အပိုင်း ၇၇
Viewers 44k

Chapter 77


တိုက်ရိုက်ထုတ်လွှင့်မှုကို မကြာခင် စတင်တော့မည်ဖြစ်သည်။ တင်ဆက်သူက မိတ်ဆက်ပေးနေစဉ်အတွင်း လောကျန်းဝေ့က ဦးဆောင်လျက် ကျိမြန်၊ ရှစ်ထင်းဟန်၊ မြောင်မူချင်၊ ရှောင်ကျားရှုနှင့် လင်းလဲ့ယန်တို့ အစဉ်လိုက် စင်ပေါ် တက်လာခဲ့ကြသည်။ ကျိမြန်၏ အဝတ်အစားတို့ကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှု၏ မျက်လုံးအစုံ ပြူးကျယ်သွားတော့သည်။ သူတို့နှစ်ဦး ဝတ်ဆင်ထားသည်မှာ တံဆိပ်တစ်ခုတည်း ဖြစ်ရုံသာမက တစ်ယောက်က အဖြူနှင့် အပြာကို ဝတ်ထားပြီး ကျန်တစ်ယောက်က အမဲနှင့် ခဲရောင်ကို ဝတ်ဆင်ထားသည်။ ချစ်သူစုံတွဲဝတ်စုံကဲ့သို့ပင်။ ထို့ပြင် L ကုမ္ပဏီမှ ထုတ်ထားသည့် ဆင်တူခါးပတ်သာမက Richard Mille ၏ နာရီကိုပါ ဝတ်ဆင်ထားသေးသည်။ ထိုနာရီမှာလည်း နိုင်ငံတစ်နိုင်ငံတည်းကို ဖြန့်ချီသည့် ဆင်တူ limited edition ဖြစ်သည်။ 


ကျိမြန်ကလည်း အနည်းငယ် ကြောင်အသွားပြီးကာမှ မသိမသာ ပြုံးလိုက်သည်။ အမျိုးသားသရုပ်ဆောင်များမှာ အမျိုးသမီးသရုပ်ဆောင်များကဲ့သို့ မဟုတ်။ အဝတ်ဆင်တူ ဝတ်မိသည့်တိုင် ပြဿနာ မဖြစ်နိုင်ပေ။ ဆင်တူဝတ်ထားသည့်တိုင် တစ်ဦးက ချောမောကာ တစ်ဦးက ရုပ်ဆိုးနေပါလျှင်မူ အခြေအနေမှာ တစ်မျိုးပြောင်းသွားမည်ဖြစ်သည်။ ကျိမြန်နှင့် ရှောင်ကျားရှုမှာမူ နှစ်ယောက်ယှဉ်ရပ်နေသည့်တိုင် ရုပ်ရည်အရာတွင် မည်သူကမှ မနိမ့်ကျ။ အလွန်အမင်းပင် ကြည့်ကောင်းတင့်တယ်လှပေသည်။ တစ်ယောက်က သက်ဝင်လှုပ်ရှားကာ ကျန်တစ်ယောက်ကမူ လွှမ်းမိုးနိုင်သည့် အရိပ်အယောင်တို့ ဖုံးလွှမ်းထားသည်။ 


အစီအစဉ် တင်ဆက်သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လျက် စနောက်လိုက်သည်။ 


"ဟေး မင်းတို့နှစ်ယောက်က ဒီလိုဝတ်ဖို့ စီစဉ်ထားကြတာလား ..." 


ရှောင်ကျားရှု၏ ပါးနှစ်ဖက် ရုတ်ချည်း နီမြန်းသွားတော့သည်။ သူက လက်ကို အလျင်အမြန် ခါယမ်း‌လျက် ပြောလိုက်၏။


"မဟုတ်တာ မဟုတ်တာ ကျိကောလည်း ဒီလိုဝတ်လာလိမ့်မယ်လို့ တကယ်ကို မသိထားပါဘူး ဒီလိုဝတ်ထားတာတောင် ကျိကောက ကျွန်တော့်ထက် အရပ်ပိုရှည်ပြီး အများကြီး ကြည့်ကောင်းတယ် ..." 


