အပိုင်း ၇၂
Viewers 44k

Chapter 72


ရှောင်ကျားရှုက ဇာတ်ကြောင်းကို ပြန်တွေးကာ သူ့ဆံပင်ကို ထိုးဆွလိုက်သည်။ တောက်ပနေသော မျက်ဝန်းများက ရုတ်ချည်း ချောင်ကျသွားတော့၏။ သူနှင့်အတူ သရုပ်ဆောင်ပေးမည့်သူ မရှိ၊ ခုန်ချစရာ တံတားလည်း မရှိသည့်အတွက် ရုပ်ပိုင်းဆိုင်ရာ ဝတ္ထုပစ္စည်းများ မပါဘဲသာ တစ်ကိုယ်တော် သရုပ်ဆောင်ပြရတော့မည်ဖြစ်သည်။ ရေသန့်ပုလင်းကို အရက်ပုလင်းအဖြစ် သဘောထားကာ ဘယ်ဘက်လက်မှ ကိုင်လျက် ယိုင်ထိုးယိုင်ထိုးဖြင့် သွားကာ တံတားလက်တန်းကို ညာဘက်လက်က ကိုင်ထားလိုက်သည်။ လမ်းကို မမြင်ရသည့်အတွက် မျက်စိကို‌ စောင်းကြည့်ကာ ရေတစ်ပုလင်းလုံးကို အသက်မရှူစတမ်း သောက်ချလိုက်သည်။ ထို့နောက် တံတားလက်တန်းပေါ် တက်သည့်ဟန် လုပ်လိုက်၏။ 


အမှန်တကယ် မရှိသည့် တံတားလက်တန်းပေါ် တက်ကာ ရေသန့်ဘူးကို လွှင့်ပစ်ပြီး အောက်ကို ငေးကြည့်နေလိုက်သည်။ ခြေဖျားကို အားပြုလျက် တစ်ဖြည်းဖြည်း ခုန်ချမည် ပြင်လိုက်စဉ် အင်္ကျီကော်လံကို အဆွဲခံလိုက်ရသည့်အတွက် တံတားပေါ်သို့ နောက်ပြန်လဲကျသွားတော့သည်။ 


သူ့တစ်ကိုယ်လုံး ရွှံ့တုံးသဖွယ် ပျော့ခွေနေသည့်အတွက် နောက်ပြန်ပြုတ်ကျရာမှ ပြန်ထနိုင်ရန်ပင် မနည်း ရုန်းကန်လိုက်ရသည်။ ထိုအတိုင်းသာ အချိန်အကြာကြီး ဆက်နေနေကာ ကပိုကရိုကျဆင်းနေသော ဆံပင်တို့ကြောင့် မျက်နှာတွင် အရိပ်တစ်ခု ဖုံးလွှမ်းနေသည်။ ထို့နောက်တွင်မူ သူ့အကြည့်တို့မှာ မျက်နှာချင်းဆိုင်ရှိ လူတစ်ယောက်နှင့် စကားထိုင်ပြောနေဟန်သို့ ပြောင်းလဲသွားတော့သည်။ အမူအယာမှာ ငေးငိုင်ကာ အကြည့်တို့မှာလည်း ဦးတည်ရာမရှိ။ ထို့နောက်တွင်တော့ ပူပန်နေသည်တို့ အငွေ့ပျံကာ ပျောက်ကွယ်သွားသည့်နှယ် မှုန်ရီဝေမှိုင်းနေသည့် မျက်ဝန်းတို့ တစ်ဖန် တောက်ပသွားပြန်တော့သည်။ 


တစ်လျှောက်လုံး စကားတစ်ခွန်းမှလည်း မပြော၊ လှုပ်ရှားမှု တစ်ခုတစ်လေကိုမှလည်း မပြ။ ရှေ့တည့်တည့်သို့သာ ငေးကြည့်နေပေသည်။ ပထမစရိုက် သေဆုံးသွားပြီး ဒုတိယစရိုက် မွေးဖွားလာမှုကို အကြည့်တစ်ချက် ပြောင်းလဲရုံမျှနှင့် ပီပီပြင်ပြင် သရုပ်ဖော်သွား၏။ ပျင်းရိလေးတွဲ့နေသည့် ဒါရိုက်တာဟူမင်ပင်လျှင် ခါးကို ခပ်မတ်မတ် ပြန်ထိုင်ကာ အသက်ရှူအောင့်လျက် ငေးကြည့်နေမိတော့သည်။ 


