အပိုင်း ၈၇
Viewers 43k

Chapter 87


ရှောင်ကျားရှုမှာ လင်းလဲ့ယန်နှင့် ယဲ့ရှီတို့ကိုပါ တွေ့လိုက်ရသည့်အတွက် အနည်းငယ် မင်သက်သွားတော့သည်။ နှစ်ဦးလုံးမှာ ကျိမြန်၏ ကုမ္ပဏီမှဖြစ်ကာ လက်ရှိတွင် နာမည်ကျော်ကြား လူကြိုက်များနေသူများ ဖြစ်ပေသည်။


အကျိုးနည်း ငါက ကျိကောရဲ့ သားအရင်း မဟုတ်ဘူးပေါ့ အခွင့်အရေးရော ရှိပါဦးမလား ...


သူက စိတ်မသက်မသာဖြင့် ဝင်ထိုင်လိုက်သည်.


ဘယ်သူလဲ ငါ့သားက ...


ကျိမြန်က လက်သီးဆုပ်ကို နှုတ်ခမ်းနား တေ့ကာ အသာချောင်းဟန့်ရင်း ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။


“မင်းတို့တွေက သတင်းရတာ မြန်သားပဲ ငါတောင် အခုမှ သရုပ်ဆောင်‌ ‌ရွေးချယ်ဖို့ အကြောင်းကြားစာ ရောက်လာတာ ဒီနားမှာ ခဏ ထိုင်စောင့်ကြဦး အချက်အလက်တွေ အရင်ကြည့်လိုက်ဦးမယ် ...”


ရုပ်ရှင်မှာ တရုတ်အမေရိကန် ဖက်စပ်ရိုက်ကူးခြင်း ဖြစ်သော်လည်း CROWN Universal Pictures မှာ လွန်ခဲ့သော ခုနစ်နှစ်ကတည်းက သူတစ်ဦးတည်းအပိုင် ဖြစ်သည့်အတွက် သရုပ်ဆောင်‌ရွေးချယ်မှုအပိုင်းနှင့် ပတ်သက်၍ သူ့တွင် အပြည့်အဝ ပြောရေးဆိုခွင့် ရှိပေသည်။ 


သုံးယောက်လုံး ခေါင်းငြိမ့်ပြလိုက်ကြကာ မန်နေဂျာများကလည်း နောက်နားရှိ လက်ဖက်ရည်ဆိုင်ထဲတွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြသည်။


ဇာတ်ညွှန်းရေးသူက ဇာတ်ညွှန်းကို ပြန်ပြင်နေဆဲ ဖြစ်သော်ငြား ယေဘုယျ ဇာတ်ကြောင်းကိုမူ ဆုံးဖြတ်ပြီးဖြစ်သည်။ အချိန်ကုန်သက်သာစေရန် အလို့ငှာ ဇာတ်ကောင်ဖွဲ့စည်းပုံနှင့် ဇာတ်လမ်းကျောရိုးတို့ကိုသာ ပေးပို့ထားပြီး ရွေးချယ်မှု အပိုင်းမှာ ဥက္ကဌကျိ၏ ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်သည်။ ကျိမြန်မှာ ဇာတ်လမ်းကျောရိုးကို သိထားပြီးဖြစ်ရာ ဇာတ်ကောင်ဖွဲ့စည်းပုံကိုသာ ကျော်ဖတ်လိုက်သည်၊၊ အသစ်ထပ်ထည့်ထားသည့် ဇာတ်ကောင်မှာ များစွာ ထူးကဲလှသည်။ ၎င်းမှာ ပြီးခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အသိဉာဏ်တု စစ်ပွဲကို စတင်ခဲ့သည့် ခေါင်းဆောင်စက်ရုပ် ဖြစ်သည်။ ၎င်း၏ ရုပ်ရည်သွင်ပြင်မှာ ပြီးပြည့်စုံကာ အရပ်ရှည်လျား တောက်ပသည့် ကိုယ်ဟန်နှင့် မြင့်မြတ်သည့် စိတ် သဘောထားတို့ကို ပိုင်ဆိုင်ထားသည်။ လူအုပ်ကြား ‌ရော‌နှောနေသည့်တိုင် သူ့ကို တစ်ချက်တည်းဖြင့် သတိပြုမိနိုင် လောက်သည်အထိ ထူးကဲထင်ရှားကာ ခံစားချက်ဟူ၍ တစ်စုံတစ်ရာမှမရှိ၊ လွန်စွာ အေးစက်နေရမည်ဖြစ်သည်။ 


