အပိုင်း ၈၈
Viewers 44k

Chapter 88


သူက ရုတ်ချည်း မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ခုံပေါ်ထောက်လျက် မျက်နှာကို ကျိမြန်နားသို့ ကပ်ကာ မျက်နှာပြောင်တိုက် မေးလိုက်သည်။ 


"ကျိကော ကျွန်တော့်မျက်နှာကို ကြည့်ကြည့်လိုက်ပါဦး မချောလွန်းဘူးလား ..." 


ခပ်နွေးနွေးလေငွေ့တို့ကို အနီးကပ် ခံစားလိုက်ရသည့် ကျိမြန်မှာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားကာ မျက်နှာလှလှလေး၏ အနီးကပ် ဆွဲဆောင်ခြင်းကို ခံလိုက်ရတော့သည်။ 


ကျိကောက အချိန်အတော်ကြာသည်အထိ ပြန်မဖြေသည့်အတွက် ရှောင်ကျားရှုက ဆက်ပြီး တွန်းအားပေးလိုက်သည်။ 


"ကျွန်တော့်အသားအရေကိုလည်း ကြည့်ပါဦး ဝက်ခြံတွေ ချွေးပေါက်ကျယ်တာတွေ ရှိလား ပြစ်ချက်တစ်ခုလောက်ပဲ ရှာတွေ့ရင်ကို ဒီဇာတ်လမ်းကို လက်လျော့လိုက်တော့မယ် ..." 


ထိုသို့ပြောရင်း ခေါင်းကို ဘယ်ပြန်ညာပြန်လှည့်ကာ သူ့မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ သူ့ပုံစံမှာ ကိုယ့်ကိုယ်ကို အလွန်အကျူး ချစ်ခင်တတ်သူနှင့် တစ်စထက်တစ်စပင် ပိုပြီး တူလာတော့သည်။ 


ကျိမြန်၏ မျက်ဝန်းတို့မှာ ယခင်ထက်ပင် ပြူးကျယ်နက်ရှိုင်းလာတော့သည်။ သူ့အကြည့်တို့မှာ ရှောင်ကျားရှု၏ မျက်နှာပေါ်တွင်သာ ကပ်ငြိနေပြီး ဖယ်ခွါနိုင်ခြင်း အလျဉ်းမရှိတော့။ 


ရှောင်ကျားရှုက သူ့မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ကို တစ်ခုချင်း ညွှန်ပြရင်း ပြောလိုက်သည်။ 


"သူက စွမ်းအားအကြီးဆုံး စက်ရုပ်ခေါင်းဆောင်ဆိုတော့ ရုပ်ရည်ကလည်း ပြစ်မျိုးမှဲ့မထင် ဖြစ်ရမှာလေ ကျွန်တော့်ရဲ့ အသားအရေက စမ်းသပ်ချက် အောင်မြင်တယ် မဟုတ်လား ကျွန်တော့်ရဲ့ မျက်နှာအစိတ်အပိုင်းတွေကိုလည်း တစ်ချက်လောက် ကြည့်လိုက်ပါဦး မျက်ခုံးလေးက မထူဘူးလား နှာတံလေးဆိုလည်း ဖြောင့်တန်းလို့ နှုတ်ခမ်းလေးကလည်းနီ မျက်လုံးလေးကလည်း တောက်ပနေသေးတယ် ..." 


သူက A4 စာရွက်တစ်ရွက်ကိုယူကာ မျက်နှာညာဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းကို တစ်လှည့်စီ အုပ်ကာ ပြောလိုက်သည်။ 


"ကြည့်ပါဦး မျက်နှာကလည်း လုံးဝကို အချိုးအစားကျနေတာနော် အစိတ်အပိုင်းတွေဆိုတာကလည်း အကုန် ချောမောနေရောပဲ အသားအရေဆိုလည်း နူးညံ့ချောမွေ့နေတာ အသိဉာဏ်တုတွေနဲ့ ပြုပြင်ထားတဲ့ အဆင့်မြင့်စက်ရုံတွေကမှ ဒီလိုရုပ်ရည်မျိုးကို ဖန်တီးနိုင်တာလေ ကျွန်တော့်ရုပ်ရည်က သေချာပေါက်ကို အရည်အသွေး ပြည့်မီတယ် ..." 


