အပိုင်း ၈၀
Viewers 44k

Chapter 80


ဒီကလေးကတော့ သိမ်မွေ့တယ်ဆိုတဲ့ စကားလုံးကို ဘယ်လို ပေါင်းရမလဲရော သိရဲ့လား အရမ်းကို cheesy ဖြစ်တာပဲ ... 


တင်ဆက်သူနှင့် အခြားဧည့်သည်များကလည်း အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။ 


"ဒါကမှ တကယ့်ကို နတ်ဘုရားကျိရဲ့ အမာခံပရိသတ် ..." 


လောကျန်းဝေ့က ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။ 


"မဟုတ်ဘူး မင်းတို့အားလုံး မှားနေပြီ ဒါက ဦးနှောက်သေနေတဲ့ ပရိသတ် ..." 


စင်ပေါ်စင်အောက်မကျန် ရယ်သံများ တသောသော ထွက်ပေါ်လာပြန်တော့သည်။ လင်းလဲ့ယန် တစ်ယောက်တည်းသာ မျက်နှာဖြူဖျော့လျက် ကျန်နေခဲ့၏။ ကင်မရာသမားက သူ့ကို ရိုက်ကူးနေမှန်း သိလိုက်ရသည့်အခါ နှုတ်ခမ်းထောင့်စွန်းကို ဇွတ်အတင်း ကော့ညွတ်လျက် ခပ်တောင့်တောင့် ပြုံးပြလိုက်သည်။ 


ဒီလောကကြီးမှာ ထုတ်ပြောစရာ မလိုဘဲ အပြန်အလှန် နားလည်နိုင်တယ်ဆိုတာမျိုး ရှိသေးတယ်လား မယုံနိုင်စရာ ကောင်းလိုက်တာ ... 


ကျိမြန်နှင့် လူသစ်လေးနှစ်ဦးကို အင်တာဗျူးပြီးနောက် တင်ဆက်သူက ရှစ်ထင်းဟန်နှင့် မြောင်မူချင်တို့ကို ဆက်လက်မေးမြန်းလိုက်သည်။ လောကျန်းဝေ့သည် မေးခွန်းများကို ညီတူညီမျှ ခွဲဝေပေးထားသည့်အတွက် မည်သူမှ လျစ်လျူရှုခြင်း မခံရ။ မြောင်မူချင်နှင့် အင်တာဗျူးသည့်အခါ တိုက်ခိုက်ရေူအခန်းများကို လူစားထိုး မထည့်ပါဘဲ ရိုက်ကူးခဲ့သည့်အကြောင်းကို ထပ်ပြောလာပြန်တော့သည်။ ဒါရိုက်တာက ရိုက်ကူးရေးအဖွဲ့မှ ထုတ်ပေးသော ဗီဒီယိုကို ထုတ်ပြကာ ပရိသတ်များကို အံ့ဩစေလိုက်သည်။ 


မြောင်မူချင်က အရွှန်းဖောက်လိုက်၏။ 


"အဲဒီ့အချိန်တုန်းက နေ့တိုင်း ရိုက်ကွင်းကို ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ လာရတော့ ရိုက်ကူးရေးလုပ်ပြီဆိုရင် L'Oreal concealer နဲ့ အုပ်ရတာလေ ‌အဲဒီ့အချိန်တုန်းကဆို ရှောင်ကျားရှုမှာ ကျွန်မကို တွေ့တိုင်း တအံ့တဩ နောက်ဆုံးကျတော့ သူလည်း အောင့်မထားနိုင်တော့ဘူးနဲ့ တူပါတယ် ကျွန်မနားကို တိတ်တိတ်လေး လာမေးရော "မူချင်ကျဲ ကျဲရဲ့ ဒဏ်ရာသက်သာနိုင်စွမ်းက တော်တော်ကောင်းတာပဲနော် မနေ့ကတောင် ဒဏ်ရာတွေ အများကြီး ရထားတာ ဒီနေ့ကျ ပြန်သက်သာသွားပြီ ဘယ်လိုလုပ်လိုက်တာလဲဟင်" တဲ့ ကျွန်မဖြင့်လေ ရယ်ရမှာလား ငိုရမှာလားတောင် မသိတော့ဘူး ဒီလောကကြီးမှာ concealer လို့ခေါ်တဲ့ မှော်ဝင်ပစ္စည်းမျိုး ရှိနေမှန်းကို သိဟန်မတူဘူး ကျွန်မရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်ပဲ ထင်နေတာ နောက်ပိုင်း မျက်နှာကြီး ခိုက်မိပြီး ကြော်ငြာကို လက်လွှတ်ရတော့မလို ဖြစ်တဲ့အချိန်ကျ သူက တစ်ခါ အကြံပေးလာပြန်ရော ဒီဒဏ်ရာတွေနဲ့ပဲ ကြော်ငြာရိုက်ကြည့်ပါလား ရလဒ်က တော်‌တော်မိုက်လိမ့်မယ်တဲ့ concealer ကို သူတော်တော် အထင်ကြီးသွားလို့ ဒီလို အိုင်ဒီယာမျိုး ထွက်လာတာ ထင်တယ် ..." 