ထိုအပိုင်းကို ဖတ်ပြီး‌နောက် သူက ရှောင်ကျားရှုကို အလိုလို ငေးကြည့်မိသွားတော့သည်။ ထိုအခါ တစ်ဖက်သူက ရင်‌မော့ခေါင်းကော့ကာ ယုံကြည်ချက်ပြည့်ဝနေဟန်ဖြင့် ပြန်စိုက်ကြည့်လာတော့သည်။


ဇာတ်ကောင်စရိုက်၏ ပထမတစ်ပိုင်းကို ဖတ်ပြီးကတည်းက ကျိမြန်သည် ရှောင်ကျားရှုကိုသာ အမှတ်ရမိလိုက်တော့သည်။ ရုပ်ရည်ရူပကာအရာတွင် တစ်ဖက်သူကသာ "ပြစ်မျိုးမှဲ့မထင်" ဟူသည့် စကားနှင့် အထ်ိုက်တန်ဆုံးဖြစ်သည်။ အနုပညာလောကတစ်ခုလုံးတွင် သူတစ်ယောက်တည်းကသာ ကျိမြန်ကို မျက်စိကျိန်းစေနိုင်သူဖြစ်သည်။ 


သိူ့သော် ဒုတိယတစ်ပိုင်းတွင်မူ ရှောင်ကျားရှုနှင့် "အေးစက်သည်" ဟူသည့် စကားလုံးကို ယှဉ်တွဲကြည့်၍ မရသဖြင့် တစ်ဖန် တုန့်ဆိုင်းသွားရပြန်တော့သည်။ တစ်ဖက်သူမှာ နေရောင်သဖွယ် နွေးထွေးတောက်ပနေကာ အတွေးစတို့ ထာဝစဉ် ပြည့်နှက်နေတတ်သူဖြစ်သည်။ 


ဒီလိုလူမျိုးက ထည့်သွင်းထားတဲ့ ပရိုဂရမ်ကလွဲလို့ ဘာအတွေးမှ မရှိတဲ့ စက်ရုပ်နေရာကနေ သရုပ်ဆောင်နိုင်ပါ့မလား ... 


တိတ်တဆိတ် အတွေးလွန်နေစဉ်မှာပင် ထိုဇာတ်ကောင်နေရာအကြောင်း သတင်းရသွားသည့် အကြီးတန်း အေးဂျင့်များက သူ့ mailbox တစ်ခုလုံး ပြည့်နှက်သွားသည်အထိ ဆက်တိုက် စာပို့လာကြတော့သည်။ အနုပညာလောကတွင် လျှို့ဝှက်ချက်ဟူ၍ မရှိ။ သတင်းတစ်ခု ထွက်လာလေတိုင်း အဆက်အသွယ်ကောင်းသူကသာ ဦးစွာ သိစမြဲဖြစ်သည်။ ဤသည်မှာ အဆက်အသွယ်နှင့် အရင်းအမြစ်တို့၏ အရေးပါပုံပင် ဖြစ်သည်။ 


ကျိမြန်က စာများကို တစ်ခုချင်း ဖတ်ကြည့်ကာ သင့်လျော်သည့် သရုပ်ဆောင်အချို့၏ နာမည်ကို ချရေးရင်း တစိမ့်စိမ့် ချင့်ချိန်တွေးဆနေလိုက်သည်။ 


"ဇာတ်ညွှန်းက အခုထိ စိစစ်ဆဲဆိုတော့ လူရွေးပွဲ စီစဉ်လို့ မရသေးဘူး လောလောဆယ်တော့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်၊ ဇာတ်ကောင်စရိုက်ရယ်ကိုပဲ အရင်ဖတ်ကြည့်ပြီးတော့ မင်းတို့ တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေကို ပြောပြ အားလုံးကို နားထောင်ပြီးမှ ရွေးချယ်ကြည့်လိုက်မယ် ..." 


