အပိုင်း ၇၆
Viewers 44k

Chapter 76


အကုန်လုံးက တစ်ကုမ္ပဏီတည်းပဲကို ကျိကောသာ ရှောင်ကျားရှုနဲ့ တစ်ခုခု ဖြစ်နေရင် သတိမထားမိစရာအကြောင်းကို မရှိဘူး ပြီးတော့ သူနဲ့ ကျိကောက တစ်ခါမှတောင် ရန်မဖြစ်ဖူးဘဲနဲ့ ဘယ်လိုလုပ် လမ်းခွဲတာတွေ ဖြစ်မှာလဲ ကျိကောသာ စိတ်ဆိုးပြေသွားရင် သေချာပေါက် ခွင့်လွှတ်မှာပါ ... 


သို့သော် ကျိကောမှာမူ စိတ်ဆိုးနေခြင်းမဟုတ်၊ စိတ်ပင်ပန်းလွန်းသည့်အတွက် တိတ်ဆိတ်‌ရာနေရာတစ်ခုကို ရှာလျက် တစ်ခဏမျှ နားအေးပါးအေး နေလိုခြင်းဖြစ်သည်။ ကျိမြန်က ‌အရေးပေါ်လှေကားနားသို့ သွားကာ အပေါ်ဝတ်အင်္ကျီကို လှေကားရင်း၌ ချလျက် ဆေးလိပ်သောက်ရန် ထိုင်ချလိုက်သည်။ မီးညှိထားသော စီးကရက်က အမှောင်ထဲတွင် ဝင်းလက်လာကာ သူ့အကြည့်အစုံတို့ကို တစ်ဖြည်းဖြည်း ဆုံချက်ပျောက်စေခဲ့သည်။ 


ထိုအချိန်မှာပင် တံခါးဖွင့်သံပိတ်သံနှင့်အတူ လူတစ်ယောက် ဝင်လာသံကို ကြားလိုက်ရတော့သည်။ 


ကျိမြန်က သာမန်ကာလျှံကာသာ ထားလိုက်သော်ငြား ရင်းနှီးနေသည့် အသံတစ်ခုကို ကြားလိုက်ရသည့် အခါတွင်တော့ တောင်စဉ်ရေမရ အတွေးစတို့က သူ့ကို အထိန်းအကွပ်မဲ့စွာ ပြန်ဆွဲခေါ်သွားတော့သည်။ ရောက်လာသူမှာ ရှောင်ကျားရှုဖြစ်သည်။ သူက တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေကာ လေသံမှာလည်း အလွန်ရင်းနှီးနေဟန်ပင်။ 


"ဒီနေ့ အတန်းလေးခုတောင် တက်လိုက်ရတာ ကာယအတန်းနှစ်ခုနဲ့ သရုပ်ဆောင်အတန်း နှစ်ခု တစ်တန်းကို တစ်နာရီခွဲနဲ့ ကြားထဲမှာ နားချိန်လည်း မရှိဘူး အဲဒါက မခက်ပါဘူး အရမ်း စိတ်ဝင်စားဖို့ကောင်းတယ် ကျွန်တော့်မှာ ပြောစရာ ရှိသေးတယ် ဒါပေမယ့် မရယ်ရဘူးနော် ... ဟေး ပြောတောင် မပြောရသေးဘူး ရယ်နေပြီပေါ့ ဒါဆို မပြောဘဲ နေလိုက်မှာနော် ... အိုကေ အိုကေ ပြောပါ့မယ် အဲဒါက ဒါရိုက်တာဟူမင်ရဲ့ Love Chaser အကြောင်းလေ ဘာကြီး သိပြီးသားလား အန်တီစုဆီမှာ မျက်နှာပျက်ရပြီးသားကြီးပေ့ါ ah အသက်ကို ဆက်မရှင်ချင်တော့ဘူး ..." 


