အပိုင်း ၈၄
Viewers 45k

Chapter 84


ရှောင်ကျားရှုမှာ အလွန်အမင်း နာကျင်နေရတော့သည်။ အင်တာနက်သုံးစွဲသူများက သူ့ကို သက်ရှိထင်ရှား expression pack ဟုပင် ချစ်စနိုး စနောက်ခေါ်ဝေါ်လာကြတော့သည်။ သခင်လေးရှောင်၏ expression pack ကို မသုံးဖူးလျှင် ခေတ်မမီတော့သလိုပင်။ လင်ဖုန်းနှင့် လင်ထောင် CP မှာလည်း ဟုန်းဟုန်းတောက် နာမည်ကြီးလာကာ သူတို့နှစ်ဦးအကြား ပြောဆိုဆက်‌ဆံမှုများသီးသန့်ကို ကြည့်ရန်အတွက် ရုပ်ရှင်လက်မှတ် ဝယ်ကြသူများလည်း အများအပြား ရှိလာတော့သည်။ ဇာတ်သိမ်းပိုင်းမှာ လွန်စွာ သနားဖွယ် ကောင်းလှသည့်တိုင် ဇာတ်လမ်းတစ်လျောက် များစွာ ချိုမြိန်ခဲ့သည့်အပြင် လက်ရှိဘဝမှာ ပို၍ပင် ချိုမြိန်နေသေးရာ ဤမျှလောက်နှင့်ပင် လုံလောက်သည်ဟု မှတ်ယူ၍ ရပေသည်။ 


ရုံတင်နေသည့် ကာလတစ်လျောက် # လင်ထောင် # လင်ဖုန်း ဟူသည့် အကြောင်းအရာတို့က trending list မှပင် မဆင်းရာ ထိုဇာတ်ကောင်နှစ်ဦးကို ပရိသတ်က မည်မျှ သဘောကျကြကြောင်း မြင်သာနေပေသည်။ ဤသို့ဖြင့် "တမန်တော်" သည် ရုံဝင်ကြေး 1.56 ဘီလီယံ ရရှိခဲ့ရုံသာမက ဂုဏ်သတင်းကျော်စောမှုကိုပါ တစ်ပါတည်း ပိုင်ဆိုင်ခဲ့ရတော့သည်။ 


ညီအစ်ကို CP ၏ ကျော်ကြားမှုကို ကူးယူနိုင်ရန် အလို့ငှာ ကုန်ပစ္စည်းတံဆိပ်ပေါင်းများစွာက ရှောင်ကျားရှုနှင့် ကျိမြန်တို့ကို တစ်ပြိုင်တည်း ဆက်သွယ်လာကြသော်ငြား ချန်းယွဲ့ရေပူစမ်း အပန်းဖြေစခန်း၏ ကမ်းလှမ်းချက် ရောက်မလာခင်အထိ အားလုံး ငြင်းပယ်ခံလိုက်ရသည်။ 


"ချန်းယွဲ့က ထောက်ခံကြော်ငြာပေးဖို့ ကမ်းလှမ်းလာတယ် ကျိကော လက်ခံမှာလား ..." 


ဖန်ခွင်းမှာ သူ့စိတ်ကို တည်ငြိမ်အောင်ပင် မထိန်းထားနိုင်တော့။ 


"ရှောင်ကျားရှုကို အရင်မေးကြည့်လိုက်ဦးမယ် ..." 


ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အသံတစ်ချက် ထွက်ပေါ်လာကာ ရှောင်ကျားရှုက expression pack တစ်ခုနှင့်အတူ မေးလာသည်။ 


"ကျိကော ဒီမှာ ရှိနေလား ..." 


ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသော ဖန်ခွင်းမှာမူ အူလှိုက်သည်းလှိုက် ရယ်မောလိုက်မိတော့သည်။ ရှောင်ကျားရှု ပို့ထားသည့် expression pack မှာ အမှိုက်ပုံထဲရှိ စားစရာကို လုယူနေသည့် လမ်းဘေးခွေးနှင့် ကြောင်တို့အား နံရံအကွယ်မှ ခေါင်းထွက်လျက် ငေးကြည့်နေသည့် သူ့ပုံကို screenshot ပြန်ရိုက်ယူထားခြင်းပင်ဖြစ်သည်။ ဆံပင်အားလုံး ရှုပ်ပွနေကာ မျက်နှာတွင်လည်း ပေါင်မုန့်စတို့ ကပ်ငြိနေပြီး မျက်ရည်တို့ ဝေ့နေကာ သတိကပ်နေဟန် မျက်ဝန်းတို့မှာ သနားစရာလည်းကောင်း၊ ရယ်ရွှင်ဖွယ်လည်း ကောင်းလှပေသည်။ 


