အပိုင်း ၉၆
Viewers 44k

Chapter 96


နိုင်ငံခြားသား သရုပ်ဆောင်တို့၏ အမြင်မှာလည်း အသစ်တစ်ဖန် ပြောင်းလဲသွားတော့သည်။ဒါရိုက်တာက ဆက်ပြောလိုက်၏။


“ဝိုး ဒီတင်ပါးတွေကို ကြည့်လိုက်ပါဦး မိုက်လိုက်တာ ငါ တကယ်ကို ခပ်ပြင်းပြင်းလေး တစ်ချက်လောက် ရိုက်ကြည့်ချင်လာပြီ တုန်နေမှာပဲနော် ရှောင် ဟုတ်တယ်မဟုတ်လား ...”


ရှောင်ကျားရှု “...”


ကျိမြန်က စခရင်ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်တော့သည်။ ထို့နောက် တစ်ဖန် ပြန်လှည့်ကြည့်လိုက်ပြန်ကာ အကြည့်တို့ မည်းမှောင်သွားတော့သည်။


Stisen : “ဒီနောက်ကျောဘက်ရိုက်ချက်က အလှဆုံးပဲ နောက်ကျောပေါ်က အချိုင့်လေးတွေက တကယ်ကို ချစ်စရာလေး တင်ပါးနှစ်ခုကလည်း တကယ်ကို နှစ်လိုဖွယ်ရာပဲနော် ကျိ မင်း တည်းဖြတ်တဲ့အခါ ဒီအပိုင်းကို ငါ့အတွက် သေချာလေး သိမ်းထားပေးနော် ပြီးတော့ မင်းရဲ့ အကြည့်တွေလည်း အရမ်းကိုမိုက်တယ် အံ့ဩတာနဲ့ ညှို့ယူဖမ်းစားခံလိုက်ရတာ နှစ်ခု ရောယှက်နေတာ ငါကြားဖူးတာတော့ မင်းတို့ အရှေ့တိုင်းမှာဆို ပထမတစ်ပိုင်းကို တစ်ခေါက်တည်း အပြီး ရိုက်နိုင်ရင် နောက်အပိုင်းတွေလည်း ချောချောမွေ့မွေ့ ပြီးတယ်တဲ့ ဟုတ်လား ကြည့်ရတာ ငါတို့လည်း ဒီနေ့ ကံကောင်းတယ် ထင်တယ်နော် အိုကေ နောက်တစ်ခု မရိုက်ခင် ခဏလောက် နားလိုက်ရအောင် ...”


အားလုံးက ရှောင်ကျားရှု၏ အဝတ်ဗလာဖြင့် ရိုက်ချက်ကို အားရပါးရ ချီးကျူးပြီး၍ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြသည့်တိုင် ကျိမြန်မှာမူ နေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ စခရင်ပေါ်ရှိ သူ့ပုံရိပ်ကို မဖော်ပြနိုင်လောက်သည့် ခံစားချက်တို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ ထိုအမူအယာများအားလုံးမှာ သရုပ်ဆောင်နေခြင်းမဟုတ်၊ သူ၏ အစစ်အမှန် တုန့်ပြန်ချက်များ ဖြစ်ကြောင်းကိုတော့ မည်သူမှ မသိကြချေ။ 


ဖန်ခွင်းက သူ့အနား လျှောက်လာကာ တီးတိုးပြောလိုက်သည်။


“ကျိကော အရှက်မကွဲအောင် ဘောင်းဘီပွတာလေး လဲလိုက်ပါလား ...”


ကျိမြန်က မသိလိုက်မသိဘာသာဖြင့် ငုံ့ကြည့်ကာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။


“ငါ အဆင်ပြေပါတယ် ...”