ကြော်ငြာ၏ နောက်ကွယ်တွင် ဤမျှ ရယ်ရွှင်ဖွယ် ‌နောက်ကြောင်းရာဇဝင်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ရှာသည့် ပရိသတ်များမှာတော့ မပြုံးဘဲ ဝါးလုံးကွဲသာ ရယ်မောလိုက်ကြတော့သည်။ 


ထိုအချိန်တွင် စခရင်ပေါ်၌ ဗီဒီယိုတစ်ပုဒ် ထွက်ပေါ်လာသည်။ ဤသည်မှာ တစ်ကိုယ်လုံးရှိ ဒဏ်ရာဒဏ်ချက်တိုင်းကို concealer ဖြင့် ဖုံးအုပ်နေသည့် မြောင်မူချင်၏ ဗီဒီယိုဖိုင်ဖြစ်သည်။ ကုန်ပစ္စည်းဘက်မှ ကိုယ်စားလှယ်မှာလည်း သူမ၏ လုပ်ဆောင်ချက်အပေါ် အလွန်သဘောတွေ့နေဟန်ပင်။ ကြော်ငြာထွက်လာအပြီးတွင်မူ L'Oreal concealer မှာ နိုင်ငံအနှံ့ ‌နာမည်ကြီးသွားကာ Taobao တွင် ဈေးဝယ်သူများ၏ လက်ကျန်အပြတ်နိုင်ဆုံး ကုန်ပစ္စည်းအဖြစ် သတ်မှတ်ခြင်းကိုပါ ခံလိုက်ရတော့သည်။


မြောင်မူချင်က ရှောင်ကျားရှု၏ တည်ရှိမှုကို ပိုပြီး သိသာလာစေရန် သူ့ဘက်သို့ တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားလမ်းကြောင်း ပြောင်းပေးလိုက်သည်။ ကျိမြန်၊ ရှစ်ထင်းဟန်နှင့် လောကျန်းဝေ့တို့ကလည်း သူ့ကို ချီးကျူးကြရာ လင်းလဲ့ယန်တစ်ယောက်တည်း အေးစက်စွာ ထိုင်နေရဟန်ပင်။ ထိုဖြစ်ရပ်ကြောင့် အင်တာနက်သုံးစွဲသူများမှာ လင်းလဲ့ယန်၏ မြောင်မူချင်နှင့် ရှောင်ကျားရှုကို အပုပ်ချမှုအကြောင်း သတိရကုန်ကြပြီး သူတို့၏ အကောင်းမြင်စိတ်မှာ အောက်ခြေအထိ ထိုးကျသွားတော့သည်။ 


အင်တာဗျူး ဒုတိယအပိုင်းတွင်မူ လင်းလဲ့ယန်၏ အပိုင်းဟူ၍ မပါရှိတော့သလောက်ပင်။ ကျိမြန်က တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ကူညီပေးခြင်း မရှိတော့သည့်အတွက် စကားဝိုင်းအတွင်းသို့ ဝင်၍မရတော့။ ပရိုဂရမ် အဆုံးသတ်ကာနီးတွင် တင်ဆက်သူက ပြောလိုက်သည်။ 


"ဒါနဲ့ နောက်ထပ်လာမည့် ဧည့်သည်က ဘယ်သူလဲ သိချင်ကြပါသလား ..." 


