အပိုင်း ၇၀
Viewers 45k

Chapter 70


ဦးနှောက်ကို အစွမ်းကုန် ဖျစ်ညှစ်စဉ်းစားပြီးချိန်တွင်တော့ အကြံတစ်ခု ရလာတော့သည်။  


ထိုအချိန်မှာပင် ကျိမြန်က ကော်ရစ်ဒါအစွန်းမှ ထွက်လာကာ မေးလိုက်သည်။ 


"အဆင်သင့်ဖြစ်ပြီလား ..." 


"ဖြစ်ပါပြီ ..." 


သူက အပေါ်ထပ်အင်္ကျီကို အလျင်အမြန် ပြေးယူလိုက်သည်။ 


"ဒါဆို သွားရအောင် ..." 


နှစ်ဦးသား ထူထူထဲထဲ ရုပ်ဖျက်ပြီးနောက် ညစာစားရင်း ဒိတ်လုပ်ရန် စားသောက်ဆိုင်တစ်ခုကို ထွက်လာလိုက်ကြသည်။ ကျိမြန်က အာရုံတစူးတစိုက်ဖြင့် ကားမောင်းနေစဉ် လင်းလဲ့ယန်က အတွေးနွံထဲ နစ်မြောနေသည်။ သူ၏ အမည်ပျက်ကို အမြန်‌ဆုံး ဆေးကြောနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိသော်ငြား သူကိုယ်တိုင် မလုပ်ဆောင်နိုင်၊ ကျိမြန်ကို အကူအညီတောင်းရမည်ဖြစ်သည်။ မည်သို့မည်ပုံ အကူအညီတောင်းခံရမည်ဆိုသည့် အချက်မှာ အဓိကကျလာပြန်တော့သည်။ 


မြောင်မူချင်နဲ့ ရှောင်ကျားရှုတို့ နှစ်ယောက်စလုံးက သူနဲ့ သူငယ်ချင်းကောင်းတွေပါလို့ ပြောပြီး ဓာတ်ပုံနည်းနည်းပါးပါး တင်ပေးလိုက်ရင် သူတို့ရဲ့ဖန်တွေက ဘာပြောနိုင်ဦးမှာလဲ နောက်ပိုင်းကျလည်း သူတို့နဲ့ မကြာခဏ အပြင်ထွက်စားသောက်ပြီး ခင်ခင်မင်မင် နေပြလိုက်ရင် ဒီအမည်းစက်က မရှိခဲ့သလိုကို ဖြစ်သွားမှာပဲလေ ... 


ကျိမြန်ရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း သေးမှ မသေးတာ သူသာ မြောင်မူချင်နဲ့ ရှောင်ကျားရှုကို‌ ပြောပေးမယ်ဆိုရင် ဘယ်လိုလုပ် သဘောမတူဘဲ နေမှာလဲ ဒါပေမယ့် ငါ ဘယ်လို စပြောရမလဲ ... 


လင်းလဲ့ယန်မှာ ကျိမြန်ကို တစ်ခါမှ မတောင်းဆိုဖူးသည့်အတွက် ထိုသို့ သူ့ဘက်မှ စတင်ကာ တောင်းဆိုရမည်ကို ရှက်ရွံ့နေမိတော့သည်။ 


ထိုစဉ် သူ့ကို စိုက်ကြည့်နေသည့် ကျိမြန်၏ အမူအယာမှာလည်း တစ်ဖြည်းဖြည်း အေးစက်လာတော့၏။ သူက ကားကို ပြန်ကွေ့ရင်း ပြောလိုက်သည်။ 


"ဒီည ကိုယ် အရေးတကြီး ချိန်းထားတာလေး ရှိသေးလို့ တစ်ယောက်တည်း ပြန်လိုက်လို့ အဆင်ပြေမလား ..." 


"ဟမ် စောစောက ဘာလို့ မပြောတာလဲ ..." 


လင်းလဲ့ယန်၏ အတွေးတို့ အနှောင့်ယှက်ခံလိုက်ရသည့်အတွက် စကားပြန်စရန် လမ်းချော်သွားတော့သည်။ 


"ကုမ္ပဏီမှာ ကိစ္စတွေ အများကြီး ဖြစ်သွားတော့ ဒီအကြောင်းကို မေ့နေတာ ..." 


