အပိုင်း ၉၇
Viewers 56k

Chapter 97


ရှောင်ကျားရှု မင်းဦးနှောက်ထဲမှာ ရုပ်ရှင်ရိုက်တာကလွဲလို့ ဘာမှ မရှိတော့ဘူးလား ...


ထိုသို့ မေးလိုက်ချင်သော်ငြား အဆုံးတွင်တော့ သက်ပြင်းချ၍သာ ပြောလိုက်တော့သည်.


“အအေးမမိအောင် ရေတွေ မြန်မြန် သုတ်လိုက် ...”


နှစ်ဦးသား မြေပေါ်သို့ဆင်းကာ ဒါရိုက်တာ၏ ဘေးနားသို့ ရပ်နေလိုက်ကြတော့သည်။ စခရင်ပေါ်တွင် ရိုက်ကူးပြီးကာစအပိုင်းကို ပြသထားသည်။ အားလုံးကို တစ်ကြိမ်တည်းအပြီး ရိုက်ကူးနိုင်ခဲ့သည့်အတွက် အထူးပြုလုပ်ချက်တို့မှာလည်း လွန်စွာ ကောင်းမွန်လှသည်။ အထူးသဖြင့် ရှောင်ကျားရှု၏ မျက်တောင်ပေါ်ရှိ ရေပူပေါင်းတို့ လွင့်မျောသွားသည်မှာ အချိန်မရွေး နိုးထလာတော့မည့်ဟန်ပင်။ ကန်အပြင်ဘက်တွင် ရပ်နေသည့် မက်ဒီ၏ ဆံပင်များ ထောင်ထလာသည်အထိ ထိတ်လန့်သွားသော အပိုင်းမှာလည်း ထူးထူးကဲကဲပင် သဘာဝကျလှပေသည်။


“အရမ်းကိုကောင်းတယ် အားလုံးပဲ ဒီနေ့လုပ်သွားတာ သိပ်ကိုကောင်းတယ် အိုကေ အိုကေ မိတ်ကပ်တွေ ပြန်ပြင်ထားကြမယ်နော် ခဏနားပြီး ငါးမိနစ်နေရင် နောက်တစ်ပိုင်း ဆက်ရိုက်ကြမယ် ...”


ဒါရိုက်တာက စိတ်လက်ကြည်သာစွာဖြင့် လက်ခုပ်တီးလျက် ပြောလိုက်သည်။


ရှောင်ကျားရှု၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်ကြောင့်သာ မဟုတ်ပါလျှင် နှစ်ကြိမ် သုံးကြိမ်ထက်မနည်း ပြန်လည်ရိုက်ကူးရမည်ဖြစ်ကြောင်း အားလုံး သဘောပေါက် နားလည်ထားပေသည်။ ထပ်ကာထပ်ကာ ပြန်လည်ရိုက်ကူးရပါလျှင် ကောင်းမွန်နေသည့် ခံစားချက်တို့ ပျက်စီးသွားကာ နောက်တစ်ကြိမ် ပြန်လည်မွေးမြူရန် လွယ်ကူနိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်မှစ၍ လူသစ်ကလေးကို စိတ်ပါလက်ပါ လက်ခံလိုက်ကြပြီး သူ့ကိုပွေ့ဖက်ရန် တစ်ယောက်ပြီးတစ်ယောက် အနားကပ်သွား ကြတော့သည်။


ရှောင်ကျားရှုကမူ အားလုံး၏ ကြင်နာမှုကို မျက်နှာသေဖြင့်သာ တုန့်ပြန်ကာ မိတ်ကပ်ပြင်ရန် အဝတ်လဲခန်းသို့ ပြန်သွားလိုက်တော့သညည်။ သူ့အဖို့ ရိုက်ချက်တိုင်းကို အကောင်းဆုံး သရုပ်ဆောင်ရမည်မှာ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ဖြစ်ကာ အထူးတလည် အရေးတယူပြုနေရန် မလိုအပ်ချေ။


သူ့နောက်ကျောကို ငေးကြည့်နေရင်း ကျိမြန်က သူ တစ်ခါ ပြောခဲ့ဖူးသည့် စကားကို အမှတ်ရသွားတော့သည်။


ကောင်းမွန်တဲ့ သရုပ်ဆောင်စကေးတွေကို မျှမျှတတ ပိုင်းခြားထားပြီး ကောင်းမွန်တဲ့ ပါတနာတွေကို ညီညီမျှမျှ တွဲဖက်ပေးရမယ်တဲ့ သူက ဒီစကားကို လက်တွေ့ အကောင်အထည်ဖော်ပြလိုက်တာပဲ နိုင်ငံတကာက နာမည်ကြီးတွေနဲ့ အတူတူလုပ်ရလို့ဆိုပြီးလည်း စိတ်ဖိစီးတာတွေ၊ စိတ်ညစ်တာတွေ ရှိမနေဘူး သူများတွေ အခက်မတွေ့စေဖို့ သူ့တာဝန်ကိုပဲ အကောင်းဆုံး လုပ်ပြသွားတယ် ...


