အပိုင်း ၉၅
Viewers 44k

Chapter 95


“ ဒီနေ့ CT001 ပထမဆုံး ပေါ်လာတဲ့ အပိုင်းကို စရိုက်ကြရအောင် ကန်အကျယ်ကြီးထဲမှာ ရေစိမ်နေတဲ့ အပိုင်းကို ရိုက်ရမှာဆိုတော့ ရှောင် မင်းက တစ်ကိုယ်လုံး အဝတ်ဗလာ ဖြစ်နေရလိမ့်မယ် ပြီးတော့ ဒေတာကြိုးတွေနဲ့ ချိတ်ဆက်ထားရမှာ မင်းကို တစ်ခုလောက် ကြိုပြီး သတိပေးထားချင်တယ် အဝတ်ဗလာနဲ့ ရေစိမ်ရတာ သိပ်တော့ ကောင်းမှာ မဟုတ်ဘူး မင်းရဲ့ ရှေ့နောက်ဝဲယာမှာ ကင်မရာတွေ အများကြီးက ရိုက်ကူးနေမှာဖြစ်လို့ မင်းအနေနဲ့ ရှက်ကောင်းရှက်လိမ့်မယ် ဒီခံစားချက်ကို ကျော်လွှားနိုင်ဖို့ပဲ မျှော်လင့်ပါတယ် မင်းတို့ အရှေ့တိုင်းသားတွေက အရမ်းကို ရှေးရိုးစွဲမှန်းတော့ သိပေမယ့် ဒါက အနုပညာတစ်ခု၊ အပြာကား ရိုက်နေတာ မဟုတ်ဘူးလို့ နားလည်ထားရလိမ့်မယ် ဟုတ်ပြီလား ...”


သူက ရှည်ရှည်ဝေးဝေး ရှင်းပြနေသည့်တိုင် ရှောင်ကျားရှုကမူ တိုတိုတုတ်တုတ်သာ ပြန်ပြောလာသည်။


“ပြဿနာ မရှိပါဘူး ...”


မိတ်ကပ်ပြင်နေသည့် ကျိမြန် မျက်မှောင်ဖွဖွ ကြုတ်လိုက်မိသည်။


ရှောင်ကျားရှုမှာ ထိုသို့ ရိုက်ကူးရမည်ဖြစ်ကြောင်း အစောကြီးကတည်းက သိထားပြီးဖြစ်၍ များစွာ အံ့ဩမနေ။ မတ်တပ်ထရပ်ကာ အဝတ်အစားအားလုံးကို တစ်လွှာချင်း ချွတ်ချလိုက်သည်။ သူ့အမူအယာမှာ မျှသုံးနေရသည့် အဝတ်လဲခန်းတွင် မဟုတ်ဘဲ သူ့ကိုယ်ပိုင်အခန်းထဲတွင် ရှိနေသည့်နှယ် အလွန်အမင်း စိတ်အေးလက်အေး ရှိလွန်းလှပေသည်။


ဖန်ခွင်းနှင့် လက်ထောက်များအားလုံး ချက်ခြင်း ထွက်သွားကြကာ ကျိမြန်နှင့် မိတ်ကပ်ဆရာနှစ်ဦးသာ ကျန်ခဲ့တော့သည်။


ကျိမြန်က သူ့ကို မှန်ထဲမှတစ်ဆင့် ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။


“စိတ်မရှိပါနဲ့ ဆေးလိပ်တစ်လိပ်လောက် သောက်လို့ ရမလား ...”


“ရပါတယ် မိတ်ကပ်ကလည်း ပြင်ပြီးနေပြီပဲကို ...”


မိတ်ကပ်ဆရာက ဆေးရောင်နှင့် စီလီကွန်တို့ကို ထုတ်ကာ သူ့လက်မောင်းကို အမာရွတ်အမျိုးမျိုး ခြယ်သပေးလိုက်သည်။


