အပိုင်း ၇၉
Viewers 43k

Chapter 79


တစ်ဖက်တွင်မူ လင်းလဲ့ယန်မှာ ကျိကော၏ လက်အောက်သို့ လက်မှတ်ထိုးဝင်ရောက်ကာ နတ်ဘုရားကျိ၏ အရင်းအမြစ်များကို ရယူနိုင်ရန် အရည်အချင်း မပြည့်မီဟူသည့် အတွေးများမှာ ပို၍ပင် ခိုင်မာလာတော့သည်။ 


တင်ဆက်သူက ရှောင်ကျားရှုကို တစ်မှတ်ပေးကာ ဆက်မေးလိုက်သည်။ 


"ကျိလောင်ရှီး အကြိုက်ဆုံး စားစရာ ..." 


လင်းလဲ့ယန်နှင့် ရှောင်ကျားရှုတို့ နှစ်ဦးလုံး ခေါင်းကိုငုံ့လျက် ရေးလိုက်ကြပြီး အင်တာနက်သုံးစွဲသူများကလည်း အပြိုင်အဆိုင် လိုက်ဖြေလိုက်ကြသည်။ အဖြေမှာ စတိခ်ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာမရှိ။ နတ်ဘုရားကျိက အစားအသောက်နှင့် ပတ်သက်၍ ပုံတင်လေတိုင်း အမဲသားစတိခ်သာဖြစ်သည်။ သူကိုယ်တိုင် မကြာခဏ ချက်ပြုတ်လေ့ ရှိသော်လည်း ဟင်းအနှစ်သာ အမျိုးမျိုး ပြောင်းလဲသွားသည်၊ စတိခ်ကတော့ မပြောင်းမလဲ ပါနေဆဲပင်ဖြစ်သည်။ 


တင်ဆက်သူက ကျိမြန်၏ အဖြေကို လှမ်းကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ 


ထူးဆန်းမှုကို သတိပြုမိသွားသည့် အင်တာနက်သုံးစွဲသူများက အပူတပြင်း မေးလိုက်ကြသည်။ 


"ငါ ဒီတစ်ခါတော့ မမှားလောက်ပါဘူးနော် နတ်ဘုရားကျိရဲ့ ပရိသတ်အတု ဖြစ်တော့မှာလား ..."


"ဒါ‌နဲ့ပဲ ပရိသတ်အတု‌လို့တော့ ပြောလို့ မရပါဘူး နတ်ဘုရားကျိက သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မီဒီယာရှေ့မှာ တစ်ခါမှ မပြောဖူးဘူးလေ အခုမှ ပထမဆုံးအကြိမ် ပြောဖူးတာဆိုတော့ သေချာပေါက်ကို မှတ်မှတ်ထင်ထင် ရှိတော့မှာပဲ ဒီရှိုးက ကောင်းလိုက်တာ ငါတို့ကို နတ်ဘုရားကျိနဲ့ ပိုပြီး နီးကပ်လာအောင် ဖန်တီးပေးနေသလိုပဲ ဒါနဲ့ နေပါဦး ရှောင်ကျားရှုနဲ့ လင်းလဲ့ယန်က ဘယ်လိုဖြေထားလဲ ငါ တကယ်ကို သိချင်နေပြီ " 


"အိုကေ အချိန်ပြည့်သွားပြီ အဖြေတွေကို မြှောက်ပြလိုက်ကြပါ ..." 


တင်ဆက်သူက အဖြေများကို အလျင်အမြန် ဖတ်ပြလိုက်သည်။ ရှောင်ကျားရှုက "ပုစွန်" ဟု ရေးထားပြီး လင်းလဲ့ယန်က "စတိခ်နှင့် ကဏန်းဥပေါင်း" ဟု ရေးထားသည်။ သို့သော် လင်းလဲ့ယန်မှာ ဤတစ်ကြိမ်တွင်‌တော့ ယုံကြည်ချက် မပြည့်ဝနိုင်တော့။ စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားလိုက်ရတော့သည်။ 


ကျိမြန်က ရှောင်ကျားရှုကို နင့်နင့်နဲနဲ စိုက်ကြည့်လျက် သူ့လက်ထဲရှိ ကတ်ပြားကိုသာ တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။ 


"လဲ့ယန်ရေ မင်းကရော ဘာလို့ အမဲသားစတိခ်နဲ့ ကဏန်းဥပေါင်းလို့ ရေးတာလဲ ..." 


