အပိုင်း ၈၅
Viewers 43k

Chapter 85


"နောက်ထပ် ..." 


ဓာတ်ပုံဆရာ၏ ကျယ်လောင်လှသော အသံမှာ ကျိမြန်၏ "တိတ်တိတ်နေ" ဟူသည့် လက်ဟန်ခြေဟန်ကြောင့် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားတော့သည်။


"သူ့ကို ခဏလောက် အိပ်ခိုင်းထားလိုက်ပါဦး ..." 


ကျိမြန်မှာ မတ်တပ်ပင် မရပ်ရဲ။ ကူရာမဲ့စွာဖြင့်သာ လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်တော့သည်။ 


"အိုကေ အိုကေ အခုတလော ဒုတိယသခင်လေးက အလုပ်များလို့ ပင်ပန်းနေတယ်ထင်တယ် ကျန်တာတွေကို နောက်နေ့မှ ဆက်ရိုက်ကြတာပေါ့ အလျင်လိုနေတာမှ မဟုတ်တာ ..." 


ဝန်ထမ်းမှာ ဘိုးဘေးလေးကို မနှောင့်ယှက်ရဲသည့်အတွက် သူ့အတွက် စောင်တစ်ထည် အမြန်ယူလာပေးလိုက်တော့သည်။ ထို့နောက်တွင်မှ ဧကရာဇ်ကျိကို ရှက်ရွံ့အားနာစွာဖြင့် မေးလိုက်သည်။ 


"မစ္စတာကျိ လှုပ်ရှားချင်လား ဒုတိယသခင်လေးရဲ့ ခေါင်းကို ကူပြီး မ ထားပေးရမလား ..." 


"မလိုဘူး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါစေ စာအုပ်ရှိရင် တစ်အုပ်လောက် ယူလာပေးပါ ဘယ်လိုစာအုပ်မဆို ရတယ် ..." 


ကျိမြန်က အသံကို အတတ်နိုင်ဆုံး နှိမ့်ကာ ပြောလိုက်သည်။ 


"ကောင်းပါပြီ ယူလာပေးပါ့မယ် ..." 


ဝန်ထမ်းက ဝတ္ထုစာအုပ်တစ်အုပ်နှင့် ကော်ဖီကရားတစ်အိုးကို ယူလာပေးလိုက်၏။ 


ထိုသို့ဖြင့် ကျိမြန်က စာအုပ်ကို လက်ကကိုင်ကာ လူတစ်ယောက်ကို ရင်ခွင်ထဲ ထားလျက် နွေးထွေးသည့် နေရောင်အောက်တွင် ထိုင်ကာ အားလပ်ချိန်ကို ကော်ဖီသောက်ရင်း စာဖတ်ရင်း ကုန်ဆုံးနေလိုက်သည်။ ဤကဲ့သို့ တိတ်ဆိတ်လှပသည့် နေ့ရက်မျိုး မကြုံရတော့သည်မှာ ကြာညောင်းလှနေပြီဖြစ်သည်။ 


ခေါင်းအောက်ရှိ နူးညံ့နွေးထွေးမှု တစ်စုံတစ်ရာကို ခံစားလိုက်ရသော ရှောင်ကျားရှုမှာလည်း အိပ်ယာမှ နိုးလာသည့်အခါ ကျိမြန်၏ ပေါင်ပေါ် ခေါင်းအုံးလျက် သူ့ခါးကိုဖက်ကာ နီးနီးကပ်ကပ် အိပ်ပျော်နေမိကြောင်း တွေ့လိုက်ရသည့်အတွက် မင်သက်တုန်လှုပ်သွားရတော့သည်။ ကော်ဖီကို ခပ်ဖြည်းဖြည်း သောက်နေရင်း ပေါင်ပေါ်ရှိလူ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည့်အခါ ကျိမြန်က ခပ်ဟဟ ရယ်မောလိုက်သည်။ 


"နိုးပြီလား ..." 