ကျိမြန်ကို တိတ်တိတ်လေး ခိုးကြည့်ပြီးနောက် သူလည်ပင်းတစ်ခုလုံး နီမြန်းလာတော့သည်။ 


ဒီဝတ်စုံက ဘယ်သူဝတ်ဝတ် ခြေတံရှည်တယ်လို့ ခံစားရတယ် ဆိုပေမယ့် ကျိမြန်က ၁၉၀ စင်တီမီတာတောင် ရှိတာလေ သူ့ခြေထောက်နှစ်ဖက် ပေါင်းလိုက်ရင် မိုးထိတောင် မြင့်သွားလိမ့်ဦးမယ် ကျိကောက ဘာလို့ ဆိုဖာသေးသေးလေးမှာ ထိုင်နေရတာလဲ သူ့ခြေတံရှည်ကြီးတွေအတွက် နေရာမရှိတော့ဘူးလေ ဟုတ်တယ်မဟုတ်လား ... 


ရှောင်ကျားရှုက ထိုသို့တွေးနေရင်း ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ သူ့ပုံစံမှာ တစ်နေရာရာသို့ ပြေးထွက်သွားတော့မည့်ဟန်ပင်။ ကျိမြန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။ သူ့အနားသို့သွားကာ ခေါင်းကို ပွတ်ပေးလျက် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ပြောလိုစိတ်ပင် ဖြစ်ပေါ်လာတော့သည်။ 


"ဒါက ညီအစ်ကိုဝတ်စုံလေ ..." 


ကျိမြန်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထို့နောက် သဘာဝကျကျပင် ရှောင်ကျားရှု၏ နောက်ကျောကိုပါ ပုတ်ပေးလိုက်သေးသည်။ 


ထိုအခါမှ ရှောင်ကျားရှုလည်း အသိစိတ်ပြန်ကပ်လာပြီး ကျိကော၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရင့်ကျက်တည်ငြိမ်သူနှင့် ငယ်ရွယ်ချောမောသူနှစ်ဦး ဘေးချင်းယှဉ်လျက် စခရင်တွင် ပေါ်လာသည့် ပုံရိပ်မှာ အလွန် လိုက်လျောညီထွေစွာဖြင့် မျက်စိဖမ်းစားနိုင်နေပေသည်။ ကြည့်ရှုသူတို့၏ အကြည့်အားလုံးမှာ စခရင်ကိုသာ မခွဲနိုင်မခွါနိုင် ကပ်ငြိတွယ်နေတော့သည်။ 


"ဟေး CP အနံ့တွေ ပြင်းပြင်းထန်ထန်ကြီးကို ရနေတယ်နော် ဒါက စုံတွဲဝတ်စုံ မဟုတ်လား ..." 


ကြည့်ရှုသူတစ်ဦးက မှတ်ချက်ရေးလိုက်လျှင် သဘောတူထောက်ခံသူများ အများအပြား ထွက်ပေါ်လာတော့သည်။ 


သူတို့ရောက်နေသည့် ရသစုံရှိုးမှာ စကားပြောရသည့် ရှိုးအမျိုးအစား ဖြစ်သည့်အပြင် တင်ဆက်သူမှာလည်း အတော်ပင် စကားပြောကောင်းသူတစ်ဦး ဖြစ်သည့်အတွက် လေထုမှာ အလျင်အမြန်ပင် လှုပ်ရှားသက်ဝင်လာတော့သည်။ သူက ဒါရိုက်တာလောကျန်းဝေ့အတွက် ဦးစွာ တွင်းတူးပေးလိုက်သည်။ 


"အဓိကဇာတ်ကောင်တွေ အကုန်လုံး ရောက်နေပြီဆိုတော့ ဒါရိုက်တာကြီးအနေနဲ့ ဒီထဲက ဘယ်သူ့ရဲ့ သရုပ်ဆောင်ချက်ကို စိတ်တိုင်းအကျဆုံးလဲ ..." 


လောကျန်းဝေ့၏ အကျင့်စရိုက်မှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ပုံမှန်အားဖြင့် သူ့အတွက် တွင်းတစ်ခု တူးပေးထားလျှင်ပင် မုချ ခုန်ချမည်ဖြစ်သည်။ သူက မတုန့်မဆိုင်း ပြန်ဖြေလိုက်သည်။ 


"သေချာပေါက်ကို ရှောင်ကျားရှုပဲပေါ့ ..." 