အစီအစဉ်တင်ဆက်သူက ပြုံးကာ ‌မေးလိုက်သည်။ 


လင်းလဲ့ယန်က ကျိမြန်ကို အပူတပြင်း လှမ်းကြည့်လိုက်သည်။ သဲလွန်စတစ်ခုခု ပြောပေးစေလိုဟန်ပင်။ သို့သော် သူ၏ ခပ်ဖျော့ဖျော့ မျက်ဝန်းတစ်စုံနှင့်သာ ရင်ဆိုင်လိုက်ရသည့်အတွက် အံ့ဩသွားကာ ခေါင်းကို တမင်တကာ ငုံ့လျက် အကြည့်လွှဲလိုက်‌တော့သည်။ ထို့နောက်တွင်မှ ခေါင်းကို တစ်ဖန် ပြန်မော့ကာ ဖျစ်ညှစ်ရယ်မောလိုက်သည်။ 


"ဘာကြောင့်လဲဆိုတော့ ကျိကောက ဘယ်အချိန်စားစား အမဲသားစတိခ်ကိုပဲ မှာတတ်လို့ပါ သူက နိုင်ငံခြားကနေ ပြန်လာတာဆိုတော့ အနောက်တိုင်းအစားအစာတွေကိုပဲ စားနေကျဖြစ်နေတာလေ ဒါပေမယ့် တစ်ခါသား ကျွန်တော်တို့တွေ ဟော့ပေါ့သွားစားပြီးကတည်းက အမဲသားစတိခ်ကို သိပ်မစားတော့ဘဲ ဟော့ပေါ့ဆိုင်ကို ခဏခဏ သွားတော့တာ ကဏန်းဥပေါင်းကကျ သူအကြိုက်ဆုံး မနက်စာ ဒါကိုပဲ မနက်တိုင်း မှာပြီးတော့ တစ်ခြားဟင်းတွေကို စားတယ်ဆိုတာ တော်တော်ရှားတယ် ..." 


"မင်းတို့နှစ်ယောက်က မနက်စာလည်း အတူတူစား ဟော့ပေါ့လည်း သွားစားဖူးတယ်ဆိုတော့ နှစ်ယောက်ကြား ဆက်ဆံရေးက တော်တော်ကောင်းတယ်ထင်တယ် ..." 


တင်ဆက်သူက အရွှန်းဖောက်လိုက်သည်။ ထို့နောက် ရှောင်ကျားရှုကို မေးလိုက်၏။ 


"ပုစွန် ဟုတ်လား ဒီအဖြေက တစ်ခြားသူတွေနဲ့လည်း မတူဘူးနော် ဘာလို့လဲ ပြောပြပါဦး ..." 


ရှောင်ကျားရှုက ကျိမြန်ကို ခွင့်ပြုချက် တောင်းလိုဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျိမြန်က သူ့ကို နက်နက်ရှိုင်းရှိုင်း ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


တင်ဆက်သူက အရွှန်းဖောက်လိုက်၏။ 


"ကြည့်ပါဦး ဒီနှစ်ယောက်ကတော့ ... ဒီလို အချင်းချင်း နားလည်နိုင်စွမ်းနဲ့ဆို မင်းတို့နှစ်ယောက်ကို အမှတ် ၁၀၀ ပေးရတော့မှာပဲ ..." 


အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်ကဏ္ဍ၌ : 


ရှောင်ရှုမြောင်(စိုးရိမ်လျက်) : ကျိကော ကျွန်တော် ပြောလိုက်လို့ရလား 


နတ်ဘုရားကျိ( တုန်နေအောင် ချစ်တတ်သူ) : ပြောလိုက်ပါ ကိစ္စမရှိဘူး 


ကြည့်ရှုနေသူများက တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်။ 


Pfff! ကောင်းလိုက်တဲ့ ဘာသာပြန် ငါလည်း ဒီအတိုင်းပဲ ပြောချင်နေတာ သူတို့က အချင်းချင်း ကျီစယ်နေကြတာကွ သူတို့ကြားမှာ သေချာပေါက် တစ်ခုခု ရှိရမယ် 


ထိုကဲ့သို့ မသင့်တော်လှသည့် မှတ်ချက်များကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုက မျက်နှာနီနီဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။ 


"တစ်ခါက ကျိကောအတွက် မနက်စာ ဝယ်ပေးဖူးတယ် အဲဒီ့အချိန်တုန်းက ရုပ်ရှင်အတူတူ ရိုက်နေတာဆိုတော့ မနက်တိုင်း တွေ့နေရတယ်လေ ကျွန်တော် ပင်လယ်စာဆန်ပြုတ် သောက်နေတာမြင်တော့ ကျိကောက ပုစွန်ပါလားလို့ မေးတယ် သူ့အတွက်လည်း ပုစွန်လေးတွေ ဆယ်ပေးလိုက်တော့ သူ့အမူအယာက အရမ်းကို အားရဝမ်းသာဖြစ်သွားတာ ဓာတ်မတည့်တာဖြစ်ရင် သောက်တဲ့ဆေးကိုလည်း သောက်ပြီးရော ရှိသမျှပုစွန်ဖက်တွေ အကုန်လုံးကို စားချလိုက်တော့တာပဲ သူက တကယ်ကို ပုစွန်နဲ့ မတည့်တာ ဆိုပေမယ့် မစားဘဲ နေရမယ့်အစား ဆေးကိုပဲ သောက်လိုက်တာဆိုတော့ ကျွန်တော်ထင်တယ် သူ ပုစွန်ကို အရမ်းကို သဘောကျတယ်လို့ ..." 


တင်ဆက်သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အားရဝမ်းသာ ပြောလိုက်သည်။ 


"မင်းကို တကယ်ကို လေးစားသွားပြီ ဒီလို ‌အချက်အလက် သေးသေးလေးတွေဆိုတာ အပြည့်အဝ အာရုံစိုက်မထားရင် မသိနိုင်ဘူးလေ ဆရာကျိရေ အဖြေလေး ပြောပြပါဦး ..." 


ကျိမြန်က ကတ်ပြားပေါ်တွင် "ပုစွန်" ဟု ရေးပြလိုက်ပြီး မှတ်ချက်တစ်ခုကိုပါ တစ်ပါတည်း ထည့်ရေးထားလိုက်သည်။ 


"ဓာတ်မတည့်တော့ ကျွေးပါလို့ တောင်းလို့ မရတော့ဘူး ..." 


ကြည့်ရှုနေသူအားလုံး မျက်ရည်ပေါက်‌ပေါက်ကျသည်အထိ ရယ်မောလိုက်ကြတော့သည်။ 


နတ်ဘုရားကျိကတော့ တကယ်ကို တရုတ်သွေးတရုတ်ဗီဇ အပြည့် ပါပါပေတယ် အစားအသောက်ကို ချစ်မြတ်နိုးတဲ့စိတ်ကတော့ အသွေးထဲ အသားထဲအထိကို ထွင်းထုထားတာပဲ အိုး ဒီလိုဆိုရင်တောင် မိမိုက်နေတုန်းပဲနော် ငါတော့ သူ့ပရိသတ် လုပ်မိတော့မယ်ထင်တယ် ..." 


