အပိုင်း ၈၃
Viewers 43k

Chapter 83


ထို့နောက် လင်ထောင် သေနတ်ဖြင့် အပစ်ခံရကာ အရိုးပြာပုံပေါ် လဲကျပြီး တစ်ဖြည်းဖြည်း ဇီဝိန်ချုပ်ငြိမ်းသွားသည့်အပိုင်း အရောက်တွင်တော့ ရုပ်ရှင်ရုံထဲတွင် နှာတရှုံ့ရှုံ့ဖြင့် ရှိုက်ငိုသံများကို ဆက်တိုက် ကြားလိုက်ရတော့သည်။ သူသည် ဗီလိန်တစ်ဦးဖြစ်သည် ဆိုသော်ငြား မည်သူကမှ သူ့သေဆုံးမှုအပေါ် ဝမ်းမသာကြ။ သူ့တစ်ဘဝလုံးမှာ လွန်စွာခက်ခဲကြမ်းတမ်းကာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ ဘဝတစ်လျှောက်လုံး ကောက်ကျစ်ယုတ်မာခဲ့သည့်တိုင် အရိုးစွဲအောင်လည်း ချစ်ခဲ့သေးသည်။ နှလုံးသားတစ်ခုလုံး အမှောင်ဖုံးနေသည် ဆိုသော်ငြား အလင်းရောင်တို့ဖြင့်လည်း ပြည့်နှက်နေ‌ဆဲဖြစ်သည်။ 


သူ့က တကယ်ကို ဆန့်ကျင်ဘက်အချက်တွေ ပိုင်ဆိုင်ထားတဲ့သူပဲ အေးစက်တယ် ဒါပေမယ့် မီးလိုလည်း ပူပြင်းနေတုန်းပဲ သူနဲ့ လင်ဖုန်းက နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သလို တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတာနဲ့ တစ်ပြိုင်နက် ရှေ့ဆက်ပြီး အသက်ရှင်ဖို့ကိုပါ အဓိပ္ပါယ်မဲ့သွားပြီ သူ့အဆုံးသတ်က ဟိုးအစောကြီးကတည်းက ကြိုတင်သတ်မှတ်ပြီးသားပဲ ...


လင်ဖုန်းကို လုံးဝ အဖြူထည်လေးအတိုင်း နေနိုင်စေဖို့အတွက်နဲ့ သူ့တစ်ဘဝလုံးကို အမည်းရောင်လွှမ်းပစ်တယ် အပြန်အလှန်အနေနဲ့ လင်ဖုန်းကလည်း လင်ထောင်ရဲ့ လက်ကျန် ကောင်းတဲ့အတွေးစလေးတွေကို နိုးထစေနိုင်ဖို့ သူ့ရဲ့ အနှိုင်းမဲ့ ဖြူစင်မှုကို အသုံးပြုခဲ့တယ် ဒီ‌ဇာတ်ကောင်နှစ်ခုလုံးရဲ့ တည်ရှိမှုက အမှီအခို ကင်းမဲ့တဲ့အပြင် ကျန်တစ်ယောက်အတွက်လည်း အကြောင်းပြချက် ဖြစ်နေသေးတယ် သရုပ်ဆောင်ချက်အကြောင်းကို ပြောမယ်ဆိုရင်လည်း နှစ်ယောက်လုံး ဘယ်တစ်ယောက်ကမှ မညံ့ဘူး တကယ်လို့ တစ်ယောက်‌ယောက်ကသာ ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ရင် တစ်ကားလုံး သဲထဲရေသွန် ဖြစ်သွားတော့မှာ ... 


ဒါပေမယ့် အခုကျ သဲထဲရေသွန်ဖြစ်ဖို့ မပြောနဲ့ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရည်အချင်းက မှန်းထားတာထက်တောင် ပိုပြီး ကောင်းနေသေးတယ် ဇာတ်ကြောင်းထဲမှာ ထည့်ထားတဲ့ ဝိရောဓိတွေ၊ ပဋိပက္ခတွေ၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ရက်စက်မှုတွေက ချော်ရည်ကျောက်ခဲလိုပဲ ပြင်းပြင်းထန်ထန်ကို ပေါက်ကွဲထွက်လာတာ ... 