"ဘာလို့လဲ ..." 


"ဘာလို့လဲဆိုတော့ သူက ခရီးအပေါက်ဆုံးသူ ဖြစ်လို့ အစောပိုင်းတုန်းကတော့ သရုပ်ဆောင်တယ်ဆိုတာ ဘာမှန်းတောင် သူမသိဘူး ဒါပေမယ့် နောက်ပိုင်းကျ ကျိမြန်နဲ့တောင် အပြိုင် သရုပ်ဆောင်လာနိုင်တယ် ဒီဓာတ်ပုံတွေကို ကြည့်ကြည့်လိုက်ရင် နားလည်လာမှာပါ ..." 


လောကျန်းဝေ့က စခရင်ကို ညွှန်ပြရင်း ကြိုတင်တည်းဖြတ်ထားပြီးသော ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။ ထိုင်ခုံပေါ်တွင် ပုံစံမျိုးစုံဖြင့် ပျင်းတိပျင်းရွဲ ထိုင်နေရင်း ဂိမ်းဆော့နေသည့် ရှောင်ကျားရှုမှာ အလွန်အမင်း သတိလက်လွတ် ဖြစ်နေဟန်ပင်။ နောက်တစ်ပုံမှာမူ နောက်ခံသီချင်းပင် ပါဝင်လိုက်သေးသည်။ "wash scrub scrub; wash scrub scrub..." 


ထို့နောက် ဓာတ်ပုံက ၃၆၀ ဒီကရီ လှည့်သွားကာ ရှောင်ကျားရှု၏ ဖုန်းကြည့်နေသော ပုံ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာတော့သည်။ 


စင်အောက်ရှိ ပရိသတ်အားလုံး ဝါးခနဲ ရယ်မောလိုက်ကြသည်။ ကျိမြန်၊ ရှစ်ထင်းဟန်နှင့် အခြားသူများပင် ဟန်မဆောင်နိုင်အောင် ပြုံးလိုက်မိကြတော့သည်။ လင်းလဲ့ယန်တစ်ဦးတည်သာ မရယ်နိုင်မပြုံးနိုင် ဖြစ်နေသည့်အတွက် မျက်နှာအောက်ပိုင်းကို လက်ဖြင့်ဖုံးလျက်သာ မျက်လုံးအစုံတို့ကို ကွေးညွတ်လျက် ရယ်ချင်ဟန် ဆောင်နေလိုက်တော့သည်။ 


ရှောင်ကျားရှုမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားသည့်အတွက် မျက်နှာတစ်ခုလုံး ရှက်သွေးတို့ဖြင့် ရဲရဲနီလာတော့သည်။ 


"ဒါက ရိုက်ကွင်းကို ရောက်ကာစ ပုံစံပေါ့နော် အဲဒီ့တုန်းကဆို ဂိမ်းဆော့ဖို့လောက်ပဲ သိခဲ့တော့ ကျွန်တော်လေ သံမဏိဖြစ်မလာတဲ့ သံတုံးကို မုန်းလိုက်တာကို ..." 


လောကျန်းဝေ့က နှစ်နှစ်ကာကာ ပြုံးပြလိုက်သည်။ 


"ဒါကတော့ သူ့ရဲ့ နောက်ပိုင်းပုံစံပေါ့ ဘယ်လိုလဲ အများကြီး ပြောင်းလဲမသွားဘူးလား ..." 


ဖုန်းကြည့်နေသော လူငယ်လေး၏ ဓာတ်ပုံ ပျောက်ကွယ်သွားကာ ခွေးခြေတစ်လုံးကို သယ်လျက် မှတ်စုစာအုပ်ကို လက်က ကိုင်ထားပြီး ဘောပင်ကို နားရွက်ကြား ညှပ်ထားသော ရှောင်ကျားရှု၏ ပုံရိပ်က အစားထိုး ဝင်ရောက်လာတော့သည်။ သူက ရံဖန်ရံခါတွင် ဒါရိုက်တာလောအနား ထိုင်လျက်၊ တစ်ခါတစ်ရံ ကင်မရာသမားဘေး ထိုင်ကာ အချို့အချိန်များတွင် လက်ထောက်ဒါရိုက်တာဘေး သွားလျက် သိလိုသည်များကို မှတ်သားနေသည်။ အတိုချုပ် ပြောရပါလျှင် ရိုက်ကူးရေး လုပ်ချိန်တိုင်း ဘေးနားတွင် ခွေးခြေတစ်လုံးပေါ် ထိုင်နေသည့် ရှောင်ကျားရှုကို တွေ့ရမည်ဖြစ်သည်။ 