အင်တာနက်သုံးစွဲသူများ၏ ထောက်ခံသည့် မှတ်ချက်များက စခရင်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်တော့သည်။ 


ပင်လယ်စာကို အရမ်းကြိုက်ပေမယ့် စားလို့ မရဘူး သရက်သီးကို တအားစားချင်ပေမယ့် လုံးဝ ထိလို့ကို မရဘူး အစားအစာတွေကလည်းနော် ဓာတ်မတည့်လေ ပိုပြီး စားချင်လေပဲ ရင်နာစရာ ကောင်းလိုက်တာ ပြီးတော့ ရှောင်ရှုမြောင်ရဲ့ လေ့လာစူးစမ်းနိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းချက် သူက ဒီလို အသေးစိတ်အချက်အလက်ကလေးတွေကို‌တောင် မှတ်မိတယ် သူက နတ်ဘုရားကျိကို တကယ် သဘောကျလို့ပဲ ဖြစ်ရမယ် 


ထိုမှတ်ချက်ကို မြင်လိုက်သည့်အခါ ရှောင်ကျားရှု၏ ပါးနှစ်ဖက် နီမြန်းသွားတော့သည်။ သူ၏ နှစ်လိုဖွယ်ကောင်းလှသည့် မျက်နှာချောချောမှာ ရှပ်အင်္ကျီအဖြူကြောင့် ပိုမိုပြီး သိသာနေသည်။ နှာခေါင်းကို ပွတ်လျက် သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။ 


ကျိကောကို သဘောကျတယ်ဆိုရင် သူနဲ့ ပတ်သက်ပြီး အကုန် သိရမှာပေါ့ ဘယ်ကနေ စရမလဲဆိုရင် နည်းနည်းချင်းစီကနေ စကြည့်ပေါ့ ခက်ခဲလား ဟုတ်လား နည်းနည်းလောက်လေး အာရုံစိုက်လိုက်ရင်ကို သိ‌နိုင်နေပြီလေ ... 


ကျိမြန်က နက်ရှိုင်းလှသည့် အသံဖြင့် ဆက်ပြောလိုက်သည်။ 


"အိုကေ နောက်မေးခွန်းတစ်ခုကို ဆက်သွားကြရအောင် ..."


"ဟုတ်ပါပြီ နောက်ထပ်မေးခွန်းတစ်ခုကတော့ ... ဆရာကျိရဲ့ အကြိုက်ဆုံး ရုပ်ရှင်ကြယ်ပွင့်က ဘယ်သူလဲ ..." 


လင်းလဲ့ယန်က တင်ဆက်သူ၏ တောက်ပကြည်လင်သော အသံကြောင့် အသိစိတ် ပြန်ဝင်လာတော့သည်။ သူက ဂရုတစိုက်တွေးကာ အဖြေကို ချရေးလိုက်သည်။ ထို့နောက် မှားသည်ဟု ခံစားရ၍ ပြန်ဖျက်လိုက်၏။ ထို့နောက် တစ်ဖန် ရေးလိုက်ဖျက်လိုက်နှင့် ထပ်ကာထပ်ကာ လုပ်ပြီးကာမှ အဖြေတစ်ခုကို လက်စသတ်နိုင်သွားတော့သည်။ 


ရှောင်ကျားရှုကမူ အဖြေကို လက်စသတ်နိုင်ရန် စက္ကန့်ပိုင်းသာ ကြာလိုက်သည်။ 


အင်တာနက်သုံးစွဲသူများ၏ ခန့်မှန်းချက်များမှာလည်း မတူညီကြ။ ကျိမြန်သည် သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တစ်ခါမှ ထုတ်မပြောဖူးသည့်အတွက် ခန့်မှန်းရုံသာ ရှိတော့သည်။ 


တင်ဆက်သူက လူသစ်နှစ်ဦးအား အဖြေများကို မြှောက်ပြရန် ပြောလိုက်သည်။ ရှောင်ကျားရှုက ဒန်နီယယ်ဒေးလူးဝစ် ဟု ရေးပြီး လင်းလဲ့ယန်က ဂျိမ်းစ်စတီးဝပ်ဟု ရေးထားသည်။ နှစ်ဦးလုံးမှာ နာမည်ကြီး ရုပ်ရှင်ကြယ်ပွင့်များပင် ဖြစ်ကြသည်။ 


"ကျိကော ပြောဖူးတာကို မှတ်မိသေးတယ် ..." 