“နည်းနည်းလေးပဲ မာလည်း မာတာက မာတာပဲလေ ဟန်ဆောင်မနေပါနဲ့ ရှောင်ကျားရှုက ဒီလိုမျက်နှာလေးနဲ့ ကြီးပြင်းလာတဲ့အပြင် သူ့အချိုးအစားကလည်း တော်တော်ကို မိမိုက်သေးတယ် ဘာမှ မတုန့်ပြန်ဘူးဆိုရင်မှ ထူးဆန်းနေတယ်လို့ တွေးမိဦးမှာ...”


ဖန်ခွင်းက သူ့ကို အလွန်အမင်း နားလည်ပါသည်ဟု အချက်ပြသည့်အနေဖြင့် မျက်စိမှိတ်ပြလိုက်သည်။


ကျိမြန်က ခပ်တိုးတိုး ကျိန်ဆဲကာ ဘောင်းဘီလဲရန်အတွက် အဝတ်လဲခန်းထဲသို့ ခပ်သွက်သွက် ပြန်သွားလိုက်တော့သည်။


ရှောင်ကျားရှုမှာ အစောပိုင်းက ရေစိမ်ထားရသည့်အတွက် မိတ်ကပ်ပြန်ပြင်လိုက်ရပြန်တော့သည်။ ဘောင်းဘီအသစ် လဲလိုက်ပြီဖြစ်သော ကျိမြန်မှာတော့ အခန်းထဲသို့ပင် မဝင်ရဲတော့။ ဆေးလိပ်တစ်လိပ်ကို လက်ကကိုင်လျက် တံခါးအပြင်ဘက်တွင်သာ ရပ်နေလိုက်တော့သည်။ 


ဇာတ်လိုက်အဖြစ် သရုပ်ဆောင်မည့် ဒေါ်နယ်ပါ သူ့အနား ရောက်လာကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။


“ငါ့ကိုလည်း တစ်လိပ်လောက် ပေးပါဦး …”


ကျိမြန်က သူ့အတွက် တစ်လိပ် ထုတ်ပေးလိုက်ကာ နှစ်ဦးသား တံခါးဝတွင်ပင် ဆေးလိပ်ဖွာရင်း စကားလက်ဆုံကျသွားတော့သည်။


“ဒီချစ်စရာအကောင်ပေါက်လေး ...


ဒေါ်နယ်က တံခါးပေါက်ကို ညွှန်ပြရင်း ပြောလိုက်သည်။


“သူက အဖြောင့်လား အကွေးလား ...”


ဟောလိဝုဒ်စတား အများစုမှာ လိင်တူလိင်ကွဲနှစ်မျိုးလုံးကို ကြိုက်နှစ်သက်သူများ ဖြစ်ကြကာ ဒေါ်နယ်လည်း တစ်ဦးအပါအဝင်ပင် ဖြစ်သည်။ သူက တံခါးကို အပေါက်ဖောက်ကာ အထဲသို့ ဝင်သွားတော့မည့်နှယ် နင့်နင့်သည်းသည်း စိုက်ကြည့်နေလိုက်သည်။ အပြာရောင် ဆေးရည်ကန်ထဲတွင် မှေးစက်နေသည့် လူငယ်လေး၏ ရုပ်ပုံလွှာကို တစ်သက်လုံး မေ့ဖျောက်၍ မရနိုင်တော့သည်အထိ သူ့နှလုံးသားထဲသို့ ထွင်းထုထားမိတော့သည်။ ရေပူဖောင်းငယ်တို့က ဖြူလွလွ အသားအရေပေါ် ကပ်တွယ်နေလျက် ကြွက်သားတို့မှာလည်း သားရဲတစ်ကောင်နှယ် တင်းမာခက်ထန်နေသည်မှာ သေစေနိုင်လောက်သည့် အလှတရားတစ်ပါးနှယ်။


မူလကမူ ဒေါ်နယ်သည် တစ်ဖက်သူ၏ လှပမှုအပေါ် သဘောကျမိရုံသာ ဖြစ်သော်ငြား နောက်ပိုင်းတွင် အပိုင်သိမ်းလိုသည့် စိတ်ဆန္ဒတို့ ပေါက်ဖွားလာတော့သည်။ ခြောက်ကပ်နေသည့် နှုတ်ခမ်းပါးတို့ကို လျာဖြင့်သပ်ကာ စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ပြောလိုက်သည်။ 


ကျိမြန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ 


“သူ့ကို မနှောင့်ယှက်နဲ့ သူက အဖြောင့် ...”