သူပြောလိုက်လေတိုင်း ကျိမြန်၏ အကြည့်တို့က သူ့မျက်နှာနောက်သို့သာ ကပ်ပါသွားတော့သည်။ 


တစ်ခုခုကို တွေးမိဟန်ဖြင့် သူက ခေါင်းကိုငုံ့ကာ ဆံပင်ကို ယမ်းခါလျက် ဆက်ပြောလိုက်သည်။ 


"ကျိကော ကျွန်တော့်ဆံပင်တွေကိုလည်း ကြည့်လိုက်ပါဦး နက်မှောင်တောက်ပပြီးတော့ အရမ်းကို ကျော့ရှင်းနေတာ အတုနဲ့တူလား ပိုးသားလေးနဲ့ မတူဘူးလား ..." 


ဆံဖျားဆီမှ ချိုမြမြ မွှေးရနံ့က လေအဝေ့တွင် ပျံ့လွင့်လာသည့်အတွက် ကျိမြန်၏ စိတ်အစုံမှာ မသက်မသာ ဖြစ်လာတော့သည်။ 


"ကိုယ်ခန္ဓာအချိုးအစားကိုလည်း ကြည့်ပါဦး ဝလည်းမဝဘူး ပိန်လည်းမပိန်ဘူး အနေတော်ပဲ ကျွန်တော့်ထက် ကြည့်ကောင်းတဲ့ သရုပ်ဆောင်မျိုး ဘယ်နား သွားရှာမလဲ ..." 


သူက ဗိုက်ကိုပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။


သူ့ခါးကို စိုက်ကြည့်လိုက်သည့် ကျိမြန်၏ အကြည့်တို့မှာ ရုတ်ချည်း တည်ငြိမ်သွားတော့သည်။ နူးညံ့သည့် အသားစိုင်ပျော့အိအိတို့ကို လက်ညှိုးထိုးပြလျက် မေးလိုက်သည်။ 


"ဒါက ဘာလဲ ..." 


ရှောင်ကျားရှုလည်း ငုံ့ကြည့်လိုက်ရာ သူ့ခါးသေးသေးလေးကို ခါးပတ်ဖြင့် တင်းတင်းကြပ်ကြပ် ပတ်ထားမိသည့်အတွက် swimming ring တစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရသည့်အတွက် ပါးနှစ်ဖက်လုံး နီမြန်းသွားတော့သည်။ 


(Swimming ring ကလေ google မှာ ရှာကြည့်သလောက်တော့ ရေကူးတဲ့ ဘောကွင်းပုံတွေပဲ ထွက်လာပါတယ် ဒါပေမယ့် ဒီနေရာမှာ သူပြောချင်တာက ခါးပတ်ကို ကြပ်နေအောင် ပတ်လိုက်လို့ ဗိုက်ခေါက်လေး ထွက်နေတာကို ပြောချင်တာ ထင်ပါတယ် )


"အဲဒါ ခါးပတ်က တအားကြပ်နေလို့ပါနော် နည်းနည်းလောက် လျော့လိုက်ရင် ဒါတွေ မရှိတော့ပါဘူး တကယ်ပြောတာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ်ကို ကောင်းတယ် ပိန်လည်းမပိန်၊ ဝလည်းမဝဘူး စံပုံစံအတိုင်းပဲ ..." 


သူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။ 


"ကျိကော စာသားတွေအရပဲဖြစ်ဖြစ် ရုပ်ရည်သွင်ပြင်အရပဲဖြစ်ဖြစ် ကျွန်တော်က လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးပဲ ကော မယုံရင် ကျွန်တော်နဲ့ရွယ်တူ တစ်ခြားအနုပညာရှင်တွေကို ကြည့်ကြည့်လိုက်လေ ဘယ်တစ်ယောက်က ကျွန်တော့်ထက် ပိုချောလို့လဲ ပြီးတော့ လက်တလော ကျွန်တော့်မှာ အလုပ်လည်း မရှိတဲ့အတွက် "The Zerg Wars" ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီးတော့ကို ရိုက်လို့ရတယ် ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း တကယ်ကို ကောင်းတယ်လေ ကောတောင် ကျွန်တော့်ကို ခဏခဏ ချီးကျူးဖူးတယ် မဟုတ်လား ..." 