ရှောင်ကျားရှုက သူ့ကို ကယ်တင်ပေးသည့် ထိုအမျိုးသမီးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတို့ကို အသာကော့လျက် ကျေးဇူးတင်သည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။ သူ့ကိုယ်သူ သားကောင်ကို အမိဖမ်းမည့် သားရဲသဖွယ် သူမ၏ ရှင်သန်မှုကို စုပ်ယူဝါးမျိုရန် ပြင်ဆင်နေသည်ဟု စိတ်ကူးယဉ်လိုက်သည်။ 


နောက်ထပ် မစောင့်ဆိုင်းနိုင်တော့သည့်အတွက် သွားစွယ်များကို မသိမသာ လျှာဖြင့်သပ်လိုက်သည်။ ထိုအပြုအမူကြောင့် သူ့ပါးစပ်မှာ အနည်းငယ် စောင်းရွဲ့သွားပြီး နူးညံ့ဖျော့တော့သည့် ကျေးဇူးတင်အပြုံးမှာလည်း အလွန်အမင်း နတ်ဆိုး‌ဆန်နေသည့် အပြုံးအဖြစ်သို့ ရုတ်ချည်း ကူးပြောင်းသွားတော့သည်။ 


သူ့ရုပ်ရည်မှာ အလွန်ချောမောလှသောငြား ထိုချောမောမှုတွင် သိမ်မွေ့နူးညံ့ကာ မိန်းမဆန်မှုတို့ မပါဝင်။ တင်းမာခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုကဲ့သို့ နတ်ဆိုးဆန်လှသည့် အပြုံးတစ်ပွင့်ကြောင့် ရန်လိုမှုတို့ ဆထက်မက တိုးပွားလာကာ အင်တာဗျူးမည့်သူများပင် ဆွဲဆောင်ခံလိုက်ရတော့သည်။ 


ရှောင်ကျားရှုက မတ်တပ်ထရပ်ကာ ဦးညွတ်လိုက်သည်။ 


"ကျွန်တော့်ရဲ့ တင်ဆက်မှုက ဒီလောက်ပါပဲ အခွင့်အရေး ပေးတဲ့အတွက် စီနီယာတို့ကို ကျေးဇူးတင်ပါတယ် ..." 


ဟူမင်က အချိန်အတော်ကြာ တွေးနေပြီးကာမှ လက်ကို ယမ်းပြလိုက်တော့သည်။ 


"ပြန်သွားပြီး ငါတို့ အကြောင်းကြားလာမှာကို စောင့်နေ နောက်တစ်ယောက်ကိုခေါ်လိုက်တော့ ..." 


မရွေးဘူး ဆိုပေမယ့် ချက်ခြင်း ငြင်းလိုက်တာလည်း မဟုတ်တော့ အခွင့်အရေး ရှိသေးတယ်ဆိုတဲ့ သဘောလား ... 


ရှောင်ကျားရှုကမူ စိတ်ပျက်မသွား။ ဤရုပ်ရှင်ထဲ ပါဝင်ခွင့်ရခြင်းသည် ဂုဏ်ယူဖွယ် ဖြစ်သော်ငြား ပါဝင်ခွင့် မရ၍လည်း နောင်တရနေရန်အကြောင်း မရှိပေ။ အနာဂတ်တွင် ဒီ့ထက်မက ကြိုးစားနိုင်ဦးမည်ဟု သူ့ကိုယ်သူ အားပေးလျက်သာ လူရွေးပွဲကျင်းပသည့် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ပုန်းလျှိုးကွယ်လျှိုးဖြင့် ဓာတ်ပုံခိုးရိုက်နေသည့် ချိန်ဖမ်းယွီကို တွေ့လိုက်ရတော့သည်။ 


သူမ၏ မရပ်မနား အနှောင့်အယှက်ပေးမှုမှာ အလွန်ကြောက်လန့်ဖွယ် ကောင်းလှသည့်အတွက် နံရံနားကပ်ကာ ခပ်ဝေးဝေးသို့ ရှောင်ထွက်လာလိုက်သည်။ ထို့နောက် ထောင့်နားတွင် ထိုင်နေသော လင်းလဲ့ယန်အနားသို့သွားကာ ပြောလိုက်သည်။ 


