အပိုင်း ၇၈
Viewers 44k

Chapter 78


အင်တာနက်သုံးစွဲသူများ၏ အကြည့်မှာ လွန်စွာ စူးရှလာပေသည်။ လင်းလဲ့ယန်၏ အနိုင်ပိုင်းနိုင်ဟန် အမူအယာကို သတိထားမိလိုက်သူတစ်ဦးက ပို့စ်တင်လိုက်သည်။ 


"လင်းလဲ့ယန်က ဘာဖြစ်နေတာလဲ သူ့ပုံစံကြည့်ရတာ နတ်ဘုရားကျိအကြောင်း တကယ် သိထားသလိုပဲ သူက တကယ်ပဲ နတ်ဘုရားကျိရဲ့ အမာခံပရိသတ်လား ..." 


လင်းလဲ့ယန်မှာ အလွန်နူးညံ့ကာ တင့်တယ်လှသည့် ရုပ်ရည်သွင်ပြင်ကိုသာမက နှစ်လိုဖွယ် အပြုံးတစ်ခုကိုပါ ပိုင်ဆိုင်ထားသည့်အပြင် ပွဲဦးထွက်ကာလ၌ ကျိမြန်၏ အားပေးမှုကိုပါ ရရှိထားသည့်အတွက် ပရိသတ်များ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြောင်မူချင်၊ ရှောင်ကျားရှုတို့နှင့် ပြဿနာ ဖြစ်ခဲ့သည့်အပြင် Love Chaser ၏ မဲပေးသည့်ကိစ္စပါ ဖြစ်ပွားခဲ့သည့်အတွက် ငှားရမ်းထားသော ရေတပ်များက သူ့ကို မဲအနိုင်ရစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်တိုင် ရှောင်ကျားရှု၏ ပရိသတ်များက သူ့ကို ဆူပူကြိမ်းမောင်းနေကြဆဲဖြစ်သည်။ 


ထိုကိစ္စများ ဖြစ်ပြီးကတည်းက မည်သည့်အကြံအစည်မှ မထုတ်တော့ဘဲ သူ့ဇာတ်ကောင်အသစ်အတွက်သာ တိတ်တဆိတ် ကြိုတင်ပြင်ဆင်နေခဲ့သည်။ သို့သော် ပရိသတ်တို့၏ အတွေးထဲတွင်မူ သူအတွက် ပုံရိပ်တစ်ခု တည်ရှိနေပြီးဖြစ်သည်။ သူ့နာမည်ကို ပြောလေ‌တိုင်း အကြံအစည်များဖြင့် ပြည့်နေသူ၊ နောက်ကျောဓားနဲ့ထိုးတဲ့သူ အစရှိသော ယုတ်ညံ့သည့် စကားလုံးများသာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ 


ကြည့်ရှုနေသည့် ပရိသတ်တစ်ဦးက အထူးအဆန်း ပြန်ဖြေလိုက်သည်။ 


"သူက နတ်ဘုရားကျိရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတယ်လေ သူ့ Weibo မှာ နတ်ဘုရားကျိနဲ့ ပတ်သက်တဲ့ ပို့စ်တွေ ရှိနေတာ ထုံးစံပါပဲ ဒါပေမယ့် ဘယ်လိုဖြစ်လို့ အမာခံပရိသတ် ဖြစ်သွားရတာလဲ တက်ကြွလွန်းတယ်ဆိုလည်း အတိုင်းအတာတော့ ရှိရဦးမှာပေါ့ ..." 


"သူက နတ်ဘုရားကျိရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတာလား သူနဲ့ ဘာလို့ စာချုပ်ချုပ်ခဲ့လဲ စဉ်းစားနေတာ အံ့ဩစရာ မရှိတော့ပါဘူး ..." 