ကြည့်ရှုနေသူများမှာလည်း အံ့အားသင့်မှုနှင့် စွဲလမ်းမှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည့်အပြင် ဇာတ်ကြောင်း၏ ဆွဲဆောင်မှုအောက် နင့်နင့်နဲနဲ ပျော်ဝင်သွားသော်ငြား ရှောင်ကျားရှုမှာမူ မွန်းကြပ်လွန်း၍ မသက်မသာဖြစ်လာတော့သည်။ လင်ထောင်၏ ရုပ်အလောင်းကို ငေးကြည့်ရင်း တီးတိုး အော်ဟစ်လိုက်သည်။ 


မသေပါနဲ့ ငါ့အရိုးပြာတွေကို ဂရုစိုက်မနေနဲ့တော့ လေယာဉ်ပေါ်တက်ပြီး ထွက်သွားတော့ ဒီကနေ ထွက်ပြီး နိုင်ငံခြားကိုသွား ကိုယ်ပိုင်အိမ်လေးနဲ့ လက်ထပ်ပြီး ကလေးတွေလည်းမွေး သာမန်ဘဝလေးတစ်ခုကို ထူထောင်ပြီး ကောင်းကောင်းမွန်မွန်ပဲ နေတော့ ... 


သုံးလောကအမြင်နှင့် တရားဥပဒေသတို့ကိုပင် ဂရုမစိုက်နိုင်တော့။ ထိုသူမှာ သူ့အစ်ကိုဖြစ်သည်ဆိုသည့် အချက်ကိုသာ သတိရတော့သည်။ သူက တစ်လောကလုံးကို ဖျက်ဆီးခဲ့စေကာမူ ဤကဲ့သို့ အဆုံးသတ်မျိုးနှင့် ကြုံရမည်ကိုတော့ လုံးဝ လက်သင့်မခံနိုင်ပေ။ 


နောက်ဆုံးတွင်တော့ လင်ထောင်လည်း သေဆုံးသွားချေပြီ။ သူ့အမြင်အာရုံတို့ အလုံးစုံ ချုပ်ငြိမ်းသွားကာ အမှောင်ထုသာလျှင် ကျန်ရစ်ခဲ့တော့သည်။ ရှောင်ကျားရှု၏ မျက်ရည်တာတံမံတို့ တစ်ဖန် ကျိုးကျလာပြန်ကာ သုတ်၍ပင် မနိုင်တော့။ သူသည် စိတ်ခံစားချက် ပြင်းထန်လွန်းသူဖြစ်ရာ ငယ်စဉ်ကတည်းက ရုပ်ရှင်ကြည့်လေတိုင်း ငိုရသည့် အခန်းများ ပါလာပါလျှင် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်းတတ်သူဖြစ်သည်။ အသက်ကြီးလာသည့်အခါ ထိုခံစားချက်ကို ကြိုးစားပြီး ထိန်းချုပ်နိုင်ခဲ့သော်ငြား ကျိမြန်၏ ပြောင်မြောက်လှသည့် အရည်အချင်းအောက်တွင်တော့ လက်မြှောက်ကာသာ အရှုံးပေးလိုက်ရတော့သည်။ ကျိမြန်မှာ လင်ထောင်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ရာ ရှောင်ကျားရှုအဖို့ သူ့ကို စိတ်ကူးယဉ်ဇာတ်ကောင်ဟုပင် သဘောထား၍ မရတော့။ 


လင်ထောင်က သူ့အစ်ကိုပဲ ပြီးတော့ သူ့ကို အမြဲတမ်း ပျော်ရွှင်စရာ ဇာတ်သိမ်းလေးပဲ ပေးချင်တာ စာရေးဆရာတွေ ဘယ်မှာလဲ သူ့ကို သေငိုတဲ့အထိ ရိုက်ပစ်လိုက်ရင် ဘယ်လိုဖြစ်လောက်လဲ ... 


