အပိုင်း ၈၂
Viewers 44k

Chapter 82


လက်ချိုးရေကာ တွက်ချက်လိုက်သည့် ဖန်ခွင်းမှာတော့ ဆို့နင့်မှုကြောင့် အသက်ပင် မရှူနိုင်တော့။ 


သိလား ကျိကောက အစောပိုင်းမှာ သန်းလေးဆယ် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ခဲ့တာကွ အချိုးကျကျသာ ပိုင်းခြားလိုက်ရင် အခုထက် သုံးလေးဆမက ပြန်ရနေပြီ နောင်တရလိုက်တာ ... 


ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်မပြောရဲတော့သည့်အတွက် ဖုန်းကိုထုတ်ကာ ရှိုးအကြောင်းသာ လိုက်ကြည့်နေလိုက်တော့သည်။ တစ်ခဏမျှအကြာ တံခါးခေါက်သံတစ်ချက်နှင့်အတူ လင်းလဲ့ယန်၏ အသံကို ကြားလိုက်ရတော့သည်။ 


"ကျိကော ဒီထဲမှာ ရှိနေလားဟင် ..." 


"မရှိဘူး ..." 


ဖန်ခွင်းက စိတ်မရှည်လက်မရှည်ဖြင့် အော်ဟစ်လိုက်သည်။ 


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဇွဲမလျော့တမ်း တံခါးထပ်ခေါက်လိုက်ပြန်သည်။ 


"ကျိကော ကျွန်တော် စကားပြောချင်လို့ပါ ..." 


ဖန်ခွင်းက သူ့ကို မောင်းထုတ်မည်ပြုစဉ် ကျိမြန်က အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ 


"ဝင်ခိုင်းလိုက် မင်းတို့တွေ သွားနှင့်ကြတော့ ..." 


အားလုံး ထွက်သွားကြပြီး သူတို့နှစ်ဦးကိုသာ ချန်ထားလိုက်တော့သည်။ 


"ဘာပြောချင်လို့လဲ ..." 


ကျိမြန်က မျက်နှာသစ်ကာ ရေစက်များကို ပုဝါဖြင့် ခပ်ဖြည်းဖြည်း သုတ်ရင်း မေးလိုက်သည်။ သူ့ပုံစံမှာ အလွန်တည်ငြိမ်နေကာ ချစ်ခြင်းအငွေ့အသက်သာမက လမ်းခွဲလိုက်ရ၍ နာကျင်ခံစားနေရဟန်ကိုပါ မတွေ့ရချေ။ 


လင်းလဲ့ယန်က တံတွေးမျိုချရင်း တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ 


"ကျိကော ရှောင်ကျားရှုနဲ့ တွဲနေတာ မဟုတ်လား မဟုတ်ရင် သူ ဒီလောက်အထိ ကောင်းကောင်းသိစရာအကြောင်း မရှိဘူး သူ့ကြောင့် ကျွန်တော်နဲ့ လမ်းခွဲလိုက်တာလား ..." 


"သူနဲ့ငါက ရိုးရိုးအသိမိတ်ဆွေတွေ မင်းနဲ့ ဘာလို့ လမ်းခွဲလိုက်သလဲဆိုတာ အခုထိ နားမလည်သေးဘူးလား ..." 


ကျိမြန်က ပုဝါကို ဘေးနားချရင်း အရယ်အပြုံးမရှိ မေးလိုက်သည်။ 


"ကျွန်တော် တကယ်ကို နားမလည်နိုင်ဘူး ကျွန်‌တော်တို့တွေ နှစ်အကြာကြီး ချစ်ကြိုက်ခဲ့ကြတာလေ တစ်ခါမှလည်း ရန်မဖြစ်ဖူး၊ စကားလည်း မများဖူးဘဲနဲ့ ဘာကြောင့် လမ်းခွဲချင်တာလဲဆိုတာကို ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ ..." 