"နတ်ဘုရားကျိက သူ့ကို အရမ်း ထောက်ပံ့ပေးခဲ့တာနော် ပွဲဦးထွက်မှာတင် "တမန်တော်" မှာ သရုပ်ဆောင်ခွင့် ရသွားတာ ဒါတောင် တန်ဖိုးထားရကောင်းမှန်း မသိဘူး လူတိုင်းက နောက်ကျောလှည့်လိုက်ပြီ ဆိုတာနဲ့ ဟိုဟာဆိုလည်း အပုပ်ချ၊ ဒီဟာဆိုလည်း မကောင်းပြော ရှောင်ကျားရှုရဲ့ အခွင့်အရေးတွေကိုတောင် ဖြတ်ခုတ်လိုက်သေးတယ် ဟို အသုံးမကျတဲ့ မဲပေးတဲ့ဟာကြီးကြောင့်သာ မဟုတ်ရင် Love Chaser ရဲ့ ဇာတ်လိုက်နေရာက သေချာပေါက် ငါတို့အပင်ပေါက်လေးလက်ထဲ ရောက်မှာပဲ ..." 


လင်းလဲ့ယန်မှာ မှားယွင်းစွပ်စွဲခံလိုက်ရတော့၏။ 


Love Chaser ရဲ့ ဇာတ်လိုက်နေရာက အစောကြီးကတည်းက သူ့ဟာပါနော် ဘယ်လိုဖြစ်လို့ ရှောင်ကျားရှုလက်ထဲကနေ ဖြတ်ခုတ်တာ ဖြစ်သွားရတာလဲ ပွဲဦးထွက်ကာစ အနုပညာလောကရဲ့ လှည့်ကွက်တွေအကြောင်း နားမလည်သေးလို့ မှားခဲ့မိတာပဲ ရှိတာ အဲဒါကြောင့်လည်း ဒီလိုမျိုး စိတ်ရူးပေါက်ချင်စရာ ဆုံးရှုံးမှုတွေကို ကြုံရတာပေါ့ အခုအချိန်မှာ သူတွေးမိနေတာ တစ်ခုပဲ ရှိတယ် ကျိကောပြောတာ မှန်တယ် ဆိုတာပဲ သူ့အနေနဲ့ တကယ်ကို ဘာမှ လုပ်စရာ မလိုခဲ့ဘူး ရုပ်ရှင်ကောင်းကောင်းရိုက် ကောင်းကောင်းနေ ကျန်တာအကုန် ကျိကောက စီစဉ်ပေးမှာကို ... 


အခုတော့ အားလုံး နောက်ကျသွားပြီ ... 


သူက ကျိကောကိုတစ်လှည့် မေးခွန်းကတ်ပြားကိုတစ်လှည့် ကြည့်နေလိုက်သည်။ နှလုံးသားတစ်ခုလုံး ခါးသီးလာသည့်တိုင် မျှော်လင့်ချက်တို့ ပြည့်နှက်နေဆဲဖြစ်သည်။ သူသည်သာ ကျိကောကို နားအလည်နိုင်ဆုံးသူဖြစ်ရာ ဤကိစ္စကြောင့် သူတို့နှစ်ဦးကြားရှိ အမှတ်တရလေးများ ပြန်လည် နိုးထလာနိုင်စေရန် မျှော်လင့်မိနေဆဲဖြစ်သည်။ 


တင်ဆက်သူက ကျိမြန်ကို အဖြေများအား မတော်တဆ မပြသမိစေရန် အလို့ငှာ ထိုင်နေသည့်ပုံစံကို ပြင်ပေးရန် ပြောပြီးကာမှ ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။ 


"ပထမဆုံး မေးခွန်းကတော့ ကျိလောင်ရှီးရဲ့ အကြိုက်ဆုံးအရောင်က ဘာလဲ ..." 