ရဲရဲနီနေသည့် မျက်ဝန်းတို့ကို တဖျတ်ဖျတ်ခတ်ရင်း ဇာတ်ညွှန်းရေးသူကို လိုက်ရှာနေစဉ် ပဝါတစ်ထည်ဖြင့် သူ့မျက်နှာကို ဖုံးအုပ်ခံလိုက်ရသည်။ ကျိမြန်၏ လက်မောင်းတစ်ဖက်က သူ့နောက်‌ကျောကို သိုင်းဖက်လျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"မငိုနဲ့တော့ ဒါက ရုပ်ရှင်ပဲလေ ..." 


"မဟုတ်ဘူး ကျွန်တော့်အတွက်တော့ သူတို့အားလုံးက အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူတွေပဲ ..." 


ရှောင်ကျားရှုက ‌ဗလုံးဗထွေးဖြင့် ပြန်လည်ချေပလိုက်သည်။ 


ကျိမြန်မှာ အော်ရယ်လိုက်ချင်သည့်တိုင် သူ့စကားလုံးများကြောင့်လည်း ရင်ထဲ ထိရှသွားရသည်။  


ဒီအပိုင်းကို ကြည့်နေတဲ့အချိန်မှာ ရှောင်ကျားရှုရဲ့ စိတ်ထဲက အတက်အကျတွေကို ဘယ်လိုလုပ် မခံစားမိဘဲ နေမလဲ သူက လင်ထောင် အသက်ရှင်ဖို့ မျှော်လင့်တကြီးနဲ့တောင် ဆုတောင်းလိုက်သေးတယ် ... 


အဆက်မပြတ် စီးဆင်းကျလာသည့် ချစ်ခြင်းမေတ္တာတို့က ရေပူစမ်းတွင် စိမ်လိုက်ရသည့်နှယ် ခန္ဓာကိုယ်တစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့သွားသည့်အတွက် ကျိမြန်မှာ ထိုခံစားချက်တို့မှ ရုန်းမထွက်နိုင်၊ လွန်စွာ ‌ပျော်မွေ့သွားရတော့သည်။ 


ဆိုတော့ အချစ်ခံရတယ်ဆိုတာ ဒီလို ခံစားချက်မျိုးပေါ့ ... 


အသက်ရှင်လာခဲ့သည့် နှစ်သုံးဆယ်ကျော် ကာလတစ်လျောက် ဤစကားလုံး၏ အဓိပ္ပါယ်ကို ပထမဆုံးအကြိမ် သဘောပေါက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှောင်ကျားရှု ငိုကြွေးနေသည်ကို လက်ပိုက်ကြည့်မနေနိုင်။ လောကျန်းဝေ့ ဖိတ်ကြားထားသည့် သတင်းထောက်များက သရုပ်ဆောင်များကို တိတ်တဆိတ် ဓာတ်ပုံခိုးရိုက်နေကြကြောင်း သိထားသည့်တိုင် ရှောင်ကျားရှုကို ပွေ့ဖက်လျက် သူ့မျက်နှာပေါ်ရှိ မျက်ရည်တို့ကို သုတ်ပေးနေလိုက်သေးသည်။ 


"မငိုနဲ့တော့ သတင်းထောက်တွေက ဓာတ်ပုံတွေ ရိုက်နေပြီ ငိုနေတဲ့ပုံကြီးတွေ ခေါင်းစီးပိုင်းမှာ ပါသွားမှာမျိုး မဖြစ်ချင်ဘူး မဟုတ်လား ..." 


သူက ရှောင်ကျားရှုကို တီးတိုးပြောလိုက်သည်။  


ရှောင်ကျားရှုလည်း အေးခဲသွားကာ မျက်နှာကို မော့လျက် ကျိမြန် မျက်ရည်သုတ်ပေးသည်ကို အသာတကြည် ငြိမ်ခံနေလိုက်တော့သည်။