အစောပိုင်းက အလေးအနက် မထားသည့် ပုံစံနှင့် နောက်ပိုင်း အလေးအနက်ထားလာသည့် ပုံစံ နှစ်ခုလုံးကို ထိုဓာတ်ပုံများမှတစ်ဆင့် တွေ့နိုင်ကာ သူ့အရည်အချင်းမှာလည်း အလျင်အမြန်ပင် တိုးတက်လာတော့သည်။


အစောပိုင်းက ရယ်မောနေသည့် ပရိသတ်များကလည်း စိတ်ပါလက်ပါ ဩဘာပေးလိုက်ကြတော့သည်။ 


ရှောင်ကျားရှုအဖို့လည်း သူ့ကိုယ်ပိုင်ပြောင်းလဲမှုကို ပထမဆုံးအကြိမ် မျက်မြင်ကြုံဖူးခြင်းဖြစ်သည်။ ရှက်ရွံ့နေသော အမူအယာကို လေးနက်မှုတို့က အစားထိုး ဝင်ရောက်လာပြီး လက်နှစ်ဖက်ကို စုစည်းလျက် လောကျန်းဝေ့ကို ရိုးရိုးသားသား ပြောလိုက်သည်။ 


"ဒါရိုက်တာလော ကျွန်တော် ဆက်ပြီးတော့ ကြိုးစားပါ့မယ် အဆက်မပြတ် ကူညီလေ့ကျင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ..." 


လောကျန်းဝေ့က ပြုံးလျက်သာ လက်ကို ယမ်းပြလိုက်သည်။ 


ကျိမြန်က စခရင်ကို ကြည့်လျက် ထပ်ပြောလိုက်သည်။ 


"ဒီခွေးခြေပေါက်စလေးက ရှောင်ကျားရှုရဲ့ သီးသန့်ပလ္လင်လေ သူက ဒါကို ယွမ်နှစ်ဆယ်ပေးပြီးတောင် ဝယ်ခဲ့တာ ရှေ့လျှောက် သွားလေရာ သယ်သွားချင်လည်း အဆင်ပြေတယ်တဲ့ ..." 


ကြည့်ရှုနေသူများက တစ်ဖန် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြပြန်သည်။ 


ရှောင်ကျားရှုက ကျိမြန်ကို ဒေါသမပါသည့် အကြည့်တို့ဖြင့် ကြည့်လျက် ပြုံးပြလိုက်သည်။ ကျိမြန်၏ လက်တို့မှာ ယားယံလာသည့်အတွက် အယောင်ယောင် အမှားမှားဖြင့် သူ့နဖူးကိုသာ ပွတ်သပ်လိုက်တော့သည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို အင်တာနက်ပေါ်မှတစ်ဆင့် ကြည့်နေသူများမှာလည်း သူတို့နှစ်ဦးကြား တုန့်ပြန်ပုံကြောင့် အလွန့်အလွန် စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့က မှတ်ချက်ကဏ္ဍကို အလားတူမှတ်ချက်များစွာဖြင့် ဖုံးလွှမ်းလိုက်ကြသည်။ 


"ဘုရားရေ အကြည့်ချင်း စုံသွားတာလေးကို ကြည့်လိုက်ပါဦး အရမ်းကို နွေးထွေးပြီး ချစ်ဖို့ကောင်းတာပဲ ကျိမြန်က ရှောင်ကျားရှုကို ခဏခဏ ကြည့်ပြီး ပြုံးပြုံးနေတာ ရှောင်ကျားရှုကလည်း သူ့ကို ခိုးကြည့်ပြီး အကြည့်ချင်း ဆုံသွားတိုင်း ရယ်လိုက်တာများ အရူးလေးအတိုင်းပဲ ငါ့ကို အချိုပိတ်ပြီး သေအောင် လုပ်နေကြတာလား " 


တင်ဆက်သူက အချိန်အတော်ကြာ ရယ်မောနေပြီးကာမှ မေးလိုက်သည်။ 


"အဲဒီ့ခွေးခြေလေးကို တကယ်ပဲ သွားလေရာ သယ်သွားတာလား ..." 


