အပိုင်း ၈၉
Viewers 43k

Chapter 89


ရှောင်ကျားရှုကမူ သူ့ကို အားပေးဟန်ဖြင့် လက်ယမ်းပြရင်း မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ပြန်ထွက်သွားတော့သည်။


 စတူဒီယိုနံပါတ်တစ်သို့ ရောက်သည့်အခါ ဟွမ်မိန်ရွှမ်က နံရံကို မှီရပ်လျက် သူ့ကို စောင့်နေပြီး ရိုက်ကူးရေးအဖွဲ့သားအားလုံးလည်း အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။ စတိုင်လစ်များက သူ့အနား ရောက်လာကာ တက်တက်ကြွကြွ မေးလိုက်သည်။ 


"ဒုတိယသခင်လေး ဘယ်လိုပုံစံမျိုး ဝတ်ချင်လဲ မိတ်ကပ်ကရော ဘယ်လိုစတိုင်မျိုး လိုချင်လဲ ဒီမှာ နမူနာတွေ ရှိတယ် တစ်ခုလောက် အရင်ဆုံး ရွေးကြည့်လိုက်မလား ..." 


"စစ်ယူနီဖောင်း ခေတ်ရှေ့ပြေးလေ ကောင်းလေပဲ မိတ်ကပ်ကတော့ ပြီးပြည့်စုံပြီး ရှင်းသန့်နေတဲ့ ပုံစံမျိုးပဲ ပြင်ပေးပါ ..." 


ရှောင်ကျားရှုက လက်ဟန်ခြေဟန်ပြကာ ရှင်းပြလိုက်သည်။ ဓာတ်ပုံဆရာက သူအလိုရှိသည့် ဝတ်စုံမျိုးကို အမြန်ပင် ရှာဖွေပေးလာကာ ကြည်းတပ်၊ရေတပ်နှင့် လေတပ်တို့၏ ယူနီဖောင်းများကို အပြည့်အစုံ ယူလာပေးလိုက်သည်။ အပြာ၊ အစိမ်းနှင့် အဖြူဟူ၍ အရောင်သုံးရောင်ရှိကာ မည်သည့်အရောင်မဆို သူနှင့် လိုက်ဖက်နေသည်။ ရှည်လျားလှသည့် ခါးပတ်တစ်ချောင်းက သေးသွယ်သွယ်ခါးကို ရစ်ပတ်နှောင်ဖွဲ့ထားကာ စစ်ဖိနပ်စီးထားသည့် ‌ခြေတံရှည်တစ်စုံနှင့် အရောင်ထပ်ဖြည့်ထားသည့် မျက်ခုံးတစ်စုံတို့ကြောင့် ညှို့ဓာတ်တို့ အလွန်အမင်း လျှံထွက်နေတော့သည်။ 


ဆိုင်မွန်မှာ ဓာတ်ပုံအရေအတွက် များလာလေ ပိုပြီး စိတ်လှုပ်ရှားလာသည့်အတွက် သခင်လေးရှောင် ပြုံးရယ်လာစေရန် ကြိုးစားမိလာလေပင်ဖြစ်သည်။ သို့သော် ဒုသခင်လေးမှာမူ မရယ်မပြုံး၊ ကျောက်စရစ်တုံးကဲ့သို့ တင်းမာခက်ထန်နေသည့်တိုင် မီးမောင်းထိုးထားသည့်နှယ် တောက်ပလင်းလက်နေဆဲဖြစ်သည်။ လှုပ်ရှားမှုတို့က မြဲမြံကာ ခပ်မတ်မတ်ထိုင်ကာ ကင်မရာကို စိုက်ကြည့်နေသည့် အကြည့်တို့တွင် နွေးထွေးမှုဟူ၍ တစ်စုံတစ်ရာမှ မရှိ။ မသိမသာ ပင့်တင်ထားသော မေးရိုးကြောင့် များစွာ အထက်စီးဆန်ပုံ‌ ပေါ်သွားပြီး မြင်သူတိုင်း ကြောက်ရွံ့သွားရတော့သည်။ 