“ရှောင်ကျားရှုက တကယ်ကို အံ့ဩစရာပဲ ...”


ဖန်ခွင်း၏ စကားသံကြောင့် သူ့အတွေးစတို့ ပြတ်တောက်သွားတော့သည်။


“တမန်တော်ကို ရိုက်နေတုန်းက ဘယ်လို ဈာန်ဝင်စားရမလဲဆိုတာ သိသွားရုံလေး တစ်ခြားဇာတ်ကောင်တွေကို မကိုင်တွယ်နိုင်လောက်ပါဘူးလို့ ထင်ခဲ့ပေမယ့် အခုတော့ ငါသဘောပေါက်သွားပြီ သူက သရုပ်ဆောင်တဲ့နေရာမှာ ခွန်အားတွေ အများကြီး စိုက်ထုတ်ထားတာ မင်းသာ သူ့အစား တရုတ်ပြည်က နာမည်ကြီး လူသစ်လေးတွေကို ရွေးခဲ့မိပြီး ရေထဲမှာ သုံးမိနစ် အသက်အောင့်၊ လူတွေရှေ့မှာ အဝတ်ဗလာ ကိုယ်လုံးတီးနဲ့ သရုပ်ဆောင်ရမယ်လို့ တောင်းဆိုကြည့်ပါလား စာချုပ်ကိုတော့ ချက်ခြင်း ဖျက်ချင်မှ ဖျက်လိမ့်မယ် ဒါပေမယ့် တိုက်ခိုက်တဲ့အခန်းတွေ၊ ကိုယ်လုံးတီးနေရမယ့် အခန်းတွေအတွက် အစားထိုးတွေ အများကြီးကို ရှာထားရတော့မှာ မျက်နှာလေး ပြရုံကလွဲလို့ တစ်ခြား ဘယ်အခန်းမှကို ရိုက်နိုင်မှာ မဟုတ်ဘူး လှဲရုံလေး လှဲပြီး ပိုက်ဆံလိုချင်နေကြမှာ ရှောင်ကျားရှုက တကယ်ကို တော်တာပဲ ဘာမှ ဟိတ်ဟန်ကြီးနေတာမျိုး မရှိဘူး ...”


ကျိမြန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


“ငါ မှတ်မိပါသေးတယ် အစောပိုင်းတုန်းက မင်းပဲ သူ့ကို ပြဿနာရှာလွန်းတယ်လို့ ထင်ခဲ့တာ မဟုတ်လား ..."


ဖန်ခွင်းက ရှက်ရွံ့စွာ ပြောလိုက်သည်။


“လူတစ်ယောက်ကို အပေါ်ယံလေးနဲ့ပဲ ဆုံးဖြတ်လို့ မရဘူးလေ ရှောင်ကျားရှုကို ဘယ်သူကရော ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မျက်နှာလေး ရှိခိုင်းလို့လဲ အဲဒါက သူ့စရိုက်အစစ်လို့မှ မသိခဲ့တာ မဟုတ်ရင် သူနဲ့ လက်မှတ်ထိုးရအောင် အော်ဟစ်ငိုယ်ိုပြီးကို တောင်းဆိုခဲ့မှာ စောင့်ကြည့်နေလိုက်သိလား တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူက မင်းထက် သာသွားလိမ့်မယ် ...”


“ကောင်းပါပြီ ငါလည်း ဒီလိုဖြစ်လာမယ့်နေ့ကို စောင့်နေပါ့မယ် ...”


ကျိမြန်က နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်ကာ ဝမ်းသာအားရ ပြောလိုက်သည်။


...........


Stisen က “နိုးထခြင်း” ဇာတ်ကွက်ကို တစ်နေ့တည်း အပြီးရိုက်ရန် ဆုံးဖြတ်ထားသဖြင့် ရှောင်ကျားရှုကို မိတ်ကပ်အမြန် ပြင်ပြင် ခိုင်းပြီး ရေကန်အနောက်သို့ ဆွဲခေါ်ကာ ရှင်းပြလိုက်သည်။


“နောက်ရိုက်ရမယ့် အပိုင်းက ဒီကန်ရဲ့ နံရံအနောက်မှာ ရိုက်ရမှာ မင်းကို ဝါယာကြိုးတွေနဲ့ သွယ်ထားပေးမယ် မင်းက ရေပေါ်မှာ ပေါလောပေါ်နေသလို သရုပ်ဆောင်ပြရမယ် နားလည်လား အစောပိုင်းက အခြေအနေအတိုင်း ထိန်းထားရမယ်နော် ကျိမြန်က နှိုးထခြင်း အဆင့်ကို စတင်တဲ့အခါ ဝါယာကြိုးတွေက တစ်ဖြည်းဖြည်း အောက်ချပေးလိမ့်မယ် အဲဒီ့အတိုင်းပဲ နှစ်စက္ကန့်လောက် ဆက်နေနေဦး ပြီးတော့မှ လက်ကို နံရံပေါ် ထောက်ပြီး မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ဖွင့်ချလိုက် ..."