သူက ဆေးလိပ်ကို မီးညှိလိုက်သည်။ အကြည့်တို့က ဆေးလိပ်မီးတောက်ပေါ်တွင်သာ ရပ်တန့်နေကာ အဝတ်လဲခန်းတစ်ခုလုံးမှာ လည်း အပ်ကျသံပင် ကြားလုမတတ် တိတ်ဆိတ်နေသည်။ လှည့်မကြည့်သည့်တိုင် အဝတ်စတို့ အချင်းချင်း ပွတ်တိုက်နေသည့် အသံတို့က သူ့စိတ်ထဲသို့ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ဝင်ရောက်လာတော့သည်။ ကြားလိုက်ရသည့် တချွင်ချွင်မြည်သံမှာ ရှောင်ကျားရှ၏ ခါးပတ် မြေပေါ်သို့ ပြုတ်ကျသွားသည့်အသံ ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး အဝတ်တစ်စပင် ရှိတော့မည်မထင်။


“ဝိုး မင်းရဲ့ ကြွက်သားတွေက တအားကို မိုက်တာပဲ ..."


မိတ်ကပ်ဆရာ၏ ချီးကျူးသံ သူ့နားထဲသို့ ပျံ့နှံ့လာမှသာ ကျိမြန်လည်း ဆေးလိပ်ကိုချကာ နောက်ပြန်လှည့်ကြည့်လိုက်တော့သည်။


သူ ရှောင်ကျားရှု၏ နောက်ကျောဘက်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရ၏။ ပိန်သွယ်လှသည့် ခန္ဓာကိုယ်ကို ကြွက်သားတစ်လွှာ ဖုံးအုပ်ထားသည့်တိုင် အလွန်အမင်း ချောမွေ့နေဆဲပင်။ သိသိသာသာပင် ဝိတ်ကျသွားကာ ခါးလေး သေးသွယ်သွားပြီး မြီးညှောင့်ရိုး၏ တစ်ဖက်တစ်ချက်စီရှိ အချိုင့်နှစ်ခုမှာလည်း လွန်စွာ ချစ်ဖွယ်ကောင်းလှသည်။ ညှို့ဓာတ်ပြင်းကာ ကျစ်လျစ်လှသည့် တင်ပါးတစ်စုံ၏ အောက်နားဆီသို့ အကြည့်ကို ပို့လိုက်ပါလျှင် ဖြောင့်တန်းလှသည့် ခြေတံရှည်နှစ်ချောင်းကို တွေ့ပေလိမ့်မည်။ အသားအရေမှာ ကြွေထည်ကဲ့သို့ နူးညံ့ချောမွေ့တောက်ပြောင်နေကာ အမွှေးအမျှင်ဟူ၍လည်း တစ်ခုမျှပင်မရှိ။


နောက်ကျောဘက်၏ ကောက်ကြောင်းမှာ လှပသည့်အပြင် အင်အားကြီးမှုကိုပါ ခံစားရသည့်အတွက် မြင်ရသူများအဖို့ လိင်အမျိုးအစား ခွဲခြားနိုင်ရန် ခဲယဉ်းလှပေသည်။


ကျိမြန်က ဆေးလိပ်ကို တင်းတင်းကြပ်ကြပ် ဖိကိုက်ကာ အကြည့်လွှဲမည် ပြင်လိုက်စဉ်မှာပင် ရှောင်ကျားရှုက ကြွက်သားအမြောင်း လေးခုနှင့် ရေသူမကောက်ကြောင်းတို့ကို လှစ်ဟလျက် သူ့ဘက်သို့ လှည့်လာသည်။


ဆေးလိပ်ကို အတင်းအဓမ္မ ဆွဲထုတ်ရင်း အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။


“အမွှေးတွေ ချွတ်လိုက်တာလား ...”


ရှောင်ကျားရှုက ခပ်တည်တည်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


“ဘယ်စက်ရုပ်က ခန္ဓာကိုယ်မှာ အမွှေးရှိလို့လဲ ...”


သိပ်ကိုကောင်းတယ် ဒီတစ်ခေါက် စကားလုံး ကိုးလုံးပဲ ပြောလိုက်တယ် ဆိုပေမယ့် အဖြေက တစ်ခါတည်း ပါပြီးသားပဲ ဒါပေမယ့် ကျိကောက ဘာလို့ စိတ်ကသိကအောက် ဖြစ်နေရတာလဲ ...


ကျိမြန်က မျက်စိစုံမှိတ်ကာ သက်ပြင်းချလျက် မျက်နှာကို ပွတ်သပ်လိုက်သည်။


မိတ်ကပ်ပြင်ပေးသူက ချက်ခြင်း သတိပေးလိုက်၏။


“မစ္စတာကျိ ကျေးဇူးပြုပြီး မိတ်ကပ်တွေကို ဂရုစိုက်ပေးပါ ...”


