အပိုင်း ၇၁
Viewers 43k

Chapter 71


လင်းလဲ့ယန်မှာမူ ဖန်ခွင်းက ထိုအကြောင်းနှင့် ပတ်သက်၍ ကျိမြန်အား အစီရင်ခံလိုက်မည်ကို စိုးရိမ်နေပြန်သည်။ 


ချိန်ဖမ်းရှင်းက ခေါင်းအုံးတစ်လုံးကို ပစ်ပေးရင်း စနောက်လိုက်သည်။ 


"ကြည့်ပါဦး မင်းမျက်နှာလည်း ကြောက်အားကြီးပြီး ဖြူဖျော့နေပြီ မပူပါနဲ့ အဆင်ပြေသွားမှာပါ ငါထင်တဲ့ မင်းမှာ စိတ်ဖိအားကို တောင့်ခံနိုင်တဲ့စွမ်းအင် လိုအပ်နေသေးတယ် မြောင်မူချင်ကိုပဲကြည့်လေ ခဏခဏ မကောင်းပြောခံနေရတာတောင် အောင်မြင်နေတုန်းပဲ မင်းလည်း ဒီလိုကိစ္စတွေနဲ့ နေသားကျအောင် ကြိုးစားသင့်တယ် ဒါက celebrity တစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းပဲလေ ..." 


လင်းလဲ့ယန်က မျက်နှာကို အုပ်လျက် သက်ပြင်းချလိုက်သည်။ 


"ဒါက ငါ တိုက်ခိုက်ခံရတဲ့ ပထမဆုံးအကြိမ်လေ အချိန်ကြာရင်တော့ အသားကျသွားမှာပါ ..." 


သို့သော် အခြားသူများ၏ အတွေးနှင့် ပတ်သက်၍ ယခုအကြိမ်ကဲ့သို့ များစွာ ဂရုမစိုက်ခဲ့ဖူးကြောင်း သူကိုယ်သူလည်း သိနေပေသည်။ စိတ်ဓာတ်ကျလွန်း၍ အလုပ်လုပ်ချင်စိတ်ပင် မရှိတော့။ အခြားသူများ၏ အတွေးကို ဂရုမစိုက်ဘဲ နေနိုင်မည့်တစ်နေ့သို့ ရောက်လာပါလျှင် ထိုနေ့မှာ ကျိမြန်နှင့် ရင်ဘောင်တန်းကာ ရပ်တည်နိုင်မည့်နေ့မျိုး ဖြစ်ပေလိမ့်မည်။ 


"ဟုတ်တယ် ဒီလိုကိစ္စမျိုးက ရှေ့လျှောက်လည်း ကြုံလာဦးမှာပဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လုပ်စရာရှိတာပဲ ..." 


သူပြောနေစဉ်မှာပင် ချိန်ဖမ်းယွီက စားစရာအိတ်နှစ်လုံးကိုင်ကာ ဝင်လာသည်။ 


"ကောကော ဒီနေ့ အွန်လိုင်းကို ကြည့်ပြီးပြီလား ရှောင်ကျားရှုက ရှောင်ဆေးဝါးလုပ်ငန်းစုရဲ့ ဒုတိယသခင်လေးတဲ့ အမလေး ဘုရားရေ သူ ဘာလို့ ဒီလောက် မောက်မာနေသလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး Weibo မှာ သူ့ကို follow ထားတဲ့သူတွေကိုလည်း ကြည့်လိုက်ပါဦး ကွမ်ရှစ်၊ လွေ့ရွှေ့နဲ့ ရှောင်လုပ်ငန်းစုရဲ့ ဥက္ကဌတွေ ... ဒီလိူအထောက်အပံ့မျိုးနဲ့သာဆို ကောင်းကင်ဘုံပေါ် တက်လှမ်းချင်ရင်တောင် အေးအေးဆေး‌ဆေး တက်လို့ရနေပြီ ..." 