"ဒါဆိုလည်း ကျွန်တော့်ကို ပြန်ပို့လိုက်လေ အိမ်မှာ စားစရာတွေ ကျန်ဦးမှာပါ ကိုယ့်ဘာသာကိုယ်ပဲ ချက်စားလိုက်မယ် ..." 


လင်းလဲ့ယန်က အလွန်အမင်း စိတ်ပျက်နေမှုကို ဖွင့်ဟပြလိုက်သည်။


"ကျိကော ကောက ဒီရက်ပိုင်းတွေမှာ အရမ်းကို အလုပ်များနေတာပဲနော် ကျွန်တော်တို့နှစ်ယောက် ချိန်းမတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ ..." 


"ကုမ္ပဏီမှာ အသစ်ရိုက်ရမယ့် ရုပ်ရှင်တွေရော reality show တွေရော အများကြီး ပြင်ဆင်နေရတယ်လေ အကုန်လုံးကလည်း ပရောဂျက်အကြီးစားတွေဆိုတော့ ..." 


ကျိမြန်က အပေါ်ယံမျှသာ ရှင်းပြလိုက်သည်။ သူက လင်းလဲ့ယန်ကို ပြန်ပို့ပေးကာ တစ်ဖက်သူ၏ အရိပ်အယောင် ပျောက်ကွယ်သွားကာမှ ဖန်ခွင်းကို ဖုန်းခေါ်လိုက်သည်။ 


"ဘယ်မှာလဲ ငါနဲ့ လာသောက်လှည့်ပါလား ..." 


သူက နွမ်းနယ်စွာ ပြောလိုက်သည်။ 


.......


ချိန်ဖမ်းရှင်းက ဆိုဖာပေါ်တွင်လှဲကာ ဂိမ်းဆော့နေစဉ် လင်းလဲ့ယန်တစ်ယောက်တည်း ပြန်လာရသည်ကို တွေ့လိုက်သဖြင့် တအံ့တဩ ဖြစ်သွားတော့သည်။ 


"ကျိမြန်နဲ့ ညစာစားမလို့ဆို ..." 


"သူမှာ ရုတ်တရက်ကြီး လုပ်စရာပေါ်လာလို့တဲ့ ငါ့ကို ပြန်ပို့လိုက်တာ ..." 


လင်းလဲ့ယန်က ရေခဲသေတ္တာကိုဖွင့်ကာ ပြောလိုက်သည်။ 


"ညစာစားပြီးပြီလား ..." 


"ချက်မနေနဲ့တော့ ငါ ရှောင်ယွီကို ဝယ်လာခိုင်းလိုက်မယ်..." 


ချိန်ဖမ်းရှင်းက သူ့ညီမကို ဖုန်းဆက်ပြီးနောက် စကားကို ဆက်ပြောလိုက်သည်။ 


"လဲ့ယန် မင်းရဲ့ Weibo ကတော့ မြောင်မူချင်နဲ့ ရှောင်ကျားရှုရဲ့ ဖန်တွေလက်ထဲမှာ ပျက်သွားတော့မှာပဲ အခုလက်ရှိအစီအစဉ်တွေကလည်း ဘာတစ်ခုမှ အသုံးမဝင်ဘူး အာ ဒါနဲ့ နေပါဦး ဥက္ကဌကျိကို နည်းလမ်းရှာခိုင်းရင်ရော ..." 


လင်းလဲ့ယန်၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည်။ 


"မြောင်မူချင်နဲ့ ရှောင်ကျားရှုတို့ ရှေ့ထွက်ပြီး ငါ့အတွက် ရှင်းပြပေးဖို့ ကျိကောကို တောင်းဆိုခိုင်းရင် ဖြစ်နိုင်လောက်လား ..." 


"ဘာလို့ မဖြစ်နိုင်ရမှာလဲ မင်းသာ သူတို့ကို ဓာတ်ပုံနည်းနည်းလောက် တင်ခိုင်းလိုက်ရင် သူတို့ဖန်တွေက ဘာပြောနိုင်တော့မှာတဲ့လဲ သူငယ်ချင်းကောင်းတွေလေ ဘာထိုင်လုပ်နေတာလဲ အခုပဲ ကျိကောကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တော့ ..." 