"ချိန်ဖမ်းယွီကို သေချာဂရုစိုက်ပြီး မြင်မြင်သမျှ ဓာတ်ပုံ လိုက်မရိုက်ဖို့လည်း ပြောထားဦး ဒီလူရွေးပွဲကို လာတဲ့သူတိုင်းက ကိုယ်ရေးကိုယ်တာကိစ္စတွေကို တင်းတင်းကြပ်ကြပ် တန်ဖိုးထားတဲ့ နာမည်ကြီးတွေချည်းပဲ ..." 


"အာ ..." 


လင်းလဲ့ယန်မှာ အနည်းငယ် ဝေဝါးသွားသည်။ ဘေးနားသို့ လှည့်ပတ်အကဲခတ်ကြည့်ပြီးကာမှ ဖုန်းတစ်လုံးကိုင်ကာ ကော်ရစ်ဒါအနှံ့ လျှောက်သွားရင်း ဓာတ်ပုံရိုက်နေသည့် ချိန်ဖမ်းယွီကို တွေ့လိုက်တော့သည်။ 


"အိုကေ သူမကို ဂရုစိုက်ထားလိုက်မယ် ..." 


သူက တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်။ 


"မင်းရဲ့ လူရွေးပွဲကရော အခြေအနေ ဘယ်လိုရှိလဲ ..." 


"မသိဘူး ဒါရိုက်တာဟူမင်ကတော့ အိမ်ပြန်ပြီး သူတို့ အကြောင်းကြားလာမှာကို စောင့်တဲ့ ငါ အရင်ပြန်နှင့်ပြီ ..." 


ခေါင်းဆတ်ပြကာ ထွက်သွားသည့် ရှောင်ကျားရှုကြောင့် ချိန်ဖမ်းရှင်းမှာ မကျေမလည် ဖြစ်သွားတော့သည်။ 


"ဒီကောင်ကတော့ သူများကိစ္စထဲ ဝင်ပါပြန်ပြီ ဓာတ်ပုံအရိုက်ခံရတဲ့သူ‌တွေတောင် ဘာမှ မပြောဘဲနဲ့ သူက တစ်သီတစ်သန်းကြီး ပြောသွားလိုက်တာများ ... ရှောင်ယွီ ပြန်လာခဲ့စမ်း ..." 


ညီမဖြစ်သူ အနားရောက်လာသည့်အခါ သူက အသံကိုနှိမ့်ကာ ပြောလိုက်သည်။ 


"ဒီလောင်ဇီက နင့်ရဲ့ဖုန်းကို ချေမွပစ်မယ်ဆို ယုံလား နေရာတကာ ဓာတ်ပုံလိုက်ရိုက်နေဦးမယ်ဆိုရင် ရှေ့လျှောက် ငါနဲ့ မလိုက်ခဲ့နဲ့တော့ ..." 


"ကောကော ဓာတ်ပုံက ဘာမှတောင် ရိုက်မထားပါဘူး ကြည့်ပါလား ဒါတွေအကုန်လုံးက လိုလိုလားလား ရိုက်ခွင့်ပေးထားတဲ့ အုပ်စုလိုက်ပုံတွေချည်းပဲ ..." 


သူမက ဖုန်း gallery ကိုဖွင့်ပြမည် ပြုလိုက်သည်။ ထိုစဉ် စာအချို့ ရောက်နေကြောင်း တွေ့လိုက်ရသည့်အတွက် စခရင်ကိုပိတ်ကာ ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးကာမှ အင်္ကျီစကို ဆွဲချပြီး ဖုန်းကို ငေးကြည့်လိုက်သည်။ 


လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းမှာမူ ပူပန်မှုတို့ ဖိစီးနေသဖြင့် သူမ၏ မူမမှန်မှုကို သတိမထားမိကြ။ နံပါတ် ၄၅ ဟု ကြားလိုက်သည့်အခါ အလျင်အမြန် မတ်တပ်ထရပ်လိုက်ကြတော့သည်။ 


"ဒီနားမှာနေပြီး ပစ္စည်းတွေကို စောင့်ကြည့်ထား ဘယ်မှ မသွားနဲ့ နားလည်လား ..." 


