အပိုင်း ၉၀
Viewers 44k

Chapter 90


ရှောင်ကျားရှုက နားနေခန်းရှိရာသို့ မောပန်းနွမ်းနယ်စွာဖြင့် ပြန်လာစဉ် ဓာတ်ပုံအယ်လ်ဘမ်တစ်ခု ကိုင်ထားသည့် ဟွမ်မိန်ရွှမ်ကို တွေ့လိုက်ရသည်။ 


"ရောက်လာပြီလား ..." 


သူမက အယ်လ်ဘမ်ကို ‌မြှောက်ပြလိုက်သည်။ 


"ဆိုင်မွန်က ဒီအယ်လ်ဘမ် ရလာဖို့ တစ်ညလုံး ကြိုးစားထားရတာ ဒါနဲ့ ဘာလုပ်မလို့လဲ ..." 


"သေချာပေါက်ကို ကျိကောအတွက်ပေါ့ ..." 


ရှောင်ကျားရှုက ဝမ်းသာလုံးဆို့စွာဖြင့် အယ်လ်ဘမ်ကို ယူလျက် လှန်လှောကြည့်လိုက်သည်။ 


"ကောင်းလိုက်တဲ့ ရိုက်ချက် ကျွန်တော်လည်း ဒီလိုမျိုး အနာဂတ်ကို ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်နေတာ ဒါကို ကျိကောဆီ မြန်မြန်လေး ပို့ပေးပါ ..." 


ဟွမ်မိန်ရွှမ်က နဖူးကို အုပ်ကိုင်လျက် ညဉ်းတွားလိုက်သည်။ 


"ငါပြောပြမယ် ရှောင်ရှုရေ မင်းကိုယ်မင်း အရမ်း စိတ်အားထက်သန်လွန်းနေတယ်လို့ မထင်ဘူးလား ကျိမြန်က စကားပြောလို့ ကောင်းတဲ့သူ မဟုတ်ဘူး အခြေအနေကိုပဲ အရင် စောင့်ကြည့်ရအောင်လေ ..." 


"ကျဲပဲ ကျွန်တော့်ကို အလုပ်ကြိုးစားလို့ ပြောခဲ့တာ မဟုတ်လား The Zerg Wars ဆိုတာ ကျွန်တော် အကြိုက်ဆုံး သိပ္ပံရုပ်ရှင်လေ အဲဒီ့ထဲမှာ သရုပ်ဆောင်နိုင်မယ်ဆိုရင် တကယ်ကို ဂုဏ်ယူစရာပဲ ..." 


"မဟုတ်ဘူး မင်း အရမ်း တွန်းအားပေးလွန်းရာကနေ ကျိမြန်ကို အပြစ်ပြုမိသလို ဖြစ်သွားမှာကို ကြောက်တာ ..." 


"အရမ်းကြီး တွန်းအား မပေးပါဘူး ကျိကောကို ဓာတ်ပုံအယ်လ်ဘမ် ပို့ပေးရုံလေးတင် သူ့နောက်ကနေ နောက်ယောင်ခံ မလိုက်ဘူးလို့ ကတိပေးပါတယ် ကျွန်တော် အရွေးခံရရင် ဂုဏ်ယူစရာ ကောင်းတယ် ဆိုပေမယ့် အရွေးမခံရရင် ကျွန်တော်က လုံလောက်အောင် မကောင်းသေးလို့ပေါ့ နောက်ပိုင်းကျ ပိုပြီး တိုးတက်လာအောင် ကြိုးစားလို့ ရသားပဲ ဒါပေမယ့် အခုတော့ ကျွန်တော် လိုချင်နေတဲ့အရာအတွက်


အစွမ်းကုန် ကြိုးစားကြည့်ချင်သေးတယ် ကောင်းကင်ပေါ်ကနေ အခွင့်အရေး‌တွေ ပြုတ်ကျလာမှာကိုပဲ စောင့်မနေချင်ဘူး ..." 


အားတက်သရော ငေးကြည့်နေသူကြောင့် ဟွမ်မိန်ရွှမ်မှာ အောက်ထပ်သို့ဆင်းကာ ဓာတ်ပုံအယ်လ်ဘမ် သွားပို့ပေးရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


ဖန်ခွင်းက ရုံးခန်းထဲသို့ အာ်လ်လမ်အထပ်လိုက်ကြီးကိုင်ကာ ဝင်လာရင်း အရွှန်းဖောက်လိုက်သည်။ 


"ကျိကော အစိမ်းကတ်လေးတွေကို လာကြည့်လိုက်ပါဦး ဒီနေ့လည်း တစ်ဒါဇင်ထက်မနည်း ထပ်ရောက်လာပြန်ပြီ ..."