ထိုသို့ပြောပြီးကာမှသာ သူ့လုပ်ရပ်တို့ကို ပြန်သုံးသပ်မိသွားတော့သည်။ 


အကျိုးတော့ နည်းပါပြီ ဇာတ်ကောင်က စက်ရုပ်မဟုတ်လား စက်ရုပ်ဆိုရင် ဘာခံစားချက်မှ ရှိလို့မရဘူးလေ အဲဒါကို ဘာလို့ ဒီလောက် စကားတွေအများကြီး ပြောလိုက်ရတာလဲ ဖော်ပြချက်တွေ ဘယ်လောက်တောင် ပေါပေါသီသီ ချပြလိုက်မိတာပါလိမ့် မိတ်ဆက်လို့တောင် မပြီးသေးဘူး ကျိကောက မရွေးတော့ရင် ဘယ်လိုလုပ်မလဲ ... 


ရုတ်ချည်းပျာယာခတ်သွားကာ ပါးစပ်ကို အသေပိတ်ထားလိုက်တော့သည်။ လည်စည်းကို ပြန်ပြင်ကာ ဆံပင်ကို ဖြီးသင်လျက် ခြေချိတ်ပြီး မျက်နှာသေဖြင့် ထိုင်နေလိုက်သည့် သူ့ပုံစံမှာ ချက်ခြင်းလက်ငင်းပင် လူရွှင်တော်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းအဖြစ် ပြောင်းလဲသွားတော့သည်။ သို့သည့်တိုင် ဇာတ်လမ်းတွဲတွင် ပါဝင်လိုသည့် ဆန္ဒကိုမူ မထိန်းချုပ်နိုင်သေးသည့်အတွက် စကားတစ်ခွန်းကို ခပ်ဖြည်းဖြည်း ထပ်ပြောလိုက်သေးသည်။ 


"ကျိကော ကျွန်တော် စကားမပြောတဲ့အချိန်ဆို စိတ်က တော်တော်လေး တည်ငြိမ်ပြီး မျက်နှာကလည်း တကယ်ကို အေးစက်နေတာ ဘာအမူအယာမှကို ပေါ်မလာဘူး ဘယ်လိုထင်လဲဟင် ..." 


ကျိမြန်က ခေါင်းကိုငုံ့ကာ လက်သီးဆုပ်ကို ပါးစပ်နားကပ်လျက် ကွဲအက်သော လေသံဖြင့် ပြောလိုက်သည်။ 


"မင်းရဲ့ အားသာချက်တွေကို သိပါပြီ ငါ ထပ်စဉ်းစားပါရစေဦး ..." 


သူ၏ အရှက်ကင်းမဲ့သည့် လုပ်ရပ်များကြောင့် ကြက်သေသေနေသော ယဲ့ရှီနှင့် လင်းလဲ့ယန်မှာမူ အသိစိတ်ပင် ပြန်ဝင်မလာတော့။ သူတို့၏ အေးဂျင့်များကလည်း ဟွမ်မိန်ရွှမ်ကို လှမ်းကြည့်ကာ တစ်ညီတစ်ညွတ်တည်း လက်မ ထောင်ပြလိုက်တော့သည်။ 


ကိုယ့်ကိုယ်ကို ပရိုမိုးရှင်းဆင်းတဲ့နေရာမှာတော့ ရှေးခေတ်လူ‌တွေရော အခုခေတ်လူတွေပါ ဒုတိယသခင်လေးရှောင်ကို အတုယူရမှာ ... 


ဟွမ်မိန်ရွှမ်မှာမူ လက်တစ်ဖက်က နဖူးကိုဖိကာ ကျန်လက်တစ်ဖက်ကို လက်သီးဆုပ်ထားလျက် ရှောင်ကျားရှုကို အသေရိုက်သတ်ချင်စိတ်များအား မနည်း ထိန်းချုပ်ထားရတော့သည်။ ထိုအခါမှသာ သူမလည်း ဆိုရိုးတစ်ခုကို သတိရသွားတော့၏။ 


ငါတို့က ရယ်ရဖို့အတွက်ဆို အလေးအနက် လုပ်ကြတယ် ... 


ရှောင်ကျားရှုကို လူရွေးပွဲဝင်ဖြေဖို့ ခေါ်လာခဲ့မိတဲ့ ငါကိုက ဦးနှောက်မရှိတာ ... 