လင်းလဲ့ယန်က ရှိရှိသမျှ သတ္တိအားလုံးကို ညှစ်ထုတ်ကာ မေးလိုက်သည်။ ကျိကောနှင့် ရှောင်ကျားရှုတို့ ရယ်ရယ်မောမော ပြောဆိုနေကြချိန်တိုင်း သူ့နှလုံးသားတစ်ခုလုံး ဓားထက်ထက်ဖြင့် ထိုးခွဲသည့်နှယ် အဆက်မပြတ် နာကျင်ခံစားနေရကြောင်း မည်သူမှ မသိနိုင်ချေ။ 


ကျိမြန်က သူ့ကို စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလျက်သာ ပြောလိုက်တော့သည်။ 


"နားမလည်တာလား ဒါမှမဟုတ် မတွေးရဲတာလား ငါတို့နှစ်‌ယောက် အတူရှိနေဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာလို့ မင်းထင်လဲ ..." 


လင်းလဲ့ယန်က ကြက်သေသေနေကာ အတော်ကြာသည်အထိ ပြန်မဖြေနိုင်သေး။ 


"ကျွန်တော်တို့တွေ အမြဲတမ်း ပျော်ခဲ့တယ်လို့ပဲ ထင်ခဲ့တာ ..."


"မင်းရဲ့ ကိစ္စတွေမှာ တစ်ဖြည်းဖြည်း ဝင်စွက်ဖက်ရင်ရော ပျော်လား မဟုတ်ဘူး မင်း ဘယ်တုန်းကမှ မပျော်ခဲ့ဘူး မင်းက စိတ်ရှည်ခဲ့ရုံပဲရှိတာ စိတ်ကျေနပ်မှု ရဖို့အတွက် မင်း ငါ့ဆီကနေ ဘာလိုချင်လဲဆိုတာကို နားလည်လား ငါက မင်းကို အကြွင်းမဲ့ ကူညီပေးတာကို လိုချင်တယ် အကြွင်းမဲ့ သည်းခံနားလည်ပေးဆပ်တာမျိုး အဲဒါမှ မင်းရဲ့ လုံခြုံတယ်လို့ ခံစားရတဲ့စိတ်က အမြင့်ဆုံးအထိ ရောက်လာမှာ ငါသာ မင်းကို နည်းနည်းလေးများ တင်းကြပ်မိခဲ့ရင် မင်းကို လွတ်လပ်ခွင့် မပေးဘူး လူလို မဆက်ဆံဘူးဆိုပြီး အတွေးတွေ လွန်ရော ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်လို့လား ငါ မင်းကို အများကြီး ပေးဆပ်ခဲ့ပြီးပြီ မင်းသာ "ကျိကောကို ချစ်တယ်" ဆိုပြီး စိတ်အေးလက်အေးနဲ့ လက်ခံလိုက်ရင် မင်းရောက်နေတဲ့နေရာမှာပဲ နေလေ ဒါပေမယ့် မင်းက ဘယ်တုန်းကမှ ငါနဲ့ မနီးစပ်ချင်ခဲ့ဘူး ဘာလို့လဲသိလား မင်းက ယောကျာ်းတွေကို မကြိုက်လို့ ငါ့အတွက် မင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းလဲပေးထားရတာကိုက အကြီးမားဆုံး ပေးဆပ်မှုလို့ ထင်နေတာလေ ငါ့အတွက် တစ်ခုခု လုပ်ပေးသင့်တယ်လို့ မင်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ..." 


လင်းလဲ့ယန်မှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ပြောစရာစကားပင် မရှိတော့။ 


ကျိမြန်က ဆေးလိပ်ကို မီးညှိလျက် ဆက်ပြောလိုက်သည်။ 


"မင်းပြောဖူးတဲ့စကားလေ ငါတို့က အဆင့်အတန်း မတူကြဘူးဆိုတာ တကယ်အဟုတ်ပဲ ဒါပေမယ့် အပေါ်စီးကနေတဲ့သူက ငါမဟုတ်ဘူး မင်းပဲ ဘာလို့လဲသိလား ငါ ဘယ်လောက်‌ပဲ ပေးဆပ်ပေးဆပ် မင်းအတွက် ဘယ်တော့မှ မလုံလောက်ဘူးလေ ငါ့အတွက်ကြောင့်နဲ့ မင်းလို အဖြောင့်ကောင်က ရွံစရာကောင်းတဲ့ လိင်တူချစ်သူအဖြစ်ကို ပြောင်းလဲပေးခဲ့ရတာ မင်းကို ကွေးသွားအောင် လုပ်ခဲ့မိတာကိုက ငါ့ဘဝရဲ့ အကြီးဆုံးပြစ်ချက် ဖြစ်နေပြီ ပြီးတော့ မင်းကို တစ်ဘဝလုံးစာအတွက် အကြွေးတင်နေပြီ ..." 