ရှောင်ကျားရှုက ပါးနှစ်ဖက် နီမြန်းလျက် အလျင်အမြန် မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။ 


"ကျိကော ကျွန်တော် ဘယ်လောက်တောင် အိပ်မိသွားတာလဲ အလုပ်‌ကို နှောင့်နှေးသွားစေမိပြီလားဟင် ..." 


"အိပ်တာ မိနစ်လေးဆယ်လောက် ရှိသွားပြီ နောက်ထပ် ရိုက်ရမယ့်ပုံတွေ ရှိနေသေးတော့ အချိန်မီရိုက်မှ ရမယ် ..." 


ရှုပ်ပွနေသည့် ဆံပင်တို့ကို ငေးကြည့်‌ရင်း ကျိမြန်၏ လက်အစုံ ယားယံလာမိသော်ငြား အဆုံးတွင်တော့ မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်တော့။ 


"ဒါဆိုလည်း သွက်သွက်လေး လုပ်လိုက်ကြရအောင် ..." 


ရှောင်ကျားရှုက အဝတ်အစားလဲသည့် အခန်းထဲသို့ အမောတကော ပြေးဝင်သွားတော့သည်။ 


နောက်ထပ်ရိုက်ကူးရေးမှာ ဟိုတယ်ပြင်ပတွင် ရိုက်ကူးရမည် ဖြစ်သည့်အတွက် နှစ်ဦးသား အားကစားဝတ်စုံများလဲကာ ဂေါက်ကွင်းရှိရာသို့ ဦးတည်လာလိုက်ကြသည်။ ဓာတ်ပုံဆရာက ကောင်းမွန်စွာ ပြင်ဆင်ထားသည့် ကွင်းပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။ 


"ဒီဘောလုံးနှစ်လုံးကို လွတ်လွတ်လပ်လပ် ရိုက်ပြီးတော့ ပေါ့ပေါ့ပါးပါးလေးပဲ ပို့စ်ပေးလိုက် ..." 


"မင်းအရင်သွားလိုက် ..." 


ကျိမြန်က ဂေါက်ရိုက်တံကို ရှောင်ကျားရှုလက်ထဲ ထည့်ပေးလိုက်သည်။ 


"ကောပဲ အရင်သွားလိုက်ပါ ကျွန်တော်က လေတိုက်နှုန်းကို ကြည့်ပြီး အကွာအဝေး တိုင်းတာလိုက်ဦးမယ် ..." 


ရှောင်ကျားရှုက ဂေါက်ရိုက်တံကို ယူကာ ငုတ်တုတ်ထိုင်ချပြီး အလံတိုင် စိုက်ထားသည့် ကွင်းပြင်ကို မျက်စိမှေးလျက် ငေးကြည့်လိုက်သည်။ 


"လေကို မြင်ရလို့လား ..." 


ကျိမြန်က ရံဖန်ရံခါ ဂေါက်ရိုက်ဖူးရာ ဂေါက်တံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် နမူနာပို့စ်အချို့ ပေးလိုက်သည်။ 


ဓာတ်ပုံဆရာက သူတို့ဘေးနား လှည့်ပတ်လျက် လှုပ်ရှားမှုတိုင်းကို ဓာတ်ပုံရိုက်ယူထားလိုက်သည်။ 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုက ပန်းနုရောင်လျာဖျားလေးကို အနည်းငယ်ထုတ်ကာ လက်မ ထိပ်ဖျားကို လျက်ပြီး လက်ကို မြင့်မြင့်မြှောက်လိုက်သည်။ အမှန်စင်စစ်တွင်မူ လေတိုက်ရာလမ်းကြောင်းကို မည်သို့မည်ပုံ ခန့်မှန်းရမှန်း သူလည်း မသိ။ စစ်တပ်ပရိုဂရမ်များကို ကြည့်ဖူး၍သာ ဤနည်းလမ်းကို သိထားခြင်းဖြစ်သည်။ ရန်သူကို ပစ်ခတ်တော့မည့်အချိန်တိုင်း စနိုက်ပါသမားများက လက်မ ထိပ်ဖျားကို လျက်ကာ လေပေါ်သို့ မြှောက်လေ့ရှိသော်ငြား အစီအစဉ်တင်ဆက်သူက ထိုအကြောင်း ရှင်းပြခဲ့ခြင်း မရှိသည့်အတွက် သူဘာသာသူသာ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ 