သူက စိတ်ပျက်လက်ပျက်ဖြစ်နေဟန် ဟန်ဆောင်ညဉ်းတွားလိုက်ပြီးကာမှ ဆက်ပြောလိုက်သည်။ 


"ကျွန်တော်က စိတ်ကြီးဝင်နေတာ မဟုတ်ပါဘူးနော် အစွမ်းကုန် ကြိုးစားပြီးတော့ ဒီအရင်းအမြစ်တွေ ရှာထားပေးတဲ့ဟာ သေချာပေါက်ကို လိုချင်တာပေါ့ ကျွန်တော် တကယ်ကို ပျော်ပါတယ် ဒါရိုက်တာဟူမင်က ကျွန်တော့်ကို မလိုချင်လို့သာ အဲဒါကိုတောင် ကပ်တွယ်နေရလောက်တဲ့အထိ ကျွန်တော့်မျက်နှာက မထူဘူးလေ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ ကျွန်တော်ကလည်း မျက်နှာပျက်ရမှာ ကြောက်တဲ့ လူစားမျိုးပါနော် သရုပ်ဆောင်စွမ်းရည်ဆိုကာမှလေ လင်းလဲ့ယန်က တကယ်ကို ကျွန်တော့်ထက် ပိုကောင်းတာ ပထမစရိုက် ပျောက်ပြီး ဒုတိယစရိုက် ထွက်လာတဲ့အချိန်ကဆိုလေ တကယ်တမ်းပြောရရင် ကျွန်တော် အဲဒီ့နှစ်ခုကို ဘယ်လို ချိတ်ဆက်ရမလဲ မသိလို့ ခေါင်းကိုငုံ့ထားလိုက်တာ ဒါပေမယ့် လင်းလဲ့ယန်က ကင်မရာကို စိုက်ကြည့်ပြီး ပြီးပြည့်စုံအောင်ကို သရုပ်ဆောင်ပြသွားနိုင်တာ သူက ကျွန်တော့်ထက် အများကြီးကို ယုံကြည်ချက်ရှိတယ် ဒါရိုက်တာဟူမင်ကလည်း ခြောက်ခြားဖွယ်အငွေ့အသက်တွေကို ဖန်တီးတဲ့နေရာမှာ ဆရာကြီးပဲလေ သူက ကြောက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်ကို လိုချင်တာ ခပ်မိုက်မိုက်စတိုင်ကို မဟုတ်ဘူး ကျွန်တော့်စတိုင်က သူလိုချင်တာနဲ့ မကိုက်လို့ နောက်ပိုင်း သူ့ဖိတ်ခေါ်ချက်ကို ငြင်းလိုက်တာ သူ့စတိုင်အတိုင်းပဲ ဆက်သွားသင့်တယ်လို့ ထင်လို့ ..." 


သူ့လေသံမှာ ချက်ခြင်းပင် ဂုဏ်ယူဝံ့ကြွားလာသည့်ဟန်။ 


"အခုမှ ကျွန်တော် ကြီးပြင်းလာမှန်း သိတာလား ပြောပါရစေဦး ကျွန်တော်ကဖြင့် မားကို လေဒဏ်မိုးဒဏ်ကနေ အကာအကွယ်ပေးနိုင်မယ့် သစ်ပင်ကြီး ဖြစ်နေပါပြီနော် အနုပညာလောကထဲကို ပြန်လာချင်တာလား သေချာပေါက်ကို support လုပ်ပေးရမှာပေါ့ မား ပျော်နေရင် ပြီးတာပဲ ပဲ့တင်သံက နည်းနည်း ဆူနေလို့လား အဲဒါ လှေကားနားလာပြီး ဖုန်းပြောနေလို့လေ မဟုတ်တာ ဆေးလိပ် မသောက်ပါဘူး တကယ် အတည်ပြောနေတာ ..." 


ထိုသို့ ပြောနေစဉ်မှာပင် ဆူဆူညံညံ အသံနှင့်အတူ ပစ္စည်းတစ်ခု လှေကားအောက်ခြေအထိ ကျဆင်းသွားတော့သည်။ ၎င်းမှာ ဆေးလိပ်ကို မီးငြိမ်းရန် ပြင်နေစဉ် ဆေးလိပ်ပြာခွက်ကို မတော်တဆ ကန်လိုက်မိရာမှ ထွက်ပေါ်လာသည့်အသံ ဖြစ်သည်။ 


"မဟုတ်တာ ဘာအသံမှ မရှိပါဘူး မား ချစ်တယ်နော် ကျွန်တော် အတန်းသွားတက်လိုက်ဦးမယ် goodbye ..." 