ဒေါ်နယ်က မျက်ခုံးတို့ကို ပင့်ကာ ပြောလိုက်သည်။ 


“မင်း အထဲကို မဝင်ရဲတာ မဆန်းတော့ပါဘူး တစ်ခုခု လွဲချော်သွားမှာကို ကြောက်လို့ မဟုတ်လား အဖြောင့်တွေလည်း ကွေးနိုင်ပါတယ် မင်းမှာ နည်းလမ်းကောင်း ရှိနေသရွေ့ပေါ့ ...”


“မဟုတ်ဘူး ငါပြောတာကိုယုံ အဖြောင့်တစ်ယောက်ကို ကွေးအောင်လုပ်ဖို့ဆိုတာ မင်း ထင်နေသလောက် မလွယ်ဘူး ဒေါ်နယ် ကျေးဇူးပြုပြီး သူနဲ့ ဝေးဝေးမှာ နေပေးပါ သူ့စိတ်ထဲမှာ ရုပ်ရှင်ရိုက်ဖို့ကလွဲပြီး ဘာမှ မရှိဘူး သူ့ရဲ့ ရိုးရှင်းနေတဲ့ စိတ်ကလေးကို မဖျက်ဆီးလိုက်ပါနဲ့ ...”


ကျိမြန်၏ လေသံမှာ အလွန်လေးနက်နေပေသည်။


ဒေါ်နယ်က လက်နှစ်ဖက်ကိုမြှောက်ကာ ပြောလိုက်သည်။


“အိုကေ အိုကေ သူ့ကို မထိတော့ဘူး ဟေးလူ ငါ့ကို ဒီလိုမျိုးကြီး မကြည့်ပါနဲ့ ...”


သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှောင်ကျားရှုက အတွင်းခံဘောင်းဘီ အရောင်တောက်တောက်တစ်ထည်ကို ဝတ်ဆင်လျက် ထွက်လာသည်။ အပေါ်ပိုင်းမှာမူ အဝတ်ဗလာ ဖြစ်နေဆဲပင်။ ရုပ်ရှင်တစ်ကားလုံးအတွက် ကိုယ်လုံးတီးရိုက်ချက် တစ်ခုကိုသာ လိုအပ်ကာ ကျန်အပိုင်းများတွင်မူ ကင်မရာရှုထောင့် အမျိုးမျိုး ပြောင်းလဲလျက် သူ့အပေါ်ပိုင်းကိုသာ ဦးတည်ရိုက်ကူးတော့မည် ဖြစ်သဖြင့် ကိုယ်လုံးတီးဖြစ်ရန် မလိုအပ်တော့။ ထို့အပြင် တိုက်ခိုက်သည့်အခန်းတစ်ချို့ကိုပါ တစ်ပါတည်း ရိုက်ကူးရမည်ဖြစ်ရာ အဝတ်မပါပါလျှင် ထိုနေရာမှာ ယမ်းခါနေမည်ဖြစ်သည့်အတွက် ရိုက်ကွင်းတစ်ခုလုံး မသက်မသာ ဖြစ်ပေလိမ့်မည်။


ထိုစကားများမှာ ဒါရိုက်တာကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်ပြီး ဘေးနားရှိ မိတ်ကပ်ပြင်ပေးသူ နှစ်ဦးစလုံး မျက်နှာနီရဲသည်အထိ ရှက်ရွံ့သွားကြသည့်တိုင် ရှောင်ကျားရှုကမူ မျက်မှောင်ပင် မကြုပ်။ စတူဒီယိုထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စက်ရုပ်တစ်ရုပ်နှယ် ဒါရိုက်တာ၏ ညွှန်ကြားချက်များကို တစ်သွေမတိမ်း လိုက်နာကာ သူ အလိုရှိရာတိုင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကိုယ်ရေးကိုယ်တာခံစားချက်များ အားလုံးကို ဘေးဖယ်ထားမည်ဖြစ်သည်။


“ကျိကော မစ္စတာဒေါ်နယ် ...”