ထို့နောက် ပရင့်ထုတ်ထားသော စာရွက်များကို သုံးဦးလုံးထံ ‌ကမ်းပေးလိုက်သည်။ 


ယဲ့ရှီနှင့် လင်းလဲ့ယန်တို့က ဇာတ်ကောင်အနေအထားကို ဦးစွာ ဖတ်လိုက်ကြသော်ငြား ရှောင်ကျားရှုကမူ ဇာတ်လမ်းအကျဉ်းချုပ်ကိုသာ ဖတ်နေလိုက်သည်။ 


ဇာတ်ညွှန်းကို အရင်ဖတ်ကြည့်ရမယ် ထင်နေတာကို နှမြောစရာ ကောင်းလိုက်တာ ... 


ဇာတ်ကြောင်းမှာ လူသားတို့ စကြဝဠာထဲမှ ထွက်ခွါလာပြီး နှစ်ငါးဆယ်အကြာတွင်ဖြစ်သည်။ ဇာ့ဂ်တို့၏ လက်အောက်ရှိ ဉာဏ်ရည်မြင့်မျိုးနွယ်များ ပေါင်းစုကာ နေထိုင်ရန် ဂြိုဟ်အတုတစ်လုံး ဖန်တီးခဲ့ကြသော်ငြား ထိုဂြိုဟ်မှာ သဘာဝစွမ်းအင်နှင့် အစာရေစာ ချို့တဲ့သည့်အပြင် ဘေးကင်းလုံခြုံမှုလည်း မရှိပေ။ ထို့ကြောင့် Tark ကြယ်၏ နောက်ဆုံးသော ခေါင်းဆောင်က သူ့ဘဝကို ရင်းကာ စကြဝဠာနတ်ဘုရားထံမှ "စကြဝဠာကြီးရဲ့ မျှော်လင့်ချက်က ကမ္ဘာမြေပေါ်မှာ" ဟူသည့် ဗျာဒိတ်စကားကို လက်ခံရရှိခဲ့သည်။ မြောက်များစွာသော ဂြိုဟ်သူဂြိုဟ်သားတို့ ပေါင်းစုကာ ကမ္ဘာမြေသို့ ပြန်လာနိုင်ရန် လမ်းကြောင်းရှာဖွေမည့် သုတေသန အဖွဲ့အစည်းများ ဖွဲ့စည်းလိုက်ကြပြီးနောက် ရှေးခေတ်တရုတ်လူမျိုးတို့၏ ရုပ်ကြွင်းနှင့် တစ်ချိန်က ကမ္ဘာမြေကို ဖျက်ဆီးခဲ့သော စက်ရုပ်စစ်တပ်၏ ခေါင်းဆောင်ကို ရှာဖွေ့တွေ့ရှိခဲ့တော့သည်။ 


ခေါင်းဆောင်ကို စက်ရုပ်စစ်တပ်အား ခုခံခဲ့သည့် အလယ်ခေတ်လူသားတို့က လုံးဝဥဿုံ ဖန်တီးခဲ့ခြင်း ဖြစ်သော်ငြား ၎င်း၏ သန်မာလှသည့် စွမ်းအင်များမှာမူ ကျန်ရစ်နေဆဲ ဖြစ်သည့်အတွက် သုတေသနအဖွဲ့၏ ဗျူဟာမှူး ကျိမြန်မှာ ဇာ့ဂ်တို့ ဝိုင်းရံထားလျက်ပင် သက်စွန့်ဆံဖျား ထိုစက်ရုပ်ကို ပြန်လည် အသက်သွင်းလိုက်ရတော့သည်။ သူ့အကူအညီနှင့် သုတေသနအဖွဲ့လည်း အပျက်အစီးတို့၏ အနက်ရှိုင်းဆုံးနေရာအထိ ဝင်ရောက်ကာ အေးခဲနေသည့် မိန်းမပျိုတစ်ဦးကို ရှာတွေ့နိုင်ခဲ့တော့သည်။ 