"မဟုတ်ဘူး မဟုတ်ဘူးလို့ ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး ..." 


လင်းလဲ့ယန်က ဖျော့တော့အားနည်းစွာဖြင့် ခေါင်းယမ်းပြလိုက်သည်။ 


"တွေးလားမတွေးလား မင်းစိတ်ထဲမှာတော့ ရှင်းလင်းချင်မှ ရှင်းလင်းလိမ့်မယ် ဒါပေမယ့် မင်းရဲ့ အပြုအမူတွေကတော့ ရှင်းရှင်းလင်းလင်းကို ပြထားပြီးသား ..." 


ကျိမြန်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လျက် ပြောလိုက်သည်။ 


"ချိန်ဖမ်းယွီနဲ့ ချိန်ဖမ်းရှင်းကို IOU ရေးခိုင်းတုန်းက မင်း ငါ့ကို မုန်းလား ..." 


လင်းလဲ့ယန်က ခေါင်းယမ်းပြလိုသော်ငြား လုံးဝ လှုပ်ရှား၍ မရတော့။ ကျိမြန်၏ အကြည့်များအောက်တွင် ပုန်းစရာနေရာ ရှာမရတော့သည့်နှယ်ပင်။ 


"အဲဒီ့ ဓာတ်ပုံတွေ စာပို့ထားတဲ့ဟာတွေ ဖော်ထုတ်ခံရရင် အထိခိုက်ဆုံးဖြစ်မယ့်သူက ဘယ်သူလို့ထင်လဲ ငါလား မင်းလား ရှင်းရှင်းလင်းလင်း ပြောရရင် လက်ရှိ ငါ့အနေအထားနဲ့ဆို ဘယ်လိုအောက်ဖဲမျိုးကမှ ငါ့ကို ဆွဲမချနိုင်ဘူး ဆွဲချနိုင်တယ်ပဲထား ငါက အနုပညာလောကကနေ ထွက်သွားရရင်လည်း အသက်ဆက်ရှင်နိုင်သေးတယ် သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တာ ငါ ဘယ်သူ့ကို ကာကွယ်ပေးချင်လို့လဲဆိုတာကိုရော မင်း တွေ့ကြည့်ဖူးလား ဘယ်သူက အကျိုးအမြတ်အများဆုံး ရမှာလဲ အခက်အခဲတွေ ကြုံတဲ့အချိန်တိုင်း မင်းကို ငါ့တောင်ပံအောက်ထားပြီး ကာကွယ်ပေးချင်ပေမယ့် မင်းကတော့ ဒီလိုမျိုး လုံးဝ မတွေးဘူး အမြဲတမ်း ငါနဲ့ ဆန့်ကျင်ဘက်ကိုပဲ ချက်ခြင်း ရပ်တည်ခဲ့တယ် မင်းနဲ့ ချိန်ဖမ်းယွီက တစ်မြို့တည်းသား ငါကတော့ မကောင်းတဲ့သူ သူ့ရဲ့ သစ္စာဖောက်မှုကို ခွင့်လွှတ်ပေးနိုင်ပေမယ့် ငါ့ခံစားချက်တွေကိုတော့ ဘယ်တော့မှ နားလည်မပေးဘူး ဒီလိုမျိုး ဆက်ဆံတာတွေက မျှတတယ်များ ထင်နေလား... ဘယ်သူမှ မင်းလောက် ငါ့ကို မစော်ကားဖူးဘူး တစ်လောကလုံးကို အပြစ်ပြုမိရင်တောင် မင်းကိုတော့ လုံးဝ အပြစ်မပြုဖူးဘူး တစ်ယောက်ကိုတစ်‌ယောက် ချစ်တယ်ဆိုတဲ့နေရာမှာ အချုပ်အနှောင် မရှိရဘူး အပြန်အလှန် ပေးကမ်းရမယ်လို့ ဖိအားပေးထားတာ မရှိသလို မင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းလဲပစ်စရာလည်း မလိုဘူး မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ မလုပ်ချင်ဘူးလား ပြောလေ မင်းက အဖြောင့်ပါလို့ ..." 