သူက နှစ်ယောက်လုံးကို အသာခေါင်းငြိမ့်ပြကာ ရိုက်ကွင်းနေရာသို့ ဆက်လျှောက်သွားလိုက်သည်။


ဒေါ်နယ်က သူ၏ နှစ်လိုဖွယ် တင်ပါးလေးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။


“ဇာတ်ကောင်က အရမ်းကို မိုက်ပြီး အရသာရှိမယ့်ပုံလေး ကျိ သူက မင်းခေါ်လာတဲ့သူ ဖြစ်နေလို့သာပေါ့ မဟုတ်ရင် ငါ့အိပ်ယာပေါ် ဆွဲသွင်းလိုက်ပြီ ...”


မိုက်တယ် ဟုတ်လား ...


ကျိမြန်က ခေါင်းကိုယမ်းလျက် ခါးသီးစွာ ရယ်မောလိုက်တော့သည်။


ပထမတစ်ပိုင်း ရိုက်ကူးပြီးကတည်းက ဒါရိုက်တာသည် ရှောင်ကျားရှု၏ အရည်အချင်းကို ယုံကြည်သွားတော့သည်။ မူလကမူ ကျိမြန်က ရိုက်ကွင်းနေရာသို့ အလှပန်းအိုးတစ်လုံး ခေါ်လာသည်ဟု အထင်မှားခဲ့မိသော်ငြား ယခုမူ ထိုသို့ဖြစ်ဟန်မတူ။


“ရှောင် မင်းကို ရှေ့ဆက်ရိုက်ရမယ့် အပိုင်းတွေအကြောင်း ပြောပြမယ် zerg တွေ တစ်ဖြည်းဖြည်း နီးကပ်လာတဲ့အခါ အဖွဲ့ထဲက ဗိုလ်ကြီးက ဓာတ်ခွဲခန်းထဲက အချက်အလက်တွေကို ဖတ်ပြီး မင်းကို အသက်သွင်းဖို့လုပ်မှာ ဒါပေမယ့် ကပ္ပတိန် ဒေါ်နယ်က ကန့်ကွက်လို့ စကားများ ရန်ဖြစ်ကြလိမ့်မယ် သူတို့တိုက်ခိုက်လို့ ပြီးတဲ့အထိ မင်းက ကန်ထဲမှာ နေနေရမှာ သူတို့ သရုပ်ဆောင်နေတဲ့ အချိန် မင်းက အသက်ရှူအောင့်ထားပေးရလိမ့်မယ် တကယ်လို့ ဆက်မလုပ်နိုင်တော့ရင် ရပ်ပစ်လိုက် ငါတို့တွေ အပိုင်းတိုလေးတွေ ရိုက်ပြီးကာမှ ပြန်တည်းဖြတ်လိုက်လို့ ရတယ် ဟုတ်ပြီလား ဒါပေမယ့် ငါ့သဘောကို ပြောရရင်တော့ တစ်ခါတည်း အပြီးရိုက်နိုင်ရင် အကောင်းဆုံးပေါ့ကွာ အဲဒါဆိုရင် တကယ့်ကို ယုတ္တိဆန်တဲ့ ရိုက်ချက်မျိုး ဖြစ်မှာပေါ့ မင်းက အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းနဲ့ အခြေအနေတွေ ဘယ်လောက်အထိ အရေးကြီးနေတယ်ဆိုတာကို ပြသဖို့အတွက် မင်းမျက်နှာကို အနီးကပ် ရိုက်ပြရလိမ့်မယ် နားလည်ရဲ့လား ...”