နှစ်ဦးသား ငေးငိုင်နေဆဲ ချိန်ဖမ်းယွီကို ချန်ထားလျက် တံခါးဖွင့်ကာ ဝင်လာလိုက်ကြသည်။ ထိုအချိန်တွင် သူမသည် သန့်စင်ခန်းသို့ သွားလိုစိတ်များ ဖြစ်ပေါ်လာသည့်အတွက် အိတ်အချို့ကိုပါ တစ်ပါတည်း ယူဆောင်သွားလိုက်သည်။ ကျောပိုးအိတ်၏ ဘေးအိတ်ထောင်ထဲတွင် ထည့်ထားသော လင်းလဲ့ယန်၏ ဖုန်းမျက်နှာပြင်ပေါ်ရှိ မဖတ်ရသေးသော စာတိုအချို့ကို တွေ့လိုက်ချိန်တွင် အမူအယာကို ရုတ်ချည်း ပြောင်းလဲကာ သန့်စင်ခန်းသို့ ရေးကြီးသုတ်ပျာဖြင့် ထွက်သွားလိုက်သည်။ သူမ၏ နှလုံးခုန်သံမှာ ပုံမှန်ထက်ပင် အဆပေါင်းများစွာ မြန်ဆန်နေတော့သည်။


တစ်ချိန်တည်းမှာပင် လင်းလဲ့ယန်၏ လူရွေးပွဲလည်း စတင်လာတော့သည်။ ပထမပိုင်းတွင်မူ သူ့သရုပ်ဆောင်မှုမှာ ရှောင်ကျားရှုနှင့် ယှဉ်ပြိုင်၍ ရသေးသော်သည် ဆိုသော်ငြား ၎င်းမှာ အရက်မူးသမားတစ်ယောက် တံတားပေါ်မှ ခုန်ချသည့် အပိုင်းမျှသာ ဖြစ်ပေသည်။ သူ မည်မျှပင် ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ပါစေ များစွာ ထူးကဲမနေ။ နောက်တစ်ပိုင်းမှာမူ ဒုတိယအကျင့်စရိုက် နိုးထလာချိန်ဖြစ်သည်။ 


မြေပေါ်သို့ ပြုတ်ကျလာသော်ငြား မျက်နှာကိုမူ ဖွက်မထား။ ထိုအစား သူ့ကို ကယ်တင်ပေးခဲ့သည့် အမျိုးသမီးကိုသာ မော့ကြည့်နေလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများ တင်းတောင့်လာသည်မှာ အေးစက်နေသည့် အလောင်းကောင်သဖွယ်ပင်။ မျက်ဆန်အိမ်များ တစ်ဖြည်းဖြည်း အပေါ် မော့တက်လာပြီး မျက်ခွံနောက်ထဲသို့ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်စက္ကန့်အကြာတွင်မူ ၎င်းတို့မှာ မူလအတိုင်း ပြန်ဖြစ်သွားတော့၏။ လင်းလဲ့ယန်က ထိုမျက်လုံးလှိမ့်သည့် အမူအယာကိုသာ ထပ်ကာထပ်ကာ ပြုလုပ်လိုက်ပြီး နောက်ဆုံးတစ်ကြိမ်တွင် သူငယ်အိမ်ကို မျက်ဆန်အလည်‌တည့်တည့်တွင် တစူးတစိုက် ထားထားလိုက်တော့သည်။ 


သူ့ကို ကယ်တင်ပေးသည့် အမျိုးသမီးကို စူးစူးရဲရဲ စိုက်ကြည့်ကာ တောက်ပသည့်အပြုံးတစ်ပွင့် လှစ်ဟပြလိုက်သည်။ 


သူသရုပ်ဆောင်ပြသည့် စတိုင်မှာ ရှေ့က အစမ်းသရုပ်ဆောင်ပြသွားသူများနှင့် လုံးဝ ကွဲပြားနေသည်။ အထူးသဖြင့် ခပ်နှေးနှေး မျက်လုံးလှိမ့်လိုက်သည့် ပြကွက်မှာ ကင်မရာဘက်မှ ကြည့်လိုက်ပါလျှင် ခြောက်ခြားဖွယ်ရာ အပြည့်ပင်။ ရှောင်ကျားရှု၏ အဓိပ္ပါယ်ဖော်ပြချက်မှာ တင့်တယ်လှပကာ အန္တရာယ်များသည်ဟု ယူဆရပါလျှင် ၎င်းမှာ ကြည့်ကောင်းရုံမျှသာ ဖြစ်ပေသည်။ လင်းလဲ့ယန်၏ သရုပ်ဆောင်မှုမှာမူ ကြည့်ရှုသူများ၏ နှလုံးသားအောက်ခြေအထိ အကြောက်တရား စိမ့်ဝင်သွားစေသည်။ 