ရှောင်ကျားရှုနှင့် လင်းလဲ့ယန်တို့က ခေါင်းငုံ့လျက် အပြိုင်အဆိုင် ချရေးနေကြစဉ် ကြည့်ရှုသူများကလည်း တစ်ယောက်နှင့်တစ်ယောက် အလုအယက် ‌အဖြေကို ရေးလိုက်ကြသည်။ ကြည့်ရှုနေသူများကို အနှောင့်အယှက် မဖြစ်စေရန် အလို့ငှာ ဒါရိုက်တာက ထိုမှတ်ချက်များကို ဧည့်သည်များ၏ နောက်ကျောဘက်ရှိ စခရင်အကြီးကြီးပေါ်သို့ ရွှေ့ပေးလိုက်သည်။ 


တင်ဆက်သူက ရှင်းပြလိုက်သည်။ 


"အာ ကြည့်ရှုသူတွေကပါ အဖြေတွေ ရေးလာကြတာပါလား ကျွန်တော့်ရဲ့ တွက်ချက်မှုအရဆိုရင်တော့ အများစုက အနက်ရောင်ကို ဖြေထားကြတာပဲ အဲဒီ့နောက်မှာမှ ခဲရောင် ပြီးတော့ အဖြူရောင် ကြည့်ရတာ မင်းတို့ အိုင်ဒေါအတွက်တော့ အားလုံးက... " 


သူက ကျိမြန်၏ အဖြေကို လှည့်ကြည့်ပြီးနောက်တွင်တော့ ပါးစပ်ကို အုပ်လျက်သာ ရယ်မောလိုက်တော့သည်။ 


"အိုက်ယား ရှက်စရာကောင်းလိုက်တာ ..." 


စာရေးပြီးသွားသော ကျိမြန်က ရှောင်ကျားရှုကို အထူးတဆန်း ကြည့်နေလိုက်သည်။ 


လင်းလဲ့ယန်ကမူ ယုံကြည်ချက်အပြည့်ဖြင့်သာ ကတ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ 


"အဖြေကတ်ပြားတွေကို လှန်လိုက်ကြပါ ပြီးမှ ကျိလောင်ရှီးဆီက အဖြေမှန်ကို ကြည့်ကြည့်ကြတာပေါ့ မင်းတို့ရဲ့ နားလည်နိုင်စွမ်းကို စစ်ဆေးရမယ့်အချိန် ရောက်လာပြီ ..."


တင်ဆက်သူ၏ စကားအဆုံးတွင် ရှောင်ကျားရှုနှင့် လင်းလဲ့ယန်တို့ နှစ်ဦးစလုံး အဖြေကို တစ်ပြိုင်တည်း ပြလိုက်ကြကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။ 


ရှောင်ကျားရှုက "royal blue" ဟု ရေးပြီး လင်းလဲ့ယန်က "အနက်၊ ခဲရောင်နှင့် အဖြူရောင်" ဟု ရေးထားသည်။ သူတို့နှစ်ဦး၏ အဖြေများမှာ မတူညီကြသည့်အပြင် အမူအယာများမှာလည်း ကွဲပြားကြပေသည်။ တစ်ဦးက ဆော့ကစားနေသည့်နှယ် ပေါ့ပါးပျော်ရွှင်နေပြီး ကျန်တစ်ဦးကမူ ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ 


(Royal blue ကလေ နက်ပြာလိုမျိုး အမဲရောင်ဘက်ကို သွားတာလည်း မဟုတ်ဘူး နေဗီပြာထက်လည်း ရင့်တယ် အနီးစပ်ဆုံးပြောရရင် နီလာရဲ့ အရောင်လိုမျိုးပါ) 


အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များကလည်း မိုးသီးမိုးပေါက်များနှယ် တရစပ် ထွက်ပေါ်လာတော့သည်။ သူတို့က ဖြစ်နိုင်ချေအရှိဆုံး အဖြေသုံးခုကို ရေးထားသည့် လင်းလဲ့ယန်ကသာ နိုင်နိုင်ချေ များသည်ဟု ခန့်မှန်းလာကြသည်။ သူ့ကို တိုက်ခိုက်ဆဲဆိုသည့် မှတ်ချက်များကိုမူ မလိုလားအပ်သည့် သက်ရောက်မှုတို့ ဖြစ်မလာစေရန် အလို့ငှာ ဒါရိုက်တာက ပိတ်ဆို့ထားလိုက်တော့သည်။ 