လျက်လိုက်တဲ့အချိန်မှာ ဘယ်ဘက်က အေးလဲဆိုတာကို ခံစားကြည့်ရင်း လေလမ်းကြောင်းကို ခန့်မှန်းရုံပဲ မဟုတ်လား ဒီလောက်ကတော့ အေးဆေးပါ ... 


စိတ်ကူးယဉ်မှုက အထင်ကြီးစရာ ကောင်းသလောက် လက်တွေ့မှာမူ စိတ်ပျက်ဖွယ်ရာအတိပင်။ လက်မကို လျက်လိုက်ပြီးနောက် တစ်ချောင်းလုံး အေးစက်စိုစွတ်သွားတော့သည်။ သန်မာလှသည့် အာရုံခံနိုင်စွမ်း မရှိပါဘဲလျက် ဤနည်းလမ်းကို အသုံးမပြုနိုင်သည်မှာ ရှက်ဖွယ်ကောင်းလှသည်။ ပါးနှစ်ဖက် နီမြန်းမလာအောင် ထိန်းချုပ်နေစဉ် ကျိမြန်က လက်သီးဆုပ်ကာ ချောင်းဟန့်လျက် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ 


"တိုင်းပြီးပြီလား ..." 


"ပြီးပြီ အကွာအဝေးက ၄၅၀ ကိုက် ဘောလုံးကို စရိုက်လိုက်ရင် အရှေ့တောင်ဘက်ကို နည်းနည်းလေး ရွေ့သွားလိမ့်မယ် ကိုက် ၃၀၀ အကွာကို ရောက်အောင် ရိုက်နိုင်ရင် birdie ကို ရိုက်နိုင်ဖို့ ပြဿနာ မရှိတော့ဘူး ..."


(Birdie က ဂေါက်ကျင်းတစ်ခုအတွက် သတ်မှတ်ရိုက်ချက်အောက် တစ်ချက်လျော့တဲ့ ရိုက်ချက်ပါတဲ့) 


ရှောင်ကျားရှုက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 


ကျိမြန်က သူ့ကို ငုံ့မိုးကြည့်ကာ ပြောလိုက်သည်။ 


"တကယ်ကြီးလား ..." 


ရှောင်ကျားရှု၏ ပါးနှစ်ဖက် နီမြန်းသွားကာ လက်မြှောက်လျက် အရှုံးပေးလိုက်တော့သည်။ 


"ကျွန်တော်က ဒီတိုင်း ဟန်ဆောင်နေတာပါ ဒါပေမယ့်လေ ‌လက်မကို လျာနဲ့လျက်ပြီးတော့ လေလမ်းကြောင်းကို ခန့်မှန်းတာက မိမိုက်တယ်လို့ မခံစားရဘူးလား ..." 


"သေချာပေါက်ကို မိုက်တာပေါ့ ..." 


ကျိမြန်က နီရဲနေသည့် နှုတ်ခမ်းအစုံကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ 


"ဒါဆို ဒီတိုင်းပဲ ရိုက်လိုက်တော့မယ် ..." 


ထို့နောက် လက်မောင်းကို ပြင်းထန်စွာ လွှဲလျက် ရိုက်လိုက်သည်။ 


အပြုံးတို့မှာ လွန်စွာ တောက်ပကာ မျက်ဝန်းအစုံတို့မှာလည်း စိတ်အေးလက်အေးနှင့် တက်ကြွဖျတ်လက်နေသည့်အပြင် ထူးကဲထင်ရှားလှစွာသော မျက်နှာသွင်ပြင် အစိတ်အပိုင်းတို့ကလည်း မြက်ခင်းပြင်ကို ပို၍ပင် အရောင်အသွေး စုံလင်စေဟန်။ ကွင်းထဲသို့ လျှောက်ကာ နောက်ထပ် birdie တစ်ခု ထပ်ရိုက်တော့မည် ပြင်စဉ်မှာပင် ဓာတ်ပုံဆရာက အမြန်လှမ်းခေါ်လိုက်သည်။ 


"ဆက်သွားစရာ မလိုတော့ဘူး ကွင်းအတွက် လိုအပ်တာတွေအကုန် ရိုက်ပြီးသွားပြီ ရေပူစမ်းကန်ဘက်ကို ဆက်သွားကြရအောင် ..." 