ဟူမင်က တစ်ခဏမျှ တုန့်ဆိုင်းနေပြီးကာမှ ပြောလိုက်သည်။ 


"အရင်ပြန်သွားနှင့်လိုက်ပါ နောက်တစ်ရက်နှစ်ရက်အတွင်း အကြောင်းပြန်ပေးပါ့မယ် ..." 


လင်းလဲ့ယန်က မသက်မသာဖြင့် ထွက်သွားလိုက်တော့သည်။ 


သူထွက်သွားပြီးနောက် အကဲဖြတ်သူခြောက်ဦး ခေါင်းချင်းဆိုင်ကာ ဆွေးနွေးလိုက်ကြပြီး သုံးဦးက တစ်ညီတစ်ညွတ်တည်း ရှောင်ကျားရှုကို ‌ရွေးချယ်လိုက်ကြသည်။ သူတို့က သူ၏ အသွင်အပြင်နှင့် သရုပ်ဆောင်စွမ်းရည်ကို အတော်လေး သဘောကျသွားကြသည်။ သူ့ကိုသာ အမျိုးသမီးများကို လိုက်လံဖမ်းဆီးတတ်သည့် စိတ္တဇလူသတ်သမားအဖြစ် သရုပ်ဆောင်ခိုင်းပါလျှင် အလွန်ရင်နင့်ဖွယ်ကောင်းလှမည် ဖြစ်သည်။ 


"မူရင်းစာအုပ်ထဲမှာ ဇာတ်လိုက်မင်းသားရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး တိတိကျကျ မဖော်ပြထားပေမယ့် မိန်းကလေးတွေ အများကြီးကို သွေးဆောင်ဖျားယောင်းနိုင်ဖို့ဆို သူ့ရဲ့ ရုပ်ရည်က ထူးထူးကဲကဲ ဆွဲဆောင်မှု ရှိနေမှရမှာ ကျွန်မကတော့ ဒီဇာတ်ကောင်ကို ရှောင်ကျားရှုနဲ့ အသင့်တော်ဆုံးလို့ပဲ ထင်တယ် ..." 


ထုတ်လုပ်သူအမျိုးသမီးတစ်ဦးက ပြောလိုက်သည်။ 


လက်ထောက်ဒါရိုက်တာနှစ်ဦးကမူ ဘာမှတ်ချက်မှ မပြောဘဲ ဟူမင်ကိုသာ လှမ်းကြည့်နေလိုက်သည်။ 


"ငါကတော့ လင်းလဲ့ယန်ကို ပိုကြိုက်တယ် သူ့အကြည့်တွေ ပြောင်းလဲသွားတာ တွေ့လိုက်လား အဲဒါ ငါလိုချင်တဲ့ ခံစားချက်ပဲ ကြောက်စရာကောင်းတယ် ထူးဆန်းပြီးတော့ ကျောချမ်းစရာကြီး ဒီလိုခံစားချက်မျိုးကို ဖော်ပြတဲ့နေရာမှာ ရှောင်ကျားရှုက သူ့ထက် အများကြီး ပျော့ညံ့တယ် သူ့ရဲ့ သရုပ်ဆောင်ချက်က ကောင်းတယ်ဆိုပေမယ့် ငါလိုချင်တဲ့ စတိုင်မျိုး မဟုတ်ဘူး ငါတို့က ရင်ထိတ်သည်းဖိုဇာတ်လမ်းမျိုး ရိုက်မှာ သူ့ကို ရွေးလိုက်ရင် အချစ်ဇာတ်လမ်းမျိုး ဖြစ်သွားမှာကို ကြောက်တယ် အချစ်ရဲ့ အငွေ့အသက်တွေက ကြောက်တဲ့ အရိပ်အယောင်တွေအပေါ် လွှမ်းမိုးသွားရင် ပြဿနာ ဖြစ်သွားလိမ့်မယ် ..." 