ချိန်ဖမ်းရှင်းက အတင်း တိုက်တွန်းလိုက်သည်။ 


"ငါလည်း မပြောတတ်ဘူး အဆင်ပြေပါ့မလားဆိုတာကို ဖန်ခွင်းနဲ့အရင် တိုင်ပင်ကြည့်လိုက်လေ မင်းက ငါ့အေးဂျင့် မဟုတ်လား ရှေ့လျှောက် ဒီကိစ္စတွေက မင်းပဲ လုပ်ရမှာလေ ..." 


အိမ်ပြန်ရောက်လာပြီးနောက် လင်းလဲ့ယန်သည် ဤကိစ္စများကို သူကိုယ်တိုင် ထုတ်ပြောနေရန် မလိုအပ်ကြောင်း သဘောပေါက်သွားတော့သည်။ 


ချိန်ဖမ်းရှင်းကိုပဲ ပြောခိုင်းလိုက်လို့ မရဘူးလား ဖန်ခွင်းက ကျိကောကို အစီရင်ခံလိုက်ရင် ကျိကောလည်း အလိုအလျောက် လာကူညီမှာပဲလေ ... 


ချိန်ဖမ်းရှင်းကလည်း တာဝန်တစ်ခုခုကို ပြီးမြောက်အောင် ဆောင်ရွက်ချင်နေသူဖြစ်ရာ တစ်ခဏမျှ တွေးပြီးသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း သဘောတူလိုက်သည်။ သူက ဖုန်းကို ထုတ်ကာ ဖန်ခွင်းကို ခေါ်လိုက်ပြီး ထိုအချိန်တွင် ဖန်ခွင်းမှာ ကျိမြန်၏‌ ဘေးခုံတွင် ရောက်နှင့်နေပြီးဖြစ်သည်။ 


"ထပ်ပြောပြန်ပြီလား ..." 


ဖန်ခွင်းမှာ အလွန် ဒေါသပုန်ထနေတော့၏။ 


ချိန်ဖမ်းရှင်းကမူ အရူးကွက်နင်းကာ ထပ်ကာထပ်ကာ ပြောနေလိုက်သည်။ 


ဖန်ခွင်းက အားမနာစတမ်း ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တော့၏။ 


"မင်းရဲ့ ‌‌ောက်ဦးနှောက်က ကောင်းရော‌ကောင်းသေးလား ကျိမြန်ရဲ့ မျက်နှာက ဘယ်လောက်တန်ဖိုးရှိတယ်မှတ်လဲ သူ နာမည်ဖျက်ခံခဲ့ရတုန်းကတောင် ဘယ်သူကိုမှ အကူအညီ မတောင်းခဲ့ဘူးကွ ဒါတောင် မင်းတို့အတွက် လုပ်ခိုင်းစေချင်သေးတယ်ပေါ့ မင်းဘိုးအေကိုပဲ သွားအကူအညီတောင်းလိုက် မြောင်မူချင်က စကားဖွာလား ရှောင်ကျားရှုကရော ပါးစပ်ဆော့လား သူတို့နှစ်ယောက်ကဖြင့် မင်းနာမည်ကို ထည့်ပြောရမှာတောင် ပျင်းလွန်းလို့ ဒါတောင် မင်းက သူတို့ကို လင်းလဲ့ယန်အတွက် ကူပြောခိုင်းစေချင်သေးတယ်ပေါ့ လူတိုင်းက လင်းလဲ့ယန်ကို ဘုရင်တစ်ပါးလိုမျိုး နူးနူးညံ့ညံ့လေး ဆက်ဆံရမယ်လို့များ တွေးနေတာလား လူတွေကဖြင့် ဒီအကြောင်းကို မေ့တောင်မေ့နေပြီ မင်းရဲ့ လုပ်ရပ်‌ကြောင့် ဘယ်လို အကျိုးဆက်တွေ ထွက်လာသလဲဆိုတာနဲ့ အဲဒါက ကျိမြန်အပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကိုရော တွေးကြည့်ဖူးလား မင်းတို့ကောင်တွေက ကျိမြန် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရတဲ့ ဂုဏ်ပုဒ်ကို တစ်ချက်တည်းနဲ့ မြေကြီးပေါ် ရိုက်ချပစ်နေတာကွ နားလည်လား မင်းတို့ဘာသာ မင်းတို့သာ ကောင်းကောင်း သတိထားနေ ငါ့မျက်စိရှေ့ကို မလာခဲ့နဲ့ ဒီသခင်ကြီးနဲ့ ဝေးနိုင်သလောက် ဝေးဝေး‌ကိုသာ ထွက်သွားစမ်း ..." 