"ကောင်းတယ် သိပ်ကောင်းတယ် ဒီပုံတွေကိုသာ အွန်လိုင်းပေါ် တင်လိုက်ရင် မင်းရဲ့ ပရိသတ်တွေကတော့ ရူးကုန်တော့မှာပဲ ပုံတွေကို ပြန်ပြင်ဖို့တောင် မလိုတော့ဘူး အသားအရေ မျက်နှာအစိတ်အပိုင်း အကုန်လုံး perfect ပဲ နည်းနည်းလောက် အလင်းအမှောင် ပြန်ချိန်ပြီးတာနဲ့ တိုက်ရိုက်သုံးလိုက်လို့တောင် ရနေပြီ ..." 


ဆိုင်မွန်က ရိုက်ကူးထားသည်များကို ပြန်ကြည့်ရင်း ပြောလိုက်သည်။ 


"အယ်လ်ဘမ်က ဘယ်အချိန်ဆို အဆင်သင့်ဖြစ်လောက်လဲ ..." 


ရှောင်ကျားရှုမှာ အနည်းငယ် ပူပန်နေဟန်ပင်။ 


"သန်ဘက်ခါလောက်ပေါ့ ..." 


"ဒီလောက်တောင် ကြာတယ်လား ဒါဆို ကျွန်တော့်ကို နဂ္ဂတစ်တွေပဲ အရင်ပို့ပေးလို့ ရမလား WeChat မှာ add လိုက်မယ်လေ ..." 


သူက ဖုန်းကို ထုတ်ပေးလိုက်သည်။ 


အလှအပ မြတ်နိုးသူ ဆိုင်မွန်က တစ်လုံးမျှပင် စောဒကမတက်ဘဲ add ကာ ဓာတ်ပုံများကို တစ်ပုံချင်း ပို့ပေးလိုက်သည်။ ရှောင်ကျားရှုက အိမ်ပြန်ရောက်သည့်အခါ ပုံများကို သူကိုယ်တိုင် ပြန်ပြင်ပြီး ကျိမြန်ထံ ပို့ပေးလိုက်တော့သည်။ 


ထိုအချိန်တွင် ကျိမြန်မှာ စာအုပ်ဖတ်ပြီး၍ အိပ်ယာမဝင်ခင် ဖုန်းသုံးရန် ဖုန်းကို ကောက်ကိုင်ကာစ ဖြစ်သည်။ WeChat နှင့် QQ တို့မှ စာတိုများစွာ ဝင်နေကာ အားလုံးမှာ လူရွေးပွဲအတွက် မေးမြန်းထားသည်များပင်ဖြစ်သည်။ တစ်ယောက်လျှင် စာတိုတစ်ဒါဇင်ခန့်အထိ အပူတပြင်း ပို့လာကြပြီး ရှောင်ကျားရှုပင်လျှင် ရှားရှားပါးပါး ၃၆ စောင် ပို့လာသေးသည်။ 


သူက မျက်ခုံးကို အသာပင့်ကာ တစ်ချက်မျှပင် မတွေးဘဲ ရှောင်ကျားရှု၏ စာများကို ဝင်ကြည့်လိုက်တော့သည်။ ထို့နောက်တွင်တော့ ကြက်သေသေသွားတော့၏။ 


ချောမောလှသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ငွေမင်ရောင်စက်ဝန်းနှစ်ခု ဝိုင်းရံထားသည့် မဟူရာရောင် မျက်ဆံနှစ်ခုမှာ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေပြီး ခံစားချက်မရှိ၊ နွေးထွေးမှုမှာလည်း ဗလာနတ္ထိ၊ စိုက်ကြည့်ခံရသူ၏ စိတ်ဝိဉာဉ်ကို ဆွဲထုတ်ယူသွားတော့မည့်နှယ်ပင်။ ချောမွေ့လှသည့် အသားအရေမှာ ငွေမှုန်တစ်လွှာ ဖုံးအုပ်ခံထားရကာ နှင်းစက်အချို့ ကျဆင်းမှုကြောင့် အနည်းငယ် စိုစွတ်နေသည်။ နီရဲနေသော နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားသည့်တိုင် ထိုသည်ကပင် မြင်သူတိုင်းအဖို့ မြည်းစမ်းကြည့်လိုစရာပင်။ 