သူက ဖုန်းချပြီးနောက် ဆေးလိပ်‌နံ့တို့ ပျောက်သွားသည်အထိ အင်္ကျီကို အပြန်ပြန်အလှန်လှန် ခါယမ်းပြီးကာမှ တံခါးကိုဖွင့်ကာ ပြန်ထွက်သွားလိုက်တော့သည်။ 


တံခါး အလိုအလျောက် ပိတ်သွားပြီးကာမှ ကျိမြန်က အောက်ထပ်မှ တစ်ဖြည်းဖြည်း ထွက်လာခဲ့လိုက်သည်။ သူ့မျက်နှာပေါ်ရှိ နွမ်းနယ်မှုတို့မှာတော့ အစပင် ရှာမရတော့၊ ရယ်ရခက် ငိုရခက်နေဟန်ကိုသာ တွေ့လိုက်ရတော့သည်။ 


ဘာ အရိပ်ရသစ်ပင်ကြီးလဲ ဆေးလိပ်တောင် မိဘမသိအောင် ခိုးသောက်နေရတဲ့သူကများ ဒါက မူလတန်းကျောင်းသားလေးပဲ မဟုတ်ဘူးလား ... 


ခပ်ပြုံးပြုံးဖြင့် ခေါင်းယမ်းလျက် သူ့အမေအရင်းကို ဖုန်းဆက်လိုက်သည်။ 


အမေကျိက အံ့ဩတကြီး ပြောလိုက်သည်။ 


"အမေ့ကို တစ်လမှ နှစ်ကြိမ်လောက်ပဲ ဖုန်းဆက်လေ့ ရှိတာပါ အခု ခဏခဏ ဆက်နေတာ ဘာဖြစ်လို့လဲ တစ်ခုခု ဖြစ်နေလို့လား ..." 


"ဘာမှမဟုတ်ပါဘူး အမေ့ကို သတိရလာလို့ပါ ..." 


ကျိမြန်က ကြမ်းပေါ်သို့ ထိုင်ချလိုက်ကာ ဆေးလိပ်ကို ပြာခွက်ထဲထည့်ပြီး သက်ပြင်းချလျက် ပြောလိုက်သည်။


"မား ကျွန်တော် အရမ်းပင်ပန်းနေပြီ ..." 


"တစ်ခုခု ဖြစ်နေတာ သေချာပါတယ် ..." 


အမေကျိက စိုးရိမ်တကြီး ပြောလိုက်သည်။ 


"တကယ်ကို ဘာမှ မဖြစ်ပါဘူး တစ်ချိန်လုံး ပင်ပန်းနေခဲ့ပေမယ့် အမေ့ကို မပြောခဲ့မိလို့ပါ အခုကျမှ ကျွန်တော့် ခံစားချက်တွေကို အမှန်အတိုင်း ပြောသင့်တယ်လို့ ခံစားလာရလို့ ကျွန်တော်တို့က သားအမိတွေဆိုတော့ မပြောနိုင်တာလို့ မရှိဘူးလေ ဟုတ်တယ်မဟုတ်လား ..." 


အမေကျိက အတော်ကြာ အသံတိတ်နေလိုက်သည်။ သူမ စကားပြန်ပြောချိန်တွင် လေသံတစ်ခုလုံး တုန်ရီနေ၏။ 


"အမေ့ကို ထုတ်ပြောချင်စိတ် ရှိတယ်လို့ ကြားရတော့ ဝမ်းသာတာပေါ့ ပင်ပန်းရင် အလည်ပြန်လာခဲ့လေ တို့တွေ အတူတူ‌ထိုင်ပြီး စကားတွေ အကြာကြီး ပြောကြ‌တာပေါ့ မား အခု သိုးမွေးထိုးသင်နေတာ အရမ်းကြီးတော့ လက်ရာမကောင်းသေးဘူး ဆိုပေမယ့် သုံးလလောက် လေ့ကျင့်ပြီးရင် ကျွမ်းကျင်လာမှာပါ နှစ်ကုန်ကျ သားအတွက် လည်စည်းနဲ့ လက်အိတ်တစ်စုံ ထိုးပေးမယ် ပြန်လာခဲ့ ..." 