"ဒါက လူတစ်ယောက်ရဲ့ ဇစ်မြစ်လေးပဲလေ မနာလိုဖြစ်နေတော့ရော ဘာအသုံးဝင်မှာလဲ ညစာစားမလို့ ဖိနပ်သွားလဲတော့ ..." 


ချိန်ဖမ်းရှင်းက ထမင်းဘူးများကို စားပွဲပေါ် နေရာချရင်း ညီမဖြစ်သူကို မျက်လုံးထောင့်စွန်းမှကြည့်ကာ အကဲခတ်လိုက်သည်။ 


"အိတ်အသစ် ထပ်ဝယ်ပြန်ပြီလား ဒီလထဲမှာတင် နင်ဝယ်တာ ရှစ်လုံးရှိနေပြီနော် ဘယ်ကနေ ပိုက်ဆံရလာတာလဲ..." 


ချိန်ဖမ်းယွီက ‌အလန့်တကြား ပြောလိုက်သည်။ 


"မှောင်ခိုဈေးကွက်ကနေ ဝယ်လာတာလေ တစ်လုံးကို ယွမ်ငါးဆယ်ခြောက်ဆယ်လောက်ပဲ ပေးရတာ အရမ်း ဈေးချိုတယ် ..." 


"တစ်လုံးကို ယွမ်ငါးဆယ်ခြောက်ဆယ်ဆိုတောင် အကုန်ပေါင်းလိုက်ရင် ငွေပမာဏက ‌များသေးတာပဲ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ သင်ယူထားဦး ..." 


ချိန်ဖမ်းရှင်းက ကတိပေးလိုက်သည်။ 


"မင်းတို့ လဲ့ယန်ကော နာမည်ကြီးလာရင် ငါလည်း လစာတိုးလာမှာ အဲဒီ့အချိန်ကျမှ အစစ်ဝယ်ကိုင် ..." 


"လဲ့ယန်ကောက ဘယ်အချိန်မှ နာမည်ကြီးမှာလဲ ..." 


သူမက လင်းလဲ့ယန်ဘေးသို့ အားတက်သရော ဝင်ထိုင်ရင်း မေးလိုက်သည်။ 


"လဲ့ယန်ကော ရုပ်ရှင်တစ်ကားရိုက်ရင် ဘယ်လောက်လောက် ရလဲဟင် ကြော်ငြာရိုက်ရင်ရော ဘယ်လောက်ရလဲ ..." 


"ဘာတွေမေးနေတာလဲ "တမန်တော်" ကို ရုံတင်တာနဲ့ တစ်ပြိုင်နက် မင်းတို့လဲ့ယန်ကော နာမည်ကြီးပြီသာမှတ် သူက ဘယ်လောက်တောင် တော်တယ်မှတ်လဲ ..." 


ချိန်ဖမ်းရှင်းက စိတ်မရှည်လက်မရှည်ဖြင့် လက်ယမ်းပြလိုက်သည်။ လင်းလဲ့ယန်ကမူ မှန်မှန်ကန်ကန် ပြန်ဖြေပေးလိုက်၏။ 


"ငါက အခု နာမည်ကြီး မဟုတ်သေးတော့ ရတာတွေကလည်း အကန့်အသတ် ရှိတယ်လေ ရုပ်ရှင်တစ်ကားကို ယွမ်တစ်သိန်းလောက်ပေါ့ ကြော်ငြာကတော့ သူ့အမျိုးအစားပေါ် မူတည်တယ် ဈေးကြီးတဲ့ ပစ္စည်းဆို ပိုက်ဆံပိုရတယ် ဈေးပေါတဲ့ ပစ္စည်းဆိုရင်တော့ ကြော်ငြာခလည်း နည်းတာပေါ့ နာမည်ကြီးလာတာနဲ့ တစ်ပြိုင်နက် ဇိမ်ခံပစ္စည်းကြော်ငြာတွေက အလိုလိုကို ရောက်လာတာ ပြီးတော့ ကြော်ငြာခကလည်း သန်းနဲ့ချီပြီး ရတာလေ ..." 