(အစိမ်းကတ်က ချင်မင်းဆက်မှာ ဘုရင့်အိပ်ဆောင်ဝင်ဖို့ အရွေးခံရမယ့် ကိုယ်လုပ်တော်တွေရဲ့ အချက်အလက်တွေကို ရေးထားတဲ့ ကတ်ပြားပါ ကျိမြန်ရဲ့ မြန်က ဘုရင်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လို့ သူက ဒီလို စနောက်လိုက်တာပါ) 


ကျိမြန်က ဖုန်းကို ပိတ်လိုက်သည့်တိုင် ထိုဇာတ်ကောင်နေရာအတွက် ဆက်သွယ်လာသူများကြောင့် စခရင်မှာ ခဏချင်း ပြန်လင်းလာတော့သည်။ ထိပ်ဆုံးရှိ အယ်လ်ဘမ်တစ်ခုကို ကောက်ကိုင်လိုက်သော်ငြား ကြည့်လေလေ မျက်ခုံးတို့ကို စုကျုံ့မိလာလေဖြစ်သည်။ 


"ဘာတွေလဲ သူတို့ကို ကြိုပြောမထားဘူးလား ..." 


အယ်လ်ဘမ်ကို စားပွဲပေါ် ပစ်တင်လိုက်သည့် ကျိမြန်၏ မျက်နှာတစ်ခုလုံး စိမ်းပုတ်သွား၏။ ဖန်ခွင်းက ဖျတ်ခနဲ လှမ်းကြည့်ကာ ဝါးလုံးကွဲ ရယ်မောလိုက်တော့သည်။ ကျိမြန်က သူ၏ လိင်စိတ်တိမ်းညွတ်မှုကို ထုတ်မပြထားသည့်တိုင် အချို့သော အကြောင်းပြချက်များကြောင့် ထိုအမျိုးသားသရုပ်ဆောင်များသည် ‌အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ကာ ကိုယ်တစ်ပိုင်း အဝတ်ဗလာ၊ ဒွိဟဖြစ်စေသော အမူအယာတို့ဖြင့် ရိုက်ကူးထားသော ပုံများကို ပို့လာကြသည်။ 


ဒါက ဘာလဲ ဆွဲဆောင်နေတာလား ... 


"ဒီ ဗိုက်ကြွက်သားတွေ ရဖို့ဆို လေ့ကျင့်ခန်း ကောင်းကောင်း လုပ်ထားမှ ရမှာ ..." 


သူက လည်ပင်းကို ဆန့်တန်းကာ လှမ်းကြည့်ရင်း စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။ 


သို့သော် ကျိမြန်ကမူ ရှောင်ကျားရှု၏ ခါးသေးသေးလေးနှင့် နူးညံ့လှသည့် ဗိုက်ကြွက်သားတို့ကိုသာ သတိရသွား၍ တိတ်တခိုး ညဉ်းတွားလိုက်သည်။ 


သွားပြီ ဒီကလေးက အရမ်းကို အဆိပ်ပြင်းတာပဲ ... 


တိုက်တိုက်ဆိုင်ဆိုင်ပင် တံခါးခေါက်သံ တစ်ချက်နှင့်အတူ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ကိုင်ထားသော ဟွမ်မိန်ရွှမ် ရောက်လာသည်။ 


"ကျိကော ..." 


သူမက ကျိမြန်ထက် များစွာ အသက်ပိုကြီးသည့်တိုင် ရာထူးအဆင့်အတန်းများကြောင့် ကောဟုသာ တလေးတစား ခေါ်ရသည်။ 


"ဒါက ရှောင်ရှုရဲ့ အယ်လ်ဘမ်ပါ ဒါကို အကိုးအကားအဖြစ် သုံးလို့ရပါတယ် သူ့ရုပ်ရည်က ဒီဇာတ်ကောင်နဲ့ တကယ်ကို သင့်တော်ပါတယ် ..." 


"ချထားခဲ့လိုက်ပါ အချိန်ရရင် ကြည့်ကြည့်လိုက်မယ် ..." 