ကျိမြန်က နူးနူးညံ့ညံ့ ပြုံးကာ ခေါင်းပုတ်ပေးနေသည့် emoticon တစ်ခု ပြန်ပို့လိုက်သည်။ 


"ရှိတယ် ဘာလို့လဲ ..." 


"ချန်ယွဲ့ရဲ့ ကမ်းလှမ်းချက်ကို အတူတူ လက်ခံလိုက်ကြရအောင်လေ ရေစီးသန်နေတဲ့ရေက တစ်ခြားလယ်ကွက်ထဲကို စီးသွားလို့ မဖြစ်ဘူး ..." 


ရှောင်ကျားရှုက နောက်ထပ် expression pack တစ်ခု ပို့လိုက်ပြန်သည်။ သူနှင့် အခြား အိမ်ခြေယာမဲ့တစ်ဦး ပလက်စတစ်ပုလင်းတို့ ပြည့်နှက်နေသည့် မြွေအရေခွံအိတ်ဘေးတွင် တလက်လက်တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် ထိုင်နေပြီး ညာဘက်ထောင့် အောက်ခြေနားတွင် စာတန်းတစ်ခုလည်း ပါရှိသေးသည်။ "ချမ်းသာအောင် လုပ်ကြမယ်" 


ကျိမြန်မှာ နဖူးကို ဖိနှိပ်လျက် အတော်ကြာသည်အထိ ပြုံးရယ်နေပြီးကာမှ စာလုံးလေးလုံးကို ပြန်ပို့လိုက်သည်။ 


"ဒါဆိုလည်းယူ ..." 


နောက်တစ်နေ့မနက်တွင် ကြော်ငြာဓာတ်ပုံများ ရိုက်ကူးရန်အတွက် နှစ်ဦးသား စတူဒီယိုသို့ အတူတူ ထွက်လာလိုက်ကြသည်။ သူတို့ကို ကြိုဆိုရန် တာဝန်ယူထားသည့် ဝန်ထမ်းမှာ အလွန် အရေးတယူ ပြုလှသည်။ 


တစ်ယောက်က နာမည်ကြီး သရုပ်ဆောင် နောက်တစ်ယောက်က ဥက္ကဌရဲ့ ချစ်လှစွာသော ညီငယ်လေးလေ ဘယ်တစ်‌ယောက်ကိုမှ အပြစ်ပြုမိလို့ မရဘူး ... 


"အစ်ကိုကြီးရော ..." 


ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်နေသည့် ရှောင်ကျားရှုမှာ အနည်းငယ် စိတ်ပျက်သွားဟန်ပင်။ 


"မစ္စတာရှောင်က အစည်းအဝေးလေး ရှိနေသေးလို့ပါ သိပ်မကြာခင် ပြန်ရောက်လာပါလိမ့်မယ် ဒုတိယသခင်လေး မစ္စတာကျိ ကျေးဇူးပြုပြီး ဒီဘက်ကို လာပေးကြပါ ..." 


ဝန်ထမ်းက သူတို့ကို အဝတ်လဲခန်းရှိရာသို့ ဦးဆောင်ခေါ်သွားရင်း အသေးစိတ် ရှင်းပြပေးလိုက်သည်။ 


"ကျွန်တော်တို့ ဟိုတယ်က ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဦးစားပေး တည်ဆောက်ထားတာပါ ဖောက်သည်အများစုကလည်း အပန်းဖြေအနားယူဖို့ လိုအပ်တဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းနဲ့ အသက်အရွယ် ကြီးရင့်တဲ့သူတွေ ဖြစ်ပြီးတော့ ခရီးသွားတွေ မလာတဲ့အတွက် ဒီနေ့ရိုက်ကူးရေးကလည်း မိသားစုနဲ့ သူငယ်ချင်းကြားက ချစ်ခြင်းမေတ္တာကို အဓိက တင်ဆက်ပေးရမှာပါ ပြောရရင် လူကြီးမင်းတို့ နှစ်ယောက်လုံးက သူငယ်ချင်းဆိုလည်း ဟုတ်၊ မိသားစုဆိုလည်း ဟုတ်တဲ့ ဆက်ဆံရေးမျိုးကို ရိုက်ကူးပြသပေးရမှာပါ ..." 