“နားလည်ပါတယ် ...”


ရှောင်ကျားရှုက တုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။


“အိုကေ တော်လိုက်တဲ့ကောင်လေး မင်းရဲ့ အလုပ်အပေါ် ထားတဲ့ သဘောထားကို ငါ တကယ်ကြီး သဘောကျသွားပြီ ...”


ဒါရိုက်တာက သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။


“နောက်တစ်ခုအတွက် ပြင်ဆင်ထား အားလုံး နေရာယူထားကြမယ် ...”


သရုပ်ဆောင်အားလုံး ရိုက်ကွင်းနေရာသို့ ချက်ခြင်း ရောက်လာကြကာ ရှောင်ကျားရှုကလည်း အသက်ကို ပြင်းပြင်းရှူလျက် ရေထဲသို့ ခုန်ဆင်းလိုက်သည်။


ကျိမြန်က ဖန်ရေကန်အနား သွားကာ 001 ကို ငေးကြည့်နေလိုက်သည်။ ထို့နောက် ကန်အပြင်ဘက်ရှိ ထိန်းချုပ်ခလုတ်ကိုယူကာ ပရိုဂရမ်ကို အသက်သွင်းရန် ပြင်နေစဉ် ကပ္ပတိန်ဒေါ်နယ် ရောက်လာပြီး သူ့လက်ကို ဆွဲလျက် ဩရှသည့် အသံဖြင့် မေးခွန်းထုတ်လိုက်သည်။


“ဘာလုပ်မလို့လဲ ...”


“ CT-001 ကို နှိုးမလို့ပေါ့ မမြင်ဘူးလား ...”


“ဒါပေမယ့် သူက ကမ္ဘာမြေကို ဖျက်ဆီးခဲ့တဲ့သူလေ သူ့ကြောင့် ငါတို့အားလုံး သေသွားမှာမျိုး ဖြစ်စေချင်နေတာလား ...”


“မင်းတို့ကို ကယ်ဖို့လုပ်နေတာကွ သုတေသီတွေ ချန်ထားခဲ့တဲ့ အချက်အလက်တွေကို ဖတ်ပြီးပြီ သူတို့က CT-001 ရဲ့ အသိစိတ်ကို ဖယ်ထုတ်ထားပြီးသား အခု သူက စက်ရုပ်တစ်ရုပ်ပဲ အမိန့်အတိုင်း နာခံရုံကလွဲရင် ဘာမှ အန္တရာယ် မပေးနိုင်ဘူး အခု zerg တွေ လာတိုက်ခိုက်တော့မှာ မင်းမှာ ပိုကောင်းတဲ့ ရွေးချယ်မှု ရှိလို့လား ...”


“လူသားတွေရဲ့ သွေးတွေ စွန်းထင်းနေတဲ့ ဖျက်ဆီးသူကို အသက်သွင်းမယ့်အစား ဝိုင်းထားတဲ့ ရန်သူကို သတ်ဖို့ပဲ ရွေးချယ်လို့ ရသားပဲ ...”