"ယွမ်သိန်းဂဏန်းပဲပေါ့ ဟုတ်လား သေချာရဲ့လား ..." 


ချိန်ဖမ်းယွီ၏ ပုံစံမှာ စိတ်ပျက်သွားဟန်ပင်။ သူမက Weibo account တစ်ခုကို ပြလိုက်သည်။ 


"လဲ့ယန်ကော ဒါကိုကြည့်ကြည့် သူက ရှောင်ကျားရှုရဲ့ အောက်ဖဲကို ကျိကွမ် entertainment ကို ရောင်းတာ ယွမ်နှစ်သန်းရတယ်တဲ့ အောက်ဖဲလေးကတောင် ဘာလို့ ကောရဲ့လစာထက် မြင့်နေရတာလဲ ..." 


"ရှောင်ကျားရှုရဲ့ လက်ထဲမှာ ဆယ်သန်းကျော်တန်တဲ့ ကြော်ငြာတစ်ခု ရှိနေတယ်လေ သူ့ကို ဆွဲချနိုင်မယ့် အောက်ဖဲမျိုးသာ တကယ်ရှိနေရင် ကျိကွမ်က နှစ်သန်း‌ဆိုလည်း ဝယ်မှာပဲ အနုပညာရှင်တစ်ယောက်ရဲ့ နောက်ကြောင်းတွေက အမြဲလိုလို တန်ဖိုးကြီးတတ်ပါတယ် သူ့ရဲ့ စွမ်းရည်အပေါ်မှာလည်း မှီခိုသေးပေမယ့်ပေါ့ အဲဒါကြောင့်လည်း ပါပါရာဇီတွေက သရုပ်ဆောင်တွေကို နောက်ယောင်ခံလိုက်ကြတာပေါ့ ရလာတဲ့အချက်အလက်တွေကို အဲဒီ့သရုပ်ဆောင်ဆီမှာပဲ ပြန်ရောင်းမလား မီဒီယာတွေကို ရောင်းပစ်မလား တစ်လကို ယွမ်သောင်းနဲ့ချီပြီး ဝင်တာလေ ..." 


ချိန်ဖမ်းရှင်းက နှမြောတသ မြည်တမ်းလိုက်သည်။ 


"မင်းတို့ လဲ့ယန်ကောကြောင့်သာ မဟုတ်ရင် ငါလည်း ပါပါရာဇီပဲ လုပ်ခဲ့မှာ ..." 


ချိန်ဖမ်းယွီ၏ အကြည့်တို့ ရုတ်ချည်း ဝင်းလက်သွားတော့သည်။ သူမက ချက်ခြင်းလိုလို တောင်းဆိုလိုက်၏။


"ကောကော အိမ်ထဲမှာပဲ တစ်နေကုန် နေနေရတာ ပျင်းဖို့ကောင်းတယ် အလုပ်ကို ခေါ်သွားပေးပါလားဟင် တစ်ပြားမှ မယူဘဲနဲ့ လဲ့ယန်ကောကို ကူညီပေးပါ့မယ် ..." 


"ပြဿနာမရှာစမ်းပါနဲ့ ဒုတိယနှစ်ဝက် ပြန်တက်ဖို့ လိုသေးတယ်လေ ..." 