သူက ချိန်ဖမ်းရှင်း ပြန်ပြောလာမည်ကိုပင် မစောင့်ဘဲ ဖုန်းချကာ သရော်လိုက်သည်။ 


"ဒီချိန်ဖမ်းရှင်းဆိုတဲ့ကောင်က တကယ်ကို အရူးပဲ ဒီလောက်အထိ စုတ်ပြတ်နေတဲ့ အကြံမျိုးတောင် ထွက်လာနိုင်သေးတယ် သူက မင်းနဲ့ လင်းလဲ့ယန်အကြောင်း သိထားလို့လား မဟုတ်ရင် ဒီလောက်အထိ သတ္တိကောင်းကောင်းနဲ့ တောင်းဆိုမှာ မဟုတ်ဘူး မြောင်မူချင်နဲ့ ရှောင်ကျားရှုကို ပြေလည်ပေးဖို့ မင်းကို တောင်းဆိုခိုင်းမလို့တဲ့ ‌ပေါက်တက်ကရတွေ ရှောင်ကျားရှုရယ် မြောင်မူချင်ရယ်နဲ့ ရင်းရင်းနှီးနှီး ဓာတ်ပုံရိုက်ချင်တယ်တဲ့ လင်းလဲ့ယန်ကို ကမ္ဘာကြီးရဲ့ ဗဟိုချက် လူတိုင်းက သူ့ကို ခစားနေရတယ်လို့များ ထင်နေသလား မသိဘူး အနုပညာလောကမှာ drama မရှိတဲ့သူ ဘယ်သူရှိလို့လဲ မြောင်မူချင်ဆို နှစ်တွေအကြာကြီး သည်းခံလာရတာကို လင်းလဲ့ယန်ကတော့ အရမ်းကို နူးညံ့မြင့်မြတ်လွန်းလို့ ကြိမ်းမောင်းတာ မခံသင့်ဘူးဆိုတဲ့ သဘောလား သူက လင်းလဲ့ယန်ကို မိုးပေါ်အထိတောင် မြှောက်ပေးချင်နေတာလား ရှောင်ကျားရှုကိုတော့ ကောင်းကောင်း မသိပေမယ့် မြောင်မူချင်အကြောင်းကိုတော့ ကောင်းကောင်းကြီးသိတယ် မင်းသာ ဒီလိုမျိုး သွားတောင်းဆိုကြည့်လိုက်ပါလား အပေါ်ယံမှာတော့ အိုကေဆိုပြီး သဘောတူလိုက်မှာဆိုပေမယ့် စိတ်ထဲမှာတော့ သူ့ကို သေတဲ့အထိ ရိုက်သတ်နိုင်မယ့် အခွင့်အရေးကို ရှာနေပြီးသားပဲ သူ like ပေးမိလို့ လူတွေက သူ့ကို အပြစ်တင်တာလေ ဒါတောင် သူ့အစား ရှင်းပြပေမယ့်သူ လိုချင်ရအောင် သူ့ကိုယ်သူ ဘယ်လောက်အထိ ကြီးမြတ်တယ်များ ထင်နေလဲ ချိန်ဖမ်းရှင်းက လင်းလဲ့ယန်ရဲ့ အဆင့်အတန်းက တစ်ခြားသူတွေကို ဖိနှိပ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးတယ်လို့များ ထင်နေလားမသိဘူး ..." 


ကျိမြန်ကမူ အသံတိတ်နေဆဲပင်။ သို့သော် သူ့မျက်နှာမှာမူ တစ်စထက်တစ်စ အေးစက်လာသည်။ ညဈေးတန်းရှိရာသို့ ကားကို ဦးတည်ရင်း ပြောလိုက်သည်။ 


"ပြောမနေနဲ့တော့ သောက်ကြရအောင် ..." 


"ဦးထုပ်၊ မျက်မှန်နဲ့ mask လည်း တပ်ခဲ့ဦး ..." 