စင်အောက်တွင် ရှိနေသည့် ပရိသတ်များကလည်း သူတို့၏ မှန်းဆချက်များကို ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ နတ်ဘုရားကျိက အမဲရောင်အဝတ်အစားများကိုသာ အများဆုံး ဝတ်ဆင်လေ့ ရှိသည့်အတွက် အများစုက အနက်ရောင်ဟုသာ ထင်ကြေးပေးလိုက်ကြသည်။ တစ်ချိန်က သူပါဝင်ခဲ့ဖူးသည့် ဖက်ရှင်ရှိုးတစ်ခုတွင် တင်ဆက်သူက သူ့အဝတ်အစားလဲခန်းကို ရိုက်ကူးပြရာ အခန်းထဲရှိ အဝတ်အစားများကို အရောင်အလိုက် စီစဉ်ထားပြီး အနက်၊ အဖြူနှင့် ခဲရောင်တို့မှာ နံရံသုံးခုအပြည့် ရှိနေပြီး အရောင်တောက်တောက်ဟူ၍ အနည်းငယ်သာ ရှိပေသည်။ ထိုအချက်ကို အခြေခံရပါလျှင် သူအကြိုက်ဆုံးအရောင်မှာ အနက်၊ အဖြူနှင့် ခဲရောင် သုံးခုအနက် တစ်ခုခု ဖြစ်ပေလိမ့်မည်။ 


တင်ဆက်သူက ကျိမြန်ကို ကင်မရာတွင် ပေါ်မလာစေရန် အလို့ငှာ အဖြေအား အုပ်ထားရန် ပြောလိုက်သည်။ ထို့နောက် လူသစ်လေးနှစ်ဦးကို မေးလိုက်၏။ 


"ဘာလို့ ဒီအဖြေတွေကို ရေးလိုက်ရတာလဲ ပြောလို့ရမလား ..." 


လင်းလဲ့ယန်က ပြုံးကာ ပြောလိုက်သည်။ 


"ကျွန်တော်က ကျိကောရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက် ဖြစ်ခဲ့ဖူးတယ်လေ သူ့ကို ရောင်စုံရှပ်အင်္ကျီနဲ့ အဖြူရောင် ဘယ်ဟာဝတ်မလဲမေးရင် အဖြူရောင်ကို သေချာပေါက်ရွေးမှာ အဖြူရောင်နဲ့ ခဲရောင်ဆိုရင် ကျိန်းသေကို ခဲရောင် ခဲရောင်နဲ့ အနက်ရောင်ဆိုရင်တော့ အနက်ရောင်ပဲ‌ ရွေးမယ်ဆိုတာ ဗေဒင်မေးစရာကို မလိုဘူး အဲဒါကြောင့် သူအကြိုက်ဆုံး အရောင်က အနက်ရောင်၊ ခဲရောင်နဲ့ အဖြူရောင်လို့ ရေးလိုက်တာ အနက်ရောင်က အကြိုက်ဆုံး ပြီးရင် ခဲရောင် အဲဒီ့နောက်မှာမှ အဖြူရောင်ပေ့ါ ..." 


တင်ဆက်သူက စကားတစ်ခွန်းမှ မပြော၊ ရယ်ရုံသာရယ်နေသော်ငြား လင်းလဲ့ယန်၏ အဖြေမှာ မှန်ကန်သည်ဟု ထင်ကြသည့် ပရိသတ်များကမူ သောင်းသောင်းဖျဖျ အားပေးလိုက်ကြသည်။ 


အွန်လိုင်းပေါ်မှတစ်ဆင့် ကြည့်နေသူများက တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလျက် မှတ်ချက်ရေးလိုက်ကြသည်။ 


"ကျိကောရဲ့လက်ထောက် ဖြစ်ထိုက်ပါတယ် သူက နတ်ဘုရားကျိရဲ့ ဘဝကို အသေးစိတ်ကို နားလည်တာပဲ ငါလည်း ကျိကောအတွက် အဝတ်အစား ရွေးပေးချင်လိုက်တာနော် " 


"ရှောင်ကျားရှုကရော ဘာလို့ royal blue လို့‌ ရေးတာလဲ ..." 