ကျိမြန်က ရှောင်ကျားရှုကို ငေးကြည့်လိုက်သည်။ 


ရှောင်ကျားရှုက ချက်ခြင်း ခေါင်းငြိမ့်ပြလိုက်၏။ 


"ပြဿနာ မရှိပါဘူး ..." 


ကျိကောကို သူ့အစ်ကိုအရင်းလို သဘောထားလိုက်ရုံပဲ မဟုတ်လား ဘာခက်တာမှတ်လို့ ... 


"ကောင်းပါပြီ ဒါဆို အရင်ဆုံး အဝတ်အစား လဲပေးကြပါ ကျွန်တော် ဓာတ်ပုံဆရာကို သွားပြီး စကားပြောလိုက်ပါဦးမယ် ..." 


ဝန်ထမ်းက သူတို့အတွက် ကော်ဖီတစ်အိုး လာချပေးကာ အပြင်ပြန်ထွက်သွားလိုက်တော့သည်။


တစ်နာရီအကြာတွင် အနောက်တိုင်းဝတ်စုံဆင်တူ ဝတ်ဆင်ထားသူနှစ်ဦး စတူဒီယိုထဲသို့ ဝင်လာကြ၏။ ကျိမြန်၏ ဝတ်စုံမှာ ခဲရောင်ဖြစ်ပြီး သေသပ်ကာ စေ့စပ်သေချာသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ဆံပင်အားလုံးကို နောက်ဘက်သို့ ဖြီးသင်ကာ နက်ရှိုင်းလှပသည့် မျက်နှာအစိတ်အပိုင်းအားလုံးကို လှစ်ဟပြထားသည်။ နှာတံပေါ်ရှိ ရွှေကိုင်းမျက်မှန်တစ်လက်ကပင်လျှင် သူ၏ ခက်ထန်လှသည့် အကြည့်တို့ကို မဖုံးကွယ်နိုင်၊ ပို၍ပင် အာဏာရှင်ဆန်လှသည့် အရှိန်အဝါတို့ ထွက်ပေါ်လာတော့သည်။ 


ရှောင်ကျားရှုက တော်ဝင်ဆန်သည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်တို့မှာ ပွယောင်းယောင်း ဖြစ်နေသည့်တိုင် လျော့တိလျော့ရဲ မသပ်မရပ်ဟူသည့် ခံစားချက်မျိုးကို မရဘဲ လွတ်လပ်ပေါ့ပါးသည့် ခံစားချက်မျိုးကိုသာ ပေးစွမ်းထားသည်။ လည်စည်းလည်း မဝတ်၊ ကြယ်သီးကိုလည်း အပြည့်တပ်မထားသည့်အတွက် အနည်းငယ် လှစ်ဟပြထားသလို ဖြစ်နေသော ဖြူဖွေးသည့် လည်တိုင်နှင့် ညှို့ယူဖွယ် ညှပ်ရိုးတို့မှာ အကြည့်မလွှဲနိုင်ချင်စရာပင်။ 


တူညီသည့် အဝတ်အစားတို့ ဝတ်ဆင်ထားသည့်တိုင် စတိုင်များမှာမူ တည်ငြိမ်ရင့်ကျက်ကာ အပျော်အပါး လိုက်စားခြင်း ကင်းရှင်းသူနှင့် ပေါ့ပါးပျော်ရွှင်တတ်သူဟူ၍ လုံးဝ ကွဲပြားနေပေသည်။ စတိုင် မတူညီသူနှစ်ယောက် အတူတူရပ်နေသည်မှာ အလွန် သဟဇာတ ဖြစ်လှသည့်အတွက် မြင်သူတိုင်းမှာ စက်ဝိုင်းခြမ်းနှစ်ခုကို ပူးကပ်ထားသည့်နှယ် ကြိုးဖြင့် ချည်ထားလိုစိတ်များ ဖြစ်ပေါ်လာပေတော့သည်။ 


ဓာတ်ပုံဆရာ၏ အကြည့်တို့ ဝင်းလက်သွားကာ သူက ချက်ခြင်း ညွှန်ကြားလိုက်သည်။ 


"ဒီခံစားချက်မျိုးပဲ ဟုတ်တယ် ဒါမျိုးပဲ ဒီနားကို လာခဲ့ပေးကြပါ ..." 