ဒါရိုက်တာဟူမင်မှာ စိတ်ဆုံးဖြတ်ပြီးသွားဟန်ပင်။ 


အမျိုးသမီးထုတ်လုပ်သူများမှာမူ သူ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဟန်။ ရိုက်ကူးရေးဘက်ဂျက် တိုးမြှင့်ပေး၍ပင် သူ့ကို စိတ်ပြောင်းနိုင်ရန် ဖျောင်းဖျ‌လိုက်ကြသည်။ 


သို့သော် အဆုံးတွင်မူ ဒါရိုက်တာဟူမင်သာ အနိုင်ရသွားတော့သည်။ အမျိုးသမီးထုတ်လုပ်သူများမှာ နောင်တရစွာဖြင့်သာ သက်ပြင်းချလိုက်ကြတော့သည်။ 


လူရွေးပွဲအပြီးတွင် ပထမဇာတ်လိုက်နေရာမှလွဲ၍ ကျန်ဇာတ်ကောင်အားလုံးကို ရွေးချယ်၍ ပြီးစီးသွားသည်။ ရှောင်ကျားရှုနှင့် လင်းလဲ့ယန် ဆန်ကာတင်နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ရှောင်ကျားရှု၏ လက်တလောကျော်ကြားမှုမှာ အလွန်မြင့်မားသည့်အပြင် နောက်ခံမှာလည်း တောင့်တင်းလှသည့်အတွက် "Love Chaser" ဇာတ်ကားတွင် အဓိကဇာတ်လိုက်နေရာကို ရလိမ့်မည်ဟု သတင်းထွက်နေပြီး လင်းလဲ့ယန်က သူ့နောက်မှ ကပ်လိုက်နေသည်။ ပို၍ မလိုလားအပ်သည်မှာ ဒါရိုက်တာဟူမင်က လင်းလဲ့ယန်ကို ဇာတ်လိုက်အဖြစ် မျက်စိကျသော်ငြား ထုတ်လုပ်သူများက သူ့ဆုံးဖြတ်ချက်ကို ကြိမ်ဖန်များစွာ ပယ်ချခဲ့သည်။ ယခုခေတ်မှာ ငွေကြေးအာဏာ ကြီးစိုးသည့်ခေတ် ဖြစ်သည့်အတွက် ဒါရိုက်တာတစ်ဦး၏ ဩဇာအာဏာမှာ အကန့်အသတ် ရှိနေပေသည်။ 


"အကျိုးနည်း ငွေက ဒီလောက်တောင် တန်ဖိုးရှိတာပဲလား မင်းသရုပ်ဆောင်တာက သူ့ထက် အများကြီး ပိုကောင်းတဲ့ဟာကို ..." 


ကောလဟာလများကို ကြားလာခဲ့သည့် ချိန်ဖမ်းရှင်းက ဒေါသတကြီး အော်ဟစ်သောင်းကျန်းလိုက်သည်။


"ငါ သရုပ်ဆောင်တာက သူ့ထက် ပိုကောင်းမှန်း မင်း ဘယ်လိုလုပ်သိလဲ ရှောင်ကျားရှုက တကယ်ကို အရည်အချင်းရှိတာ ..." 


လင်းလဲ့ယန်က ဝန်ခံလိုက်သည်။ 


"ဒါက ယဲ့ရှီ ငါ့ကို ပို့ပေးတဲ့ ဗီဒီယို ဒါကို သူ ကင်မရာသမားဆီကနေ ရလာခဲ့တာတဲ့ ..." 


ချိန်ဖမ်းရှင်းက ဖုန်းစခရင်ကို ညွှန်ပြရင်း ပြောလိုက်သည်။ 


"ကြည့်ပါဦး သူက အရေးအကြီး‌ဆုံး အခန်းမှာ မော့မကြည့်ဘဲ မျက်နှာကို အုပ်ထားတယ် မင်းကတော့ ကင်မရာကို ကြည့်ခဲ့တာလေ ပထမစရိုက် ပျောက်သွားပြီး ဒုတိယစရိုက် ထွက်လာတဲ့နေရာက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ မင်း သရုပ်ဆောင်တာကို ကြည့်ပြီးတော့လေ ငါ့ဆံပင်တွေကို ထိုးထောင်သွားတာပဲ ဒါပေမယ့် သူ့သရုပ်ဆောင်ချက်ကို ကြည့်တဲ့အချိန်မှာ ဘာမှ မခံစားရဘူး ကြောက်စရာကောင်းတဲ့ ခံစားချက်ရယ်လို့ မရှိဘဲနဲ့ သူ့ကိုယ်သူ ကြည့်ကောင်းဖို့ပဲ ကြိုးစားနေသလိုပဲ ..." 