တင်ဆက်သူက မေးလိုက်သည်။ 


ရှောင်ကျားရှုက လင်းလဲ့ယန်ကို အံ့ဩတကြီး ငေးကြည့်လိုက်သည်။ သူ့အမူအယာမှာ "တိုက်ဆိုင်လိုက်တာ" ဟု ပြောလိုဟန်ပင်။ 


"ပထမဆုံးအနေနဲ့ ပြောရရင် ကျွန်တော်လည်း ကျိကောရဲ့လက်ထောက် ဖြစ်ခဲ့ဖူးပါတယ် ..." 


"ငါတကယ်ကို အောင့်မထားနိုင်တော့ဘူး ဒါက မျက်နှာသာရဖို့အရေး တိုက်ခိုက်နေတာပဲ မဟုတ်ဘူးလား သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ် ..." 


အွန်လိုင်းပေါ်မှ ကြည့်နေသူများက စခရင်တစ်ခုလုံးကို ရယ်မောနေသည့် မှတ်ချက်များဖြင့် ပြည့်နှက်စေလိုက်ကာ စင်အောက်ရှိ ကြည့်ရှုသူများကပါ သဘောတကျ ရယ်မောလိုက်ကြသည့်အတွက် လေထုတစ်ခုလုံး သက်ဝင်လှုပ်ရှားနေတော့သည်။ 


တင်ဆက်သူကပါ အကျယ်ကြီး‌ အော်မရယ်မိစေရန် အလို့ငှာ မျက်နှာကို အုပ်ထားလိုက်ရတော့သည်။ 


ဟေး ဒါက ပြိုင်နေစရာ လိုလို့လား မင်းလိုမျိုး ဒုတိယမျိုးဆက် လူချမ်းသာလေးက သရုပ်ဆောင်တစ်ယောက်ရဲ့ လက်ထောက်ဖြစ်ရတာကို အရမ်းတွေ ဂုဏ်ယူနေတယ်ပေါ့ ဟုတ်လား ကြည့်ရတာ သူ့စိတ်ထဲမှာ ဒါကို ထုတ်ကြွားစရာကောင်းတယ်လို့ တွေးထားပုံပေါ်တယ် သူက တကယ့် အမာခံပရိသတ်အစစ်ပဲ ဖြစ်ရမယ် ... 


ထိုင်ခုံကို မှီထိုင်လိုက်သည့် ကျိမြန်ကလည်း ကြည့်ရှုနေသူများရှေ့တွင် တောက်ပသည့် အပြုံးတစ်ပွင့်ကို ထူးထူးခြားခြား လှစ်ဟပြလိုက်သည်။ 


သူကတော့ ရှောင်ကျားရှုကို တကယ် ချီးကျူးချင်လာပြီ ဘာလို့ ဒီလောက်တောင် ရိုးအနေရတာလဲ ... 


အတိတ်ကာလများ၌ ကျိမြန်သည် အလွန်အမင်း တည်ငြိမ်သည့် introvert တစ်ဦး ဖြစ်ခဲ့ရာ ပြုမူပြောဆိုပုံအားလုံး ညင်သာသိမ်မွေ့လှပြီး စစ်မှန်စွာ ပြုံးပြသည့် အကြိမ်ဟူ၍လည်း လက်ချိုး‌၍ ရေရလောက်အောင်ပင် ရှားပါးပေသည်။ သူ့တုန့်ပြန်မှုကို မြင်လိုက်ရသည့်အခါ ကြည့်ရှုနေသည့် ပရိသတ်အားလုံးက ရှောင်ကျားရှုအပေါ် အကောင်းမြင်စိတ် ပိုမိုတိုးပွားလာတော့သည်။