ကျိမြန်က တစ်ဖက်သူ၏ နေ့စဉ်ဓူဝကိစ္စများကို ဂကုတစိုက် နားထောင်ပေးလိုက်သည်။ တင်းမာနေသော မျက်ခုံးကြောတို့ တစ်ဖြည်းဖြည်း ပြေလျော့သွားကာ နှုတ်ခမ်းထောင့်စွန်းတို့မှ အပြုံးတစ်ပွင့် ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။ မိခင်ဖြစ်သူ၏ အားတက်သရော အကြံပေးမှုနှင့် စိုးရိမ်စိတ်များကြောင့် သူ၏ အထီးကျန်ဆန်ပင်ပန်းမှုအားလုံး လွင့်စင်ပပျောက်သွားချေပြီ။ 


လောကျန်းဝေ့သည် အစောပိုင်းနှစ်များအတွင်း ဟောင်ကောင်၌သာ ရိုက်ကူးမှုများကို ပြုလုပ်ခဲ့သည်။ အမြဲလိုလို မှုခင်းဇာတ်လမ်းများကိုသာ မျက်စိကျတတ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ် တစ်ခုလုံးတွင် ဟောင်ကောင်ကိုသာ စံနမူနာအဖြစ် သုံးတတ်သည်။ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်းမှာလည်း အလွန်မြင့်မားလှသည့်အတွက် ကြိုတင်ပြင်ဆင်ရန် တစ်ပတ်သာ အချိန်ယူလိုက်ရပြီး ရိုက်ကူးရေးကာလမှာ နှစ်လသာ ကြာမြင့်ပေသည်။ ပရိုမိုးရှင်းများအတွက် တစ်လ အချိန်ယူရာ ရုံတင်ပြသရန် စုစုပေါင်း သုံးလသာ ကြာမြင့်ခဲ့သည်။ နွေရာသီအားလပ်ချိန်အဆုံးနှင့် ကွက်တိပင်ဖြစ်သည်။ 


"တမန်တော်" ၏trailer ကို အဓိက website ကြီးများတွင် တင်ထားပြီးဖြစ်ကာ မြောက်များစွာသော တုန့်ပြန်မှုကောင်းများကိုလည်း ရရှိထားပြီးဖြစ်သည်။ မြောင်မူချင်နှင့် ရှောင်ကျားရှုတို့ တစ်ယောက်ပြီးတစ်ယောက် နာမည်ဖျက်ခံခဲ့ရသည့် ကိစ္စကြောင့် ရုပ်ရှင်၏ ကျော်ကြားမှုမှာ ထိပ်ဆုံးအထိ မြင့်တက်သွားတော့သည်။ မတိုင်ခင်ကတည်းက အာရုံစိုက်ထားခဲ့သော ရုပ်ရှင်ပရိသတ်များမှာမူ များစွာ ရင်ခုန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ 


လူကြည့်အများဆုံး အပိုင်းမှာ ကျိမြန်နှင့်‌ ရှောင်ကျားရှုတို့ နှစ်ဦးအကြား အားပြိုင်မှုကို ပြသသည့် အပိုင်းဖြစ်ကြောင်း အငြင်းပွားနေရန်ပင် မလိုချေ။ ရယ်ကာမောကာ basketball ကစားနေရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားလိုက်ကြသည်။ နောက်ဆုံးရိုက်ချက်၌ ဖုန်မှုန့်များအကြားရှိ ကျိမြန်မှာ သေနတ်ပစ်ခံရကာ လဲကျသွားပြီး သွေးစွန်းနေသော လက်တို့က မြေပေါ်ရှိ အရိုးပြာများကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် ကြိမ်ဖန်များစွာ စုစည်းနေသည်။ ဝမ်းနည်းစိတ်ကို လှုံ့ဆော်ပေးနိုင်သည့် နောက်ခံတေးဂီတကြောင့် ထိုဇာတ်ကွက်မှာ ပို၍ပင် မမေ့နိုင်ဖွယ်ရာ ဖြစ်လာကာ ပရိသတ်အားလုံး မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာကြတော့သည်။ 


ဝါရင့်သရုပ်ဆောင်များထက် မညံ့လှသည့် ရှောင်ကျားရှု၏ အရည်အချင်းကြောင့် ကြည့်ရှုသူအားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။ လင်းလဲ့ယန်နှင့် သူ၏ လူရွေးပွဲဗီဒီယိုကို ကြည့်ပြီးနောက် ပရိသတ်များက သူ့အရည်အချင်းကို အသိအမှတ် ပြုပြီးကြသော်ငြား "တမန်တော်" တွင် ဤမျှအထိ သရုပ်ဆောင်ကောင်းလိမ့်မည်ဟုတော့ မမျှော်လင့်ထားကြပေ။ 