ဓာတ်ပုံထဲရှိ အမျိုးသားမှာ နတ်ဘုရားတစ်ပါးသဖွယ် အေးစက်ချောမောလှသည်။ ဝတ်ဆင်ထားသော စစ်ယူနီဖောင်းကြောင့် သူ့အနားသို့ ကပ်လိုသည့်တိုင် ပြီးပြည့်စုံလွန်း၍ မကပ်ရဲသည့် ခံစားချက်မျိုး ရရှိနေသည်။ လူသားတို့ ဖန်တီးထားသည့် အသိဉာဏ်တုမှအပ မည်သည့်သေမျိုးမှ ဤကဲ့သို့ ပြီးပြည့်စုံနိုင်မည် မဟုတ်ချေ။ 


ကျိမြန်မှာ ထိုဓာတ်ပုံကိုသာ အတော်ကြာ စိုက်ကြည့်နေမိသည့်အတွက် လက်ဖျားထိပ်တို့ပင် ထုံကျင်လာတော့သည်။ ဓာတ်ပုံတစ်ခုစီတိုင်းကို မိနစ်များစွာ စိုက်ကြည့်နေကာ မျက်ဝန်းအစုံမှာလည်း မင်ရောင်သဖွယ် နက်မှောင်လာတော့သည်။ ထို့နောက် ရှောင်ကျားရှု၏ စာကို ဖတ်ရန် အောက်ဆုံးအထိ ဆွဲချလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို နောက်တစ်ကြိမ် လူရွေးပွဲ ပြန်ဖြေခွင့်လေး ပေးပါ ဒီဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့ ကိုယ်စွမ်းရှိသမျှ ကြိုးစားပါ့မယ် ..."


အလွန်အမင်း မြှောက်ပင့်ပြောဆိုခြင်းလည်း မရှိသလို ကိုယ့်အိုင်ဒီယာ‌အပေါ် ဖွဲ့နွဲ့အမွှန်းတင်ထားခြင်းလည်း မရှိ‌သော ရိုးသားလှသည့် တောင်းဆိုချက်က ကျိမြန်၏ နှလုံးအိမ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။ ပုံသုံးဆယ်လုံးကို အကြိမ်ကြိမ်အဖန်ဖန် များစွာ စိုက်ကြည့်ပြီးကာမှ မျက်နှာကို အုပ်မိုးလျက် ကူကယ်ရာမဲ့စွာဖြင့် ညဉ်းတွားလိုက်တော့သည်။ 


ဒီလောကကြီးက မျက်နှာလှလှလေး ပိုင်ဆိုင်ထားတဲ့သူတွေရဲ့ ကမ္ဘာကြီးဆိုတဲ့ စကားက တကယ်ပဲကိုး ... 


...........


ရှောင်ကျားရှုသည် နိုင်ငံခြားတွင် ဆယ်နှစ်ကျော်ခန့် နေထိုင်ခဲ့သူဖြစ်ရာ သူ၏ အလေ့အကျင့်နှင့် တွေးခေါ်ပုံတို့်မှာ အနည်းနှင့်အများ ဟန်ဆောင်မှု ကင်းမဲ့လှသည်။ လူတစ်ယောက်အနေဖြင့် မိမိလိုချင်သည့် အရာအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ကာ ရလဒ်မှာ အရေးကြီးသည့်တိုင် လုပ်ငန်းစဉ်က ပိုပြီး အရေးပါသည်ဟု ခံယူထားသူဖြစ်သည်။ စက်ရုပ်ဇာတ်ကောင်ကို ရနိုင်ရန် အလို့ငှာ ကျိကောရှေ့သို့ နေ့တိုင်းသွားပြီ သူရှိနေသေးကြောင်း မမေ့လျော့သွားစေရေးအတွက် သတိ‌ပေးရန် ဆုံးဖြတ်လိုက်သည်။ 


ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီစေရန် အလို့ငှာ အဝတ်အစားနှင့် ဆံပင်စတိုင်တို့ကိုပင် တမင်တကာ ပြောင်းလဲလိုက်သေးသည်။ ယခင်က သက်တောင့်သက်သာရှိသည့် အဝတ်အစားတို့ကိုသာ ဝတ်ဆင်ခဲ့သော်ငြား ယခုမူ formal ကျသည့် အဝတ်အစားတို့ကို ပြောင်းလဲဝတ်ဆင်ကာ ကပိုကရို ကျဆင်း‌နေသည့် ဆံပင်တို့ကိုလည်း နဖူးနောက်သို့ ဖြီးသင်ထားပြီး ချောမွေ့နေသည့် နဖူးနှင့် အချိုးအဆစ် ညီညာလှသည့် မျက်နှာအစိတ်အပိုင်းတို့ကို လှစ်ဟပြထားသည်။ အသားအရေ တင်းရင်းကာ အစိုဓာတ်ပြည့်ဝနေစေရန် အိပ်ယာဝင်တိုင်း mask တစ်ချပ်ပင် ကပ်လိုက်သေးသည်။ 


ရွှယ်မြောင်မှာလည်း သားဖြစ်သူ၏ စတိုင်အသစ်ကို သတိမထားမိဘဲမနေ။ သူ့အတွက် ဆန်ပြုတ်ပြုတ်ပေးနေရင်း မေးမြန်းလိုက်သည်။ 


"နေပါဦး တို့ရှောင်ရှုမြောင်လေးက ချိန်းတွေ့နေတာတော့ မဟုတ်ပါဘူးနော် ..." 


"မဟုတ်ပါဘူး ဇာတ်ကောင်အသစ်တစ်ခု လိုချင်လို့ အခု အဲဒါအတွက် အဆင်သင့်ဖြစ်နေပါပြီ ..." 


ရှောင်ကျားရှုက နားသယ်စပ်ကို ကုတ်ခြစ်ရင်း ရှင်းပြလိုက်သည်။ 


"အဲဒါက The Zerg Wars ရဲ့ တတိယပိုင်းမှာ ပါလာမယ့်ဇာတ်ကောင် သူက ကမ္ဘာမြေပေါ်မှာ ခွန်အားအကြီးဆုံးနဲ့ ဉာဏ်အကောင်းဆုံးစက်ရုပ် ရုပ်ရည်ပိုင်းဆိုင်ရာမှာလည်း ပြစ်မျိုးမှဲ့မထင်ပဲ ကျွန်တော့်မှာ ဇာတ်ညွှန်းမရသေးတော့ ဇာတ်ကောင်စရိုက်နဲ့ အနီးစပ်ဆုံး တူအောင်ပဲ ကြိုးစားနေရတာ အဲဒါမှ ကျိကောက ကျွန်တော့်ကို အထင်ကြီးသွားမှာ ..."