ထိုအချိန်မှာမူ ကျိမြန်ထံသို့ မိတ်ဆက်စာများ ထပ်မံ ရောက်ရှိလာပြန်သည့်အတွက် ၎င်းတို့ကို တစ်ခုချင်း ဖွင့်ဖတ်နေရတော့သည်။ 


ယဲ့ရှီနှင့် လင်းလဲ့ယန်တို့မှာ အသက်ပင် ပြင်းပြင်းမရှူရဲ။ ရှောင်ကျားရှူမှာ စိတ်မဖိစီးဟု ထင်ရနိုင်သော်ငြား စိတ်ထဲတွင်မူ စူးစူးရဲရဲ အော်ဟစ်နေမိပြီဖြစ်သည်။ 


သူက The Zerg Wars ကို တကယ်ကြီး ကြိုက်တာ ပြီးတော့ အဲဒီ့ရုပ်ရှင်ထဲမှာလည်း တကယ်ကို သရုပ်ဆောင်ချင်တာ မျက်နှာပျက်ရမှာ ကြောက်လို့သာ မဟုတ်ရင် စားပွဲခုံအောက်ဝင်ပြီး နောက်ထပ် အခွင့်အရေး ပေးပါလို့ ကျိကောကို ခြေထောက်ဖက် တောင်းပန်နေမိပြီ ... 


ကျိကော မြန်ကော ကျိမြန်ကော ကျွန်တော် ဒီဇာတ်ကောင်နေရာကို အကောင်းဆုံး သရုပ်ဆောင်ပါ့မယ် ကျွန်တော့်ရဲ့ ရိုးသားလှတဲ့ မျက်ဝန်းလေးတွေကိုလည်း တစ်ချက်လောက် ကြည့်ပေးပါဦး ... 


ရှောင်ကျားရှုက ခေါင်းကိုစောင်းကာ မျက်စိတစ်ဖက် မှိတ်ပြလျက် ချစ်စရာကောင်းအောင် လုပ်ပြမည် ပြင်လိုက်ပြီးကာမှ စက်ရုပ်ဇာတ်ကောင်ကို သတိရသွားသည့်အတွက် အချိန်မီ ရပ်တန့်လိုက်တော့သည်။ သူ၏ ချောမောလှသည့် မျက်နှာမှာ ယခင်ထက်ပင် ပိုပြီး တင်းမာသွား‌တော့၏။ 


ကျိမြန်က ချောင်းဟန့်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။ 


"သေချာပေါက် ကွမ်ရှီက လူတွေကို ဦးစားပေးမှာပါ ဒါပေမယ့် တစ်ခြားကုမ္ပဏီက သင့်တော်တဲ့သူ ရှိရင် သူတို့ကိုပါ ထည့်စဉ်းစားပေးမှာ တတိယပိုင်းက The Zerg Wars ရဲ့ နောက်ဆုံးပိုင်း ဖြစ်လိမ့်မယ် အဲဒါကြောင့် ငါ့အနေနဲ့ သေချာစဉ်းစားမှ အဆင်ပြေမှာဆိုတော့ အရင်ဆုံး ပြန်သွားလိုက်ကြပါ နောက်ရက်နည်းနည်းလောက်ကြာမှ အကြောင်းကြားလိုက်မယ် ..." 


"ဟုတ်ကဲ့ပါ မစ္စတာကျိ ..." 


ယဲ့ရှီနှင့် လင်းလဲ့ယန်တို့က ချက်ခြင်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။ 


ရှောင်ကျားရှုကမူ တစ်ခုခု ပြော‌လိုသေးဟန်ဖြင့် တံခါးဝတွင် ရစ်သီရစ်သီ လုပ်နေသည်။ သို့သော် ထုတ်လည်း မပြောရဲသည့်အတွက် အနည်းငယ် ဝမ်းနည်းနေဟန်ပင်။


သူက ကျိကောရဲ့ သားအရင်း မဟုတ်ဘူးဆိုပေမယ့် ကွမ်ရှီနဲ့ စာချုပ်ချုပ်ထားတဲ့သူပဲဆိုတော့ ခေါင်းကိုင်သားလို့တော့ ပြောလို့ရတယ် မဟုတ်လား တစ်ခြားသူတွေထက်တော့ အခွင့်အရေး ပိုရလောက်ပါတယ်နော် ကျိကောကို သီးသန့်ညစာ ဖိတ်ကျွေးသင့်လား ထားလိုက်ပါ ကျိကောက အလုပ်ကို တင်းတင်းကြပ်ကြပ်နဲ့ အလေးအနက်ထားပြီး လုပ်တတ်တဲ့သူမျိုးဆိုတော့ သူ့ လိုအပ်ချက်နဲ့ မကိုက်ရင်‌တော့ ထမင်းဘယ်နှကြိမ် ဖိတ်ကျွေးကျွေး အလကားပဲနေမှာ ပိုပြီးတောင် အဆိုးမြင်သွားလိမ့်ဦးမယ်..." 