အလျင်စလို ဖြစ်နေသည့် အခြေအနေကြောင့် သရုပ်ဆောင်နှစ်ဦး၏ စကားပြောခန်းမှာလည်း မြန်ဆန်နေပေသည်။ တစ်ဦးက သူ့အမြင်ကိုသာ အခိုင်အမာ ပြောနေကာ ကျန်တစ်ဦးကလည်း လုံးဝ သဘောမတူ။ ထိုသို့ဖြင့် ငြင်းခုန်စကားများကြရာမှတစ်ဆင့် ခိုက်ရန်ဖြစ်ပွားမှုသို့ ဦးတည်သွားတော့သည်။ နှစ်ဦးအကြား ပဋိပက္ခကို ရိုက်ကူးနေရင်း တစ်ချိန်တည်းမှာပင် ကင်မရာအမြောက်အများက ရှောင်ကျားရှု အထူးသဖြင့် သူ၏ တင်းတင်းပိတ်ထားသော မျက်လုံးနှင့် တည်ငြိမ်နေသည့် မျက်နှာကို အနီးကပ် ရိုက်ကူးနေလိုက်သည်။ ထာဝရအိပ်ပျော်နေသည့်တိုင် အချိန်မရွေး ပြန်လည်နိုးထနိုင်ဟန်ပင်။ သူ၏ ငြိမ်သက်အေးဆေးသည့် အနေအထားနှင့် အပြင်ဘက်ရှိ ပြင်းထန်လှသည့် တိုက်ပွဲတို့က သန်မာသည့် လွန်ဆွဲမှုကို ဖော်ကျုးနေကာ အခြေအနေတစ်ခုလုံး မည်မျှအထိ အလျင်စလိုနှင့် အရေးကြီးကာ အန္တရာယ်များလှကြောင်း သိသာနေပေသည်။


ဒေါ်နယ်က ကျိမြန်ကို ဖန်ရေကန်ပေါ် ဖိထားလိုက်သည်။ ရေကန်တစ်ခုလုံး ယမ်းခါသွားကာ ရှောင်ကျားရှု၏ ခန္ဓာကိုယ်လည်း အနည်းငယ် ရွေ့လျားသွားပြီး သူ့မျက်တောင်ပေါ်တွင် ရေပူဖောင်းငယ်အချို့ ပေါ်ထွက်လာတော့သည်။ ကင်မရာက ထိုမြင်ကွင်းကို အနီးကပ် ရိုက်ကူးထားလိုက်၏။ ထို့နောက်တွင်တော့ ပျံ့လွင့်လာသော အပြာရောင်အလင်းတန်းနှင့်အတူ ကြောက်မက်ဖွယ် လေထုတစ်ခု တိတ်တဆိတ် ပေါ်ပေါက်လာတော့သည်။


ထိုအပြောင်းအလဲကို မြင်လိုက်သည့် ဇာတ်လိုက်မ မက်ဒီက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ရေကန်အနားမှ ကမန်းကတမ်း ခွါလိုက်သည်။ သို့သော် ရှေ့ဆက်တိုးလာသည့် zerg တို့မှာမူ သူတို့ကို စဉ်းစားချိန်မပေး။ သတ္ထုတံခါးမှာ သိပ်မကြာခင် အချိန်မှာပင် အဖျက်ဆီးခံရတော့မည်ဖြစ်သည်။


စက်ရုပ်ကို အသက်သွင်းရန် ကြိုးစားရာမှ ခိုက်ရန်ဖြစ်ပွားသည့် အခန်းအထိ ကျိမြန်၊ ဒေါ်နယ်နှင့် ကျန်သရုပ်ဆောင်အားလုံးက ပညာကုန် ထုတ်သုံးကာ ကြိုးစားခဲ့ကြသည့်အတွက် တစ်ကြိမ်တည်းဖြင့် အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တော့သည်။ ဒါရိုက်တာက “cut” ဟု အော်ပြီးနောက် ရှောင်ကျားရှုက်ို စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။


“ရှောင် ရှောင် မင်း အဆင်ပြေရဲ့လား ...”


ရှောင်ကျားရှုက မတုန့်ပြန်။ ကျိမြန်၏ အမူအယာ ရုတ်ချည်းပြောင်းလဲသွားကာ ကန်အနောက်ဘက်ရှိ လှေကားမှတစ်ဆင့် ကန်ထဲသို့ ဆင်းလိုက်သည်။ လမ်းတစ်ဝက်တွင် ရှောင်ကျားရှု ပြန်နိုးလာကာ ရေပူဖောင်းတို့ မှုတ်ထုတ်လျက် ရေမျက်နှာပြင်ပေါ် ပြန်တက်လာလိုက်သည်။


“အဆင်ပြေပါတယ်...”