"အာ ပြီးသွားပြီလား အခုမှ စမလို့ ရှိသေးတာကို ..."


ရှောင်ကျားရှုက နောင်တရလေဟန်ဖြင့် ပြောလိုက်သည်။ 


"ကျိကော အားတဲ့တစ်ရက်လောက်မှ အတူတူ ကစားကြရအောင်လေ ကော ကစားသွားတာ တကယ်ကို မိုက်တယ် ..." 


"အိုကေ ..." 


ကျိမြန်က ဂေါက်ရိုက်တံကို ချထားလိုက်သည်။ အဝတ်အစားလဲခန်းထဲသို့ ပြန်ရောက်ပြီးနောက် ဝန်ထမ်း၏ လက်ထဲရှိ ရေကူးဝတ်စုံနှင့် bathrobe တို့ကို တွေ့လိုက်ရသည့်အခါ အနည်းငယ် တုန့်ဆိုင်းသွားတော့၏။ 


သူက ယောကျာ်းတွေကိုပဲ ကြိုက်တဲ့ ယောကျာ်းတစ်ယောက်လေ ပြီးတော့ ရှောင်ကျားရှုကလည်း ဒီလိုမျိုး ကြည့်ကောင်းတဲ့ ရုပ်ရည်လေးနဲ့ ကြီးပြင်းလာတာ သူ့အပေါ် ဘာအတွေးမှတော့ မရှိဘူးဆိုပေမယ့် နည်းနည်း မလွယ်သလိုပဲ ... 


ရှောင်ကျားရှုကို မမြင်ချင်ယောင် ဆောင်ထားဖို့ဆိုတာကလည်း သိပ်ပြီး မလွယ်လှဘူး အထူးသဖြင့် သူ့ရဲ့စိတ်က တအားတက်ကြွပြီးတော့ အကုန်လုံး လျှောက်တွေးနေ‌တော့ ... 


မရေမရာဖြင့်ပင် ရေပူစမ်းကန်ထဲ ဆင်းရန် ပြုစဉ် ရေထဲမဆင်းဘဲ ကန်ဘေးတွင် ငုတ်တုတ်ထိုင်ကာ တစ်ခုခုကို စိုက်ကြည့်နေပုံရသည့် ရှောင်ကျားရှုကို တွေ့လိုက်ရတော့သည်။ 


ဆွတ်ဆွတ်ဖြူနေသည့် ရေချိုးဝတ်ရုံရှည်တစ်ထည်ကို ဝတ်ကာ ခေါင်းကိုလည်း တဘက်တစ်ထည်ဖြင့် ပေါင်းထားပြီး မျက်ဝန်းတို့မှာ ရေငွေ့တို့ကြောင့် ချစ်ခင်စဖွယ် စိုစွတ်နေပေသည်။ 


"ကျိကော ရေထဲကို မဝင်သေးနဲ့ဦး ..." 


သူက ကျိမြန်၏ ဝတ်ရုံစကို လှမ်းဆွဲလိုက်သည်။ 


"ဘာလို့လဲ ..." 


ကျိမြန်ကပါ သူ့ဘေး ဝင်ထိုင်လိုက်လျှင် ရေထဲတွင် ပေါလောမျောနေသည့် ကြက်ဥများကို တွေ့လိုက်ရသည်။ 


ရှောင်ကျားရှုက မေးကို ထောက်ထားလျက် ဗလုံး‌ဗထွေး ပြောလိုက်သည်။ 


"ချိုးရေထဲ စိမ်ထားတဲ့ ကြက်ဥပြုတ်ကို မစားချင်လို့ ..." 