သူက အနည်းငယ် ကြောင်အသွားပြီးကာမှ လက်ကိုယမ်းလျက် ပြောလိုက်သည်။


“သူ့ခါးမှာ ပတ်ထားဖို့ ပဝါတစ်ထည်လောက် ယူပေးလိုက်ပါဦး ...”


ရှောင်ကျားရှုက ဟိုနေရာက အမွှေးတွေကိုပါ ဖယ်ထားတာပဲ ပန်းရောင်လေးနဲ့ ချစ်စရာလေး အဲဒါက စောက်ရမ်းကို ...


“မရှက်ဘူးလား ...”


အကြည့်လွှဲလိုက်သော်ငြား ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်ကို မှန်ထဲမှတစ်ဆင့် မြင်တွေ့နေရသေးသည့်အတွက် အံတင်းတင်းကြိတ်လျက်သာ ခေါင်းငုံ့ထားလိုက်တော့သည်။


“စက်ရုပ်တွေက ရှက်တယ်ဆိုတဲ့ ခံစားချက်ကို မသိဘူး ..."


ရှောင်ကျားရှုက သတိလက်လွတ်ပင် ထိုင်ချလိုက်တော့သည်။ မိတ်ကပ်ပြင်ပေးသူ နှစ်ဦးလုံး မျက်နှာနီမြန်းသွားကာ သူ့ခွကြားကိုသာ ခဏခဏ ငေးကြည့်နေလိုက်ကြတော့သည်။


ကျိမြန်က သူ့အတွေးတို့ကို ချိုးနှိမ်ကာ ရှောင်ကျားရှု၏ ပုံရိပ်ကို မီးခိုးငွေ့တို့ဖြင့် ဖုံးအုပ်ပစ်ရန် အလို့ငှာ ဆေးလိပ်တစ်လိပ်ကို ထပ်ယူလိုက်တော့သည်။ ချောက်ထဲသို့ ကျလုကျဆဲမှာပင် ကယ်တင်ရှင်လက်ထောက်လေးက ရေချိုးပဝါတစ်ထည်နှင့်အတူ ပြန်ရောက်လာ၍သာ တော်သေးသည်။


မိတ်ကပ်ပြင်သူနှစ်ဦးလုံးက နှမြောတသဟန်ဖြင့် သက်ပြင်းချကာ ဘေးနားထိုင်ချ၍ သူ့ခန္ဓာကိုယ်ကို ဆီတစ်မျိုး သုတ်လိမ်းလိုက်သည်။ ထိုဆီကြောင့် အသားအရေမှာ ယခင်ထက် ပိုမိုချောမွေ့သွားကာ ကိုယ်ဟန်ပြမော်ဒယ်အလားပင်။ ကြွက်သားတို့မှာလည်း အလွန်အမင်း များပြားနေခြင်းမဟုတ်၊ ပြေပြစ်ချောမွေ့လှသည့် သူ၏ လှပမှုမှာ လိင်အမျိုးအစား ခွဲခြားသတ်မှတ်၍ပင် မရချေ။


(သူလှတာက ယောကျ်ားဆန်ဆန် ချောတာလည်း မဟုတ်ဘူး မိန်းကလေးလို သေးသွယ်နူးညံ့နေတာမျိုးလည်း မဟုတ်ဘူး အစွန်းနှစ်ဖက်ကနေ ကင်းလွတ်တဲ့ အလှမျိုးလို့ ပြောချင်တာပါ)


“အိုကေ မင်းပုံစံက ဆီဆေးပန်းချီကားထဲကနေ ထွက်လာတဲ့ အတိုင်းပဲ အရမ်းကို လှလွန်းလို့ တကယ်ရော ဟုတ်ရဲ့လားလို့တောင် ထင်မိနေပြီ ...”


အားလုံး ပြင်ဆင်ပေးပြီးနောက် မိတ်ကပ်ပြင်သူများက အကျယ်တဝံ့ ချီးကျူးလိုက်ကြသည်။ ကျိမြန်မှာမူ အခန်းထဲမှ ထွက်သွားနှင့်ပြီဖြစ်ကာ ဆေးလိပ်ငွေ့တို့သာ ကျန်ရစ်ခဲ့တော့သည်။ 


“ကျေးဇူးတင်ပါတယ် ...”