သူ့လက်ချောင်းတို့ မသိမသာ တုန်ရီသွားတော့သည်။ 


ဟွမ်မိန်ရွှမ်က ဓာတ်ပုံများကို စားပွဲပေါ် တင်ကာ အပိုစကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အသာ ထွက်လာလိုက်သည်။ 


ဖန်ခွင်းက သဘောတကျ ရယ်မောလိုက်၏။ 


"ဒါလည်း ဝတ်လစ်စလစ်ပုံတွေပဲ နေမှာ ကြည့်ပါရစေဦး ..." 


ကျိမြန်က အာ်လ်ဘမ်ကို သူ့ထက်ဦးစွာ လှမ်းယူကာ ပထမစာမျက်နှာကို လှန်လိုက်သည်နှင့် တစ်ပြိုင်နက် အံဩမင်သက်ပြီး နေရာမှာတင် အေးခဲသွားတော့သည်။ 


သူ့နောက်သို့ လျှောက်လာသည့် ဖန်ခွင်း၏ အမူအယာတို့မှာလည်း မယုံကြည်နိုင်မှုမှ အံ့ဩမှုသို့ ကူးပြောင်းသွားတော့သည်။ 


၎င်းမှာ ဆွတ်ဆွတ်ဖြူနေသော စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှောင်ကျားရှု၏ ကိုယ်လုံးပေါ်ဓာတ်ပုံ ဖြစ်သည်။ အဆုံးအစမရှိသော စကြဝဠာကို နောက်ခံထားကာ ကြယ်တာရာတို့ ပြည့်နှက်နေသည့် ကောင်းကင်ကို ဖိနင်းလျက် ခပ်မတ်မတ် ရပ်နေသည်။ သွယ်လျဖြူဖွေးလှစွာသော လက်အစုံက ထက်ရှရှ ဓားတစ်လက်ကို မျက်နှာအနား ကပ်လျက် ဒေါင်လိုက် ကိုင်ဆောင်ထားသည်။ ထက်ရှသည့် ဓားသွားက သူ့မျက်နှာကို နှစ်ပိုင်းပိုင်းထားသည့်နှယ် ဖြစ်နေသော်ငြား ဤသည်ကပင်လျှင် သူ၏ ပြီးပြည့်စုံမှုကို ပိုပြီး သိသာထင်ရှားစေပေတော့သည်။ 


သိပ္ပံပညာရှင်တစ်ယောက်က ပြောဖူးတယ် အလှအပစံနှုန်းရဲ့ မူလအရင်းအမြစ်က ခေါက်ချိုးညီခြင်းပဲတဲ့ ရှောင်ကျားရှုရဲ့မျက်နှာက ဒီအလှအပစံနှုန်းတွေနဲ့ လုံးဝကို တစ်ထပ်တည်းပဲ ဓားတစ်လက်လို ထက်ရှတဲ့ မျက်ခုံး၊ နက်ရှိုင်းနေတဲ့ အကြည့်၊ ယောင်ယောင်လေး ကွေးညွတ်နေတဲ့ နှုတ်ခမ်း အကုန်လုံးက အချိုးညီပြီးတော့ အပြစ်အနာအဆာရယ်လို့ကို မရှိဘူး ပုံမှန်ဆိုရင် သူက ရယ်ရယ်မောမော နေရတာကို သဘောကျတဲ့သူဆိုတော့ လူ‌တွေအနေနဲ့ သူနဲ့ အလှမ်းဝေးတယ်လို့ မခံစားရဘူး ဒါပေမယ့် အခုလိုမျိုး တည်ငြိမ်နေတဲ့အခါ ရန်လိုမှုတွေက မာန်ပါပါကို ထွက်ပေါ်လာတော့တာပဲ... 


ဖန်ခွင်းမှာ အသက်ပင် မရှူနိုင်တော့။ ‌ကျိမြန်ကလည်း ထိုတစ်ပုံတည်းကိုသာ အကြာကြီး စိုက်ကြည့်နေကာ အတော်ကြာသည်အထိ နောက်တစ်မျက်နှာကို မလှန်သေး။ နောက်နှစ်မိနစ်ခန့် ကြာကာမှ သက်ပြင်းချလျက် ပြောလိုက်သည်။ 


"ဓာတ်ပုံတွေ လာပို့တဲ့သူရှိရင် ငြင်းလိုက်တော့ ..." 


"ကျိကော ရွေးပြီးသွားပြီလား ထပ်ကြည့်ဖို့ မလိုအပ်တော့ဘူးလား ..." 


ဖန်ခွင်းက ‌ချီတုံချီချဖြင့် မေးလိုက်သည်။ 


"ထပ်ကြည့်နေဖို့ မလိုအပ်တော့ဘူး သူပဲ ..." 