ထိုသို့တွေးရင်း တံခါးဝနားဆီမှ အတင်းအကြပ် ထွက်လာလိုက်တော့သည်။ သူ့စိတ်တို့မှာမူ တတိယရုပ်ရှင်၏ ဇာတ်ကြောင်းတို့ဖြင့်သာ ပြည့်နှက်နေသည်။ 


ဟွမ်မိန်ရွှမ်က သူ့ကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ 


"လာ ငါနဲ့ ၂၁ လွှာကို လိုက်ခဲ့ ..." 


"


"၂၁ လွှာက ဘာလို့လဲ ကျွန်တော် သရုပ်ဆောင်အတန်း သွားတက်ရဦးမှာလေ ..." 


"Happy Comedian အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ဖို့ လျှောက်လွှာသွားတင်ချေ မင်းသာ အရွေးခံရရင် တစ်နှစ်စာချန်ပီယံဖြစ်မှာ သေချာတယ် ..." 


"မိန်ရွှမ်ကျဲ အတည်ပြောတာလား နောက်နေတာလား Happy Comedian နဲ့ The Zerg Wars အချိန်တွေ တိုက်ကုန်မှာပေါ့ ..." 


နှစ်ဦးသား စကားတပြောပြောဖြင့် အဝေးရောက်သွားကာမှ ကျိမြန်က နဖူးကို ကိုင်လျက် ခပ်ဖွဖွ ရယ်မောလိုက်တော့သည်။ 


ထို့နောက် ဖန်ခွင်းက ဓာတ်ပုံအထပ်လိုက်ကြီး သယ်လာကာ ပြောလိုက်သည်။ 


"ဒါက အရည်အချင်းမီတဲ့ သရုပ်ဆောင်တွေ ကျိကော တစ်ချက်လောက် ရွေးကြည့်လိုက်ပါဦး ကျွန်တော် သူတို့ကို အင်တာဗျူး လာဖြေဖို့ အကြောင်းကြားလိုက်မယ် ဇာတ်ညွှန်းမရှိဘဲ လူရွေးပွဲ စီစဉ်ဖို့ဆိုတာက သိပ်တော့ မလွယ်ဘူး ဒါပေမယ့် အနည်းဆုံးတော့ တွေ့ပြီး စကားလေး ပြောကြည့်ပေါ့ ..." 


ဓာတ်ပုံအယ်လ်ဘမ်တစ်ခုလုံး ထူးကဲလှသည့် ရုပ်ရည်သွင်ပြင်၊ ခန္ဓာကိုယ်အချိုးအစားနှင့် ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ပိုင်ရှင် အနုပညာရှင်တို့၏ ဓာတ်ပုံများဖြင့် ပြည့်နှက်နေသည်။ ကျိမြန်က တစ်ရွက်ချင်း လှန်ကြည့်လိုက်သော်ငြား သူ့စိတ်ကမူ အနီးကပ်မြင်လိုက်ရသည့် ရှောင်ကျားရှု၏ မျက်နှာလေးကိုသာ တဝဲလည်လည် မြင်ယောင်နေပေသည်။ ချွေးပေါက်နှင့် ဝက်ခြံဟူ၍ တစ်ခုမျှပင်မရှိ။ အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူဖွေးကာ တင့်တယ်လှပသည့် မျက်ခုံးနှင့် မျက်ဝန်းတစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ခါးပေါ်ရှိ ဗိုက်ခေါက်သေးသေးလေးမှာလည်း အလွန်နူးညံ့မည့်ပုံပင်။ 


သူက အယ်လ်ဘမ်ကို သတိလက်လွတ် ပိတ်ကာ ခေါင်းကိုယမ်းလျက် အသာရယ်မောလိုက်တော့သည်။ 


ဖန်ခွင်းက တအံ့တဩ မေးလိုက်၏။ 


"တစ်ယောက်မှ သဘောမကျဘူးလား ..." 


ရှောင်ကျားရှုသာ ပြဿနာ မရှာရင် ကျိမြန်က ဘယ်တစ်ယောက်ကို အထင်သေးမှာလဲ ... 


"ငါထင်တယ် လူတွေအများကြီး ငါ့ကို လာဆက်သွယ်ကြတော့မှာ ကူပြီး တားပေးထားဦး ဒီအကြောင်း စဉ်းစားရဦးမယ် ..." 


"စိတ်ထဲမှာ ရွေးထားပြီးသား ရှိတယ် မဟုတ်လား ..." 


"ဒီလိုပြောလည်း ရပါတယ် ..." 