ကျိမြန်မှာ မရယ်ဘဲပင် မနေနိုင်တော့။ 


"ဒါပေမယ့် ဒီကန်ထဲမှာ လူတွေအများကြီး စိမ်ထားပြီး‌သားလေ ..."


"ကောမသိသေးလို့ ဒီရေပူစမ်းတွေက မြေအောက်ရေကို သုံးထားတာ ရေအရင်းအမြစ်က အဆက်မပြတ် စီးဆင်းနေတော့ ရေတွေအားလုံးက အရမ်းကို သန့်ရှင်းတယ် ကျွန်တော်တို့ စိမ်နေတဲ့ မိနစ်‌ပိုင်းလေးအတွင်းမှာကို ရေက အသစ်တွေ ဖြစ်ကုန်ပြီ ပြီးတော့ သူတို့က တွင်းထွက်ပစ္စည်းတွေ အများကြီး ပါဝင်လို့ ရောဂါတွေကိုပါ ကုသပေးနိုင်သေးတယ် ဒါက ထွက်ပေါက်ဆိုတော့ အပူချိန် တအားမြင့်လို့ နောက်ဆုံးမှ စိမ်ရမှာ ..." 


ရှောင်ကျားရှုက သူ့မိသားစုစီးပွားရေးကို ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြလိုက်သည်။ 


ကျိမြန်လည်း ရေထဲသို့ မဆင်း‌တော့ဘဲ သူရှင်းပြသည်ကိုသာ ခပ်ပြုံးပြုံးနှင့် ဂရုတစိုက် နားထောင်နေလိုက်သည်။ ကြက်ဥများ ကျက်သွားပြီးနောက် တစ်လုံးကို အခွံခွါကာ သူ့တွဲဖက်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။ 


မူလက ကိုယ်တစ်ပိုင်း အတတ်ဗလာပုံများကို ရိုက်ရန် ကြံထားသည့် ဓာတ်ပုံဆရာကလည်း ရေကန်ဘေးတွင် ဘေးချင်းယှဉ်လျက်ထိုင်ကာ ကြက်ဥပြုတ်စားနေကြသူနှစ်ဦးကို တွေ့လိုက်ရသည့်အခါ စိတ်ကူးပြောင်းသွားတော့သည်။ နှစ်ဦးလုံး၏ မျက်နှာပေါ်ရှိ အပြုံးတို့မှာ အလွန်စိတ်အေးလက်အေး ရှိလှသည့်အပြင် မျက်ဝန်းတို့မှလည်း နူးညံ့လှသည့် အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ချန်းယွဲ့‌ဟိုတယ်၏ ဆောင်ပုဒ်မှာ " အပန်းပြေခြင်း၊ နှစ်လိုဝမ်းသာဖွယ်ကောင်းခြင်းနှင့် နွေးထွေးခြင်း" ဖြစ်ကာ လာရောက်တည်းခိုသူများအဖို့ သူတို့၏ ဟိုတယ်သည် ဒုတိယအိမ်သဖွယ် ဖြစ်စေရမည်ဟု အာမခံထားသည်။ 


သူတို့နှစ်ဦး၏ အမူအယာမှာ ထိုဆောင်ပုဒ်နှင့် ကွက်တိကျနေသည့်အပြင် မြင်သူတိုင်းကိုလည်း ချက်ခြင်း ပြုံးရယ်စေနိုင်သည်အထိ နွေးထွေးလှပေသည်။ ဓာတ်ပုံဆရာက နဂ္ဂတစ်များကို ထပ်ကာထပ်ကာ စစ်ဆေးပြီးနောက် ပြောလိုက်သည်။ 


"အိုကေ ဒီနေ့ ရိုက်ရမှာတွေအားလုံး ကောင်းကောင်းရိုက်ပြီးသွားပြီ ပူးပေါင်းပေးတဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် ..." 