"အာ အဲဒါက ကားနောက်ဖုံးထဲမှာ ထည့်ထားတာပါ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြရင်း မျက်နှာကို လက်ဖြင့် ကာထားလိုက်သည်။ သူ့ပုံစံမှာ အလွန်အမင်း ရှက်ရွံ့နေဟန်ပင်။ 


အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်က စခရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြန်သည်။ အားလုံးက သူ၏ ချစ်ဖို့ကောင်းမှုကို အလုအယက် ချီးကျူးနေကြသည်။ သူ့ပုံစံမှာ အေးစက်စက်အလှလေး ပုံစံမျိုး ဖြစ်သည့်တိုင် ပြုံးလိုက်ချိန်တွင်မူ တောက်ပကာ အပြစ်ကင်းသည့်ဘက်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ 


တင်ဆက်သူက သူ့ကို ဆက်မေးလိုက်သည်။ 


"ကြားမိတာတော့ ဒါက မင်းရဲ့ ပထမဆုံး ရုပ်ရှင်ဆို ပြီးတော့ ကျိလောင်ရှီးက မင်းရဲ့ဆရာဆိုတော့ ဖိအားများတယ်လို့ မခံစားရဘူးလား ..." 


ရှောင်ကျားရှုက ခေါင်းယမ်းပြလိုက်သည်။ 


"ဘာဖိအားမှ မရှိပါဘူး ..." 


"အယ် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဒီလောက်အထိတောင် ကောင်းတာလား ..." 


တင်ဆက်သူက မျက်ခုံးပင့်လျက် မေးလိုက်သည်။ 


"ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာက ကြံ့ခိုင်လို့ မဟုတ်ဘဲ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘာမှ မသိလို့ပါ သရုပ်ဆောင်တာက ဘာလဲဆိုတာကို trailer ထဲက 2:56 အပိုင်းရောက်မှပဲ သေချာ ခံစားမိသွားတာ အဲဒီ့အခန်းမှာ ကျိကောရဲ့ ပြတ်သားနေတဲ့ အကြည့်တွေကြောင့် တုန်လှုပ်ပြီး ကြက်သေသေသွားတာ အဲဒီ့အခါကျမှ "အိုး သရုပ်ဆောင်တယ်ဆိုတာ ဒါမျိုးပါလား စိတ်ကူးယဉ်ဇာတ်ကောင်တွေကို လက်တွေ့လို့ ထင်ရလောက်အောင် ဖန်တီးတာမျိုးပေါ့" လို့ ချက်ခြင်း သဘောပေါက်သွားတော့တာ ..." 


သူ့စကားအဆုံး၌ စခရင်ပေါ်သို့ ထွက်ပေါ်လာသော trailer ကြောင့် ကြည့်ရှုသူအားလုံး အံ့အားသင့်သွားကြတော့သည်။ စခရင်ပေါ်ရှိ ကျိမြန်၏ အကြည့်တို့မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့ ပြင်းထန်လှသည့် ရုန်းကန်မှုနှင့် ဝမ်းနည်းမှုတို့က ကြည့်ရှုသူ၏ နှလုံးသားထဲသို့ ပြိုင်ဘက်မရှိ ထိရိုက်သွားစေတော့သည်။ 


trailer ကြည့်ရုံမျှဖြင့် ဇာတ်ကြောင်းတစ်ခုလုံးကို မခန့်မှန်းနိုင်သော်ငြား အဓိက သရုပ်ဆောင်များ၏ အရည်အချင်းကြောင့် ရုပ်ရှင်၏ ဂုဏ်သတင်းမှာ အခြေခိုင်မာသွားတော့သည်။ "ရုံတင်မယ့်ရက်ကို စောင့်နေပါမယ်" ဟူသည့် မှတ်ချက်များက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ 


တင်ဆက်သူကို စကားစကို အပြတ်မခံဘဲ ဆက်မေးလိုက်သည်။ 


"ဆိုတော့ မင်းက ကျိလောင်ရှီးရဲ့ ပရိသတ်ပေါ့ ဟုတ်လား အိုး ဟုတ်သားပဲ လင်းလဲ့ယန်ကလည်း ကျိလောင်ရှီးရဲ့ ပရိသတ်ပဲနော် မင်းရဲ့ Weibo က ကျိလောင်ရှီးနဲ့ ပတ်သက်တာတွေ အပြည့်ပဲနော် လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ဟုတ်တယ်မဟုတ်လား ..." 