လင်းလဲ့ယန်မှာ တစ်ခွန်းမှ ပြန်လည်မချေပနိုင်တော့။ မျက်ရည်စီးကြောင်းနှစ်ခုသာ တလိမ့်လိမ့်လကျဆင်းလာတော့သည်။ 


ကျိမြန်က ဆေးလိပ်ကို ဘေးချရင်း သက်ပြင်းချလိုက်သည်။ 


"ရှောင်ကျားရှုက ဘာလို့ မင်းထက်ပိုပြီး ငါ့အကြောင်းတွေ ပိုသိနေရတာလဲဆိုတာကို သိလား ဘာလို့လဲဆိုတော့ သူက နှလုံးသားကို အသုံးပြုလို့ မင်းက ငါ့ချစ်သူ၊ ငါနဲ့ နှစ်တွေအကြာကြီး အတူတူရှိခဲ့တာဆိုပေမယ့် ငါ့အတွက်ဆိုပြီး မင်းနှလုံးသားကို သုံးကြည့်ဖူးရဲ့လား အားမနာစတမ်း ဝန်ခံရရင် ငါလည်း မင်းဘာကြိုက်တတ်မှန်း မသိဘူး မင်းကို နားလည်ဖို့ မင်းအကြောင်းတွေ သိလာဖို့ ငါ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးတယ် ဒါပေမယ့် မင်းကတော့ မင်းရဲ့ နှလုံးသားတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အရာတိုင်းကို ဖုံးကွယ်ထားတယ် ငါသိတယ်ဆိုတာတွေက ငါသိအောင် မင်းတမင် ဖန်တီးထားတာတွေပဲ ငါ ဘာတွေကြိုက်တယ် ဘာတွေမကြိုက်ဘူး မင်းသာ သေချာ ဂရုတစိုက် ‌အကဲခတ်မိရင် သိမှာပေါ့ မင်းကို ငါ့နှလုံးသားထဲ ဝင်လာခွင့် ပိတ်လိုက်တာ မဟုတ်ဘူး ငါက မင်းကို ဆွဲခေါ်နေပေမယ့် မင်းကိုယ်တိုင်ကိုက ခြေကန်ပြီး ရုန်းနေတာ ..." 


"မင်းဘက်ကအရင် စိမ်းကားပြီးတော့မှ ဘာလို့ လမ်းခွဲချင်တာလဲတဲ့လား ဒီပုံစံအတိုင်းဆို ငါတို့တွေ ဘဝဆုံးတဲ့အထိ အတူတူနေနိုင်မယ်လို့ ထင်လား တစ်ယောက်က နီးစပ်ဖို့ ကြိုးစားနေတဲ့အချိန် နောက်တစ်ယောက်က အသည်းအသန် ပုန်းကွယ်နေတယ် ဒီလူနှစ်ယောက်ရဲ့ တွဲလက်က မြဲမယ်လို့ ထင်လား လင်းလဲ့ယန် မင်းက ငါ့ရဲ့ သည်းခံနိုင်စွမ်းကို အများကြီး တွေးနေတာပဲ ငါ့အနေနဲ့ နှစ်နှစ်ဆိုလည်း နေနိုင်သေးတယ် သုံးနှစ်ဆိုလည်း နေနိုင်သေးတယ် ဒါပေမယ့် တစ်ဘဝလုံးတော့ မနေနိုင်ဘူးကွ ..." 


သူက ကုတ်အင်္ကျီကို ဝတ်ကာ တံခါးကို ဖွင့်လျက် အလေးအနက် ပြောလိုက်သည်။


"ငါ ပြန်လာတော့မှာ မဟုတ်လို့ မင်းလည်း စိတ်လျော့လိုက်တော့ ကိုယ့်လမ်းကိုယ်ပဲ လျှောက်ကြရအောင် ..." 