ချိန်ဖမ်းရှင်းက သူမ၏ အကြံပြုချက်ကို ချက်ခြင်းလက်ငင်း ပယ်ချလိုက်သည်။ 


ချိန်ဖမ်းယွီက လင်းလဲ့ယန်ထံ ပြောင်းလဲ‌ချဉ်းကပ်လိုက်သည်။ လင်းလဲ့ယန်၏ နှလုံးသားမှာ အလွန်နူးညံ့ ပျော့ပြောင်းလှရာ အလျင်အမြန် သဘောတူလိုက်တော့သည်။ 


ခုနစ်ရက် ရှစ်ရက်ခန့်အကြာတွင်မူ ရှောင်ကျားရှုနှင့် မြောင်မူချင်တို့ နှစ်ဦီးလုံး၏ ကောလဟာလများ ငြိမ်သက်သွားတော့သည်။ ရှောင်ကျားရှုမှာ ချက်ခြင်းလက်ငင်း နာမည်ကြီးသွားခဲ့သည့်အတွက် "The Chaser for Love" ၏ ပထမဇာတ်လိုက်နေရာအတွက် လူရွေးပွဲ ဝင်ပြိုင်ရန် ဖိတ်ကြားခံလိုက်ရတော့သည်။ 


ထိုသတင်းကို ကြားလိုက်ရသည့် တစ်ကုမ္ပဏီတည်းသား အနုပညာရှင်များမှာလည်း အချို့က အားကျကာ အချို့က မနာလိုဖြစ်နေကြပြီး လက်မခံနိုင်သူများလည်း မနည်းမနောပင်။ ဒါရိုက်တာဟူမင်မှာ မည်မျှတင်းမာခက်ထန်ကြောင်း အနုပညာလောကတစ်ခုလုံး အသိဖြစ်ရာ သူ့‌လူရွေးပွဲကို ဖိတ်ကြားခံရခြင်းမှာ များစွာ အရေးမပါလှ။ သူ့စံချိန်စံနှုန်းနှင့် မကိုက်ညီပါလျှင် မုချ ကန်ထုတ်ခံရမည်ဖြစ်သည်။ 


အဆက်အသွယ် တည်ဆောက်ရင်း အလုပ်များနေသည့် ချိန်ဖမ်းရှင်းမှာလည်း ထိုအကြောင်း သိထားပေသည်။ သူက လင်းလဲ့ယန်ကို လူမရှိသည့်ထောင့်နားသို့ ဆွဲခေါ်ကာ ပြောလိုက်သည်။ 


"The Chaser for Love" က တစ်နှစ်တာအတွက် စောင့်မျှော်မှုအများဆုံး ဇာတ်ကားပဲ သူ့ကို အာရုံစိုက်တဲ့သူ အများကြီးဆိုတော့ အခုကတည်းက နာမည်ကြီးနေပြီ မင်းသာ ပထမဇာတ်လိုက်နေရာကို ရလို့ကတော့ ရှောင်ကျားရှုကို သေချာပေါက် ဖိနှိပ်နိုင်တော့မှာ ကျိကောကို အကူအညီတောင်းကြည့်ပါလား သူက ဒါရိုက်တာဟူမင်နဲ့ ရင်းနှီးတော့ မင်းကို ဒီဇာတ်ကောင်ရအောင် ကူညီပေးချင် ပေးနိုင်မှာ ..." 


လင်းလဲ့ယန်မှာလည်း "The Chaser for Love " ၏ သစ္စာရှိပရိသတ်တစ်ဦးပင်ဖြစ်သည်။ ညလုံးပေါက် ဖတ်ခဲ့သည်အထိ ရူးရူးမူးမူး စွဲလမ်းသူဖြစ်ရာ စာအုပ်၏ ဇာတ်ကြောင်းအသွားအလာတို့မှာ မည်မျှ အံ့ဩဖွယ်ကောင်းကြောင်းနှင့် ကမ္ဘာအနှံ့ရှိ ပရိသတ်များကို ဆွဲဆောင်နိုင်ကြောင်း သိရှိပြီးဖြစ်သည်။ ချိန်ဖမ်းရှင်း ပြောသည့်အတိုင်းပင် ပထမဇာတ်လိုက်နေရာကို မည်သူရရ၊ ရသည့်သူမှာ မုချ နာမည်ကြီးသွားမည်ဖြစ်သည်။ 


ဤမျှကောင်းလှသော အခွင့်အရေးကို လင်းလဲ့ယန်တစ်ယောက် စိတ်မလှုပ်ရှားဘဲ မနေ။ အခိုင်အမာ ဆုံးဖြတ်ချက်ချကာ ပြန်ပြောလိုက်သည်။ 


"အိုကေ ငါ ကျိကောကို သွားမေးကြည့်လိုက်မယ် ..." 