ရှောင်ကျားရှုက တဘက်ကို ခါးတွင်ပတ်ကာ ထွက်လာလိုက်ပြီးနောက် ဒါရိုက်တာနှင့် ကင်မရာအားလုံး အဆင်သင့်ဖြစ်နေကာ ရိုက်ကွင်းအလယ်တွင် အပြာရောင်အရည်တို့ အပြည့်ဖြည့်ထားသည့် ရေချိုးကန်တစ်လုံးကိုပါ တွေ့လိုက်ရသည်။


“မိတ်ကပ်ပြင်တဲ့သူတွေ သူ့ခန္ဓာကိုယ်ကို ဝိုင်ယာကြိုးတွေ ပတ်ပေးလိုက်ပါဦး အဖွဲ့တွေအားလုံး အာရုံစိုက်ထားမယ် ရိုက်ကူးရေး စဖို့ အချိန်ရောက်လာပြီ ...”


အရှေ့တိုင်းသား၏ သရုပ်ဆောင်စွမ်းရည်ကို အကဲခတ်ရန် သရုပ်ဆောင်အားလုံး စုရုံးရောက်ရှိနေကြသည်။


 မက်ဒီက တီးတိုးပြောလိုက်၏။


“ဘုရားရေ ငါတော့ နောင်တရနေပြီ သူ့ဖုန်းနံပါတ်ကို တောင်းခဲ့လိုက်သင့်တာ ဂေးဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ကို ချိန်းတွေ့ဖို့ သွားပြောတော့မယ် ...”


ဒါရိုက်တာ၏ ဘေးနားတွင် ရပ်နေသည့် ကျိမြန်က ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ပြီးနောက် အကြည့်တို့ကို ရှောင်ကျားရှုထံတွင်သာ ကျောက်ချထားလိုက်တော့သည်။ ပုဝါအတိုတစ်ထည်ကိုသာ ပတ်ထားသည့်အတွက် အဓိကနေရာအချို့ကို သာ ဖုံးထားနိုင်ပြီး ခြေတံရှည်နှင့် ခါးသေးသေးလေးကိုမူ အတိုင်းသား မြင်နေရဆဲပင်။ ရိုက်ကွင်းနေရာသို့ တစ်လှမ်းချင်း လျှောက်လာသည့်အခါ မီးအားလုံးက သူ့ခေါင်းပေါ်သို့ ဖြာကျလာသည့်အတွက် အသားအရေမှာ ကျောက်မျက်ရတနာများကဲ့သို့ တလက်လက် တောက်ပနေပြီး နက်မှောင်လေးလံလှသည့် အကြည့်တို့ကြောင့် ခံစားချက် ကင်းမဲ့သည့် နတ်ဘုရားတစ်ပါးဟုပင် ထင်မြင်မိလာတော့သည်။


ဒါရိုက်တာက လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။


“ဘုရားရေ ကျိ ငါ မင်းရဲ့ အမြင်ကို ယုံကြည်သင့်မှန်း အစောကြီးကတည်းက သိနေတယ်လေ ရှောင်က တအားကို ကြည့်လို့ကောင်းတာပဲ ငါစိတ်ကူးထားတဲ့ 001 နဲ့ တစ်ထပ်တည်းပဲ ...”


ကျိမြန်က သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးကာမှ ပြောလိုက်သည်။


“သူ့ရဲ့ အရည်အချင်းကလည်း ရုပ်ရည်လိုမျိုး ပထမတန်းစားပဲ ...”


“တကယ်လား မိုက်လိုက်တာ ငါတော့ ကြည့်ရဖို့ကို မစောင့်နိုင်တော့ဘူး ...”


မိတ်ကပ်ဆရာများက ဝိုင်ယာကြိုးများကို ကော်ဖြင့်ကပ်ကာ ရှောင်ကျားရှုကို ရေကန်ထဲသို့ ထည့်ပေးလိုက်သည်။ ရေထဲသို့ မဝင်မီ တစ်စက္ကန့်အလိုတွင် တဘက်ကို ဖယ်ထုတ်လိုက်သည့်အခါ ကြည့်ရှုနေသူအားလုံး မင်သက်အံ့ဩသွားကြတော့သည်။


“ဘုရားရေ ...”