နောက်တစ်မျက်နှာကို လှန်လိုက်သည့် ကျိမြန်၏ အကြည့်တို့မှာ တစ်ဖြည်းဖြည်း နက်ရှိုင်းလာတော့သည်။


ရှောင်ကျားရှုက တစ်မနက်လုံး စိတ်ဖိစီးနေခဲ့ကာ ကျိမြန် ဆက်သွယ်လာပါလျှင် မသိလိုက်မည်ကို စိုးရိမ်သဖြင့် ဖုန်းကိုသာ ခဏခဏ ထုတ်ကြည့်နေမိတော့သည်။ သို့သော် အစမှ အဆုံးအထိ ဆက်သွယ်လာခြင်း မရှိသည့်အတွက် နေ့လည်စာစားရန် အောက်ထပ်သို့ စိတ်ပျက်လက်ပျက် ဆင်းလာလိုက်တော့သည်။ ဓာတ်လှေကားထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖိုင်တစ်ခုကိုကိုင်ကာ သူ့ကို ခပ်ပြုံးပြုံး ကြည့်နေသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။ 


"ဒါကို အရင်ကြည့်ကြည့်လိုက် မကျေနပ်တာရှိရင် ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့ လိုအပ်ရင် ရှေ့နေနဲ့ သွားတွေ့လို့လည်းရတယ် ..." 


"ဘာ ... ဘာကိုလဲ ..." 


ရှောင်ကျားရှုမှာ သူ့အသံတို့ တုန်ယင်နေမှန်း သတိမပြုမိသေး။ စာရွက်စာတမ်းကို လှန်ကြည့်ပြီးနောက်တွင်တော့ ကြက်သေသေသွားတော့သည်။ ထိပ်စီးတွင် စာလုံးအနက်ရောင်ဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်း ရှိနေသည်။ 


"The Zerg Wars 3 ကမ္ဘာမြေသို့ ပြန်လာခြင်း" ရုပ်ရှင်အတွက် သရုပ်ဆောင် ခန့်အပ်ခြင်း သဘောတူစာချုပ်" 


တကယ်ကြီးလား ... 


ရုတ်ချည်း မူးဝေလာသလို ခံစားရ၍ နဖူးကိုအသည်းအသန် ဖိထားလိုက်ရတော့သည်။ 


“ကျိကော ကျွန်တော့်ကို ရွေးလိုက်တာလား ...”


အေးစက်စက်အသွင်အား ထိန်းထားရန်ပင် သတိမရတော့။ မျက်ရည်တို့ စိုစွတ်လျက် ကမန်းကတမ်း လှည့်မေးလိုက်တော့သည်။


ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။


“ဟုတ်တယ် မင်းကို ရွေးလိုက်တာ ပျော်ရွှင်စရာ ပူးပေါင်းမှု ဖြစ်လာဖို့ မျှော်လင့်ပါတယ်..."


“ပျော်တာပေါ့ သေချာပေါက်ကို ပျော်ပါတယ် ...”


ရှောင်ကျားရှုက စာချုပ်ကိုကိုင်လျက် အတောမသတ်နိုင်လောက်အောင် ရယ်မောပြီးနောက် ကျိမြန်အပေါ် ခုန်တက်ကာ သူ့လည်ပင်း ကို လက်နှစ်ဖက်ဖြင့်ဖက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် ကျိကော ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ...”


စစ်မှန်လှသော ပီတိတို့က ကျိမြန်၏ ရင်အစုံကို လှိုင်းထန်သွားစေကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမှုများ အမြန်ပြေလျော့ သွားတော့သည်။ စိတ်လှုပ်ရှားလွန်း၍ တလက်လက်တောက်ပနေသော ရှောင်ကျားရှု၏ မျက်ဝန်းတစ်စုံကို ငုံ့ကြည့်လိုက်မိချိန်တွင် တော့ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုစိတ်ကို ချုပ်တည်း၍ မရတော့။


ထိုအချိန်မှာပင် ဓာတ်လှေကားတံခါး ပွင့်လာကာ အပြင်ဘက်ရှိ လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့က သူတို့ကို ကြောင်အစွာ ငေးကြည့် နေလိုက်တော့သည်။


“ကျိကော ... ကောတို့က ...”