ရုံးခန်းထဲ ရောက်ပြီးနောက် သူပင် စကားမစရသေး။ ကျိမြန်က ပြောလိုက်သည်။ 


"ဒီဇာတ်ညွှန်းကို ဖတ်ကြည့်ထားလိုက် နေ့ခင်းကျ လူရွေးပွဲသွားဖြေ ..." 


မျက်နှာဖုံးပေါ်ရှိ စာသားများကို မြင်လိုက်ရသည့်အခါ လင်းလဲ့ယန်၏ စိတ်နှလုံးတစ်ခုလုံး တက်ကြွပျော်ရွှင်သွားတော့သည်။ 


"ဟုတ်ကဲ့ပါ ကျိကော ကျွန်တော် အခုပဲ သွားဖတ်ထားလိုက်ပါ့မယ် ..." 


နှုတ်ဆက်ရန် မေ့‌လျော့သွားသည်အထိ အလျင်အမြန် ထွက်သွားတော့သည်။ ကျိမြန်က သူ့နောက်ကျောကို နက်မှောင်နေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။ 


နေ့လည်ပိုင်းတွင် ဖိတ်ကြားခံထားရသည့် အနုပညာရှင်အားလုံး ဒါရိုက်တာဟဲမင်၏ စတူဒီယိုသို့ ရောက်ရှိလာကြသည်။ ရှောင်ကျားရှုမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူက အစွန်ဆုံးရှိ ထောင့်နားတွင် ထိုင်နေကာ အေးဂျင့်တစ်ယောက်မှပင် မပါလာသည့်အတွက် အထီးကျန်နေဟန်ပင်။ သူ့ကို မြင်လိုက်သည့်အခါ ချိန်ဖမ်းရှင်းက မျက်မှောင်ကြုပ်လိုက်မိသော်ငြား ခပ်ဝေးဝေးရှိ ယဲ့ရှီကို သတိပြုမိချိန်တွင်တော့ မျက်နှာတစ်ခုလုံး မည်းပုပ်သွားတော့သည်။ 


"ယဲ့ရှီက ဘာလာလုပ်တာလဲ ..." 


သူက လင်းလဲ့ယန်ကို ခပ်တိုးတိုး ကပ်မေးလိုက်သည်။ 


ယဲ့ရှီသည်လည်း ကျိမြန်၏ ကုမ္ပဏီမှ အနုပညာရှင်တစ်ဦးပင် ဖြစ်သည်။ သူသည် လင်းလဲ့ယန်ထက် ဦးစွာ ပွဲဦးထွက်ခဲ့ပြီး နာမည်ကျော်ကြားမှုတွင်လည်း ပိုမိုသာလွန်သည့်အတွက် သူရောက်ရှိလာမှုကြောင့် လင်းလဲ့ယန်၏ အခွင့်အရေးတို့ လျော့နည်းသွားမည်ဖြစ်သည်။ 


"ဒီအခွင့်အရေးက မင်းတစ်ယောက်တည်းအတွက် စီစဉ်ပေးထားတာ မဟုတ်ဘူးလား ..." 


ချိန်ဖမ်းရှင်းက ကျိမြန်၏ လုပ်ရပ်အပေါ် မကျေနပ်ဟန်ဖြင့် စောဒကတက်လိုက်သည်။ 


"လဲ့ယန် မင်းနဲ့ ဥက္ကဌကျိကြားမှာ ပြဿနာရှိနေတာလား သူက ဘာလို့ ဒီမှာ ရှိမနေတာလဲ မင်းကို လာပြီး အားမပေးဘူးလား ..." 