နှစ်ထောင်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် လူသားမျိုးနွယ်တို့၏ မျိုးရိုးဗီဇနှင့် သွေးသားမှာ အခြား ဉာဏ်ရည်မြင့် မျိုးနွယ်စုတို့နှင့် ရောနှောပေါင်းစပ်ကာ ထူးထူးကဲကဲ သန်မာလှသည့် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်‌နေပြီဖြစ်သည်။ ထိုမိန်းမပျိုလေးမှာမူ လူသားစင်စစ်ဖြစ်ကာ လက်ဖြင့် ထိလိုက်ရုံနှင့်ပင် ကြေမွပျက်စီးသွားလုမတတ် အားနည်းဖျော့တော့လှပေသည်။ 


သူမက ဟောကိန်းထဲမှာ ပြောထားတဲ့ စကြဝဠာရဲ့ မျှော်လင့်ချက်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား ... 


သုတေသနအဖွဲ့သားအားလုံး ရှုပ်ထွေးသွားရတော့သည်။ 


မည်သို့ပင်ဖြစ်စေ သူမကို နိုးထစေကာ ဂြိုဟ်ပေါ်သို့ ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ဇာ့ဂ်တို့၏ လက်မှ ထွက်ပြေးလွတ်မြောက်လာစဉ်အတွင်း ထိုမိန်းကလေးကို ကပ်ပါးကောင်တစ်ကောင် ကပ်ငြိခဲ့သော်လည်း မကြာခင်မှာပင် ထိုကပ်ပါးကောင်မှာ သူမ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရကာ ပေါက်ကွဲပျက်စီးသွားတော့သည်။ သူမသည် သေစေနိုင်လောက်သည့် ရောဂါဝေဒနာကို ခံစားခဲ့ရသည့်အတွက် အေးခဲသွားခြင်းဖြစ်ကာ ထိုရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးက ဇာ့ဂ်တို့ ကြီးထွားနှုန်းကို ဟန့်တား‌ကာ သူတို့ကို ပေါက်ကွဲပျက်စီးစေနိုင်ကြောင်း သိလိုက်ရသည့်အတွက် သုတေသနအဖွဲ့တစ်ဖွဲ့လုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ သို့သော် ခေတ်သစ်လူသားများ အနေဖြင့်လည်း သူမ၏ သွေးနှင့် ထိတွေ့ခဲ့မိပါလျှင် ရုတ်ချည်း အားအင်ဆုတ်ယုတ်ကာ သေဆုံးသွားရမည်ဖြစ်သည်။


ဒီ အားနည်းတယ်လို့ ထင်ရတဲ့ ကောင်မလေးက တကယ်တမ်းတော့ မျှော်လင့်ချက်တွေကိုရော ကပ်ဆိုးကိုပါ တစ်ပြိုင်တည်း ဖြန့်ကျက်ပေးနေတဲ့ လမ်းလျှောက်တတ်တဲ့ ရောဂါပိုးကြီးပဲ ... 


အသက်ရှင်ကျန်ရစ်နေသည့် ဂြိုဟ်သားများနှင့် အခြားမျိုးနွယ်စုများက ထိုအကြောင်းကို ကြားသိလိုက်သည့်အခါ အကြင်နာမဲ့သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြတော့သည်။ ထောင်ပေါင်းများစွာသော စေတနာ့ဝန်ထမ်းတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုဗိုင်းရပ်စ်ပိုးကို ထည့်သွင်းကာ ဇာ့ဂ်တို့ကြီးစိုးသည့် ပင်မဂြိုဟ်များသို့ စေလွှတ်လိုက်၏။ ဇာ့ဂ်တို့ အစာရေစာ ပြတ်လပ်သည့်အခါ သူတို့အားလုံးကို ဝါးမျိုစားသောက်ရင်း တစ်ဂြိုဟ်လုံးအနှံ့ ရောဂါပျံ့နှံ့ကာ သွေးစက်များအဖြစ် ပေါက်ကွဲပျက်စီးသွားတော့သည်။ 


ဇာတ်ကြောင်းကို ဖတ်ကြည့်နေသည့် ရှောင်ကျားရှု၏ မျက်လုံးတို့ တစ်ဖြည်းဖြည်း ပြူးကျယ်လာတော့သည်။ 


တတိယအပိုင်းက ရှေ့နှစ်ပိုင်းထက် အများကြီးကို ပိုကောင်းတာပဲ ဒါကို အခုချက်ခြင်းကို ရိုက်ချင်နေပြီ မစောင့်နိုင်တော့ဘူး ... 