ဟိုတယ်၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြနိုင်ရန် အလို့ငှာ ရိုက်ကူးရေးပထမပိုင်းကို မီးရောင်တို့ ဝိုင်းရံထားကာ အလယ်တွင် အထက်တန်းကျလှသည့် အစည်းအဝေး ကျင်းပရာ စားပွဲတစ်လုံး ပါရှိသည့် အစည်းအဝေးခန်းထဲတွင် ပြင်ဆင်ထားသည်။ 


"ရုံးခန်းထဲမှာ ရှိနေတယ်လို့ သဘောထားလိုက် စားပွဲပေါ်က ပစ္စည်းတွေက အကုန် စိတ်ကြိုက်သုံးလို့ ရတယ်နော် ကျွန်တော့်အတွက် မပူနဲ့ စခရင်ကို ကြည့်နေပါ့မယ် ..." 


ဓာတ်ပုံဆရာက စားပွဲပေါ်ရှိ laptop နှင့် ဖိုင်များကို ညွှန်ပြလိုက်သည်။ 


အာ? ငါက တစ်ခါမှ စီးပွားရေး မလုပ်ဖူးဘဲနဲ့ ... 


ရှောင်ဆေးဝါးလုပ်ငန်းစုက ရှယ်ယာရှင်အစည်းအဝေး ကျင်းပလေတိုင်း ကျောက်ရုပ်တစ်ရုပ်နှယ်သာ ထိုင်နေတတ်သည့်အတွက် ရှောင်ကျားရှုမှာ စိတ်ပျက်လက်ပျက်ဖြင့်သာ မျက်နှာနှင့် နားရွက်တို့ကို အဆက်မပြတ် ပွတ်သပ်လိုက်တော့သည်။ ကျိမြန်က သူ့ကို ခပ်ပြုံးပြုံးဖြင့် အကြံပေးလာသည်။ 


"ကိုယ်က ဒီမှာ အလုပ်လုပ်မယ် မင်းကတော့ စိတ်ကြိုက် နေနေလိုက် ဒီပုံစံတွေနဲ့တင် ဇာတ်ကြောင်းက သိသာနေပါပြီ ကိုယ်က အထက်တန်းလွှာသခင်လေး မင်းကတော့ အပျော်အပါး လိုက်စားတတ်တဲ့ သခင်လေးပေါ့ လုပ်နိုင်ပါတယ် ဟုတ်တယ်မဟုတ်လား ..." 


ရှောင်ကျားရှုက သူ့ကို ကျေးဇူးတင်စွာ ပြုံးပြရင်း ဖိုင်တစ်ဖိုင်ကို ကောက်ကိုင်လိုက်သည်။ သူ့ကိုယ်သူ ပျော်ပါးသောက်စားလိုစိတ်တို့ဖြင့်သာ ပြည့်နှက်နေကာ အစ်ကိုဖြစ်သူအပေါ် မှီခိုရန်တစ်ခုတည်းကိုသာ သိသည့် ဒုတိယမျိုးဆက်၊ မည်သို့ အလုပ်လုပ်ရမှန်းလည်းမသိ၊ အစ်ကိုဖြစ်သူ တွန်းအားပေး၍သာ အစည်းအဝေးသို့ ရောက်လာရသူအဖြစ် စိတ်ကူးယဉ်လိုက်သည်။ 


ထိုသို့ တွေးရင်းပင် ထိုင်ငိုလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


သူ့လက်တွေ့ဘဝကလည်း ဒီတိုင်းပဲကို ဘာ သရုပ်ဆောင်တာ ဖြစ်ရမှာလဲ ဟမ် ... 