ထို့နောက် ဖန်ခွင်းက စောဒကတက်လိုက်သည်။ 


"လင်းလဲ့ယန်ကို အနုပညာလောကထဲ ခေါ်မလာသင့်ဘူးလို့ ဟိုးကတည်းက ငါပြောခဲ့သားပဲ အနှေးနဲ့အမြန် မင်းတို့နှစ်ယောက် လမ်းခွဲကြရမှာ အခု သူလုပ်သွားတာပဲ ကြည့်လေ မြောင်မူချင်က သူ့ရဲ့ စီနီယာ ပြီးတော့ ပထမအဆင့် သရုပ်ဆောင်မင်းသမီး ဒီလိုလူကိုတောင်မှ နောက်ကျော ဓားနဲ့ထိုးဖို့ လုပ်လိုက်သေးတယ် ဒါက မင်းရဲ့ အထောက်အပံ့တွေကြောင့် အကြောက်အလန့်ကင်းနေတာ မဟုတ်ဘူးလား ပြီးတော့ ချိန်ဖမ်းရှင်းကပါ ဒီလိုပုံစံမျိုး လာချိုးချင်‌နေသေးတယ် ဒီအတိုင်းသာ လွှတ်ထားရင် သိပ်မကြာခင် မင်းကို အကြီးအကျယ် ဒုက္ခပေးလာလိမ့်မယ် ..." 


"ဒီတစ်ခေါက်ကိစ္စကတော့ တကယ်ကို မတော်တဆပါ ..."


ကျိမြန်က အမှန်တရားကို ပြောလိုက်သည့်တိုင် ဤတစ်ကြောင်းမှလွဲ၍ နောက်ထပ် ချေပစရာ မရှိပေ။ ဆိုင်ရှင်ကို ဘီယာတစ်ဖာနှင့် အကင်များ လာချပေးရန် မှာကြားပြီးနောက် ဆေးလိပ်ကို မီးညှိကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာ သိပါတယ် အဓိပ္ပါယ်မဲ့ ကပ်တွယ်နေမှာ မဟုတ်ဘူး ..." 


သူ၏ စိတ်အေးလက်အေး ရှိနေသံကြောင့် ဖန်ခွင်းပင် အံ့ဩသွားရတော့သည်။ 


"သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးသားလား ..." 


ကျိမြန်က ခေါင်းကိုယမ်းကာ ဘီယာခွက်ကို မြှောက်ပြလိုက်သည်။ 


"သောက် ... ဒီအကြောင်းပဲ လှည့်ပတ်ပြောမနေနဲ့ ..." 


ရက်ရက်စက်စက် ဆူပူကြိမ်းမောင်းခံလိုက်ရသည့် ချိန်ဖမ်းရှင်းမှာမူ အတော်ကြာသည်အထိ စိတ်နှင့်လူနှင့် ပြန်မကပ်နိုင်တော့။ သူပင် ပြန်ပြောနေရန် မလို။ လင်းလဲ့ယန်မှာလည်း ဖန်ခွင်း၏ အသံကို အတိုင်းသား ‌ကြားနေရ၍ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။ သူ့ကိုယ်သူ အမည်ပျက် ဆေးကြောရန်သာ အမြဲ တွေးနေမိခဲ့သည့်အတွက် ကျိမြန်အဖို့ မည်မျှ အခက်တွေ့နေကြောင်း ဆင်ခြင်ရန် မေ့လျော့သွားခဲ့သည်။ 


မြောင်မူချင်ရော ရှောင်ကျားရှုရောပါ ဒီအကြောင်း မပြောတော့တာတောင် သူက ကျိကောကို ကိုယ်စားတောင်းပန်ပေးဖို့ မျှော်လင့်မိနေသေးတာပဲ ဘယ်လိုဖြစ်လို့ ဒါကို သဘောမပေါက်ခဲ့မိပါလိမ့် ... 


လင်းလဲ့ယန်မှာ သူ့လုပ်ရပ်အတွက် နောင်တကြီးစွာ ရသွားတော့သည်။ 


ဖန်ခွင်းကသာ ကျိကောကို ဒီအကြောင်း ပြောလိုက်ရင် ကျိကောကရော ဘယ်လိုထင်သွားမလဲ သူ့ကို တစ်ကိုယ်ကောင်းဆန်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့တယ်လို့များ ထင်သွားမလား ... 