ပရိုဂရမ်၏ ထုံးစံအရဆိုပါလျှင် ဤအချိန်မှာ နောက်အပိုင်းကို လူစိတ်ဝင်စားအောင် လုပ်ရမည့်အချိန်ဖြစ်သည်။ စင်ပေါ်‌စင်အောက်ရှိ ပရိသတ်များက တစ်စုတစ်စည်းတည်း အားပေးလိုက်ကြသည်။ 


"သိချင်ပါတယ် ..." 


"ဒါနဲ့ အခုလာမယ့် ဧည့်သည်တွေက ရှောင်ရှုမြောင်နဲ့ အရမ်း ဆက်ဆံရေးကောင်းကြတယ်နော် သူတို့က ဒီရှိုးကို ဖိတ်ပေးဖို့ ကျွန်တော့်ကို လာပြီး အပူကပ်ထားကြတာနော် ..." 


တင်ဆက်သူက ခပ်ပြုံးပြုံး မေးလိုက်သည်။ 


"ရှောင်ရှုမြောင်ရေ ဘယ်သူလို့ ထင်လဲဗျ ..." 


ရှောင်ကျားရှုက ရိုးရိုးသားသား ခေါင်းယမ်းပြလိုက်သည်။ 


"မသိပါဘူး ..." 


"စဉ်းစားကြည့်ပါဦး မင်းနဲ့ ပတ်သက်တဲ့သူတွေထဲမှာ အခုတလော အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာ ဘယ်သူရှိလဲ ..." 


"တမန်တော် မဟုတ်ဘူးလား ..." 


ရှောင်ကျားရှုက လောကျန်းဝေ့ကို လှမ်းကြည့်လိုက်သည်။ 


"ထပ်စဉ်းစားကြည့်ပါဦး တမန်တော်အပြင် နောက်ထပ် ဘာလုပ်ခဲ့သေးလဲ သရုပ်ဆောင်တာတင် မဟုတ်ဘူးလေ တစ်ခြားဟာတွေရောပဲ ..." 


"အိုး သိပြီ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" နဲ့ "အေးစက်တဲ့ ရေခဲမင်းသားက တကယ်တမ်းတော့ မိန်းကလေးတဲ့" လား ..." 


နောက်ဆုံးတွင်တော့ ရှောင်ကျားရှုလည်း ခန့်မှန်းနိုင်သွားတော့သည်။ 


စင်ပေါ်ရှိ ပရိသတ်များမှာ အံ့ဩတကြီး ဖြစ်ကုန်ကြကာ အချို့မိန်းကလေးများမှာမူ ထခုန်မိကြသည်အထိပင် အံ့ဩသွားကြတော့သည်။ ထိုဇာတ်လမ်းတွဲနှစ်ခုမှာ လတ်တလောတွင် အလွန် နာမည်ကြီးနေကာ အမျိုးမျိုးသော streaming site နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများကြောင့် အွန်လိုင်းဇာတ်လမ်းတိုများသည် ရုပ်ရှင်နှင့် အနုပညာလောက၏ ဖျက်မြင်းများ ဖြစ်လာကြတော့သည်။ အဆင့်သတ်မှတ်ချက်များမှာလည်း အဓိက ရုပ်သံလွှင့်ရုံများကိုပင် အမှီလိုက်နိုင်လာတော့သည်။ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" နှင့် "ရေခဲမင်းသားက မိန်းမပျို" တို့ ထုတ်လွှင့်မှုကြောင့် web drama များ၏ တိုးတက်မှုများ အရှိန်မြှင့်တက်လာကာ ထိုဇာတ်လမ်းတွဲများ ပြသသည့် streaming platform များမှာလည်း ဝင်ငွေများစွာ တိုးလာပြီး တစ်ညအတွင်းမှာပင် အဖွဲ့ဝင်အရေအတွက် မိုးထိ မြင့်တက်လာတော့သည်။ 