ချက်ခြင်းလက်ငင်းပင် စိတ်ပျက်အားလျော့သွားကာ မေးထောက်လျက် ဖိုင်ကို ဖွင့်ကြည့်နေဟန် ဆောင်လိုက်သည်။ သို့သော် သူ့အကြည့်တို့မှာမူ ကျိမြန်ကိုသာ ငေးကြည့်နေပြီး နက်မှောင်လှသည့် မျက်ဆန်တို့မှာ ဉာဏ်နီဉာဏ်နက် များလိုဟန်ပင်။ ကျိမြန်ကမူ video conference ပြုလုပ်နေသည့်နှယ် laptop ကိုသာ အလေးအနက် စိုက်ကြည့်နေသည်။ 


ဓာတ်ပုံရိုက်သူက ခလုတ်ကို အဆက်မပြတ် နှိပ်လျက် အော်ပြောလိုက်သည်။ 


"‌အိုကေ ဒါမျိုးပဲ ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက် ဆက်လုပ်ထားမယ် ..." 


အဆင်ပြေတယ်လား ... 


ရှောင်ကျားရှုမှာ စိတ်လှုပ်ရှားသွားကာ ခြေတံရှည်နှစ်ဖက်ကို စားပွဲပေါ် တင်လျက် လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ကာ ဝံ့ဝံ့ကြွားကြွား ခေါင်းယမ်းလိုက်သည်။ 


ငါက ဒုတိယမျိုးဆက် ဘိုးဘေးလေးလေ အဲဒီတော့ရော ဘာဖြစ်လဲ အလုပ်လုပ်ရတာ မကြိုက်တော့ရော ဘာဖြစ်လဲ ငါ့ကို အမိဖမ်းချင်တာလား မင်း အေးအေးချမ်းချမ်းနဲ့ နေလို့ မရအောင်ကို ပြဿနာ ရှာပစ်ဦးမယ် ... 


ထို‌သို့တွေးရင်း ခြေထောက်ကို ယမ်းလျက် မျက်ခုံးပင့်လိုက်သည်မှာ ချောင်းရိုက်ပစ်ချင်စရာပင်။ 


ခေါင်းထဲတွင် ဇာတ်ညွှန်းပေါင်းများစွာ ဖန်တီးနေမိသော်ငြား သူ့အတွေးတို့ကြောင့် ကျိမြန်တစ်ယောက် ရယ်ချင်စိတ်ကို အောင့်ထားရ၍ အတွင်းဒဏ်ရာရလုမတတ် ဖြစ်နေသည်ကိုတော့ သတိမထားမိချေ။ 


ဒီသက်ရှိရတနာတုံးလေးကတော့လေ ဘာလို့ ဒီလောက်တောင် စိတ်ကူးယဉ်ဆန်နေရတာလဲ ... 


"ခြေထောက်တွေကို ချထားလိုက် ..." 


ကျိမြန်က မျက်မှန်ကို ချွတ်လျက် နက်မှောက်ကာ မှန်းဆရန် ခဲယဉ်းလှသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ 


ညီအစ်ကိုနှစ်ဦး အကြည့်ချင်း စစ်ထိုးနေပုံကို ဓာတ်ပုံဆရာက အလျင်အမြန်ပင် မှတ်တမ်းတင်ထားလိုက်သည်။


ရှောင်ကျားရှုမှာ ချက်ခြင်းလက်ငင်းပင် အားနည်းဖျော့တော့သွားကာ ‌ခြေထောက်တို့ကို အမြန်အောက်ချလိုက်သည်။ ကျိမြန်ကို မျက်စောင်းထိုးလိုက်သည့် သူ့အကြည့်တို့မှာ ငွေ့ရည်တို့ ရစ်သိုင်းနေကာ မတရားခံလိုက်ရသည့်အတွက် စောဒကတက်လိုဟန်ပင်။ 


"ဘာလို့ ဒီလောက်အထိ ခက်ထန်နေရတာလဲ ..." 


ကျိမြန်က သူ့ကို ငုံ့ကာ ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားကာ မျက်ဝန်းအောက်ခြေမှ ထွက်ပေါ်လာသော ကြင်နာမှုတို့ကြောင့် ယခင်က တင်းမာလှသည့် အရှိန်အဝါမှာ ရုတ်ချည်း သိမ်မွေ့နူးညံ့သွားတော့သည်။ သူ့ပုံစံမှာ ကူကယ်ရာမဲ့စွာဖြင့် မေးခွန်းထုတ်လိုနေဟန်ပင်။ 


"ဘာလို့ ဒီလောက်ဆိုးနေရတာလဲ ..." 