လင်းလဲ့ယန်က ကျိမြန်ကို မသိမသာ လှမ်းကြည့်‌လိုက်ပြီးနောက် အနည်းငယ် တုန့်ဆိုင်းသွားတော့သည်။ 


"သူ အကြိုက်ဆုံးရုပ်ရှင်က The Philadelphia Story တဲ့ အဲဒါကြောင့် သူအကြိုက်ဆုံး သရုပ်ဆောင်က ဂျိမ်းစ်စတီးဝပ်လို့ ခန့်မှန်းလိုက်တာ..." 


အင်တာနက်သုံးစွဲသူများကလည်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။ 


"ဟုတ်တယ် ဟုတ်တယ် သူအကြိုက်ဆုံးရုပ်ရှင်က The Philadelphia Story လို့ ကျိကောက တစ်ခါ ပြောခဲ့ဖူးတယ် သူက ဂျိမ်းစ်စတီးဝပ်ရဲ့ သရုပ်ဆောင်တာကို အရမ်းလေးစားတာတဲ့ ဒီတစ်ခေါက်တော့ လင်းလဲ့ယန် မမှားလောက်ဘူး ..." 


တင်ဆက်သူက ရှောင်ကျားရှုကို အထူးတဆန်း ပြုံးပြလိုက်သည်။ ရှောင်ကျားရှုက ပြန်ဖြေလိုက်၏။ 


"ရိုက်ကူးရေး လုပ်နေတုန်းက ကျိကော တအားစိတ်ဆင်းရဲနေတာကို တွေ့ဖူးတယ် အဲဒီ့နေ့က သူ တစ်နေကုန် ဖုန်းထဲကနေ ရုပ်ရှင်ကြည့်နေတာ နောက်ပိုင်းမှ ဒန်နီယယ်လူးဝစ်က အနားယူတော့မယ်လို့ ကြေငြာလိုက်မှန်း သိလိုက်ရတာ အဲဒါကြောင့် ကျိကောက သူ့ရုပ်ရှင်တွေကို တစ်နေကုန် ထိုင်ကြည့်နေတာနေမှာ ကျိကော အနားယူတော့မယ်လို့ သိလိုက်ရရင် ကျွန်တော်လည်း ဒီလိုမျိုး ဖြစ်မှာ သေချာတယ် ကျိကောက ကျွန်တော်အကြိုက်ဆုံး သရုပ်ဆောင်ဆိုတော့ သူ့ခံစားချက်ကို နားလည်တယ် အဲဒါကြောင့် ဒန်နီယယ်ဒေးလူးဝစ်လို့ ခန့်မှန်းလိုက်တာ ..." 


ရှောင်ကျားရှုက သူ့ခံစားချက်နှင့် တိုက်ဆိုင်ကာ ယှဉ်ပြောသွားသည့်အတွက် နီမြန်းနေသည့် မျက်နှာလေးမှာ အနည်းငယ်ပင် ရယ်ရွှင်ချစ်စဖွယ် ကောင်းလှသေးသည်။ 


ပရိသတ်က လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်သဖြင့် လေထုတစ်ခုလုံး နွေးထွေးတက်ကြွနေတော့သည်။ 


အွန်လိုင်းပေါ်မှ ကြည့်နေသူများကလည်း ရှောင်ကျားရှုကို သေလုမတတ် သဘောကျသွားကြကာ နတ်ဘုရားကျိနှင့် အတူရှိနေပေးရန် ငိုယိုတောင်းပန်လိုက်ကြတော့သည်။ 