အဓိကဇာတ်လိုက်တစ်ဦးဖြစ်သူ ဒေါ်နယ်က နဖူးကို အုပ်ကိုင်လျက် ရေရွတ်လိုက်သည်။ 


“သူက ငါတွေ့ဖူးသမျှထဲတော့ အလှဆုံး အရှေ့တိုင်းသားပဲ တအားကို ချစ်စရာကောင်းတာပဲ ကန်ထဲကို ဆင်းလိုက်တဲ့အချိန် ပိုပြီးတောင် ချစ်စရာကောင်းသေးတယ် ...”


သူ့အနားတွင် ရပ်နေသူများက ခပ်ဟဟ ရယ်မောလိုက်ကြသည်။ သို့သော် လှောင်ပြောင်လိုခြင်းတော့ အလျဉ်းမရှိပေ။ 


ဒီလောကကြီးက တကယ်ကို မျက်နှာလေးတစ်ခုကိုပဲ ကြည့်တတ်တဲ့ လောကကြီးပဲ နိုင်ငံခြားသားတွေလည်း ထိုနည်းလည်းကောင်း ပါပဲလား ...


ကျိမြန်က မျက်မှောင်ကြုပလိုက်သော်ငြား ဘာမှ ဆက်မပြောတော့ဘဲ လုပ်ငန်းစရန်သာ နှိုးဆော်လိုက်တော့သည်။


“ ဒီတစ်ပိုင်းပြီးအောင် သွက်သွက်လေး ရိုက်လိုက်ကြရအောင် မဟုတ်ရင် ရေတွေအေးကုန်လိမ့်မယ် ...”


ဆောင်းဦးကုန်ကာ ဆောင်းရာသီသို့ ဝင်ရောက်တော့မည့်ကာလ ဖြစ်သည့်အတွက် အပူချိန်မှာ အလွန်နိမ့်ဆင်းနေပေသည်။ သရုပ်ဆောင်များ၏ ကျန်းမာရေးအတွက် ရေပူကိုသာ သုံးထားပြီး နောက်ပိုင်းတွင်မှ အထူးပြုလုပ်ချက် ပညာရှင်များက ရေနွေးငွေ့များကို တည်းဖြတ်ကာ ရေအေးအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။


“အိုကေ ...”


ဒါရိုက်တာက လှမ်းအော်လိုက်သည်။


“ရှောင် အသက်ကို ပြင်းပြင်းရှူပြီး ရေထဲကို ငုပ်လိုက် မျက်စိစုံမှိတ်ပြီး ထိန်းသိမ်းရေး ဆေးရည်ထဲ စိမ်တဲ့ အပိုင်းကို ရိုက်ကြမယ် မင်းတို့လည်း အမှားအယွင်း မပါဘဲ သွက်သွက်လက်လက် လုပ်ကြ မဟုတ်ရင် ရှောင်အတွက် ဒုက္ခများလိမ့်မယ် ...”


“ဟုတ်ကဲ့ပါ ဒါရိုက်တာ ...”


အဓိကသရုပ်ဆောင်အားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်။


ရှောင်ကျားရှုက ဒါရိုက်တာ အချက်ပြသည်ကိုစောင့်ကာ အသက်ကို ပြင်းပြင်းရှု၍ ရေထဲသို့ ခုန်ဆင်းလိုက်သည်။ နှောင့်ယှက်နေသည့် အတွေးစအားလုံးကို ဖိနှိပ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ရေကန်အလယ်ခေါင်တည့်တည့်တွင် ပေါ်နေစေရန် အလို့ငှာ မမြင်ရသည့် ဝါယာကြိုးနှစ်ချောင်းကို ဆွဲယူလိုက်သည်။


