကျနေပြီ အဆိပ်အတောက်ဆေးဝါးတွေကို အကြွေးမှတ်ထားတယ် ဒါမှ ရှောင်ရှုကို မထိရဲမှာ ရှယ်ယာငါးရာခိုင်နှုန်းက အရေးကြီးလား အသက်က အရေးကြီးလားဆိုတာကို တစ်ခုခု မလုပ်ခင် သေချာစဉ်းစားခိုင်းလိုက်ပေါ့ ..." 


ရှောင်ချီကျဲမှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ရီလာသည့်တိုင် သူ့သားကိုလည်း ဘာမှ မလုပ်နိုင်ချေ။ ဖုန်းကိုထုတ်ကာ ရွှယ်မြောင်၏ သတင်းစာရှင်းလင်းပွဲဗီဒီယိုကို ငေးကြည့်နေသည့် သူ့အမူအယာမှာ ရှုပ်ထွေးနေဟန်ပင်။ ဇာမဏီမျက်ခုံး၊ နီမြန်းနေသော နှုတ်ခမ်းနှင့် ပြောင်မြောက်လှသော စကားလုံးများကြောင့် သန်မာနှစ်လိုဖွယ် အရှိန်အဝါတို့က နေရာအနှံ့ ပျံ့လွင့်နေသည်။ သူမကို ပထမဆုံးအကြိမ် စတင်တွေ့ခဲ့စဉ်ကအတိုင်း ပြောင်းလဲမှု မရှိသေးချေ။ လူတိုင်းက သူမစကားကို ဂရုတစိုက် နားထောင်နေကြပြီး အကြည့်ပင် မလွှဲရဲ။ ဤသို့သော ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ 


သူမကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ကာ အားသွန်ခွန်စိုက် ချစ်ရေးဆိုခဲ့သော်ငြား ထိုခံစားချက်တို့မှာ လက်ထပ်ပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။ ယခုမှသာ ထိုရွှယ်မြောင်သည် သူချစ်ကျွမ်းဝင်ခဲ့သည့် ရွှယ်မြောင်ပင် ဖြစ်နေသေးကြောင်း သတိထားလိုက်မိတော့သည်။ သို့သော် သူတို့နှစ်ဦးမှာ ပြန်လည်ပေါင်းထုပ်ရန် မဖြစ်နိုင်တော့ချေ။ 


.....


ရွှယ်မြောင်က သားဖြစ်သူကို ခေါ်ကာ သူငယ်ချင်း အုပ်စုလိုက်ကြီးဖြင့် ညစာသွားစားလိုက်သည်။ PR ဌာနမှ ဖိုက်တာများကိုလည်း ဖိတ်ခေါ်ရန် မမေ့ခဲ့။ သို့သော် လူတိုင်းက အသည်းအသန် ငြင်းဆန်လိုက်ကြသည်။ 


သူဌေးကြီးတွေ စားတာကို ထိုင်ကြည့်နေရမယ်လို့ တွေးလိုက်ရင်ကို အစာအိမ်က နာလာပြီ တော်ပါ ‌မေ့လိုက်တာပဲ ကောင်းပါတယ် ... 


ရှိူ့ချန်ယုမှာ အလွန်ဝမ်းသာနေသည့်အတွက် သူတို့ကို အကန့်အသတ်မရှိ စိတ်ကြိုက် သွားစားနိုင်ကြောင်းနှင့် ကျသင့်ငွေကို သူရှင်းပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထိုအခါ PR ဌာနတစ်ခုလုံး ဝမ်းသာအားရဖြင့် အထုပ်အပိုးများသိမ်းကာ အလောတကြီး ထွက်သွားလိုက်ကြတော့သည်။ 


"ငါကြားတာတော့ "လူထုနေ့စဉ်" သတင်းစာကနေ ရှောင်ကျားရှုက အိမ်ခြေယာမဲ့တွေနဲ့ ကလေးတွေအတွက် ရန်ပုံငွေ မ တည်ပေးတဲ့အကြောင်း သတင်းရေးမလို့ ဆိုလားပဲ ဒီလိုသာ သတင်းထွက်လာရင် လူထုအမြင်ကလည်း ကောင်းတဲ့ဘက်ကို ရောက်သွားတော့မှာ သေချာတယ် ဘယ်သူမှ သူ့ကို ပြဿနာ ရှာရဲတော့မှာ မဟုတ်ဘူး ..." 