ရှောင်ကျားရှုက ကျိမြန်ကို ကြက်ဥခွံ့‌ကျွေးနေရင်း ပြောလိုက်သည်။ 


"ဘယ်လိုလဲ ရိုးရိုးရေထဲမှာ ပြုတ်ထားတဲ့ ကြက်ဥနဲ့ မတူဘူး မဟုတ်လား ကျွန်တော်ပြောသားပဲ ဒီထဲမှာ အာဟာရဓာတ်တွေ အများကြီး ပါပါတယ်ဆိုနေ တစ်နေ့နှစ်လုံး ပုံမှန်စားရင် ကျန်းမာရေးတောင် ကောင်းလာလိမ့်မယ် ..." 


ထို့နောက် ဓာတ်ပုံဆရာဘက်သို့လှည့်ကာ ဝမ်းနည်းပက်လက် ညည်းတွားလိုက်သည်။ 


"ဘယ်လိုဖြစ်လို့ ပြီးသွားရပြန်တာလဲ ရေထဲတောင် မစိမ်ရသေးဘဲနဲ့ကို ..." 


"ပြီးသွားပြီလေ ရေစိမ်ချင်ရင် ဒီမှာပဲ ဆက်နေခဲ့လို့ ရပါတယ် ..." 


ဝန်ထမ်းလေးက အမြန် ဝင်ရှင်းပြလိုက်သည်။ 


ရှောင်ကျားရှုမှာ ကြက်ဥနှစ်လုံးသာ စားရသေးရာ ဗိုက်မပြည့်ရုံသာမက ပို၍ပင် ဆာလောင်လာတော့သည်။ သူက ကျိမြန်ကို ချီတုံချီချဖြင့် လှမ်းကြည့်လိုက်သည်။ 


"ကျိကော ရေစိမ်ချင်သေးလား ..." 


"ညစာသွားစားရအောင်လေ မင်းကို လိုက်ကျွေးပါ့မယ် ..." 


ကျိမြန်က ရေငွေ့တို့ကြောင့် စိုစွတ်နေသည့် နဖူးကို ထိကိုင်လျက် ပြောလိုက်သည်။ 


"အိုကေ ဒါဆို နောက်တစ်ကြိမ်မှ ကောကို ရေပူစိမ်ဖို့ ဖိတ်ပါ့မယ် ..." 


ရှောင်ကျားရှုက ဝမ်းသာအားရ မတ်တပ်ထရပ်လိုက်သည်။ မစားရသေးသည့် ကြက်ဥပြုတ်တို့ကိုလည်း မမေ့မလျော့ သယ်သွားသေးသည်။


အဝတ်အစားလဲပြီးနောက် ပြန်ထွက်လာသည့်အခါ ဧည့်ခန်းထဲတွင် သက်တော်စောင့်နှစ်ဦး ခြံရံလျက် ထိုင်နေသော ရှောင်တင်းပန်းကို တွေ့လိုက်ရသည်။ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ကိုယ်ကို ကွေးညွတ်လျက် တစ်ခုခုကို အစီရင်ခံနေဟန်ပင်။ လက်ကို အသာယမ်းပြလိုက်သည့်အခါ ကျိမြန်နှင့် ညစာသွားစားရန် ပြင်နေသည့် ရှောင်ကျားရှုက သူ့အနားသို့ အမောတကော ပြေးလာတော့သည်။ 


ကျိမြန်လည်း တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သူ့နောက်သို့သာ ကပ်လိုက်လာတော့သည်။ 


"ရိုက်ကူးရေး ပြီးသွားပြီလား ကောကောနဲ့ ညစာလိုက်စားမလား ..." 


ရှောင်တင်းပန်းက အလွန်နူးညံ့လှသည့် လေသံဖြင့် မေးလိုက်သည်။ 


"ကောင်းသားပဲ ..." 