လင်းလဲ့ယန်နှင့် ယဲ့ရှီတို့မှာမူ ဇာတ်ကြောင်းနှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်။ အသစ်ထည့်ထားသည့် ဇာတ်ကောင်များမှာ သရုပ်ဆောင်ရမည့်အခန်း များပြားလှသည့်အပြင် အကောင်းဘက်သို့ ‌သက်ရောက်သည့် ပုံရိပ်ကိုလည်း ပိုင်ဆိုင်ထားကြောင်းကိုသာ သိပေသည်။ အကယ်၍ ထိုဇာတ်ကောင်ကို ရခဲ့ပါလျှင် နိုင်ငံခြားသို့ သွားရိုက်ရမည်ဖြစ်ကာ ချောချောမွေ့မွေ့ ပြီးဆုံးပါလျှင် နှစ်အနည်းငယ်အတွင်း ကျိမြန်ကဲ့သို့ စူပါစတားတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ 


နှစ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ယောက်စလုံးက စိတ်လှုပ်ရှားနေသော အကြည့်တို့နှင့်အတူ အချက်အလက်စာရွက်ကို အောက်ချလိုက်သော်ငြား ရှောင်ကျားရှုမှာမူ ဇာတ်ကြောင်းကိုပင် ဖတ်၍ မပြီးသေး။ 


ကျိမြန်က သူ့ကို နောက်ထပ်ငါးမိနစ် ထပ်စောင့်ပေးသည့်တိုင် ခေါင်းမော့မလာသေးသည့်အတွက် စားပွဲကို ခေါက်လျက် သတိပေးလိုက်သည်။ 


"ဖတ်ပြီးသွားပြီလား ..." 


"အာ နည်းနည်းလောက်ပဲ ကျန်တော့တယ် ..." 


ထိုအခါမှ ရှောင်ကျားရှုလည်း ရင်သပ်ဖွယ် ဇာတ်ကြောင်းမှ ရုန်းထွက်ကာ ဇာတ်ကောင်ပုံစံကို ဖတ်ရန် သတိရသွားတော့သည်။ 


"မင်းရဲ့ အားသာချက်တွေကို ပြောပြ ..." 


ကျိမြန်က အလေးအနက်ထားဟန်ဖြင့် ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလာလိုက်သည်။ 


ယဲ့ရှီက စိတ်အေးလက်အေး ပြန်ဖြေလိုက်သည်။ 


"ကျွန်တော့်မှာ သင့်တော်တဲ့ ရုပ်ရည်သွင်ပြင်ရှိတယ် ပြီးတော့ ဥက္ကဌကျိရဲ့ ကုမ္ပဏီအောက်က အနုပညာရှင် အဲဒါကြောင့် အချိန်ဇယားတွေကို ညှိဖို့ အဆင်ပြေတယ် ..." 


သူက ကျိမြန်ကို ပြင်ပသို့ ငွေကြေး စီးဆင်းမသွားစေရန် တမင်တကာ သတိပေးလိုက်သည်။ သူ့ကိုယ်ပိုင်အနုပညာရှင်ကို မြေတောင်မြှောက်ပေးပါလျှင် ပထမဆုံး အကျိုးထူးမည့်သူမှာ ပိုင်ရှင်သူဌေးဖြစ်သည်။ 


ကျိမြန်က ခေါင်းငြိမ့်ပြလိုက်ရုံမှအပ မည်သည့်မှတ်ချက်မှမပေး။ လင်းလဲ့ယန်ကို ဆက်မေးလိုက်သည်။ 


"မင်းကရော ..." 