ရွှယ်မြောင်က သဘောတကျ ရယ်မောကာ အတိတ်အကြောင်း စားမြုံ့ပြန်လိုက်သည်။ 


"ဒါကမှ တကယ် လုပ်သင့်တဲ့ နည်းလမ်းပဲ မားလည်း "Last Hurrah for Chivalry" ရဲ့ အမျိုးသား ဇာတ်လိုက်နေရာကို သရုပ်ဆောင်ချင်ခဲ့ဖူးတယ် စုကျဲကတော့ ခက်လွန်းလို့ အိပ်မက်တောင် မက်မနေနဲ့လို့ ပြောတာပေါ့ ဒါပေမယ့် သူ့စကားတွေကြောင့် နောက်ဆုတ်မသွားဘဲနဲ့ လူရွေးပွဲကို ယောကျာ်း‌လေးပုံစံ ဝတ်စားပြီး သွားဖြေခဲ့တယ်လေ ဖြစ်ချင်တော့ လူရွေးပွဲကို စီစဉ်တဲ့ ဒါရိုက်တာကောင်းက ပြောဖို့စာသားတွေ တစ်ခုမှ မပေးဘူး မားရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ပဲ တစ်ခြား အမျိုးသားသရုပ်ဆောင်တွေ အကုန်လုံးကို ဖိနှိပ်ခဲ့ပြီး ချက်ခြင်း အရွေးချယ်ခံလိုက်ရတယ် စကားပြောဖို့ ပါးစပ်ဟလိုက်ကာကျမှ ယောကျာ်းလေး မဟုတ်မှန်း သိသွားပေမယ့် ဒါရိုက်တာကြီးက မားကို ထုတ်မပစ်ခဲ့ဘူး အဲဒါကြောင့် လူဆိုတာ ရည်မှန်းချက် မရှိဘဲ ရှင်သန်လို့ မရဘူး လိုချင်တဲ့ပန်းတိုင်ရှိရင် အဲဒါကို ရောက်အောင် ကြိုးစားရမယ် တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင်တောင် ကြိုးစားခဲ့တယ်ဆိုကတည်းက ထိုက်တန်ပြီးသားပဲ ..."


"ကျွန်တော် ကြိုးစားမှာပါ ..." 


ရှောင်ကျားရှုက သူမ၏လက်ကို ဆွဲကာ မကျေမနပ် ရေရွတ်လိုက်သည်။ 


"မား ဆံပင်တွေကို မဖွနဲ့တော့ ကျွန်တော် နာရီဝက်တောင် အချိန်ယူပြီး လုပ်ထားရတာ ..." 


"အိုကေ အိုကေ အိုကေ မထိတော့ဘူးနော် နောက်ထပ် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် ကံကောင်းပါစေရှင် ..." 


ဆန်ပြုတ်သောက်နေသော သားဖြစ်သူကို ကြည့်နေမိသည့် ရွှယ်မြောင်၏ အကြည့်တို့တွင် အဆုံးမဲ့လှစွာသော ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသည်။ 


ရှောင်ကျားရှုက ကုမ္ပဏီသို့ နာရီဝက် နောက်ကျပြီးမှ ရောက်လာသည်။ ယခင်လို အပေါ်ထပ်သို့ ချက်ခြင်း တက်မသွားဘဲ ဥက္ကဌကျိ ရောက်လာပါလျှင် သူ့ကို သတိပြုမိနိုင်စေရန် အလို့ငှာ ဧည့်ကြိုကောင်တာရှိ ဝန်ထမ်းလေးများနှင့် စကားစမြည် ပြောပြီးမှ ဓာတ်လှေကားရှိရာသို့ ‌လျှောက်လာလိုက်တော့သည်။ 


"ကောင်းသော မနက်ခင်းပါ ကျိကော ..." 


ဣန္ဒြေအပြည့်ဖြင့် နှုတ်ဆက်နေသည့် သူ့ပုံစံမှာ ယခင်က စိတ်အေးလက်အေး ဖြစ်လှသည့် စတိုင်မျိုးနှင့် များစွာ ကွဲပြားနေပေသည်။ 


"Morning..." 


ကျိမြန်က အသာ ခေါင်းငြိမ့်ပြလိုက်သည်။ 


နှစ်ဦးသား ဓာတ်လှေကားထဲ ဝင်လိုက်ကြကာ ရှောင်ကျားရှုက သူသွားမည့်အထပ်ကို မနှိပ်ဘဲ ကျိမြန်၏ နောက်နားတွင်သာ ရပ်နေလိုက်သည်။ ကျိမြန်ကို အနှောင့်အယှက် မဖြစ်စေရန် အလို့ငှာ စကားတစ်ခွန်းမှ ပြောမည်မဟုတ်၊ နေ့တိုင်း အနောက်မှ တကောက်ကောက်သာ လိုက်နေမည်ဖြစ်သည်။ သို့မှသာ ဇာတ်ကောင်အတွက် လူရွေးရာတွင် သူ့ကို ပထမဆုံး စဉ်းစားမိပေမည်။ 


ဟုတ်တယ် ရှောင်ရှုမြောင် မင်း အရမ်းကို တော်တယ် ... 