တံခါးက အသာအယာ ပိတ်သွားခဲ့သည်။


 မှန်ထဲသို့ ကြည့်လိုက်သည့်အခါ မျက်ရည်တို့ စီးကျနေသည့် သူ့ရုပ်ပုံကို ပြန်မြင်လိုက်ရသည်။ သူသာ ရောက်မလာခဲ့မိပါလျှင် ကျိမြန်က သူ့ကို ချစ်နေဆဲ၊ သူတို့နှစ်ဦး ယခင်အတိုင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ဦးမည်ဟုသာ မျက်စိစုံမှိတ်ပြီး ယုံကြည်ထားဦးမည် ဖြစ်သော်လည်း ယခုမူ အမှန်ကို မြင်သွားချေပြီ။ သူသည် လုံးဝ ပျော်ရွှင်ခဲ့ဖူးခြင်း မရှိ၊ စိတ်မသက်မသာ ဖြစ်မှုနှင့် ဝိရောဓိတို့အကြား ရုန်းကန်နေခဲ့ရပြီး ထိုကိစ္စရပ်များအားလုံးကို ကျိမြန်က ထိုးထွင်းမြင်နေခဲ့သည်။ 


..........


ပရိုမိုးရှင်းပွဲများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြီးနောက် စီစဉ်ထားသည့် နေ့မှာပင် "တမန်တော်" ကို ရုံတင်ပြသလိုက်တော့သည်။ ရုပ်ရှင်ရုံထဲရှိ မီးအလင်းရောင်တို့ မှိန်ဖျော့သွားပြီးနောက် ရှောင်ကျားရှုက ခြေဖျားလက်ဖျားတို့ အေးစက်တုန်ရီစွာဖြင့် ကျိမြန်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူသရုပ်ဆောင်ထားသည့် ဇာတ်ကားကို ပထမဆုံးအကြိမ် ပြန်ကြည့်ဖူးခြင်းဖြစ်ရာ မည်သို့မည်ပုံ ထွက်ပေါ်လာမည်နှင့် ပရိသတ်၏ အသိအမှတ်ပြုခြင်းကို ရနိုင်မရနိုင် မခန့်မှန်းနိုင်သေးချေ။ 


"စိတ်အေးအေးထား မင်း ကောင်းကောင်းလုပ်ခဲ့တာပဲကို ..." 


သူ့နားရွက်နားကပ်ကာ နှစ်သိမ့်ပေးလိုက်သည့် ကျိမြန်၏ တီးတိုးစကားသံမှာ ဩရှအက်ကွဲနေသည်။ 


ရှောင်ကျားရှု၏ အတွေးတို့ ရုတ်ချည်း သွေဖယ်သွားတော့၏။ 


ကျိကောရဲ့အသံက တအားကို မိုက်တာပဲ သူ့ဇာတ်လမ်းတွေမှာ အသံသရုပ်ဆောင် မသုံးဘဲ ပင်ကိုယ်အသံကိုပဲသုံးတာ အံ့ဩစရာ မရှိတော့ပါဘူး အိုက်ယား အသံနဲ့တင် ဗိုက်ကြီးတော့မှာပဲ ... 


စိတ်လှုပ်ရှားနေမှုကိုပင် မေ့လျော့သွားကာ နားရွက်ဖျားကိုသာ တိတ်တဆိတ် ပွတ်သပ်နေလိုက်တော့သည်။ 


ကျိမြန်က နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်သည့်အတွက် နားရွက်ဖျားတို့ တဆတ်ဆတ် တုန်ရီသွားပြန်၏။ ဇာတ်ဝင်သီချင်းသံ ထွက်ပေါ်လာ၍သာ မဟုတ်ပါလျှင် အိုင်ဒေါဖြစ်သူ၏ ခပ်နိမ့်နိမ့်အသံထဲတွင်သာ ယစ်မြူးပျော်ဝင်နေဦးမည်ဖြစ်သည်။ 


ဇာတ်ကြောင်းမှာ ဖြည်းနှေးလှသည့်အတွက် ပရိသတ်က များစွာ မခံစားရ။ သို့သော် ရှောင်ကျားရှုကမူ သူ၏ သရုပ်ဆောင်မှုများ ကွဲပြားသွားကြောင်း အလွယ်တကူပင် သဘောပေါက်ပေသည်။ အစောပိုင်းကာလများတွင် သူသည် သရုပ်ဆောင်ခြင်း၏ အနှစ်သာရကို နားမလည်သေး။ သူ့ဘဝ၏ အခြားတစ်ဖက်ခြမ်းကို တင်ဆက်ပြသခြင်းမျှသာ ဖြစ်ပေသည်။ ၎င်းမှာ သဘာဝကျလှသည် ဆိုသော်ငြား များစွာ အထင်ကြီးဖွယ် မကောင်းလှ။နောက်ဆုံးတွင်တော့ "သရုပ်ဆောင်စွမ်းရည် မပါရှိသည့် ဖျော်ဖြေမှုမှာ ချည့်နဲ့ထိုင်းမှိုင်းကာ စွမ်းအင်ကင်းမဲ့လှသည်" ဟူသည့် စကားကို သဘောပေါက်သွားချေပြီ။ 