ထိုအခါမှ ဒါရိုက်တာလည်း စိတ်အေးသွားရတော့သည်။


“ဘုရားမလို့ မင်းကြောင့် ငါ နှလုံးရောဂါ ရတော့မလို့ဆိုတာရော သိရဲ့လား ဒီအခန်း ရိုက်နေတဲ့ သုံးမိနစ်လုံးလုံး မလှုပ်မရှားဘူးလေ...”


သူ့စကားအဆုံး၌ လူအုပ်တစ်ခုလုံး အံ့ဩသွားရတော့သည်။


ရှောင်က သူတို့လို လေရတဲ့ နေရာမှာ သရုပ်ဆောင်ရတာလည်း မဟုတ်ဘူး တစ်ချိန်လုံး ရေထဲမှာပဲ နေနေရတာ ပြီးတော့ သူများတွေ သရုပ်ဆောင်နေတုန်းမှာလည်း အသက်ရှူရအောင်ဆိုပြီး တစ်ခါမှ ရေပေါ် ပေါ်မလာဘူး အကုန်လုံး ပြီးသွားတဲ့အထိ တိတ်တိတ်လေး နေနေတာ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ ...


ကျိမြန်၏ ဆွဲခေါ်မှုကြောင့် ရေမျက်နှာပြင်ပေါ် ရောက်လာသော ရှောင်ကျားရှုက အသက်ကို ပြင်းပြင်းရှူကာ ရှင်းပြလိုက်သည်။


“မစိုးရိမ်ပါနဲ့ ကျွန်တော် အိမ်မှာ လေ့ကျင့်ထားပြီးသားပါ ...”


ဒါရိုက်တာက သဘောတကျ ရယ်မောလိုက်သည်။


“မထူးဆန်းတော့ပါဘူး ဒီအခန်းကို အများကြီး ပြန်ရိုက်ရမယ်လို့တောင် တွေးထားခဲ့မိတာ ပြောရရင် သာမန်လူတွေက စက္ကန့်ပိုင်းလောက်ပဲ အသက်အောင့်နိုင်ကြတာလေ ရှောင် မင်းက တကယ်ကို ချီးကျူးထိုက်စရာပဲ ..."


ရှောင်ကျားရှုက လက်ကို ယမ်းပြကာ ကျိမြန်ကို လှမ်းကြည့်လိုက်သည်။


“ကျိကော ကျေးဇူးတင်ပါတယ် ...”


ကျိမြန်က သူ့ဆံပင်များကို ငေးကြည့်လျက် နက်မှောင်နေသည့် လေသံဖြင့် ပြောလိုက်သည်။


“ဆိုတော့ နေ့တိုင်း ငါးမိနစ် အသက်အောင့်တဲ့ လေ့ကျင့်ခန်း လုပ်တာက ဒီအခန်းကို ရိုက်ဖို့ပေါ့ ...”


“ဟုတ်ကဲ့ ...”


ရှောင်ကျားရှုက ဆံပင်ကို ရေသုတ်ရင်း ပြောလိုက်သည်။ သူ့ပုံစံမှာ သူစိမ်းတစ်ဦး၏ အကြောင်းကိစ္စကို ပြောနေသည့်အတိုင်းပင်။ သူ့အမြင်အရမူ ၎င်းမှာ ကိစ္စကြီးကြီးမားမားလည်းမဟုတ်။ ဇာတ်ညွှန်းကို ရကတည်းက အခန်းတိုင်းကို မည်သို့မည်ပုံ သရုပ်ဆောင်မည် ကြိုတွေးကာ မရေမတွက်နိုင်လောက်အောင် လေ့ကျင့်ထားပြီးဖြစ်သည်။


ကျိမြန်က အတော်ကြာသည်အထိ စကားပြောမလာသည့်တိုင် အကြည့်တို့မှာမူ မတည်ငြိမ်လှ။ 


Xxxxxxxx