"ဘယ်လိုဖြစ်လို့များ ကျိကောက ငါ့ကို အားပေးတာကိုပါ လိုချင်နေသေးရတာလဲ ရုပ်ရှင်သုံးခု၊ ဇာတ်လမ်းတွဲတစ်ခု၊ reality showနှစ်ခုနဲ့ ကြော်ငြာတွေ အများကြီးပါသေးတယ် ငါရထားတဲ့ အရင်းအမြစ်တွေက တစ်ချိန်တည်း ပွဲဦးထွက်တဲ့သူတွေနဲ့ ယှဉ်လိုက်ရင်ကို အများကြီး သာနေပြီ ငါတို့ ရောင့်ရဲသင့်နေပြီလေ ..." 


လင်းလဲ့ယန်က ပြုံးကာ ပြောလိုက်သည်။ 


"ယဲ့ရှီက ငါ့ရဲ့ စီနီယာလေ သူလည်း ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို မျှဝေခွင့် ရှိတာပေါ့ ဘယ်သူပဲ ဇာတ်လိုက်နေရာရရ အတူတူပါပဲ ..." 


"ငါက ရှောင်ကျားရှု ရသွားမှာကြောက်တာ သူ့နောက်ခံကြောင့်လေ ..." 


ချိန်ဖမ်းရှင်းက ထေ့ငေါ့လိုက်သည်။ 


"ဒါရိုက်တာဟူရဲ့ လိုအပ်ချက်တွေက တော်တော်လေး တင်းကြပ်တယ် သူက နောက်ခံတွေဘာတွေကို ထည့်မကြည့်တတ်တော့ ပူမနေပါနဲ့ ..." 


သူ့အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် အင်တာဗျူးမည့်သူက နံပါတ်စဉ်များကို စတင်ခေါ်ဝေါ်လိုက်‌တော့သည်။ နံပါတ်စဉ်တစ်ကို ရထားသည့် သရုပ်ဆောင် အခန်းထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ကျန်လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းလိုက်ကြတော့သည်။ 


ဟူမင်မှာ ကောလဟာလများအတိုင်းပင် စည်းကမ်းတင်းကြပ်လှသူဖြစ်သည်။ သူက လူရွေးပွဲလာဖြေသူများကို မျက်နှာတစ်ချက်မျှပင် မပေးဘဲ မောင်းထုတ်လိုက်သည်။ ဖြေဆိုပြီးသွားသူတိုင်း ရှက်အားတကြီးဖြင့် မျက်နှာကိုအုပ်လျက်သာ ထွက်သွားကြသည့်အတွက် ကျန်သူများ၏ စိုးရိမ်ပူပန်မှုမှာ ပိုမိုမြင့်တက်လာတော့သည်။ အရွေးခံရသူများလည်း ရှိသော်ငြား ထိုသူတို့၏ ဇာတ်ကောင်မှာ များစွာ အရေးမပါလှ။ ပထမဇာတ်လိုက်နေရာမှာတော့ လွတ်နေဆဲဖြစ်သည်။ 


The Chaser for Love သည် စရိုက်ကွဲနှစ်ခုပိုင်ရှင် အမျိုးသားတစ်ဦး၏ ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဒုတိယစရိုက် ထွက်ပေါ်လာသည့်အခါ သူ၏ အချစ်ရေးမှာ ပျက်စီးသွားတော့သည်။ ပတ်ဝန်းကျင်ရှိ မိန်းမတိုင်းကို နောက်ယောင်ခံလိုက်၊ ကြိုးကိုင်ကာ အမဲလိုက်လေ့ရှိ၏။ အမျိုးသားဇာတ်လိုက်၏ ဇာတ်ကောင်မှာ အမျိုးသမီးဇာတ်လိုက်ထက်ပင် ပိုပြီး ကြီးမားသေးသည်။ ဇာတ်ညွှန်း၏ သုံးပုံနှစ်ပုံခန့်မှာ အမျိုးသားဇာတ်လိုက်၏ တစ်ကိုယ်တော်အခန်းများပင် ဖြစ်သည်။ ထို့ကြောင့်လည်း ဒါရိုက်တာဟူမင်က အမျိုးသားဇာတ်လိုက်ကို စေ့စေ့စပ်စပ် ရွေးချယ်နေခြင်းဖြစ်သည်။ 


"နံပါတ် ၃၃ ဝင်လို့ရပါပြီ ..." 