တစ်ဖက်တွင်မူ လင်းလဲ့ယန်မှာ များစွာ နာမည်ရမလာခဲ့။ သူ့ anti-fan များမှာ ဖိနှိပ်၍ မရလောက်အောင်ပင် အင်အားကြီးထွားနေသည့်အပြင် ရုပ်ရှင်ထဲ၌လည်း မျက်စိကျစရာ အခန်းဟူ၍ တစ်ခုမှ မရှိခဲ့။ တိုက်ခိုက်ရေးအခန်းများတွင် ရှစ်ထင်းဟန်နှင့် မြောင်မူချင်တို့၏ နှိပ်ကွပ်ခြင်းကို ခံခဲ့ရသည့်အပြင် သရုပ်ဆောင်ရသည့် အခန်းများတွင်လည်း ကျိမြန်နှင့် ရှောင်ကျားရှုတို့ကို မကျော်လွန်နိုင်ချေ။ သူ့အတွက် တစ်နေရာစာပင် မရှိဟုပြောလျှင် လွန်မည်မထင်။ 


ဤရုပ်ရှင်ကြောင့် နာမည်ကြီးလာသည်ဖြစ်စေ မကြီးလာသည်ဖြစ်စေ ထုတ်လွှင့်ပြီးသည်အထိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော် ရှောင်ကျားရှုမှာမူ ကျိန်းသေ နာမည်ကြီးသွားချေပြီ။ trailer နှင့်ပင် ပရိသတ်များက သူ့အရည်အချင်းကို အသိအမှတ် ပြုလိုက်ကြတော့သည်။  


ထိုနေ့တွင် ရိုက်ကူးရေးတစ်ဖွဲ့လုံးကို rating မြင့်မားသော ရသစုံရှိုးတစ်ခုက ပါဝင်ပေးရန် ဖိတ်ကြားလာသည်။ လင်းလဲ့ယန့်အဖို့လည်း ကျိမြန်ကို လမ်းခွဲပြီး လဝက်ခန့်အကြာမှ ပထမဆုံးအကြိမ် ပြန်တွေ့ရခြင်းဖြစ်သည်။ သူတို့နှစ်ဦးမှာ ကုမ္ပဏီတူသည့်တိုင် ကမ္ဘာခြားနေသည့်နှယ်ပင်။ သူရှိနေသည့် နေရာတိုင်းတွင် ကျိမြန်ကို အရိပ်မျှပင် မတွေ့ရချေ။ 


ရှောင်ကျားရှုနှင့် လင်းလဲ့ယန်မှာ အဝတ်အစားလဲခန်း တစ်ခုတည်းကို မျှသုံးရသော်ငြား တစ်ယောက်နှင့်တစ်ယောက် မေးထူးခေါ်ပြောပင် မလုပ်ကြ။ ရှောင်ကျားရှုက စကားမပြောလို၍မဟုတ်၊ လင်းလဲ့ယန်ဘက်က စကားပြောလိုစိတ် မရှိခြင်းဖြစ်သည်။ 


"ရှောင်ကော ဒီနာရီက သိပ်ပြီး မလိုက်ဖက်ဘူး တစ်ခြားတစ်ခု လဲလိုက်မလား ..." 


သူ့အတွက် သီးသန့် ငှားရမ်းပေးထားသည့် စတိုင်လစ်က အိတ်ထဲမှ အင်မတန် ထူးခြားကောင်းမွန်လှသည့် နာရီတစ်လုံးကို ထုတ်ပြလာသည်။ 


၎င်းကို ဝတ်ဆင်ပြီးနောက် ရှောင်ကျားရှုက မှန်ထဲကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒီတစ်ခုက ပိုကောင်းသားပဲ ဒါပဲ ဝတ်လိုက်တော့မယ် ထပ်ပြီး ပြင်ဖို့လိုတာ ရှိသေးလား ..." 


"Perfect ပဲ ဘာမှ ပြင်ဖို့ မလိုတော့ဘူး မိုက်ခရိုဖုန်း ချိတ်ထားလိုက်ရအောင် ဟိုဘက်လှည့်ပေး ..." 