ထိုသို့ဖြေပြီးကာမှပင် ရှောင်ကျားရှုမှာ ကျိမြန်နှင့် ချိန်းထားပြီးဖြစ်ကြောင်း သတိရသွားတော့သည်။ 


ဘာဆက်လုပ်ရမလဲ ကျိကောကိုပါ ဖိတ်လိုက်လို့လည်း မရဘူးထင်တယ် တစ်‌ယောက်နဲ့တစ်ယောက် မသိကြတော့ ဖိတ်လိုက်ရင် ကသိကအောက် ဖြစ်ကုန်ကြမယ်ထင်တယ် နှစ်ယောက်လုံး စိတ်မသက်မသာ ဖြစ်ကုန်ရင် အတူတူစားလို့လည်း ဘာအကျိုးရှိတော့မှာလဲ .... 


စိတ်ဖိစီးနေစဉ်မှာပင် ကျိမြန်က ပြုံးကာ ပြောလာသည်။ 


"ကိုယ့်မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားနှင့်တော့မယ်နော် ရှောင်ရှု ဥက္ကဌရှောင် နောက်တစ်ခေါက်မှ ထပ်ဆုံကြတာပေါ့ ..." 


"ကောင်းပါပြီ ကျိကော ကားကို ဖြည်းဖြည်းနဲ့ ဂရုစိုက်‌မောင်းနော် ..." 


ရှောင်ကျားရှုက သူ့ကို ကျေးဇူးတင်သည့် အကြည့်တစ်ချက် ပေးပို့လိုက်သည်။ သူ့အစ်ကိုကြီးက ပထမဆုံးအကြိမ် ညစာဖိတ်ကျွေးခြင်းဖြစ်ရာ လုံးဝ မငြင်းလိုပေ။ 


ကျိမြန်က လက်ကိုယမ်းကာ ထွက်လာစဉ် နောက်ပါးထံမှ ရှောင်တင်းပန်း၏ စကားသံ ခပ်တိုးတိုးကို တစ်စွန်းတစ်စ ကြားလိုက်ရသည်။ 


"ရှောင်ရှု ကောကောအကြိုက်ဆုံး စားစရာကို သိလား ..." 


"ဟုတ် သိတယ် အစ်ကိုကြီးက ငါးစားရတာ အကြိုက်ဆုံး အထူးသဖြင့် ငါးချိုချဉ် ..." 


"ဒါဆို ဘာကို စားရတာ အမုန်းဆုံးလဲ ..." 


"တရုတ်နံနံ ..." 


"အကြိုက်ဆုံးအရောင် ..." 


"အစိမ်းပုတ် ..." 


"အကြိုက်ဆုံးအားကစား ..." 


ရှောင်တင်းပန်းက ထိုကဲ့သို့ ပျင်းရိဖွယ် မေးခွန်းများကိုသာ အဆက်မပြတ် မေးနေပြီး ရှောင်ကျားရှုကလည်း တစ်ခုကိုမှ မှားယွင်းခြင်း မရှိဘဲ မထစ်မငေါ့ ပြန်ဖြေလိုက်သည်။ သူ ဂရုစိုက်ရသူများအပေါ် အမြဲလိုလို အာရုံစိုက်ထားလေ့ရှိရာ နှစ်ပေါင်းများစွာ ဝေးကွာနေသည့်တိုင် မေ့လျော့ခြင်း မရှိချေ။ 


ကျိမြန်မှာ ဖော်မပြတတ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည့်အတွက် နောက်ပြန်လှည့်ကြည့်လိုက်လျှင် ခံစားချက်တစ်စုံတစ်ရာမှ ထုတ်မပြဖူးသည့် ရှောင်တင်းပန်းတစ်ယောက် အားရဝမ်းသာ ပြုံးရယ်နေကြောင်း တွေ့လိုက်ရသည်။


 သူက ရှောင်ကျားရှုကို ရင်ခွင်ထဲ ဆွဲသွင်းလျက် ဆံပင်ကို ထိုးဆွလိုက်သည်။ အင်တာဗျူးအစီအစဉ်ကို ကြည့်ကာ မနာလိုဖြစ်နေကြောင်း သံသယဝင်စရာပင် မလိုချေ။