သူ့ကိုယ်သူ တိတ်တိတ်လေး ပြန်ချီးကျူးရင်း အလုပ်များနေသဖြင့် ဓာတ်လှေကားနံရံမှ တစ်ဆင့် ခိုးကြည့်ကာ ပြုံးနေသည့် ကျိမြန်ကို သတိမပြုမိလိုက်။ 


ဓာတ်လှေကားက တစ်ဖြည်းဖြည်း ရွေ့လျားသွားသည်။ ရှောင်ကျားရှုက ကျိမြန်အနောက်မှရပ်ကာ မှန်ထဲကို စိုက်ကြည့်နေလိုက်သော်ငြား သူ့ကိုလည်း စကားစမပြောရဲသည့်အတွက် စိတ်ထဲမှသာ တိတ်တိတ်လေး အော်ခေါ်လိုက်သည်။


ကျိကော ကျွန်တော့်ကို ကြည့်ပါ ကျိကော ကြည့်ပါဦး ကြည့်လိုက်ပါဦးလို့ ... 


ကျိမြန်က ရုတ်ချည်း နောက်ပြန်လှည့်လိုက်သည်။ အကြည့်တို့က သူ့ပန်းရောင်နှုတ်ခမ်းပါးထက် ခဏတာ ရစ်ဝဲနေပြီးကာမှ မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည်။ 


ရှောင်ကျားရှုမှာ အနည်းငယ် ကြောင်အသွားသော်ငြား ကျိကောက သူ့ပုံစံအသစ်ကို သတိထားမိသွားသည့်အတွက် တိတ်တိတ်လေး ပျော်မြူးကာ မျက်ခုံးတစ်ဖက်ကို ပြန်ပင့်ပြလိုက်တော့သည်။ 


အာ စက်ရုပ်ဆိုတာ စတိုင်ခပ်မိုက်မိုက်နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ပုံမျိုး ဖြစ်ရမှာလေ ပေါက်ကရတွေလည်း လျှောက်ပြောလို့ မရဘူး ... 


ကျိမြန်က နှုတ်ခမ်းကို ဖိကိုက်လျက် ခေါင်းကို ပြန်လှည့်လိုက်တော့သည်။ 


ဓာတ်လှေကားက ဆက်လက်ရွေ့လျားနေဆဲဖြစ်ကာ‌ ရှောင်ကျားရှုမှာမူ ဆက်ပြီး သည်းခံနိုင်တော့ဟန်မတူ။ စိတ်ထဲမှ အော်ခေါ်နေလိုက်တော့သည်။ 


ကျိကော ကျွန်တော်ကို ရွေးပါ ကျွန်တော့်ကိုပဲ ရွေးပေးနော် သေချာပေါက် ကျွန်တော်တစ်ယောက်တည်းကိုပဲ‌ ရွေးရမယ်နော် ... 


ကျိမြန်က ခေါင်းငုံ့ကာ ချောင်းဟန့်လျက် သူနှင့် ဘေးချဉ်းယှဉ်ရပ်လိုက်သည်။ သူ့အကြည့်တို့က ရှောင်ကျားရှု၏ နှုတ်ခမ်းတစ်စုံပေါ် ကျရောက်လာစဉ်မှာပင် ၂၆ လွှာသို့ ရောက်ရှိသွားတော့သည်။ ကျိမြန်က ဦးစွာထွက်လာကာ လမ်းတစ်လျှောက်ရှိ ဝန်ထမ်းတို့က သူ့ကို နှုတ်ဆက်လိုက်ကြသည်။ ရှောင်ကျားရှုကလည်း နောက်မှ တကောက်ကောက်လိုက်ကာ ဝန်ထမ်းများကို ခေါင်းငြိမ့်ပြရင်း စိတ်ထဲမှ အော်ဟစ်နေလိုက်သည်။ 