ထိုအပိုင်းမှာ Zerg တို့၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည့် သုတေသနအဖွဲ့အကြောင်းဖြစ်သည်။ အလယ်ခေတ်က အပျက်အစီးပုံများ၏ အောက်ခြေအထိ ထွက်ပြေးလွတ်မြောက်လာပြီးနောက်တွင်တော့ စက်ရုပ်စစ်တပ် အကြွင်းအကျန်များနှင့် ထိန်းသိမ်းရေး ဆေးရည်ထဲ အစိမ်ခံထားရသည့် 001 ကို တွေ့လိုက်ရတော့သည်။ Zerg အရေအတွက် အလွန်များပြားလှသည့်အတွက် အသက်ရှင်ရန်ပင် မလွယ်ကူတော့ရာ အိပ်မောကျနေသည့် 001 ကို နှိုးပေးနိုင်မည့် အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်တော့သည်။ အကြောင်းမှာ သူတစ်ဦးတည်းကသာ အင်အားများပြားသည့် ရန်သူကို ရင်ဆိုင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။


သုတေသီအားလုံး စမ်းသပ်ခန်းဝင်ပေါက်ကို ပိတ်ဆို့ကာ အပြာရောင် ဆေးရည်ထဲတွင် နစ်မြုပ်နေသည့် 001 ကိုသာ လှည့်ကြည့်နေလိုက်ကြသည်။ မျက်ဝန်းတို့ကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အမူအယာမှာလည်း အလွန်တည်ငြိမ်နေကာ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို ဝါယာကြိုးတို့ဖြင့် ရစ်ပတ်ချည်နှောင်ထားသည်။


ကျိမြန်က ရေကန်အနီးသို့ လျှောက်လာကာ ခပ်နှေးနှေး ပြောလိုက်သည်။


“ဒါက ... CT001 တဲ့ ကမ္ဘာမြေကို ဖျက်ဆီးခဲ့တဲ့ နာမည်ကျော်ကြီးပေါ့ ...”


ကင်မရာ အမြောက်အများက ရှောင်ကျားရှုကို ဘက်ပေါင်းစုံမှ ရိုက်ကူးလိုက်ကြသည်။ စိတ်က ဗလာဖြစ်နေသည့်တိုင် ခန္ဓာကိုယ်မှာ တည့်မတ်နေဆဲပင်။ ခြေမမှအစ တစ်ကိုယ်လုံးရှိ ကြွက်သားအားလုံး တင်းမာနေသည့်အတွက် လှပသော်ငြား အန္တရာယ်ရှိသည့် ခံစားချက်ကိုပါ တစ်ပါတည်း ပေးစွမ်းနေပေသည်။ ခပ်တင်းတင်း ပိတ်ထားသည့် မျက်ဝန်းတို့မှာ အချိန်မရွေး ပြန်ပွင့်လာကာ ကျူးကျော်သူများကို သေစေနိုင်လောက်သည့် အကြည့်တစ်ချက် ပစ်ခွင်းတော့မည့်ဟန်ပင်။


သုတေသနအဖွဲ့သားအားလုံး ကြောက်အားလန့်အားဖြင့် နောက်ပြန်ဆုတ်သွားကြတော့သည်။ ထိုအချိန် Zerg တစ်ကောင်က သတ္ထုတံခါးကို ဝင်တိုက်လိုက်၏။ တစ်ချိန်တည်းမှာပင် ဒါရိုက်တာ၏ စိတ်လှုပ်ရှားနေသော အသံပါ တစ်ပါတည်း ထွက်ပေါ်လာတော့သည်။


“အိုကေ ဒီတစ်ပိုင်း ပြီးသွားပြီ ...”


ကျိမြန်ကမူ ရေကန်ထဲမှလူကိုသာ ငေးကြည့်နေမိဆဲပင်။ တစ်ဖက်သူထံမှ ရေပူဖောင်းတို့ ထွက်မလာမီအထိ အသိစိတ် ပြန်ကပ်မလာသေး။


“ရှောင် အဆင်ပြေရဲ့လား ...”


ဒါရိုက်တာက လှမ်းအော်လိုက်သည်။


ရှောင်ကျားရှုက ဖျော့တော့စွာ ပြန်ဖြေလိုက်သည်။


“အဆင်ပြေပါတယ် ...”


လက်ထောက်နှစ်ဦးက ရေချိုးဝတ်ရုံကိုသယ်ကာ အမောတကော ပြေးလာလိုက်ကြသည်။ မျက်နှာတစ်ခုလုံး နီရဲနေကာ ဘေးဘီကိုပင် အကြည့်မပို့ရဲတော့။


“ကောင်းပြီ ...”