"ကျိကော ကော သရုပ်ဆောင်သွားတာ အရမ်းကောင်းတာပဲ လင်ထောင်ကို အသက်ဝင်အောင်ကို သရုပ်ဆောင်ပြသွားနိုင်တာ ကျွန်တော်လေ သူ့ကို တကယ် မသေစေချင်ဘူး ဇာတ်ညွှန်းရေးတဲ့သူက ဘာလို့ နောက်ထပ် ဆက်မရေးတာလဲ မသိဘူး လင်ထောင်ရဲ့ ဇာတ်သိမ်းကို အတုအယောင်သေဆုံးခြင်းအဖြစ် ပြောင်းလိုက်လို့ ရသားနဲ့ သူ့ကို နိုင်ငံခြား ထွက်သွားခိုင်းလိုက်ပြီး နောက်တစ်ခါ မူးယစ်ဆေးဝါးကိစ္စတွေ သောင်းကျန်းလာတဲ့အခါ သူ့ရဲ့ ပြစ်မှုတွေကို ဆေးကြောဖို့အတွက် ဟဲကျင်းကို တိတ်တိတ်လေး ကူညီလို့ ရသားပဲ ပြောရရင် သူက ဟိုးအစောကြီးကတည်းက လေးစားဖို့ကောင်းတာလေ အရှေ့တောင်အာရှရဲ့ ဘိန်းကုန်ကူးတဲ့ အသိုင်းအဝိုင်းတစ်ခုလုံးက သူ့အပေါ်မှာပဲ မူတည်နေတာလေ ဟဲကျင်းက ဘာလုပ်ခဲ့လို့လဲ စိတ်ရိုးရှင်းပြီး ကြွက်သားတွေ ပိုင်ဆိုင်ရုံကလွဲရင် ဘာမှမှ မစဉ်းစားတတ်ဘဲနဲ့ လင်ထောင်သာ နောက်ကွယ်မှာ ရှိမနေရင် သေတာကို အကြိမ်တစ်ရာလောက် ရှိနေလောက်ပြီ ဒီကိစ္စကြီးကို ပြောင်းပြန်လှန်ပစ်ပြီး ဂုဏ်ထူးတွေရဖို့ မပြောနဲ့ ..." 


သူ့စိတ်ထဲရှိ ပူဆွေးမှုကို ဖြေဖျောက်နိုင်ရန် အလို့ငှာ မမောစတမ်း စောဒကတက်လိုက်သည်။ 


ကျိမြန်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့။ မျက်ရည်စတို့ ပြောင်စင်သွားသော ရှောင်ကျားရှုမျက်နှာကို ခပ်ဖွဖွ ပုတ်ပေးလိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ 


ဒီသက်ရှိရတနာတုံးလေးကတော့ ... 


ရုပ်ရှင်မှာ ဇာတ်သိမ်းပိုင်းသို့ ရောက်ရှိသွားသည်။ ဟဲကျင်းက ညီအစ်ကိုနှစ်ဦး၏ အရိုးပြာကို အတူတကွ မြှုပ်နှံကာ အုတ်ဂူပေါ်တွင် "T&F" ဟု ထွင်းထုပေးလိုက်သည်။ လေပြေသွေးသံ ခပ်သဲ့သဲ့နှင့်အတူ စာသားတို့ တစ်ဖြည်းဖြည်း ထွက်ပေါ်လာပြီး ဝမ်းနည်းဖွယ် နောက်ခံတေးသံက တစ်ရုံလုံးကို ပျံ့လွင့်လာသည်။ ပရိသတ်တို့၏ သောင်းသောင်းဖျဖျ အားပေးသံတို့က မိုးထိလုမတတ် နွေးထွေးစွာ ထွက်ပေါ်လာတော့၏။ 


ရှစ်ထင်းဟန်က ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း လက်ခုပ်တီးလိုက်သည်။ 


"ရှောင်ကျားရှုရေ မင်း ငါ့ကို ဝေဖန်နေတာတွေ မသိဘူးများ ထင်နေလား ယုံချင်ယုံ မယုံချင်နေ မင်းငိုနေတဲ့ပုံတွေ အင်တာနက်ပေါ် တင်ပစ်မှာနော် ..." 