ထိုသရုပ်ဆောင်မှုနှစ်ခုကို ယှဉ်ကြည့်ပြီးသည့်နောက် လင်းလဲ့ယန်၏ နှလုံးသားအောက်ခြေရှိ ခါးသီးမှုတို့ မျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာတော့သည်။ 


ချိန်ဖမ်းရှင်းက သူ မူပျက်နေကြောင်း သတိထားမိလိုက်သည့်အတွက် မဝံ့မရဲ မေးလိုက်သည်။ 


"ဘာလို့ ဥက္ကဌကျိကို အကူအညီ မတောင်းတာလဲ ..." 


"မဟုတ်ဘူး ကျိကောက ငါ့ကို အခွင့်အရေး ပေးပြီးပြီ သူ့ကို ထပ်ပြီး ဒုက္ခပေးလို့ မရတော့ဘူး ..." 


လင်းလဲ့ယန်က ချက်ခြင်း ငြင်းပယ်လိုက်သည်။ 


"ဒါဆိုလည်း ငါ နည်းလမ်း ရှာပေးလိုက်ဦးမယ် ..." 


ချိန်ဖမ်းရှင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


အခြားသူများသာလျှင် ထိုကောလဟာလကို ယုံကြည်သည်မဟုတ်၊ ရှောင်ကျားရှုပင်လျှင် ထိုဇာတ်ကောင်နေရာကို ဆုံးဖြတ်ပြီးသားဟု ခံစားမိနေသည်။ ကွမ်ရှစ်နှင့် လွေ့ရွှေ့တို့မှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်နေသည်။ 


"Love Chaser" ၏ ဇာတ်ကောင်ကို အမှန်တကယ် သဘောကျကာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်ငြား အလျင်အမြန် အလစ်တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။ 


"အခုခေတ်လူငယ်တွေများ အရမ်းကို အံ့ဩစရာကောင်းလိုက်တာ တကယ်ကို မယုံနိုင်စရာပဲ" 


ဗီဒီယိုထဲရှိ ဇာတ်လိုက်များမှာ သူနှင့် လင်းလဲ့ယန်ပင် ဖြစ်ပြီး နှစ်ဦးလုံးမှာ တူညီသည့် ဇာတ်ကြောင်းကို မတူညီသည့် ပုံစံမျိုးဖြင့် သရုပ်ဆောင်ပြခဲ့သည့်အတွက် "Love Chaser" ၏ ပရိသတ်များက အံ့ဩတကြီး ပြောလိုက်ကြသည်။ 


"ဟေး ဒါက ဒုတိယစရိုက် နိုးထလာတဲ့အချိန် မဟုတ်လား တကယ့်အစစ်အတိုင်းပဲ ..." 


သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုများမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့်အထိ လက်တွေ့ဆန်လှသော်ငြား တစ်ယောက်နှင့်တစ်ယောက် ဇာတ်ကောင်ကို ချဉ်းကပ်ပုံများမှာတော့ မတူညီကြပေ။ တစ်ဦးက နတ်ဆိုးဆန်ဆန် တင့်တယ်နေပြီး ကျန်တစ်ဦးမှာမူ ကျောချမ်းဖွယ်‌ ကောင်းလောက်အောင်ပင် သစ္စာကင်းမဲ့လှသည်။ မည်သူက ပိုကောင်းသည်၊ ပိုဆိုးသည်ကို ခွဲခြားနိုင်ရန်မှာ မလွယ်ကူလှ။ ဤသို့ဖြင့် ရှောင်ကျားရှုကို အားပေးသူက တစ်စု၊ လင်းလဲ့ယန်ကို အားပေးသူများကတစ်စု အုပ်စုနှစ်စု ကွဲသွားကြတော့သည်။ 


Xxxxxxx