တစ်ယောက်က မော့ကြည့်ကာ ကျန်တစ်ယောက်က ငုံ့ကြည့်နေသည့်အတွက် အနည်းငယ် နီးကပ်နေသည့် ခန္ဓာကိုယ်နှစ်ခုမှာ အားပြိုင်မှုတို့ လွန်ဆွဲနေသည့်တိုင် ထူးထူးဆန်းဆန်း လိုက်ဖက်ညီနေဆဲဖြစ်သည်။ ဂရုတစိုက် ကြည့်မိပါလျှင် နွေးထွေးမှုတစ်စုံတစ်ရာကိုပါ ခံစားရမည်ဖြစ်သည်။ ဓာတ်ပုံဆရာက ပုံတစ်ဒါဇင်နီးပါးခန့် ဆက်တိုက် ရိုက်ကူးကာ သက်ပြင်းချလျက် ပြောလိုက်သည်။ 


တစ်နှစ်တာအတွက် အကောင်းဆုံး CP လို့ ပြောစမှတ် ပြုထိုက်ပါပေတယ် ကြည့်ပါဦး တစ်ယောက်နဲ့တစ်ယောက် စကားပြောစရာ မလိုဘဲနဲ့ကို နားလည်နေလိုက်တာများ အံ့ဩဖို့တောင်ကောင်းတယ် ... 


အစည်းအဝေးခန်းထဲတွင် ရိုက်ကူးရန် ဆယ်မိနစ်သာ ကြာလိုက်ပြီးနောက် ရိုက်ကူးရေးကို ဧည့်ခန်းနှင့် အိပ်ခန်း တွဲလျက်ပါရှိသည့် presidential suite ထဲသို့ ပြောင်းရွှေ့လိုက်သည်။ အတွေ့အကြုံရှိသွားပြီဖြစ်သော ရှောင်ကျားရှုက ကျိမြန်နှင့် ပုံစံတူ အရောင်ကွဲဝတ်စုံကို ဝတ်ဆင်လျက် ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ လဲလျောင်းလိုက်သည်။ 


ကျိမြန်က သူ့အနား လျှောက်လာကာ နူးနူးညံ့ညံ့ ပြုံးရင်း ပြောလိုက်သည်။ 


"လမ်းဖယ်ဦး ဒီမှာ ဆိုဖာတစ်ခုပဲ ရှိတာကို မင်းတစ်ယောက်တည်း မောင်ပိုင်စီးထားရင် ကောကောက ဘယ်နားသွားထိုင်ရတော့မှာလဲ ..." 


သူပင် သတိမမူမိလိုက်ပါဘဲလျက် အစ်ကိုကြီးဇာတ်ကောင်အပေါ် လုံးလုံးလျားလျား နစ်ဝင်သွားရာ ရှောင်ကျားရှုနှင့် ပြောဆိုရလေချိန်တိုင်း စိတ်ရှည်ကြင်နာမှုတို့ ပြည့်လျှံသွားတော့သည်။ 


အတိတ်ကာလ အချိန်များတွင် ကြောက်မက်ဖွယ်ကိစ္စများကို မကြုံတွေ့နိုင်စေရန်နှင့် ဆယ်စုနှစ်ပေါင်းများစွာကြာ အထီးကျန်ဆန်မှုများစွာကို ခါးစည်းမခံရစေရန် အလို့ငှာ ညီအစ်ကိုမောင်နှမတစ်ဦးလောက် ပြင်းပြင်းပျပျ လိုချင်ခဲ့ကြောင်း မည်သူမှ မသိခဲ့ချေ။ သူ၏ နာကျင်မှု၊ ပျော်ရွှင်မှုတို့ကိုသာ တစ်စုံတစ်ယောက်နှင့် ဝေမျှခွင့် ရခဲ့ပါလျှင် ဤမျှလောက်အထိ စောစောစီးစီး မျှော်လင့်ချက် မဲ့ခဲ့လိမ့်မည် မဟုတ်ချေ။ အသက်ရှင်သန်ဖို့ရန် အကြောင်းပြချက်ကို အမြဲလိုလို ရှာဖွေခဲ့ရသော်ငြား ဘဝ၏ အနှစ်သာရမှာ ငြီးငွေ့ဖွယ် ကောင်းလွန်းလှသည်။ 


သို့သော် ပျင်းရိလေးတွဲနေသည့် ရှောင်ကျားရှု၏ မျက်နှာကို ငေးကြည့်လိုက်မိသည့် တစ်ခဏတွင်မူ သူ့မျက်ဝန်းတို့ အနည်းငယ် လင်းထိန်သွားတော့သည်။ 