သူ၏ အေးစက်လှသည့် သဘောထားကို အသားမကျသေးသော လင်းလဲ့ယန်မှာ နှလုံးစိတ်ဝမ်း မချမ်းမြေ့စွာဖြင့် ပြန်ဖြေလိုက်သည်။ 


"ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အကောင်းဆုံး အားသာချက်လို့ ထင်ပါတယ် ကျွန်တော်ကလည်း ကွမ်ရှီစတူဒီယိုက အနုပညာရှင် ဖြစ်တဲ့အတွက် ရိုက်ကူးရေးအချိန်ဇယားတွေကို ကောင်းကောင်း ညှိနှိုင်းလို့ရတယ် ပြီးတော့ ကျောင်းတက်တုန်းက အင်္ဂလိပ်စာကိုပါ ပူးတွဲ‌ဘာသာရပ်အဖြစ် လေ့လာခဲ့တဲ့အတွက် စာသားတွေကို ပြောမယ့်နေရာမှာ အခက်အခဲ မရှိဘူး ကျွန်တော့်ရဲ့ ရုပ်ရည်က လိုအပ်ချက်နဲ့ မကိုက်ညီဘူးဆိုပေမယ့် သေချာလေး မိတ်ကပ်ပြင်လိုက်မယ်ဆိုရင် ဇာတ်ကောင်စရိုက်နဲ့ တစ်ထပ်တည်း ကျနိုင်ပါတယ် ကျိကော ဒါက "The Lover" ရိုက်တုန်းက မိတ်ကပ်ပြင်ထားတဲ့ ပုံတွေပါ တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး ..." 


သူက ကျိမြန်၏ လက်ထဲသို့ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ကာ ထည့်ပေးလိုက်သည်။ 


လည်ကိုဆန့်ကာ ခိုးကြည့်လိုက်သည့် ရှောင်ကျားရှုမှာတော့ လည်နင်သွားတော့သည်။ 


အိုက်ယား ငါလည်း အင်တာဗျူးကို ဓာတ်ပုံတွေ ယူလာဖို့ ဘာလို့ မစဉ်းစားခဲ့မိပါလိမ့် အတွက်အချက် မှားသွားတာပဲ ... 


လင်းလဲ့ယန်ရဲ့ ရုပ်က နူးညံ့တဲ့ဘက်ကို ရောက်တယ် ဆိုပေမယ့် ဟွမ်ကျိကျင်း ပြောသလိုပဲ သူက မိတ်ကပ်ပြင်ဖို့ အကောင်းဆုံးမျက်နှာကို ပိုင်ဆိုင်ထားတာ နည်းနည်းလေး ပြင်လိုက်ရုံနဲ့တင် မတူညီတဲ့ စတိုင်တစ်မျိုး ထွက်လာတယ် "The Lover" ကို ရိုက်တုန်းက စတိုင်လစ်က သူ့ကို ရွှန်းစိုတောက်ပနေတဲ့ မိတ်ကပ်ပုံစံမျိုး ပြင်ပေးထားတာ ဒါပေမယ့် မျက်ခုံးကို နည်းနည်း ထပ်ဖြည့်ပြီး အိုင်းလိုင်နာ ဆွဲလိုက်တဲ့အချိန်မှာ ချက်ခြင်းလက်ငင်းကို အေးစက်သွားရောပဲ ရွှန်းစိုနီ‌ရဲနေတဲ့ နှုတ်ခမ်းကြောင့် ပိုပြီးတောင် ညှို့အားပြင်းတဲ့ပုံ ပေါ်သွားသေးတယ် သူ့ရဲ့ အပြင်ပုံကို မကြည့်ဘဲ ဓာတ်ပုံထဲက ပုံကိုပဲ ကြည့်ရင် သေချာပေါက်ကို "ခပ်တန်းတန်းနေတတ်တဲ့ အလှလေး" ပဲ ... 


ရှောင်ကျားရှုက သူ့ပုံစံအသစ်ကြောင့် တွေဝေငေးမောသွားရသော်ငြား ကျိမြန်မှာမူ ပျင်းရိငြီးငွေ့နေဟန်ပင်။ ခုံကို တတောက်တောက် ခေါက်လျက် ပြောလိုက်သည်။ 


"The Lover ကို ရိုက်ရဦးမှာ မဟုတ်လား အချိန်ဇယားကို ဘယ်လိုညှိမှာလဲ ..."


"The Lover က အခုမှ ပြင်ဆင်နေတုန်းပဲ ရှိ‌သေးတော့ The Zerg Wars ကို အရင်ရိုက်လိုက်လို့ ရပါတယ် ..." 