အလွန် စိုးထိတ်သွားရသည့်အတွက် ဖန်ခွင်းအား သူပြောခဲ့သည်များကို လျှို့ဝှက်ထားပေးရန် ချိန်ဖမ်းရှင်းကို ပြောခိုင်းလိုက်တော့သည်။ 


ချိန်ဖမ်းရှင်းမှာ သူ့မျက်နှာပျက်ရမည်ကို သေလုအောင် ကြောက်လှသူဖြစ်ရာ နောက်ထပ် အပြောအဆို မခံချင်တော့သည့်အတွက် ဖုန်းခေါ်ပေးရန် ငြင်းဆန်လိုက်တော့သည်။ ထိုအစား ဖြစ်ခဲ့သမျှအားလုံးကို တစ်ခုမှ မဖြစ်ခဲ့လေသယောင် သဘောထားပေးရန် WeChat မှတစ်ဆင့်သာ စာပို့လိုက်တော့သည်။ 


ဖန်ခွင်းက ဖုန်းကို ကျိမြန်ရှေ့ ချပေးရင်း သရော််လိုက်သည်။ 


" ချက်ခြင်း လက်လျော့လိုက်တာ မျက်နှာပျက်မှာကိုတော့ ကြောက်သားပဲ မနက်ဖြန်သာ ထပ်ပြောဦးမယ်ဆိုရင် ငါ သူ့ကို ကန်ထုတ်လိုက်တော့မလို့ ဒါနဲ့ လင်းလဲ့ယန်ရဲ့ တွေးပုံခေါ်ပုံတွေကို ဘယ်လိုမြင်လဲ ဒီလောက် ရွှေအဆင့်အေးဂျင့်တွေ ပုံအောနေတာကိုတောင် ဒီလိုအရူးကောင်မျိုးကို ရွေးနေသေးတယ် ..." 


"လဲ့ယန်က အထိအရှ မခံတော့ သူစိတ်လုံခြုံရတဲ့နေရာမှာပဲ နေရတာကို ကြိုက်လို့ မင်းက အရမ်းထက်မြက်လွန်းတော့ သူ့အတွက် မသက်မသာ ဖြစ်စေတယ်လေ ချိန်ဖမ်းရှင်းနဲ့ကျ လုံခြုံတယ်လို့ ခံစားရလို့ သူ့ဘေးနားက အရာအားလုံးကို ထိန်းချုပ်ထားဖို့ လိုအပ်တယ် မဟုတ်ရင် စိတ်အေးလက်အေးနဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး ..." 


ကျိမြန်က တည်တည်ငြိမ်ငြိမ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ 


"မင်းနဲ့ အတူတူပဲ မဟုတ်လား မင်းတို့နှစ်ယောက်က တော်တော်လေး လိုက်ဖက်ညီသားပဲ ..." 


ဖန်ခွင်းက ထေ့ငေါ့ရယ်မောလိုက်သည်။ 


"ငါက သူနဲ့ မတူဘူး ငါ့အတွက် အရာအားလုံးကို ထိန်းချုပ်ထားဖို့ လိုအပ်တာက လုပ်နိုင်လို့ ပြီးတော့ လုပ်နေကျဖြစ်နေလို့ သူ ထိန်းချုပ်ဖို့ လိုတာက မလုပ်နိုင်လို့ ပြီးတော့ အဲဒါနဲ့ ပတ်သက်ပြီး ပူပန်စိတ်များနေလို့ အခြေခံကျကျ တွေးကြည့်ရင် ငါတို့နှစ်ယောက်က မတူညီဘူး ..." 


"မင်းပြောနေတာကို နားမလည်တော့ဘူး မလုပ်နိုင်ဘဲနဲ့တောင် ထိန်းချုပ်ချင်နေသေးတယ် ရူးနေတာလား လောကကြီးက သင်ပေးသွားမယ့်အတိုင်းလေးပဲ နေလိုက်လို့ မရဘူးလား မင်းတို့နှစ်ယောက်ကြားမှာ ကွာဟချက်တွေ ရှိတယ်ဆိုရင် ညှိကြလေ ညှိလို့မရရင်လည်း လမ်းခွဲလိုက်ကြပေါ့ ..." 


ဖန်ခွင်းက အကင်တစ်ချောင်းကို ကောက်ကိုင်ရင်း ပြောလိုက်သည်။ 


ကျိမြန်ကမူ မျက်လွှာချလျက်သာ ဆေးလိပ်သောက်နေပြီး ဘာစကားမှ ပြန်မပြောတော့။ သူ၏ ထိန်းချုပ်လိုစိတ်ကို ဖယ်ရှားရန် ကြိုးစားနေသော်ငြား လင်းလဲ့ယန်ကမူ ပူပန်မှုနှင့် မပြေလည်မှုတို့ကို လွှတ်ချနိုင်ဟန်မတူ။ 


Xxxxxx