အင်တာဗျူးမည့်သူက လှမ်းအော်လိုက်သည်။ 


ရှောင်ကျားရှုက တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ 


သူထွက်သွားသည်နှင့် တစ်ပြိုင်နက် နောက်ကွယ်တွင် တီးတိုးစကားသံတို့ ဆူညံလာတော့သည်။ 


"အဲဒါ ရှောင်ကျားရှု မဟုတ်လား သွားပြီပဲ ငါတို့တော့ အခွင့်အရေး မရှိတော့ဘူး ငွေလေးနည်းနည်းလောက် ရင်းနှီးမြှုပ်နှံလိုက်ရင်ကို ဒီဇာတ်ကောင်က သူ့အတွက် ဖြစ်သွားတော့မှာ ဒီနှစ်တွေထဲမှာ သရုပ်ဆောင် ဘယ်လောက်ကောင်းကောင်း ငွေဆိုတဲ့ စကားလုံးလောက်တော့ ဘယ်ကောင်းမလဲ ..." 


"ငါလည်း ဒီလိုပဲ ဇာတ်ကောင်နေရာအတွက်မှ ‌ဆုံးဖြတ်ပြီးသားဆိုရင် ဘာလို့ လူရွေးပွဲ ခေါ်နေသေးလဲ ..." 


သရုပ်ဆောင်အများအပြားက စောဒကတက်လာကြသည့်အတွက် လင်းလဲ့ယန်ပင်လျှင် စိတ်တထင့်ထင့် ဖြစ်လာတော့သည်။ဤသည်မှာ ရှောင်ကျားရှုအဖို့လည်း ပထမဆုံးအကြိမ် လူရွေးပွဲ ဝင်ခြင်း ဖြစ်ရာ စိတ်မလှုပ်ရှားဟု ပြောပါလျှင် လိမ်ရာကျပေလိမ့်မည်။ လည်ချောင်းမှာ အနည်းကပ် ခြောက်ကပ်လာသ‌ယောင် ခံစားရသည့်အတွက် ရေတစ်ငုံ သောက်ပြီးကာမှ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ ဒါရိုက်တာဟူမင်က စိတ်မရှည်လေဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ 


"မင်း "နိုးထလာခြင်း" အခန်းကို သရုပ်‌ဆောင်ပြ ..." 


ရှောင်ကျားရှုက ဇာတ်ညွှန်းကို ဖွင့်ဖတ်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"အဆင်သင့်ဖြစ်ပြီ ..." 


"နိုးထလာခြင်း" ဇာတ်ကွက်မှာ ဇာတ်လမ်း၏ အစောပိုင်းဖြစ်သည်။ ဇာတ်လိုက်မင်းသားသည် သူ့ချစ်သူကောင်မလေး၏ စွန့်ပစ်ခြင်းကို ခံခဲ့လိုက်ရသည့်အတွက် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံရန် ကြံစည်ခဲ့သည်။ ထိုစဉ် ကြင်နာတတ်သူတစ်ဦးက သူ့ကို ကယ်တင်ခဲ့သည့်အတွက် ‌မြေပြင်ပေါ်သို့ မူးလဲကျသွားတော့သည်။ ထိုအခါ ပြင်းထန်လှသည့် စိတ်ပျက်အားငယ်ခြင်းကြောင့် ပထမအကျင့်စရိုက် ပျက်စီးကာ ဒုတိယအကျင့်စရိုက် ထွက်ပေါ်လာတော့သည်။ 


Xxxxxxx