လင်းလဲ့ယန်က အနည်းငယ် တွေဝေနေပြီးနောက် ဓာတ်လှေကားထဲဝင်ကာ ခလုတ်ကို ကြမ်းကြမ်းတမ်းတမ်း နှိပ်လိုက်သည်။ သူ့နှလုံးသားတစ်ခုလုံး မနာလိုအမျက်ဒေါသတို့ဖြင့် တမြေ့မြေ့ လောင်ကျွမ်းနေကာ ရှောင်ကျားရှုကို ဓာတ်လှေကားမှန်မှတစ်ဆင့် မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ သို့သော် ထိုသူမှာမူ လူမိသွားသည့်အပေါ် မည်သို့မှ ခံစားချက် ရှိဟန်မတူ။ ကျိကော ကိုယ်ပေါ်မှ ခုန်ဆင်းကာ စာချုပ်ကိုသာ ဝမ်းသာအားရ လှန်လှောကြည့်နေလိုက်သည်။ 


ရှောင်ကျားရှုက အရွေးခံလိုက်ရတာလား ...


လင်းလဲ့ယန်မှာ တစ်ခဏမျှ တွေဝေသွားတော့သည်။ ထို့နောက်တွင်မှ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြလျက် မေးလိုက်၏။


“ကျိကော ဇာတ်ကောင်နေရာက ဆုံးဖြတ်ပြီးသွားပြီလား ...”


“ဟုတ်တယ် မင်းလည်း “The Lover” ကို ရိုက်ကူးဖို့အတွက်ပဲ အာရုံစိုက်ထားလို့ ရပြီ ...”


ကျိမြန်၏ လေသံမှာ အလွန်ပေါ့ပါးနေသည်။


“ဟုတ်ကဲ့ အခုတလော စိတ်ကစဉ့်ကလျား ရောဂါသည်တွေနေတဲ့ ဆေးရုံကို သွားလေ့လာကြည့်နေတာ ဒါပေမယ့် ဇာတ်ကောင် စရိုက်ကို ထပ်တူကျအောင် သရုပ်ဆောင်နိုင်ဖို့ကတော့ ခက်ခဲနေတုန်းပဲ ...”


လင်းလဲ့ယန်က ကျိမြန်နှင့် စကားပြောနိုင်ရန် နည်းလမ်းမျိုးစုံ သုံးလိုက်သော်ငြား ပထမထပ် ကားပါကင်သို့ ရောက်လာသည့်အတွက် လမ်းခွဲလိုက်ရတော့သည်။


ကျိမြန်က စကားတစ်ခွန်းမှ မပြောဘဲ အရူးအမူး ပျော်ရွှင်နေသည့် ရှောင်ကျားရှုကိုသာ ကားထဲ ဆွဲသွင်းလိုက်သည်။ မောင်းထွက်သွား သော ကားကို ငေးကြည့်ရင်း လင်းလဲ့ယန်၏ မျက်ဝန်းတို့ ရဲရဲနီလာတော့သည်။ ချိန်ဖမ်းရှင်းက အသံကိုတိုးကာ မေးလိုက်သည်။


“သူတို့နှစ်ယောက်က တွဲနေကြတာလား ဓာတ်လှေကားထဲမှာ ဖက်နေကြတာ လူတွေမြင်ပြီး သတင်းထွက်သွားမှာကို မကြောက်ကြ ဘူးလားပဲ ...”


“သူတို့က တွဲနေတာ မဟုတ်လောက်ဘူး ရှောင်ကျားရှု ကျိကောကို ကြည့်တဲ့ အကြည့်တွေက ချစ်သူရည်းစားကို ကြည့်တဲ့ပုံ မဟုတ် ဘူး ပရိသတ်တစ်ယောက်လိုမျိုးပဲ ငါ့မှာ အချိန်ရှိသေးတယ် ...”


လင်းလဲ့ယန်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။


“မင်းနဲ့ မစ္စတာကျိသာ လမ်းမခွဲသေးရင် ဒီဇာတ်ကောင်က မင်းရရမှာကို နှမြောစရာပဲ ရိုက်ကူးရေး ပြီးတာနဲ့ ဟောလိဝုဒ်ကို ရောက် နိုင်မှာ နောက်ထပ် နှစ်နည်းနည်းလောက်သာ ဆက်ကြိုးစားလိုက်ရင် တစ်ကမ္ဘာလုံးက သိတဲ့ စူပါစတား ဖြစ်တော့မှာ ရှောင်ကျားရှုက မင်းကို ဘယ်လိုနည်းနဲ့မှကို ယှဉ်နိုင်မှာ မဟုတ်ဘူး မစ္စတာကျိနဲ့ ပြန်ပေါင်းထုတ်ဖို့ နည်းလမ်းရှာသင့်တယ်နော် ဒီလောက် နှစ်တွေ အကြာကြီး တွဲလာတာတောင် လမ်းခွဲမယ် ပြောတာနဲ့ ချက်ခြင်း လမ်းခွဲလိုက်တာ တကယ်ကို မယုံနိုင်ဘူး ဘယ်သူမှလည်း ဖောက်ပြန်တာ မဟုတ်ဘဲနဲ့ကို ...”