ကျိမြန်မှာ ရှောင်ကျားရှု၏ မျက်နှာလှလှကို သူ့အာရုံထဲမှ မောင်းထုတ်နိုင်ရန် မနည်းပင် ကြိုးပမ်းလိုက်ရတော့သည်။  


အလှအပရဲ့ ဖမ်းစားခြင်းကို ခံရတာ ဘယ်လိုမျိုးလဲဆိုတာ ဒီနေ့မှ သဘောပေါက်သွားသလိုပဲ ... 


နားနေခန်းသို့ ပြန်ရောက်လာသော ရှောင်ကျားရှုမှာလည်း တွေးလေလေ လုံလုံလောက်လောက် မကြိုးစားခဲ့ဟု ခံစားရလေဖြစ်သည်။ ဟွမ်ကျိကျင်းကို ခွင့်တိုင်ကာ ဥက္ကဌရုံးခန်းရှိ ရှို့ချန်ယုကို သွားတွေ့လိုက်တော့သည်။ ဟွမ်မိန်ရွှမ်ကမူ သူ၏ အရှက်မဲ့မှုအပေါ် လုံးဝ လက်မြှောက်လိုက်ပြီဖြစ်သည်။ 


"အန်ကယ်ရှို့ အခုတလော ဘာတွေ လုပ်နေတာလဲ ဘာလို့ တစ်ချိန်လုံး မတွေ့ရတာလဲ ..." 


သူက ဦးစွာ လောကဝတ်စကား ဆိုလိုက်သည်။ 


"အခုတလော လေ့ကျင့်ရေး ဆင်းနေတာလေ ကိုယ့်ကိုယ်ကို ပြောင်းလဲချင်လို့ ..." 


ရှို့ချန်ယုက ပြုံးကာ ပြောလိုက်သည်။ 


"The Zerg Wars အတွက် ရောက်လာတာလား ..." 


ရှောင်ကျားရှုက လက်ကိုယမ်းလျက် ပြန်ဖြေလိုက်သည်။ 


"အန်ကယ်ရှို့ ကျိကောကို သွားပြီး ဖိအားမ‌ပေးပါနဲ့ ကျွန်တော် ဓာတ်ပုံလေး နည်းနည်းလောက်‌ရိုက်ဖို့ အန်ကယ့်ဆီကနေ စတူဒီယို ခဏငှားချင်လို့ပါ ကျွန်တော့်ရဲ့ ကြိုးစားမှုက မလုံလောက်တော့ ကောင်းကောင်း အင်တာဗျူး ‌မဖြေခဲ့ရဘူးလို့ ခံစားရလို့ အဲဒါကြောင့် ပိုပြီး ကြိုးစားပြရမယ်လေ ..." 


"စတူဒီယို ငှားဖို့လား ပြဿနာ မရှိပါဘူး ဆိုင်မွန်ကို ဖုန်းခေါ်လိုက်ဦးမယ် ..." 


သူက ကွမ်ရှီ၏ အကောင်းဆုံး ဓာတ်ပုံဆရာနှင့် စတိုင်လစ်တို့ကို ဆက်သွယ်ပြီးကာမှ လက်ကိုယမ်းလျက် ပြောလိုက်သည်။ 


"အိုကေ နှစ်ယောက်လုံး မင်းကို စတူဒီယိုတစ်မှာ စောင့်နေကြတယ် သွားလိုက်‌လို့ရပြီ ..." 


"ကျေးဇူးတင်ပါတယ် အန်ကယ်ရှို့ ..." 


ရှောင်ကျားရှုက သူ့ကို ဝမ်းပန်းတသာ ကျေးဇူးတင်ကာ ပြန်ထွက်သွားကာနီးမှ စပ်စပ်စုစု မေးလိုက်သည်။ 


"ဒါနဲ့ ဘယ်လိုပြောင်းလဲမှုမျိုး လုပ်မလို့လဲဟင် အနုပညာရှင်လည်း မဟုတ်ဘဲနဲ့ကို ..." 


"အေးဂျင့်အဖြစ် ပြောင်းလဲမလို့လေ အသက်တွေ ကြီးလာပြီဆိုတော့ နည်းနည်းလေး စိန်ခေါ်မှုများတဲ့ အလုပ်မျိုး ပြောင်းလုပ်ဖို့ လိုလာပြီပေါ့ ..." 


ရှို့ချန်ယုက ချောင်းဟန့်ရင်း မသက်မသာ ပြောလိုက်သည်။


Xxxxxx