ဒါရိုက်တာက ခေါင်းကိုငုံ့လျက် ရိုက်ကူးထားသည်များကို ပြန်ကြည့်နေလိုက်ပြီး ကျန်သရုပ်ဆောင်များကပါ သူ့အနားသို့ ဝိုင်းအုံလာကြတော့သည်။


ကျိမြန်ကမူ ရေကန်ကို မီလျက် ရပ်နေဆဲပင်။ သူ့အမူအယာမှာ တောင့်တင်းနေဟန်။ ရှောင်ကျားရှု ကန်ထဲမှ ထွက်လာသည့် အသံကို ကြားလိုက်ကာမှ နောက်ပြန်လှည့်ကြည့်ကာ ညွှန်ကြားလိုက်သည်။


“အားပြန်ပြည့်သွားအောင် ကော်ဖီ ဒါမှမဟုတ် ချောကလက်ပူပူလေး တစ်ခွက်လောက် သောက်ထားလိုက် တစ်နေ့လုံး ရေစိမ်နေခဲ့ရတာ မဟုတ်လား ...”


“ကျေးဇူးတင်ပါတယ် ကျိကော...”


ရှောင်ကျားရှု၏ နှုတ်ခမ်းထောင့်စွန်းတို့ ယောင်ယောင်လေး ကွေးညွတ်သွားသော်ငြား ချက်ခြင်းပင် မျက်နှာပြန်တည်သွားပြန်တော့သည်။ ချောကလက်တစ်ခွက်ကိုကိုင်ကာ ဒါရိုက်တာအနီးသို့ သွားလိုက်သော်လည်း ကျိမြန်ကမူ ထိုနားတွင်သာ အကြာကြီး ရပ်နေဆဲဖြစ်သည်။


စခရင်တွင် ကင်မရာအသီးသီးမှ ရိုက်ကူးထားသည့် ရိုက်ချက်တို့ကို ပြသနေပြီး ရှောင်ကျားရှု၏ အဝတ်ဗလာ ခန္ဓာကိုယ်မှာမူ အဓိက ရိုက်ချက်ဖြစ်သည်။ ထိုရိုက်ချက်မှာ 001 ၏ ပြီးပြည့်စုံမှုနှင့် အန္တရာယ်များမှုကို ဖော်ပြထားခြင်းဖြစ်ကာ ရှောင်ကျားရှုက အံ့ဩဖွယ် ကောင်းလောက်အောင်ပင် သရုပ်ဖော်ပြနိုင်ခဲ့သည်။ ပြောရမည့်စာသားလည်း မရှိ၊ လှုပ်ရှားမှုလည်း အလျဉ်းမရှိသော်ငြား သူ့ခန္ဓာကိုယ်၏ ကြွက်သားတစ်ခုစီတိုင်းက သန်မာမှုပြယုဂ်ကို နက်နက်နဲနဲ ထင်ဟပ်ပြသနေပေသည်။


ဒါရိုက်တာက သူ၏ တောင့်တင်းနေသည့် ခြေမတို့ကို ညွှန်ပြရင်း ပြောလိုက်သည်။


“ဒါကမှ အမှန်...စက်ရုပ်ဆိုတာ ဘယ်တော့မှ သက်တောင့်သက်သာ မနေဘူး အရိုးတွေ၊ ကြွက်သားတွေအားလုံးက သံမဏိနဲ့ လုပ်ထားတဲ့အတွက် အချိန်မရွေး လှုပ်ရှားသက်ဝင်လာလို့ရတယ် ဒီခြေမတွေကို ကြည့်ကြည့် ပြီးတော့ ဒီ ပြီးပြည့်စုံတဲ့ ကောက်ကြောင်းတွေရောပဲ ဒါက ငါလိုချင်တာနဲ့ တစ်ထပ်တည်းပဲ ရှောင် မင်းက တကယ်ကို အရမ်း ထူးချွန်တာပဲ ...”


ရှောင်ကျားရှုက နှုတ်ခမ်းကိုသာ ကိုက်နေပြီး စကားတစ်ခွန်းမှ ဝင်မပြော။


နိုင်ငံခြားသား သရုပ်ဆောင်တို့၏ အမြင်မှာလည်း အသစ်တစ်ဖန် ပြောင်းလဲသွားတော့သည်။


Xxxxxxxxxxx