မိတ်ကပ်ပြင်ပေးသူမှာလည်း သခင်လေးရှောင်၏ အလှတရားအောက်တွင် ယစ်မူးပျော်ဝင်လုနီးပါးပင်။ တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားသည့်တိုင် အချိုးကျလှသော ခန္ဓာကိုယ်ကြောင့် ခြေတံတစ်စုံမှာ ဖြောင့်စင်းသွယ်လျနေဟန်။ ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည့်တိုင် ထူးထူးကဲကဲ ခန့်ညားလှသည့် သွင်ပြင်လက္ခဏာများနှင့် တင့်တယ်မြင့်မြတ်သည့် စိတ်နေစိတ်ထားတို့ ယှဉ်တွဲလိုက်သည့်အခါ တခမ်းတနား ဝတ်ဆင်ထားသည့်နှယ် အများအမြင်တွင် ဝင်းလက်တောက်ပြောင်နေတော့သည်။ 


ဝတ်ထားသည့်စတိုင် ရိုးရှင်းလေလေ တက်ကြွလှသည့် ရုပ်သွင်မှာ ပိုမိုထင်ရှားလာလေပင်ဖြစ်သည်။ တစ်ဖက်တွင်မူ လင်းလဲ့ယန်မှာ သမားရိုးကျ ထသွားထလာဝတ်စုံကိုသာ ဝတ်ဆင်ထားရာ နူးညံ့သော်လည်း သာမန်မျှသာ ဖြစ်သည့် ရုပ်ရည်ကြောင့် ရှောင်ကျားရှု၏ ဘေးနားတွင် ရပ်နေရခြင်းမှာ သူ့အဖို့ စိတ်ဒုက္ခရောက်စရာပင်ဖြစ်သည်။ 


ရှောင်ကျားရှု အခန်းထဲမှ ထွက်သွားပြီးကာမှ ချိန်ဖမ်းရှင်းက ဒေါသတကြီး ပြောလိုက်သည်။ 


"သူ ဝတ်ထားတဲ့ နာရီကိုတွေ့လား အဲဒါ Richard Mille က ထုတ်တဲ့ အမျိုးသားဝတ် RM056 ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်အတွက် သီးသန့်ထုတ်ထားတဲ့ဟာ တစ်ကမ္ဘာလုံးကို အကန့်အသတ်နဲ့ ဖြန့်ချီပြီးတော့ ဈေးကလည်း ၁၃ မီလီယံဆိုတာ အနည်းဆုံးပဲ အဲဒီ့နာရီတစ်ခုတည်းကတင် ငါတို့ရဲ့ ကျော်ကြားမှုကို လုယူသွားလို့ ရတယ်ကွ မင်းအတွက် ကုမ္ပဏီက ပေးထားတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကိုလည်း ကြည့်လိုက်ပါဦး ဘာတွေလဲ ငါသတိထားမိနေတာ ကြာပြီ အခုတလော မင်းအပေါ် ဆက်ဆံတဲ့ပုံစံတွေက တစ်ဖြည်းဖြည်း နိမ့်ကျလာတယ်နော် ငါ ဥက္ကဌကျိကို သွားပြီး စောဒကတက်လိုက်ဦးမယ် ..." 


"အရင်က ငါဝတ်ခဲ့တဲ့ အဝတ်အစားတွေက အကုန် ကျိကော စီစဉ်ပေးထားတာ ငါ သူ့ဆီ ပြန်ပို့ပေးလိုက်ပြီ ဘာတွေ သွားပြီး စောဒကတက်ဦးမှာလဲ ..." 


လင်းလဲ့ယန်က သူ့မျက်နှာကို ပွတ်သပ်လျက် ဖျော့တော့အားနည်းစွာ ပြောလိုက်သည်။ 


"ငါ့ကို ဇာတ်ညွှန်းပြဦး ဒီရသစုံရှိုးက တိုက်ရိုက်ထုတ်လွှင့်ရမှာ အမှားလုပ်လို့မရဘူး ..." 


"ဒီမှာ ..." 


ချိန်ဖမ်းရှင်းက ဇာတ်ညွှန်းကို ပေးရင်း သက်ပြင်းချလိုက်သည်။ 


"ဥက္ကဌကျိက မင်းကို တကယ်ကို ကောင်းကောင်းဆက်ဆံပေးခဲ့တာပဲ မင်းအတွက် ငါးသန်းခြောက်သန်းတန် နာရီတွေတောင် ဝယ်ပေးတာ တစ်ခုဆို ဆယ်သန်းတောင် ကျော်သေးတယ် အဲဒီ့အချိန်တုန်းကဆို ငါက စပွန်ဆာကုမ္ပဏီကလား ကုမ္ပဏီက ပေးတာလားလို့တောင် ထင်လိုက်မိသေးတယ် ..." 


လင်းလဲ့ယန်မှာ စိတ်ပျက်အံ့အားသင့်သွား၍ ဇာတ်ညွှန်းကိုပင် မဖတ်နိုင်တော့။ 


Xxxxxxx