လင်းလဲ့ယန်က အသံတိတ်နေသည့်တိုင် သူ့နှလုံးသားမှာမူ ကြောင့်ကြမှုတို့ ဖိစီးနေပေသည်။ ကျိကောနှင့် ပြန်မတွဲလို၍ မဟုတ်၊ မည်သည့်နေရာမှ စတင်သင့်မှန်း မသိခြင်းဖြစ်သည်။ သူ့အကြိုက်များကိုပင် သိမထားသူအဖို့ တစ်မှတ်မှပင် ရနိုင်မည် မဟုတ်ချေ။


ကွမ်ရှစ်အဆောက်အဦးမှ ထွက်လာပြီးနောက် ကျိမြန်က အပျော်ထဲ နစ်မြောနေဆဲဖြစ်သော ရှောင်ကျားရှုကို စိုက်ကြည့်လိုက်သည်။


“ထမင်းစားရင်းနဲ့မှ စာချုပ်အကြောင်း ပြောကြမလား ...”


“ကောင်းပါပြီ ...”


ရှောင်ကျားရှုက ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်သည်။


“ဘာစားချင်လဲ ...”


သူက ကားစတီယာတိုင်ကို ဘယ်ဘက်သို့ ဦးတည်လျက် မေးလိုက်သည်။


“ကျွန်တော်က ဘယ်ဟာမဆို ကောင်းကောင်းစားတယ် အဲဒါကြောင့် ကျိကောပဲ ရွေးလိုက်ပါ ...”


ရှောင်ကျားရှုမှာ စာချုပ် တွန့်ကြေသွားမည်ကို စိုးရိမ်သဖြင့် ဂရုတစိုက် ကိုင်ထားလိုက်သည်။


ကျိမြန်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ နက်ရှိုင်းလှသည့် အသံဖြင့် မေးလိုက်သည်။


“အနောက်တိုင်းအစားအစာတွေ သွားစားမလား ...”


ရှောင်ကျားရှုလည်း ဝိုင်နီနှင့် အမဲသားစတိခ်တို့၏ မွှေးရနံ့ကို ချက်ခြင်းလက်ငင်း မြင်ယောင်မိသွား၍ တံတွေးမျိုချလိုက်သည်။


“ဟုတ်ကဲ့ အနောက်တိုင်းစာလေး စားမယ်လေ ...”


:


ကျိမြန်က တစ်ခဏမျှ ကားမောင်းပြီးကာမှ စိတ်ပြောင်းကာ မေးလိုက်သည်။


“ပင်လယ်စာဆိုရင်ရော ...”


ကဏန်းတွေ ပြီးတော့ ပင်လယ်ခရုနှင့် ကမာလေးရယ်ကို ရောပြီး မြေအောင်းမှို အနက်ရောင်နဲ့ ချက်ထားတာလေး ...


ခေါင်းထဲသို့ ပေါ်လာသည့် အမျိုးမျိုးသော နာမည်ကြီး ပင်လယ်စာဟင်းလျာတို့ကြောင့် ရှောင်ကျားရှုမှာ သွားရည်တမြားမြား ကျလာပြန်သည်။ သူက ခေါင်းငြိမ့်ကာ ပြောလိုက်၏။


“အိုကေလေ ဒါဆို ပင်လယ်စာပဲ စားကြတာပေါ့ ဒါပေမယ့် ကျိကော ပုစွန်စားလို့ မရဘူးနော် ကျန်းမာရေးအတွက် မကောင်းဘူး ...”


ကျိမြန်က သူ့ကို ဖျတ်ခနဲကြည့်ကာ အတွေးပြောင်းလိုက်တော့သည်။ 


“ပင်လယ်စာပါဆို ပုစွန်မစားလို့ ဘယ်ဟာသွားစားရမှာလဲ... စီချွမ်အစားအစာ စားမလား ...”


Xxxxxx