ဒါကမှ အချစ်မဟုတ်ဘူးဆိုရင် ငါတော့ ငိုချလိုက်မိတော့မှာ 


သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ် 


ဟေး ငါ ဘာလို့ ငိုနေမိတာလဲ 


သကြားတွေ တရားဝင် ဖြန့်ချီပေးတဲ့အတွက် ‌ကျေးဇူးတင်ပါတယ် 


ah ah ah ah ဒီစုံတွဲက အရမ်းကို ချစ်စရာကောင်းပြီး ချိုမြိန်တာပဲ 


ရှောင်ကျားရှုက ဘာလို့ နတ်ဘုရားကျိကို ဒီလောက်အထိ ဂရုစိုက်ပေးနိုင်ရတာလဲ စိတ်ဓာတ်ကျနေတာကိုတောင် တန်းပြီး သတိထားမိလိုက်သေးတယ် 


သူတို့နှစ်ယောက်က တွဲနေတာ မဟုတ်ဘူးဆိုတာကြီးက မဖြစ်နိုင်လိုက်တာနော် 


သရဖူပေါက်စလေးများက တစ်ညီတစ်ညွတ်တည်း အခိုင်အမာ ပြောလိုက်ကြသည်။ 


"ဒါက ကျိကောရဲ့ အရူးအမူးပရိသတ်ပဲ ဖြစ်ရမယ် ဖန်ကလပ်က မင်းကို အတည်ပြုပေး‌လိုက်ပြီ ..." 


တင်ဆက်သူ မကြေငြာခင်မှာပင် အားလုံးက ရှောင်ကျားရှု၏ အဖြေကိုသာ မှန်သည်ဟု ဆုံးဖြတ်လိုက်ကြပြီးဖြစ်သည်။ လင်းလဲ့ယန်ကသာလျှင် ကျိမြန်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။ ကျိမြန်က အဖြေကတ်ပြားကို ဖွင့်ပြလိုက်သည်။ "ဒန်နီယယ်ဒေးလူးဝစ်" 


လင်းလဲ့ယန်၏ စိတ်ဝိဉာဉ်နှင့် စွမ်းအင်အားလုံး ဒွါရကိုးပေါက်မှ လွတ်ထွက်သွားသည့်နှယ် ပြိုလဲကျသွားတော့သည်။ 


ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီးတော့ ကျိမြန်နဲ့ ဒီလောက် နှစ်တွေအကြာကြီး နေလာတာတောင် သူ့အကြိုက်နဲ့ အလေ့အကျင့်တွေကို ဘာလို့ တစ်ခုမှ မသိရတာလဲ သူတို့ရဲ့ ဆက်ဆံရေးက အတုအယောင်ကြီးလား ဘာလို့ ကျိကောက သူ့ကို ပြောမပြခဲ့ရတာလဲ ဘာလို့လဲ ... 


ကျိမြန်က သူ့ကို နက်ရှိုင်းနေသည့် အကြည့်တို့ဖြင့် ရုတ်တရက် စိုက်ကြည့်လိုက်သည်။ 


ရိုက်ကွင်းထဲရှိ လေထုမှာ နွေးထွေးနေဆဲပင်။ နောက်ထပ်မေးခွန်းအနည်းငယ်ကိုမူ လင်းလဲ့ယန်ရော ရှောင်ကျားရှုပါ မှန်ကန်အောင် ဖြေဆိုနိုင်သည့်အတွက် နှစ်ဦးအကြား အမှတ်ကွာဟမှု တိုးမလာတော့။ ထို့ကြောင့် လင်းလဲ့ယန်မှာ မျက်နှာမပျက်ရတော့ခြင်းဖြစ်သည်။ အချိန်စေ့တော့မည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ တင်ဆက်သူက လက်ခုပ်တီးလျက် ပြောလိုက်သည်။ 


"အိုကေ အခု နောက်ဆုံးမေးခွန်းကို သွားလိုက်ရအောင် နတ်ဘုရားကျိ အကြောက်ဆုံးအရာက ဘာလဲ ..." 