ထုတ်လွှင့်သည့်အချိန်မှစ၍ ယနေ့အထိ ထိုဇာတ်လမ်းတွဲနှစ်ခုမှာ စံချိန်ပေါင်းများစွာကို ချိုးဖျက်နိုင်ခဲ့သည်။ အခြားတီဗီရှိုးများကိုပင် အသက်ရှင်ခွင့် မပေးတော့။ ထို့ကြောင့် ဤဇာတ်လမ်းတွဲနှစ်ခုကို သမားရိုးကျ ဇာတ်လမ်းတွဲများ၏ ကပ်ဘေးအဖြစ် တင်စားခေါ်ဝေါ်လိုက်ကြသည့်အပြင် "နှစ်ရာရှည်ကြာအိပ်မက်ကမ္ဘာ" သည် remake များအတွက် စံနမူနာအသစ်တစ်ခုကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့သည်။ 


ဒီဇာတ်လမ်းတွဲနှစ်ခုက ဘာလို့ ဒီလောက်တောင် နာမည်ကြီးလာရတာလဲ ... 


စေ့စေ့ပေါက်ပေါက် တွေးကြည့်သည့်တိုင် တိကျသည့် အကြောင်းပြချက်တစ်စုံတစ်ရာမှ ထွက်မလာခဲ့ချေ။ ကြည့်ရှုသူများမှာ တစ်ကြိမ်ကြည့်မိသည်နှင့် တစ်ပြိုင်နက် အရူးအမူး စွဲလမ်းသွားကြတော့သည်။ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ကို တစ်လုံးတည်း အတိုချုပ် ပြောရပါလျှင် "မုန့်" ဟု ပြောရပေလိမ့်မည်။ 


(T.N/ မုန့်(Meng) ချစ်စရာကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ) 


ချစ်စရာကောင်းမှုလယ်ဗယ်မှာ စာဖွဲ့၍ပင် မရတော့။ နည်းပညာပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များမှာ ပို၍ပင် အံ့ချီးဖွယ် ကောင်းသေးသည်။ အားလုံးမှာ သရုပ်ဆောင်နေခြင်းသပ်သပ်သာ ဖြစ်သော်ငြား လှုပ်ရှားသက်ဝင်ကာ မြူးကြွလှသည်။ အပိုင်းတစ်ပိုင်း ပြီးသွားသည်နှင့်တစ်ပြိုင်နက် ထိုအပိုင်းအကြောင်း ထပ်ကာတလဲလဲ စားမြုံ့မပြန်ဘဲပင် မနေနိုင်ချေ။ 


"သွေးအေးမင်းသားရဲ့ ကြင်ယာတော်" မှာ ပို၍ပင် ကောင်းမွန်လှသေးသည်။ ၎င်းမှာ ရှေးခေတ်နောက်ခံဇာတ်လမ်း ဖြစ်သော်ငြား အဝတ်အစားဒီဇိုင်းများမှာ အင်မတန်စတိုင်မိမိုက်လှသည်။ အရောင်တောက်တောက်များ ပေါင်းစပ်ခြင်းမှာ အူကြောင်ကြောင်နှင့် ဆွဲဆောင်မှု မရှိလှဟု ထင်ခဲ့မိသော်ငြား ခေတ်ဆန်ကြော့မော့ကာ ဖက်ရှင်ကျနေအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့မှာလည်း မျက်စိဖမ်းစားနိုင်ဖွယ်ရာ ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ထားသောကြောင့် သရုပ်ဆောင်မှုအပိုင်းတွင် လူသစ်လေးများ ဖြစ်စေကာမူ ပရိသတ်၏ များစွာ မျက်စိကျခြင်းကို ခံလိုက်ရသည်။ 