ဒယ်ဒီ‌ကျိ ကျွန်တော့်ကို အခွင့်အရေးလေး ပေးပါ ဒယ်ဒီကျိ ကျွန်တော့်ကို ရွေးချယ်ရင် နောင်တမရစေရဘူးနော် ဒယ်ဒီကျိရေ ... 


သူ တိတ်တိတ်လေး အော်ပြောနေစဉ်မှာပင် ကျိမြန်က ရုတ်ချည်း ပြန်လှည့်ကာ အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ 


"ရှောင်ကျားရှု ဘာလို့ နောက်က တကောက်ကောက် လိုက်နေတာလဲ ဒီနေ့ အတန်းတက်စရာ မရှိဘူးလား 


..." 


"ကျိကော ကျွန်တော် မနေ့က ပို့ထားတဲ့ပုံတွေ ကြည့်ပြီးပြီလား ..." 


ရှောင်ကျားရှုက ခါးကို ဆန့်တန်းလျက် မေးလိုက်သည်။ အလွန်အမင်း စိတ်အားထက်သန်လှကြောင်း သိ‌သာနေသည့်တိုင် အမူအယာမှာမူ အေးစက်နေဆဲဖြစ်သညိ။ 


"ပြီးပြီ ..." 


ကျိမြန်က သူ့ကို စနောက်လိုစိတ်များ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။ 


ရှောင်ကျားရှုမှာလည်း အမှန်တကယ်ပင် ပျာယာခတ်သွားသော်ငြား သူ တုပနေသည့် စရိုက်ကြောင့် တစ်ခခွန်းမှ ပြန်မပြောရဲ။ 


"အိုကေ ဒါဆို ကျွန်တော် အတန်းသွားတက်တော့မယ်နော် ..." 


ထွက်သွားပြီး မကြာမီမှာပင် တစ်ဖန် နောက်ပြန်လှည့်ကာ ပြောလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို စဉ်းစားပေးပါနော် ..." 


"စဉ်းစားလိုက်ပါ့မယ် ..." 


သူ လက်ယမ်းပြလိုက်ကာမှ ရှောင်ကျားရှုလည်း စိတ်ထဲတွင် တအီအီ ငိုကြွေးရင်း ပြန်လှည့်ထွက်သွားတော့သည်။ 


ကျိကောက ရက်စက်လိုက်တာ စကားလေး နည်းနည်းလောက်တောင် ပိုပြောမပေးနိုင်ဘူးလား လိုအပ်တဲ့နေရာတွေ ရှိရင်လည်း ပြောလို့ရတယ်လေ မကောင်းတဲ့နေရာ ရှိရင်လည်း ပြောပါ ကျွန်တော် ပြင်မှာပေါ့ ... ဒါနဲ့ နေပါဦး ကျိကောက ငါ့ခါးမှာရှိတဲ့ အသားတုံးလေးကို မကြိုက်တာများလား ... အဲဒါက အဆီမဟုတ်ပါဘူး လေ့ကျင့်ခန်းမလုပ်လို့ အသားလေးတွေ တွဲကျနေတာပါ ... 


တွေးလေလေ ပိုပိုပြီး စိတ်ဓာတ်ကျလာကာ ဖြောင့်တန်းနေသည့် ကျောပြင်မှာ ရုတ်ချည်း ကွေးညွတ်သွားတော့သည်။ 


ကျိမြန်က သူ ထွက်သွားသည်ကို စောင့်ကြည့်ကာ ကော်ရစ်ဒါအဆုံးအထိ ရောက်သွားကာမှ ပါးစပ်ကို လက်ဖြင့်အုပ်လျက် ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ 


Xxxxxxx