ရှောင်ကျားရှုက ပါးစပ်နှစ်ဖက်ကို ဇစ်ဆွဲပိတ်ဟန် လုပ်ပြကာ တောင်းပန်တိုးလျှိုးဟန်ဖြင့် မျက်ခုံးနှစ်ဖက်ကို ကျုံ့ပြလိုက်သည်။ မျက်နှာနှင့် နှာခေါင်းတို့ ရဲရဲနီနေဟန်မှာ အလွန် ချစ်ခင်ဖွယ် ကောင်းလှသည့်အတွက် ရှစ်ထင်းဟန်သာမက ကျိမြန်ပါ သဘောတကျ ပြုံးရယ်လိုက်ကြသော်ငြား ထောင့်နားတွင် ထိုင်နေသည့် လင်းလဲ့ယန်မှာမူ အများနှင့် လိုက်လျောညီထွေ မဖြစ်၊ မျက်နှာတစ်ခုလုံး တင်းမာလျက်သာ ထိုင်နေသည်။ 


ရှောင်ကျားရှု ငိုလိုက်စဉ်ကတည်းက ကျိမြန်၏ အာရုံတို့မှာ ရုပ်ရှင်အပေါ်တွင် မရှိတော့။ ရှောင်ကျားရှုကိုသာ ငေးငေးကြည့်နေသည့် သူ့မျက်နှာမှာ ရုန်းကန်မှု၊ ကူကယ်ရာမဲ့မှုနှင့် စာနာသနားမှုတို့ဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင်တော့ သူ့စိတ်ကို ထိန်းမနိုင်၊ ပုဝါတစ်ထည်ကို ထုတ်လျက် မျက်နှာကို သုတ်ပေးလိုက်မိတော့သည်။ ရင်ခွင်ထဲ ပွေ့ဖက်လျက် နှစ်သိမ့်ပေးနေသည့် သူ့ပုံစံမှာ ရုပ်ရှင်ထဲရှိ လင်ထောင်နှင့် တစ်ထပ်တည်း တူညီနေကြောင်းကိုတော့ လုံးဝဥဿုံ သတိမပြုမိသေးပေ။ 


ရုပ်ရှင်ရိုက်တုန်းက ဇာတ်ကောင်ရဲ့စရိုက်တွေထဲ‌ကနေ အခုထိ ရုန်းမထွက်နိုင်သေးလို့များလား ... 


လင်းလဲ့ယန်မှာ အထိတ်တလန့် ဖြစ်သွားသည့်တိုင် သူ့တွင် မေးခွန်းထုတ်ပိုင်ခွင့်ရော ကြားဝင်နှောင့်ယှက်ခွင့်ပါ မရှိတော့ချေ။ 


ရုံထဲရှိ မီးများ တစ်ခုပြီးတစ်ခု ပြန်လင်းလာကာ ရိုက်ကူးရေးအဖွဲ့သားအားလုံး ဦးညွတ်အလေးပြုလိုက်လျှင် ပရိသတ်များက မိုးထိလုမတတ် သောင်းသောင်းဖျဖျ လက်ခုပ်ဩဘာပေးလိုက်ကြတော့သည်။ မည်သူမည်ဝါမှန်းမသိ၊ မိန်းမပျိုလေးတစ်ဦး၏ အက်ကွဲနေသော အော်ဟစ်သံကိုပါ တစ်ပါတည်း ကြားလိုက်ရ၏။ 


"ဇာတ်ညွှန်းရေးတဲ့သူက ဘယ်သူလဲ မတ်တပ်ရပ်ပြလိုက်စမ်းပါ အသက်မသေစေရဘူးလို့ ကတိပေးပါတယ် လင်ထောင်နဲ့ လင်ဖုန်းကို ဘယ်လိုစိတ်ကူးနဲ့များ သတ်ပစ်ရတာလဲ ဟင် ..." 


ပရိသတ်၏ အသံများ ပေါက်ကွဲထွက်လာသည်။ အချို့က ရယ်မောကာ အချို့က ထောက်ခံလိုက်ကြပြီး သက်ပြင်းချသူများလည်း အများအပြားပင်။ မည်သို့ပင်ဖြစ်စေ ရုပ်ရှင်မှာ ထင်ထားသည်ထက်ပင် ပိုမိုကျော်ကြားသွားကာ ရုံတင်သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံးနှင့် ဩဇာအကြီးမားဆုံး ဗီလိန်ဇာတ်ရုပ် ဖြစ်လာကာ ကျိမြန်၏ နောက်ထပ် ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာတော့သည်။ 