ဇာတ်ကြောင်းမှာလည်း များစွာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသေးသည်။ ၎င်းမှာ မင်းသမီးတစ်ပါးကဲ့သို့ ဝတ်စားဆင်ယင်ထားသည့် အမျိုးသားတစ်ဦးနှင့် မင်းသားအဖြစ် အယောင်ဆောင်ထားသည့် မိန်းမပျိုတစ်ဦးအကြောင်း ဖြစ်သည်။ ဇာတ်ကောင်များ၏ မင်္ဂလာပွဲ မတိုင်မီနှင့် ပွဲအပြီး အချိန်များတွင် စိတ်နှ‌လုံးနွေးထွေးဖွယ် သဟဇာတဖြစ်လှသည့် အခန်းများဖြင့် ပြည့်နှက်နေကာ BL ဇာတ်ကားအနေနှင့်သာမက GL အမျိုးအစား၊ ထို့အပြင် BG အမျိုးအစားအဖြစ်ပါ သတ်မှတ်၍ ရပေရာ လူတိုင်း၏ အကြိုက်နှင့် များစွာ ကိုက်ညီလှပေသည်။


ကြည့်ရှုပြီးသူတိုင်းက ဤဇာတ်လမ်းနှစ်ခုမှာ လွန်စွာ စွဲလမ်းဖွယ် ကောင်းလှသည့်အတွက် စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ဇာတ်သိမ်း‌ပိုင်းသို့ မရောက်မချင်း မရပ်တန့်နိုင်တော့ဟုပင် ‌‌ဆိုလာကြသည်။ ၎င်းတို့၏ ကျော်ကြားမှုမှာလည်း အံ့မခန်းပင်။ Baidu နှင့် Weibo ၏ ခေါင်းစီးပိုင်းများမှာ ထိုဇာတ်လမ်းတွဲများနှင့် သက်ဆိုင်သည့် အကြောင်းအရာများဖြစ်ကာ အနုပညာသတင်းအကြောင်း ရေးသားလေ့ရှိသည့် အဓိကသတင်းဌာနများကလည်း သရုပ်ဆောင်များနှင့် ပတ်သက်သည့် သတင်းများကို အကျယ်တဝံ့ ရေးသားလာသည်။ forum သို့မဟုတ် post bar တွင် ထိုဇာတ်လမ်းများအကြောင်း အားတက်သရော ဆွေးနွေးသူအရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာကာ မှတ်ချက်ကဏ္ဍမှာလည်း မိုးထိလုမတတ်ပင် မြင့်မားလာတော့သည်။ 


ထိုဇာတ်လမ်းတွဲနှစ်ခုမှာ နေ့ချင်းညချင်း ကျော်ကြားလာကာ နေရာတိုင်းတွင် ၎င်းတို့ကို ချီးကျူးထောပနာပြုထားသည့် ပို့စ်များကို မြေကြီးလက်ခတ်မလွဲ တွေ့နေရပေသည်။ 


ထိုဇာတ်လမ်းတွဲနှစ်ခု ရောက်လာမည်ဟု ဒါရိုက်တာထံမှ ကြားလိုက်ရသည့်အခါ ကြည့်ရှုနေသူများမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့။ ထို့ထက်ပိုပြီး သိလိုသည့်ကိစ္စတစ်ခုလည်း ရှိနေသေးသည်။ 


ဒီဇာတ်လမ်းတွဲနှစ်ခုက ရှောင်ကျားရှုနဲ့ ဘာဆိုင်လို့လဲ ... 


တင်ဆက်သူက အမှန်တရားကို ဖွင့်ဟလိုက်သည်။ 


"ဇာတ်လမ်းတွေကို ကြည့်တဲ့အခါ သရုပ်ဆောင်စာရင်းတင် မကဘဲ ထုတ်လုပ်သူတွေကိုပါ သတိထားပြီး လိုက်ကြည့်သင့်တယ်နော် ရှောင်ရှုမြောင်က ဒီဇာတ်လမ်းတွဲနှစ်ခုရဲ့ တစ်ဦးတည်း ရင်းနှီးမြှုပ်နှံသူ ဟုတ်တယ်မဟုတ်လား..." 


ရှောင်ကျားရှုက ရှက်အားတကြီး ပြုံးပြလိုက်သည်။ 


"ဟုတ်ပါတယ် ..." 