လင်းလဲ့ယန်က ကော်ရစ်ဒါနားတွင် PR ဌာနမှ ဝန်ထမ်းနှစ်ဦးကို တွေ့လိုက်သည်။ သူတို့က အချင်းချင်း တီးတိုးဆွေးနွေးရင်း အပေါ်ထပ်မှ ဆင်းလာကြခြင်းဖြစ်သည်။ 


"ကျိကွမ်းကုမ္ပဏီကလည်း တော်တော်ကို ဒုက္ခရောက်နေတယ်တဲ့ သူ့ကုမ္ပဏီက သရုပ်ဆောင် နှစ်ဒါဇင်နီးပါးလောက် တရားစွဲခံထားရတယ်လို့ပြောတယ် ရွမ်လင်ယီနဲ့ လီကျားအာကတော့ အဆိုးဆုံးပေါ့ ထောင်ကျနိုင်ချေများတယ်တဲ့ ဟေး ဟိုဟာ လင်းလဲ့ယန် မဟုတ်လား ကုမ္ပဏီမှာ သူတစ်ယောက်ပဲ ဘက်မှားရပ်မိ‌တာနော် သူ့ကြောင့် ဥက္ကဌကျိမှာ ရေတပ်တွေအများကြီး ငှားလိုက်ရသေးတယ်တဲ့ သူနဲ့ မြောင်မူချင်ရယ် ရှောင်ကျားရှုရယ်က တကယ်ပဲ ပြဿနာရှ်ိနေတာလား မသိဘူးနော် ..." 


"သူတို့က တစ်ချိန်တည်း ပွဲဦးထွက်လာကြတာလေ သူ့ထက်ပိုသာနေလို့ မနာလိုတာနေမှာပေါ့ ဟဲ့ ဒီနားရောက်နေပြီ တော်လိုက်တော့ ..." 


ထိုနှစ်ယောက်က သူ့ဘေးမှ ဖြတ်သွားသည့်အခါ သူ့အတင်း မပြောထားသည့်နှယ် ပုခုံးကိုပင် ပုတ်ပေးလိုက်သေးသည်။ လင်းလဲ့ယန်မှာ သူအားလုံးကို ကြားလိုက်၍ ဟန်ဆောင်နေရန် မလိုဟု ပင် အော်ပြောလိုက်ချင်မိတော့သည်။ 


သူက ရှောင်ကျားရှုကို မနာလိုဖြစ်တယ် ဟုတ်လား ဖြစ်တောင် နည်းနည်းပါးပါးပေါ့ အဲဒါ ပြဿနာလား ထည့်ပြောနေစရာမှ မလိုတာ အင်တာနက်ပေါ်မှာ သူ့ကို စိတ်သဘောထား ကျဉ်းမြောင်းတယ်၊ မျက်နှာနှစ်ဖက်နဲ့ သွေးအေးပြီး နောက်ကျော ဓားနဲ့ထိုးတတ်တဲ့ ယဉ်ကျေးမှု မရှိတဲ့သူဆိုပြီး ပြောနေကြမှန်း သိသားပဲ ဒါပေမယ့် သူက အစွပ်စွဲခံနေရတာပါနော် တကယ်ကို လက်ချော်သွားလို့ ဖြစ်တာဆိုတာ ကျိကောတစ်ယောက်လုံး သက်သေခံပေးလို့ရတယ် ... 


ဒီကိစ္စကြီး ငြိမ်ကျသွားတဲ့အထိ တိတ်တိတ်လေး စောင့်နေရုံကလွဲလို့ တစ်ခြားနည်းလမ်း မရှိတော့ဘူးလား ... 


Xxxxxxx