နေရောင်ထဲတွင် လဲလျောင်းနေသည့် ရှောင်ကျားရှုမှာ တစ်ကိုယ်လုံး ပျော့ခွေနေကာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ အသာ မ လျက် ဗလုံးဗထွေး ပြောလိုက်သည်။ 


"ကျိကော ဒီမှာ လာထိုင်လေ ကျွန်တော် ကောရဲ့ပေါင်ပေါ် ခေါင်းတင်လို့ ရမလား အိပ်ချင်နေလို့ ..." 


"ဓာတ်ပုံနည်းနည်းလောက် ရိုက်ပြီးမှ သွားအိပ် ..." 


ကျိမြန်က ဝင်ထိုင်ကာ သူ၏ မို့အစ်နေသော မျက်နှာကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


"ကျွန်တော် တကယ်ကို အိပ်ချင်နေတာ မနေ့ညက ကြက်သားစားထားလို့ ..."


(ဒီမှာ ကြက်သားစားတယ်ဆိုတာက တကယ့်ကြက်သား မဟုတ်ဘဲ ဂိမ်းဆော့တာပါတဲ့) 


သူက တစ်ဖက်လှည့်ကာ ကျိမြန်အပေါ် မှီချလိုက်သည်။ 


ကြက်သားစားတယ်ဆိုတာ အွန်လိုင်းဂိမ်းကို ပြောတာထင်တယ် ... 


ကျိမြန်က ထိုဂိမ်းအကြောင်း ကြားဖူးသည့်တိုင် တစ်ခါမှ မဆော့ဖူး။ ရှောင်ကျားရှု၏ ငိုက်မြည်းနေသော မျက်နှာကို ငေးကြည့်ရင်း ရယ်ရခက်ငိုရခက်လာတော့သည်။ တစ်ဖက်သူကို လှုပ်နှိုးလိုက်ချင်သော်ငြား သူ့လက်တို့ကမူ စိတ်နှင့် ဆန့်ကျင်စွာ ရှောင်ကျားရှု၏ ဆံပင်ကို ထိုးဆွလျက် အသာအယာ ပွတ်သပ်ပေးနေလိုက်မိတော့သည်။ 


ရှောင်ကျားရှုမှာ သခင်၏ ပွတ်သပ်ပေးခြင်းကို ခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် အသံတစ်ချက် မြည်တမ်းလျက် ‌ဘေးစောင်းအိပ်နေရာမှ ပက်လက်အနေအထားကို ပြောင်းလျက် သူ၏ ပျော့ကွက်အားလုံးကို ကျိမြန်၏ မျက်စိအောက်သို့ ချပြထားလိုက်သည်။ သူ့ကို နှလုံးသားတစ်ခုလုံးနှင့်အပြည့် ယုံကြည်အားကိုးလိုက်ဟန်ပင်။ နေရောင်က ခန်းဆီးပြတင်းပေါက်မှတစ်ဆင့် ကြမ်းပေါ်သို့ ဖြာကျနေကာ ရှိရှိသမျှ သက်ရှ်ိအားလုံးကို ရွှေရောင်အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံထားသည့်အတွက် အလွန်အမင်း နွေးထွေးနှစ်လိုဖွယ်ပုံရိပ်ကို ဖော်ကျုးနေပေသည်။ 


ဓာတ်ပုံဆရာက ခလုတ်ကို ဆက်တိုက်နှိပ်ကာ အိုကေဟု လက်ဟန်ခြေဟန် ပြလိုက်သည်။ ကိုယ်နေဟန်ထား ပြောင်းလဲရန်ပင် မလိုတော့။ ခံစားချက်မှာ ကွက်တိကျနေကာ အခန်းတစ်ခုလုံးကို နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်စေသည့်အတွက် မြင်သူအားလုံး လာရောက်အိပ်စက်အနားယူလိုစရာပင်။ 


"နောက်ထပ် ..." 


ဓာတ်ပုံဆရာ၏ ကျယ်လောင်လှသော အသံမှာ ကျိမြန်၏ "တိတ်တိတ်နေ" ဟူသည့် လက်ဟန်ခြေဟန်ကြောင့် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားတော့သည်။


Xxxxxxx