စင်အောက်ရှိ ကြည့်ရှုသူများက အံ့ဩတကြီး မြည်တမ်းလိုက်ကြပြီး အင်တာနက်သုံးစွဲသူများကမူ ထိုရုပ်ရှင်နှစ်ကားဖြင့် ရှောင်ကျားရှု ဝင်ငွေ မည်မျှ ရရှိခဲ့ကြောင်း တရစပ် မေးမြန်းလာကြတော့သည်။ 


"အိပ်မက်ရှည်ကြာ နှစ်တစ်ရာ" နဲ့ "သွေးအေးမင်းသားရဲ့ မိန်းမပျို" က ဒီနှစ်ထုတ်သမျှထဲမှာ နာမည်အကြီးဆုံးဆိုတာ ဘာမှ အငြင်းပွားစရာတောင် မလိုဘူးလေ အဆင့်တစ်နဲ့ နှစ်ပဲ ဆက်တိုက်ရနေတဲ့ ဇာတ်ကားနှစ်ခုက ရင်းနှီးမြှုပ်နှံသူ တစ်ယောက်တည်းပဲတဲ့ တကယ်ကို အံ့ဩစရာ ကောင်းလိုက်တာ ... 


ကြည့်ရှုသူတစ်ဦးက အနီရောင်စာလုံးပါ စာတန်းကြီးများဖြင့် မှတ်ချက်ကဏ္ဍတစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ 


"ဒီအမြင်ကတော့ ပြိုင်ဘက်ကင်းပဲဟေ့ ငါ့ဖြင့် ဒူးထောက်ပြီးတော့ 666 လို့သာ အော်လိုက်ချင်တော့တယ်"


(666 က အထင်ကြီးတဲ့အကြောင်း ဖော်ပြတဲ့နေရာမှာ သုံးတဲ့ ဗန်းစကားပါ) 


ရှောင်ကျားရှုက စခရင်အကြီးကို ဖျတ်ခနဲကြည့်ကာ ရယ်မောလိုက်သည်။ 


"တကယ်တမ်း ပြောရရင် ကျွန်တော်လည်း ဒီလောက်ကြီးအထိ နာမည်ကြီးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒါရိုက်တာ ဝေ့ကျန်းက သူ့အိမ်ကို ရောင်းရတော့မယ့်အထိ ခက်ခဲနေလို့ ရင်းနှီးမြှုပ်နှံဖို့ တွေးခဲ့မိတာပါ ..." 


သူက တင်ဆက်သူကို ငဲ့ကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။ 


"ဒါရိုက်တာဝေ့ကျန်း ရောက်လာကာမှပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဆက်ပြောပါ့မယ်နော် ..." 


တင်ဆက်သူက လက်မထောင်ပြလိုက်သည်။ 


"ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်း သိတာပဲ အခု ငါ့အလုပ်ကို လာမလုနဲ့တော့ ..." 


ရှောင်ကျားရှုက ထပ်ပြုံးပြလိုက်ပြန်သည်။ ဝင်းလက်တောက်ပကာ ချောမောလှသည့် သူ့မျက်နှာကို စခရင်ပေါ်မှတစ်ဆင့် တွေ့လိုက်ရသည့်အခါ ကြည့်ရှုနေသူအားလုံး ပါးစပ်ကို လက်ဖြင့်အုပ်လျက် စီခနဲ အော်ဟစ်လိုက်ကြတော့သည်။ 


မျက်နှာဆိုကာမှ ရှောင်ရှုမြောင်ရဲ့ ရုပ်ရည်က မင်းသမီး ချောင် ထက်တောင် ပိုလှသေးတာကို ဘာလို့ ဒီဇာတ်ကောင်ကို မယူခဲ့တာလဲ မသိဘူး ... 


"ဘာလို့ မင်းသမီး ချောင် နေရာကနေ သရုပ်မဆောင်ခဲ့တာလဲ ..." 