နောက်ပိုင်းအချိန်များတွင်တော့ ဇာတ်ကောင်စရိုက်ထဲ နစ်ဝင်လာကာ သရုပ်ဆောင်စွမ်းရည်မှာလည်း တစ်စထက်တစ်စ တိုးတက်လာတော့သည်။ သူ သရုပ်ဆောင်ရသည့် နေရာများကို ဝေဖန်ရေးဆရာတစ်ဦးကဲ့သို့ တိတ်တဆိတ် အကဲဖြတ်နေရင်း ထူးချွန်သည့်အချက် သို့မဟုတ် လိုအပ်သည့် အချက်များကို တိတ်တဆိတ် ချရေးထားလိုက်ပြီး ပရိသတ်များနည်းတူပင် ဇာတ်ကြောင်း၏ ဆွဲဆောင်မှုအောက်တွင် စီးမျောနေလိုက်သည်။ လင်ဖုန်း၏ သေဆုံးမှုအပိုင်းကို ရောက်သည့်အခါ သူ့စိတ်တစ်ခွင်လုံး ဗလာသပ်သပ် ဖြစ်သွားကာ ကျိမြန်၏ အသက်မပါသည့် မျက်ဝန်းတို့ကိုသာ မရေမတွက်နိုင်လောက်အောင် စိုက်ကြည့်နေလိုက်တော့သည်။ 


ထိုမျက်ဝန်းထဲရှိ အရဲစွန့်မှုနှင့် ဝမ်းနည်းကြေကွဲခြင်းတို့က သူ့နှလုံးသားကို လှိုင်းလုံးကြီးများနှယ် တဝုန်းဝုန်း တိုက်စားကာ အ‌တွေးစတို့ကို မောင်းထုတ်လျက် နှလုံးသားတစ်ခုလုံး ဓားထက်ထက်ဖြင့် လှီးဖြတ်ခံနေရသည့်နှယ် ခံစားသွားရတော့သည်။ မျက်ရည်တို့ တလိမ့်လိမ့် ကျဆင်းလာသည်ကို သတိမပြုမိသေး။ လည်ပင်းနားအထိ ရောက်လာကာမှသာ မျက်နှာကို တစ်သျှူးဖြင့် အလျင်အမြန် သုတ်လိုက်ရတော့သည်။ 


ထို့နောက်တွင်လည်း အတွေးလွန်နေရန် အချိန်မရှိ။ တစ်လောကလုံးကို ဖျက်ဆီးရန် စိတ်ဆုံးဖြတ်ထားသည့် လင်ထောင်အပေါ် လုံးလုံးလျားလျား နစ်ဝင်နေရာ လင်ထောင် ထိခိုက်လျှင် သူလည်း နာကျင်၊ လင်ထောင် ရူးသွပ်သွားသည်ကို မြင်လိုက်ရလျှင် သူကိုယ်တိုင်လည်း လမ်းပျောက်သွားသည့်နှယ် ခံစားလိုက်ရတော့သည်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုအားလုံး ရုပ်ရှင်ထဲရှိ ဇာတ်ကောင်တို့၏ ကြိုးကိုင်မှုအောက် ကျရောက်သွားတော့သည်။ ကျိမြန်၏ သရုပ်ဆောင်မှုမှာ အလွန်အမင်း သာလွန်ကောင်းမွန်လှသည့်အတွက် ခံစားချက်တို့ကို ရုန်းမထွက်နိုင်သေး။ လင်ထောင်၏ ညီအဖြစ် သရုပ်ဆောင်ခဲ့ရသည့်အတွက် ထိုခံစားချက်တို့မှာ အဆရာထောင်သောင်းမက ပိုမိုသန်မာကာ စိတ်ကူးယဉ်ကမ္ဘာကို လက်တွေ့ကမ္ဘာထဲသို့ ဆွဲခေါ်လာမိတော့သည်။ 


Xxxxxx