လင်းလဲ့ယန်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ကဲ့ ကျွန်တော်က ကျိကောရဲ့ အမာခံ ပရိသတ်ပါ ..." 


"ကျွန်တော်ရောပဲ ..." 


ရှောင်ကျားရှုမှာ ဘာကြောင့် ဤသို့ ပြောမိမှန်း သူ့ကိုယ်သူလည်း သတိမထားမိလိုက်ပေ။


ပရိသတ်ဖြစ်တာ မကြာသေးဘူး ဆိုပေမယ့် သူလည်း သံတုံးပဲလေ သံတုံးအဟောင်းတွေထက်တောင် ပိုပြီး သန်မာသေးတယ် ... 


(အမာခံပရိသတ်ရဲ့ ရှေ့ဆုံးစကားလုံးက သံတုံးဆိုတဲ့ စကားလုံးနဲ့ အတူတူဖြစ်နေလို့ ဒီလို‌ပြောလိုက်တာပါ သူက ဟိုးအရင်ကတည်းက ပရိသတ်ဖြစ်လာတဲ့သူတွေထက်တောင် ပိုပြီး အမာခံဖြစ်သေးတယ်ဆိုတဲ့ သဘောပါ) 


စိတ်ဓာတ်တက်ကြွနေသော ပရိသတ်က မှတ်ချက်ကဏ္ဍတစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ 


"Ah အပင်ပေါက်ကလေးကလည်း မျက်နှာရအောင် တိုက်ခိုက်နေတာ မဟုတ်လား ချစ်စရာကောင်းလိုက်တာ ..." 


တင်ဆက်သူက လက်နှစ်ဖက်ကို ဖျစ်ညှစ်လျက် ပြောလိုက်သည်။ 


"နှစ်ယောက်စလုံးက ကျိလောင်ရှီးရဲ့ ပရိသတ်တွေလို့ ပြောနေကြမှတော့ စစ်ဆေးကြည့်လိုက်ကြရအောင် တစ်ယောက်လောက် မေးခွန်းဘုတ်ပြားတွေ ယူလာခဲ့ကြပါဦး ကျိလောင်ရှီးဖို့ရောနော် ..." 


ထိုဖြစ်ရပ်မှာ ကြိုတင်စီစဉ်ထားခြင်း မဟုတ်သည့်အတွက် မေးခွန်းဘုတ်ပြားများ ရသည့်အခါ သုံးယောက်စလုံး အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။ တင်ဆက်သူက ကျိမြန်ကို သူ့ဘေးထိုင်စေလျက် ခပ်ဟဟ ရယ်မောလိုက်သည်။ 


"ဒီလိုမှပဲ ကျိလောင်ရှီးနဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေကို မေးနိုင်မှာ ကျိလောင်ရှီးနဲ့ အဖြေတူတဲ့သူ ဘယ်သူမဆို တစ်မှတ်ရမယ်နော် ပရိသတ်အစစ်လား အတုလား အမှတ်ပေါင်းထွက်လာမှ ဆက်ပြောကြတာပေါ့ ..." 


ရှောင်ကျားရှုက အလွန်အမင်း အားတက်သရော ဖြစ်နေသော်ငြား လင်းလဲ့ယန်မှာမူ ပထမဆုံးအကြိမ် သူ့ကိုယ်သူ သာလွန်သည်ဟု ခံစားလိုက်ရတော့သည်။ 


ကျိကောနဲ့ နှစ်တွေအကြာကြီးတောင် တွဲလာတာ သူ့အကြိုက်တွေကို ဘယ်လိုလုပ် မသိဘဲ နေမလဲ ...


Xxxxxxxx