"The Zerg Wars ကလည်း ပြင်ဆင်ဆဲပဲ ရှိသေးတာ အချိန်တွေ မတိုက်ပါဘူးလို့ အာမခံနိုင်လား ..." 


"ဒါဆိုလည်း The Zerg Wars ကို အရင်ရိုက်လိုက်ပါ့မယ် ကျွန်တော့်ရဲ့ အခန်းတွေအားလုံးကို နောက်ရွှေ့ပေးဖို့ ဒါရိုက်တာဟူမင်ကို တောင်းဆိုလိုက်လို့ ရပါတယ် ..." 


"သူက သဘောမတူရင်ရော ..." 


"သူ သဘောတူပြီးသားပါ ..." 


လင်းလဲ့ယန်က ဤခရီးကို ပြင်ဆင်မှုတစ်စုံတစ်ရာ မပါဘဲ လက်ဗလာဖြင့် လာခဲ့ခြင်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ကွမ်ရှီစတူဒီယိုမှ အနုပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကွမ်ရှီကလည်း ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံထားသည့်အတွက် ဟူမင်အနေဖြင့် သဘောမတူနိုင်စရာအကြောင်း မရှိပေ။ ထို့အပြင် The Zerg Wars ၏ ဇာတ်ကောင်ကို ရခဲ့ပါလျှင် The Lover ၏ ကျော်ကြားမှုကိုပါ မြှင့်တင်နိုင်ရာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်သည့်နှယ်ပင်ဖြစ်သည်။ 


ငါတို့တွေ လမ်းခွဲလိုက်ပြီ ဆိုပေမယ့် ကျိကောရဲ့ နာမည်ကတော့ အသုံးဝင်နေသေးတုန်းပဲ ငါသာ အမြန်ဆုံး ကျိကောရဲ့ဘေးမှာ ဘေးချင်းယှဉ်ရပ်နိုင်ရင် ပြန်တွဲနိုင်မှာပဲ ငါတို့ရဲ့ ဆက်ဆံရေးကလည်း‌ ချောချောမွေ့မွေ့ ဖြစ်သွားမှာ သေချာတယ် ကျိကောပြောတာ ဟုတ်တယ် ခံစားချက်ဆိုတာ အသွားအပြန် ရှိရမှာ ... 


ထိုအကြောင်း တွေးကြည့်လိုက်သည့်အခါ ထိုရုပ်ရှင်တွင် ပါဝင်ချင်သည့် လင်းလဲ့ယန်၏ စိတ်ဆန္ဒတို့ ပို၍ပင် ပြင်းထန်လာတော့သည်။ 


ကျိမြန်က မသိမသာ မျက်မှောင်ကြုတ်ကာ ရှောင်ကျားရှုကို မေးလိုက်သည်။ 


"မင်းရဲ့ အားသာချက်တွေကရော ..." 


ရှောင်ကျားရှုက နီရဲရဲနှုတ်ခမ်းကို လျာဖြင့်သပ်လျက် အလေးအနက် ပြောလိုက်သည်။ 


"ကျွန်တော့်ရဲ့ အားသာချက်တွေက အရမ်းကို သိသာပါတယ် ပထမဆုံးအချက်အနေနဲ့ ကျွန်တော်က နိုင်ငံခြားမှာ နှစ်တွေအကြာကြီး စာသင်ခဲ့တော့ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားလိုမျိုး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ် အဲဒါကြောင့် ဇာတ်ညွှန်းစာသားတွေနဲ့ ပတ်သက်ပြီး ဘာမှ မခဲယဉ်းဘူး ဒုတိယတစ်ချက်အနေနဲ့ ..." 


သူက ရုတ်ချည်း မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ခုံပေါ်ထောက်လျက် မျက်နှာကို ကျိမြန်နားသို့ ကပ်ကာ မျက်နှာပြောင်တိုက် မေးလိုက်သည်။ 


"ကျိကော ကျွန်တော့်မျက်နှာကို ကြည့်ကြည့်လိုက်ပါဦး မချောလွန်းဘူးလား ..." 


Xxxxxxx