"ဒီသစ်ပင်ပေါက်ကလေးက တအားကို သန့်စင်တာပဲ ပြိုင်ဘက်ကင်း နောက်ခံကို ပိုင်ဆိုင်ထားတဲ့ ဒုတိယမျိုးဆက် သူဌေးသားလေး ဖြစ်တာတောင် ကျိကောရဲ့ လက်ထောက်အဖြစ် လိုလိုချင်ချင် လုပ်ခဲ့ရုံတင် မကဘူး ဒီလိုလုပ်ခဲ့တာကိုလည်း အများရှေ့မှာ ဂုဏ်ယူတကြီး ထုတ်ပြောနိုင်သေးတယ် ဒါကမှ အချစ်စစ်ပဲ ဖြစ်ရမယ် သူ့အဖြေက မှားသွားရင်တောင် သူ့ကို အပြစ်ပြောလို့ မရဘူး လင်းလဲ့ယန်က နှစ်ဝက်တောင် လက်ထောက်လုပ်ခဲ့တာ သူကရော ဘယ်လောက်ကြာအောင် လုပ်ခဲ့လဲ မသိဘူး ..." 


"ဟုတ်တယ် သူ့ကို အပြစ်ပြောလို့ မရဘူး ရှေ့လျှောက် နတ်ဘုရားကျိရဲ့ ကောင်းကွက်တွေကို ဆက်ပြီး လေ့လာနေလို့ ရသားပဲ ..." 


"..." 


ထိုမှတ်ချက်များကြောင့် အစီအစဉ်တင်ဆက်သူမှာ တစ်ဖန် ရယ်မောလိုက်ရပြန်တော့သည်။ ကျိမြန်က ကူညီကာ ရှင်းပြလိုက်၏။ 


"ရှောင်ကျားရှုက သုံးရက်လောက် လက်ထောက်လုပ်ဖူးတာပါ အချိန်ကတော့ သိပ်မကြာဘူး ..." 


"ဟုတ်တယ် ဘာလို့လဲဆိုတော့ ကျွန်တော် ရုပ်ရှင်ရိုက်လိုက်ရလို့လေ ..." 


ရှောင်ကျားရှုက နားလည်မှု လွဲသည်များကို ဖြေရှင်းကာ ဆက်ပြောလိုက်သည်။ 


" ကျိကော အကြိုက်ဆုံးအရောင်က Royal blue လို့ပဲ ထင်ပါတယ် သူ့အဝတ်အစားတွေက အနက်၊ အဖြူနဲ့ ခဲရောင်တွေ များတယ်ဆိုပေမယ့် ကျွန်တော် သတိထားမိသလောက်ဆို အသုံးအဆောင်တွေ အကုန်လုံးနီးပါးက royal blue တွေ လက်ကြယ်သီးတွေ၊ နက်ခ်တိုင်ကလစ်တွေကအစ လည်စည်း၊ခြေအိတ်၊ ခါးပတ်၊ နာရီ၊ လက်စွပ်၊ ဖုန်းနဲ့ ဖုန်းကာဗာကအစ ဒီအရောင်ပဲ ..." 


သူပြောနေစဉ်အတွင်း တင်ဆက်သူက ကျိမြန်၏ အသုံးအဆောင်များကို တစ်ခုချင်း အကဲဖြတ်နေကာ ကင်မရာသမားကလည်း တစ်ခုချင်းစီကို အနီးကပ် ရိုက်ပြလိုက်သည်။ 


ကျိမြန်ကလည်း သူတို့နှင့်အတူ ပူးပေါင်းကာ လက်ကို မြှောက်လျက် တော်ဝင်ဆန်သည့် အပြာရောင် လက်ကြယ်သီး၊ ဖုန်းနှင့် နာရီတို့ကို ‌ပြသလိုက်သည်။ ထိုအသုံးအဆောင်အားလုံး၏ အရောင်မှာ royal blue သာ ဖြစ်သော်ငြား သေးငယ်လွန်း၍ ဂရုတစိုက် မကြည့်ပါလျှင် မသိနိုင်လောက်ချေ။ 