လင်းလဲ့ယန်က သူ့အဖြေကို မရဲတရဲဖြင့် ဖွင့်ပြလိုက်သည်။ "မြွေ" 


ရှောင်ကျားရှု၏ အဖြေမှာမူ အလွန် ဟိတ်ဟန်ကြီးလွန်းလှသည်။ "ကျိကောက မကြောက်တတ်ဘူး"


pff မရတော့ဘူး ငါတော့ ရှောင်ကျားရှုကို ရယ်ရလွန်းလို့ သေတော့မှာပဲ ... 


စင်အောက်တွင် ကြည့်နေသူများကလည်း ဗိုက်ကြောများ နာလာသည်အထိပင် အားရပါးရ ရယ်မောလိုက်ကြတော့သည်။ ရှောင်ကျားရှု ခြေသလုံးအိမ်တိုင် နေထိုင်ခဲ့သည့် ဗီဒီယိုကို ကြည့်ပြီးကတည်းက ဒီသခင်ငယ်လေး၏ အတွင်းစိတ်မှာ အင်မတန် လှုပ်ရှားသက်ဝင်လှမှန်း သိရှိကြပြီးဖြစ်သည်။ သူသည် "ရယ်စရာ" ဟူသည့် စကား၏ သက်ရှိ သရုပ်ဖော်ပြချက်ပင်ဖြစ်သည်။ သို့သော် အင်တာဗျူးတွင် ပိုပြီး ရယ်ရလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ 


ကျိမြန်မှာမူ အဖြေမှန် ရေးနေရင်းပင် ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်တော့သည်။ ကင်မရာသမားက သူ့အဖြေကတ်ပြားကို အနီးကပ် ရိုက်ပြလိုက်သည်။ "မှတ်ချက်မရှိ" 


"ငါ ဘာကြောက်သလဲဆိုတာ သူများတွေသိအောင် ပြောပြလို့ မရဘူးလေ လုံးဝပဲ ..." 


သူက ခပ်ပြုံးပြုံး ရှင်းပြလိုက်သည်။ သူ့အဖြေကြောင့် ပရိသတ်မှာ ရယ်ရခက်ငိုရခက်ပင်။ 


"ဒီနေ့ နတ်ဘုရားကျိက တကယ်ကို လိုက်လိုက်လျောလျော ဖြစ်နေတာပဲ သူ့အပြုံးကလည်း ထူးထူးခြားခြားကို တောက်ပနေတာနော် ..." 


"ဒါပေါ့ ဒါပေါ့ ဧကရာဇ်ရဲ့ အားနည်းချက်ဆိုတာ လူသိခံလို့ မရဘူးလေ ..." 


ရှောင်ကျားရှုက အလေးအနက် ထပ်ပြောလိုက်သည်။ 


ပရိသတ်က တစ်ဖန် ရယ်မောလိုက်ကြပြန်သည်။ စခရင်တစ်ခုလုံး "hahahaha" ဟူသည့် မှတ်ချက်များ ပြည့်နှက်သွားကာ ဧည့်သည်များ၏ မျက်နှာကိုပင် မမြင်ရတော့။ 


ဧကရာဇ်ရဲ့ အားနည်းချက် ဟုတ်လား ဒီ့ထက်ပိုပြီးရော ရယ်စရာကောင်းနိုင်သေးလား ... 


ကျိမြန်မှာ ထပ်ကာထပ်ကာ သည်းခံသော်ငြား နောက်ဆုံးတွင်တော့ ခံနိုင်ရည်မရှိတော့။ ရှောင်ကျားရှု၏ ဆံပင်ကို ဆွဲဖွပစ်လိုက်တော့သည်။ သူ့အမူအယာမှာ အလွန်ရှက်ရွံ့နေဟန် ပေါ်သော်ငြား အကြည့်တို့ထဲတွင် နက်ရှိုင်းသည့် အပြုံးတစ်ပွင့်ကို သိုဝှက်ထားသည်။ 


Xxxxxxx