ရှောင်ကျားရှု၏ သရုပ်ဆောင်စွမ်းရည်မှာလည်း အဓိကဇာတ်လိုက်နှစ်ဦးကိုပင် အမီလိုက်နိုင်သည့်အတွက် လူထု၏ ချီးကျူးခြင်းကို အကျယ်တဝံ့ ရရှိခဲ့ပြီး အနုပညာလောကထဲတွင် အလျင်အမြနပင် အခြေကျသွားတော့သည်။ ယခင်ကမူ သူ့ကို မျက်နှာလှလှလေးနှင့် မိသားစုနောက်ခံကို အားကိုးနေသည်ဟု ဝေဖန်သူများ ရှိခဲ့သော်ငြား ယခုမူ မည်သူကမှ ဤသို့ မပြောရဲတော့။ သန်မာလှသည့် မိသားစုနောက်ခံနှင့် ကောင်းမွန်လှသည့် ရုပ်ရည်မှာ သူ၏ အားသာချက် ဖြစ်သည့်တိုင် ပြောင်မြောက်လှသည့် အရည်အချင်းကိုလည်း နောက်ခံအဖြစ် ပိုင်ဆိုင်ထားပေသေးသည်။ 


ဤကဲ့သို့ လူမျိုးသာ မအောင်မြင်ပါလျှင် လောကကြီးက မတရားဟုပင် ဆိုရပေလိမ့်မည်။


"တမန်တော်" သည် ဂိုဏ်းစတားများနှင့် ရဲတပ်ဖွဲ့နောက်ခံဇာတ်လမ်းဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုမှာ မများလှ။ အပြည့်အဝ ထောက်ပံ့ပေးထားသည့် ဘက်ဂျက်ကပင်လျှင် သန်း ၃၅၀ သာရှိရာ ရုံတင်ပြီး တစ်ပတ်အကြာတွင် ကုန်ကျစရိတ်အားလုံးကို ပြန်လည် ရရှိသွားတော့သည်။ နောက်အပတ်များတွင်လည်း ရုံဝင်နှုန်း ဆက်လက်တိုးမြင့်နေဆဲဖြစ်ကာ website ကြီးများကပင်လျှင် မြင့်မားသည့် မှတ်ချက်ကောင်းများ ပေးလာကြတော့သည်။ သို့သော် ကောင်းသည့်အချက်များနှင့်အတူ သတင်းဆိုးများလည်း ဒွန်တွဲနေပေသည်။ ထိုသတင်းဆိုးမှာမူ ရှောင်ကျားရှုတစ်ဦးတည်းအတွက်သာ ဖြစ်ပေသည်။ 


ရုပ်ရှင်ရုံထဲတွင် ငိုယိုနေသည့် သူ့ပုံကို သတင်းထောက်က ဓာတ်ပုံရိုက်မိသွားပြီး အင်တာနက်ပေါ် တင်လိုက်သည်။ ထို့အပြင် သူ့ကို ပွေ့ဖက်လျက် မျက်ရည်သုတ်ပေးနေသည့် ကျိမြန်၏ ဗီဒီယိုဖိုင်မှာလည်း နေရာအနှံ့ ပျံ့နှံ့သွားသည်။ လမ်းမပေါ် သွားလာနေသည့် သူ့ပုံများ၏ screenshot များနှင့်အတူ တည်းဖြတ်ထားသည့် expression pack မှာလည်း တစ်နှစ်တာအတွက် အကောင်းဆုံး expression pack ဖြစ်လာတော့သည်။ 


(Expression pack ကလေ gif လိုဟာမျိုးကို ပြောချင်တာလား မသိဘူး meme ကိုမှ သူက ရုပ်သေမဟုတ်တာမျိုးလေ ဘယ်လိုရှင်းပြရမလဲကို မသိတော့ဘူး 🥲) 


အင်တာနက်သုံးစွဲသူများက ရုပ်ရှင်ကြည့်ပြီးနောက် နှလုံးသားအက်ကွဲသွားကြသူများက ထိုဗီဒီယိုကို ကြည့်ပြီးမှသာ သက်သာရာ ရသွားတော့ကြောင်း ပြောလာကြပြန်သည်။ 


ဒါကမှ လင် ညီအစ်ကိုနှစ်ယောက်ကို အောက်မေ့သတိရရမယ့် နည်းလမ်းမှန်ပဲ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပေးကြပါ ...


 Xxxxxxx