စင်အောက်ရှိ ကြည့်ရှုသူများက အားတက်သရော အော်ဟစ်အားပေးလိုက်ကြသော်ငြား အင်တာနက်ပေါ်မှ ကြည့်ရှုသူများမှာမူ ကြက်ပေါက်များနှယ် အသံပင် မထွက်နိုင်တော့ချေ။ 


ကျိမြန်က ခပ်တိုးတိုး ရယ်လျက် သူ့အဖြေကို ဖွင့်ပြလိုက်သည်။ "royal blue" 


"ဖာ့ခ် တကယ်ကြီးကို royal blue ဖြစ်နေတာဟ ဒီလောက်အထိ ‌အသေးစိတ် သတိထားမိဖို့ဆို တော်တော်လေးကို အာရုံစိုက်ထားမှ ရမှာ ဒါက သေချာပေါက်ကို အချစ်စစ်ပဲ ..." 


အင်တာနက်သုံးစွဲသူတို့၏ မှတ်ချက်က လှိုင်းတံပိုးနှယ် တလိမ့်လိမ့် တက်လာပြန်သည်။ အဖြေမှန်သည့်သူများလည်း ရှိသော်ငြား ထိုသူများမှာ အကြောင်းပြချက်ကို မပြောနိုင်၊ ကြက်ကန်းဆန်အိုးတိုးကာ မှန်သွားကြခြင်းဖြစ်သည်။ 


လင်းလဲ့ယန်၏ မျက်နှာမှာ ရုတ်ချည်း ဖြူလျော်သွားသော်ငြား ချက်ခြင်းပင် ပြန်လည်ပြင်ဆင်နိုင်လိုက်သည်။ သို့သော် သူ့အပြုံးမှာ တစ်ဖြည်းဖြည်း မသက်မသာ ဖြစ်လာကာ မျက်လုံးတို့မှာလည်း ငိုချတော့မည့်နှယ် ပြောင်းလဲသွားကြောင်းကိုတော့ အားလုံး ခန့်မှန်းနိုင်ပေသည်။ 


"နတ်ဘုရားကျိရဲ့ လက်ထောက်အဖြစ် နှစ်ဝက်လောက် လုပ်ခဲ့တယ်သာ ပြောတာ တကယ်ရော အာရုံစိုက်ခဲ့ရဲ့လား လေးစားပါတယ် အားကျပါတယ်လို့ ပြောတာတွေကလည်း အတုပဲ နေမှာပေါ့ ဒီလောက် မြင်သာနေတဲ့ အချက်တွေကိုတောင် သတိမထားမိဘူး " 


အလားတူမှတ်ချက်မျိုး အများအပြား ထွက်ပေါ်လာသော်ငြား ဒါရိုက်တာက အကုန်လုံးကို ပိတ်ဆို့ပစ်လိုက်သည်။ ထိုသို့ အစဖျောက်ပစ်သည့်တိုင် လင်းလဲ့ယန်အနေဖြင့် အခြားသူများက သူ့ကို မည်သို့ တွေးနေ‌ကြကြောင်း ခန့်မှန်းနိုင်ရန် မခဲယဉ်းလှချေ။ 


ရှောင်ကျားရှုမှာမူ ရောင့်ရဲနိုင်သေးဟန်မတူ။ သူက ပြောလိုက်သည်။ 


"တကယ်ပဲ royal blue ဖြစ်နေတာကိုး ကျွန်တော် မှန်းတာ မှန်တယ်နော် ..." 


နတ်ဘုရားကျိအကြောင်း ကျကျနန မလေ့လာထားရင် ဘယ်လိုလုပ် ဒီလိုမျိုး ခန့်မှန်းနိုင်မှာလဲ ... 


ထိုအချက်တစ်ခုတည်းဖြင့်ပင် အင်တာနက်‌သုံးစွဲသူများ၏ သူ့အပေါ် အကောင်းမြင်စိတ်မှာ အံ့မခန်း မြင့်တက်လာတော့သည်။ 


Xxxxxxx