တင်ဆက်သူက အားလုံး၏ ဆန္ဒကို သိနေသည့်နှယ် ထုတ်မေးလိုက်သည်။ 


"ကျွန်တော်က "တမန်တော်" ကို ရိုက်နေတာလေ နောက်တစ်ခုကိုပါ အပြိုင်ရိုက်ဖို့ အင်အားမရှိဘူး "တစ်ကြိမ်မှာ တစ်ခုကိုပဲ ကောင်းကောင်းလုပ်နိုင်တယ်" ဆိုတဲ့ စကားကို ယုံကြည်ထားတယ် အရေးအကြီးဆုံး လုပ်ငန်းတာဝန်အပေါ်မှာပဲ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထား လောဘမကြီးနဲ့ ..." 


လောကျန်းဝေ့ကပါ ကောက်ကာငင်ကာ ဝင်ထောက်ခံလိုက်သည်။ 


"ဟုတ်တယ် ငါလည်း တစ်ချိန်တည်းမှာ ဇာတ်လမ်းတွေ အများကြီး ပြိုင်ရိုက်တဲ့ မင်းသားတွေကို သဘောမကျဘူး သူတို့က ပိုက်ဆံရအောင် ဒီဟာလေးရိုက်လိုက် ဟိုဟာလေး ရိုက်လိုက်နဲ့ လုပ်ချင်တာ ဒါပေမယ့် ကြည့်ကြည့် တစ်ခုမှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး လူတွေရဲ့ စွမ်းအင်ဆိုတာ အကန့်အသတ် ရှိနေတာကို ဘာလို့ ဖြုန်းတီးမှာလဲ ..." 


တင်ဆက်သူက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်သည်။ 


"ကြည့်ရတာ လောင်ရှီးတို့ နှစ်ယောက်က အလုပ်လုပ်တဲ့နေရာမှာ တော်တော်လေး လိုက်လျောညီထွေ ဖြစ်တဲ့ပုံပဲ ..." 


"ဒါပေါ့ စိတ်မပူပါနဲ့ သင့်တော်တဲ့ ဇာတ်ကောင်ကို တွေ့တာနဲ့ ရှောင်ကျားရှုကို သေချာပေါက် ဖိတ်ပေးမယ် ..." 


လောကျန်းဝေ့က ရှောင်ကျားရှုအပေါ် သူ၏ နှစ်လိုမှုကို လုံးဝ သိုဝှက်မထား။ စင်ပေါ်ရှိ ပရိသတ်များမှာလည်း ရင်ထဲ ထိရှသွားရသည့်အတွက် လက်ခုပ်ဩဘာ ချီးမြှင့်လိုက်ကြတော့သည်။ 


တင်ဆက်သူက ဆက်ပြီး မေးလိုက်သည်။


"ကြားမိတာတော့ ဒါရိုက်တာ ကျောက်ချွမ်ရဲ့ ဇာတ်ကားကို တစ်ခွန်းတည်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာဆို ..." 


ရှောင်ကျားရှုက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ကဲ့ ..." 


"ဘယ်လိုစကားမျိုးကို ကြားလိုက်ရလို့ပါလိမ့် ..." 


ရှောင်ကျားရှုက မကွယ်ဝှက်စတမ်း ပြန်ဖြေလိုက်သည်။ 


"သူပြောတာ ဒီဇာတ်ကားအတွက် ဇာတ်လိုက်မက လီကျားအာတဲ့ ဒါပေမယ့် သူမက စာချုပ်ဖျက်ပစ်လိုက်လို့ သူ့ရိုက်ကူးရေးတစ်ခုလုံး သဲထဲရေသွန် ဖြစ်လုနီးပါးအထိ ဖြစ်သွားတာ အဲဒီ့အချိန်တုန်းက ကျွန်တော် သူ့ကို ဇာတ်ညွှန်းစာအုပ်တောင် ပြန်ပေးတော့မလို့ ဒါပေမယ့် ဒီစကားကို ကြားလိုက်ရလို့ ပြန်ယူလိုက်တာ သူမက ဒါကို သဘောမကျဘူး ဟုတ်လား ကောင်းပြီလေ ဒါဆို ငါရိုက်မယ်ဆိုပြီး သဘောတူလိုက်တာ ..." 


Xxxx