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။


“နားလည်ပါပြီ ...”


“သိပ်ကောင်းတယ် စက်ရုပ်တစ်ရုပ်ရဲ့ လှုပ်ရှားမှုတွေက ရေအောက်မှာ ရောက်နေလို့ဆိုပြီး နှေးမသွားဘူး ဒါပေမယ့် မင်းအတွက်ကျ မတူဘူးလေ လုံလောက်အောင် မသန်မာတဲ့အတွက် မင်းရဲ့ လှုပ်ရှားမှုတွေကို ရေကန်နံရံကနေ ဖြတ်ပြီးတော့ပဲ ရိုက်လိုက်မယ် ..."


Stisen က ကျိမြန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။


“ကျိ မင်းရဲ့ အပိုင်းကတော့ အရမ်းကို ရိုးရှင်းတယ် ဒီထိန်းချုပ်သေတ္တာကို ဖွင့်ပြီးတော့ မျက်ကြည်လွှာနဲ့ အသံ အသိအမှတ်ပြုစနစ်ကို အသက်သွင်းလိုက်ရုံပဲ နားလည်လား …”


ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


“အိုကေ ကင်မရာလည်း အဆင်သင့်ဖြစ်ပြီ ...”


ရှောင်ကျားရှုမှာ ဝါယာကြိုးနှစ်ချောင်းဖြင့်သာ ချည်နှောင်ပြီး လေထဲတွင် လွင့်မျောနေရသည့်အတွက် ဟန်မဆောင်နိုင်လောက်အောင်ပင် တဆတ်ဆတ် တုန်ရီလာတော့သည်။ ထိုအခါမှ သူသည် အမှောင်နှင့် ကျဉ်းမြောင်းသည့် နေရာများကိုသာ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ အမြင့်ကိုပါ ကြောက်တတ်ကြောင်း သတိရသွားတော့၏။ မျက်လုံးကို အမြန်ပိတ်ကာ စိတ်နှလုံးအေးချမ်းစေသည့် မန္တာန်ကို ရွတ်ဖတ်လိုက်မှသာ စိတ်တည်ငြိမ်သွားတော့သည်။ ရေထဲတွင် မျောနေရခြင်းနှင့် လေထဲတွင် တွဲလောင်းခိုထားရခြင်းမှာ ခံစားချက် မတူညီလှ။ တစ်ခုက မှီတွယ်စရာ ရှိနေသော်ငြား ကျန်တစ်ခုမှာမူ အချိန်မရွေး အသူတစ်ရာချောက်နက်ထဲသို့ ကျသွားတော့မည့်ဟန်ပင်။ အခြားသူများ သတိမပြုမိစေရန် အမူအယာကို အမြန် ထိန်းချုပ်နိုင်လိုက်၍သာ တော်သေးသည်။ 


နံရံတစ်ဖက်ရှိ ကျိမြန်၏ မျက်ခုံးတို့ ရုတ်ချည်း ကွေးတွန့်သွားတော့သည်။ 


အမြင့်တစ်ခုသို့ ရောက်သည့်အခါ ဝါယာကြိုးတို့ကို ဆွဲတင်ခြင်းအား ရပ်တန့်လိုက်ပြီး အထူးပြုလုပ်ချက်ကို ဖန်တီးပေးသည့် အင်ဂျင်နီယာများက ရှောင်ကျားရှု၏ ခါးကို ရစ်ပတ်ထားသည့် ဝါယာကြိုးများအား တည်းဖြတ်လိုက်သည်။ စိတ်ကို တည်ငြိမ်အောင် လုပ်ကာ ခန္ဓာကိုယ်ကို တင်းထားလျက် အဆင်သင့် ပြင်လိုက်သည်။ ကျိမြန်လည်း ထိန်းချုပ်ခလုတ်ရှိရာသို့ ချက်ခြင်းသွားကာ အိုကေဟု လက်ဟန်ခြေဟန် ပြလိုက်သည်။ အခြားသရုပ်ဆောင်များကလည်း ဓားသေနတ်တို့ကို ကိုင်မြှောက်လျက် သူ့နောက်တွင် အလျှိုလျှို ဝင်ရပ်ပြီး အဆင်သင့် ပြင်ထားလိုက်ကြတော့သည်။ 


ဒါရိုက်တာ၏ ညွှန်ကြားချက်နှင့်အတူ ရိုက်ကူးရေးအဖွဲ့သားအားလုံး အဆင်သင့် အနေအထားသို့ ပြောင်းလဲလိုက်ကြတော့သည်။


ထိန်းချုပ်ခလုတ်ကို အသံအသိအမှတ်ပြု စနစ်ဖြင့် ရေးဆွဲထားခြင်းဖြစ်ကာ ကျိမြန်က တစ်ဆင့်ချင်း ဆောင်ရွက်လိုက်သည်။ CT001 ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် အသံနှင့် မျက်ကြည်လွှာတို့ကို အစဉ်လိုက် မှတ်တမ်းတင်လိုက်၏။ နောက်ဆုံးအဆင့် ပြီးသွားသည့်အခါ ဝါယာကြိုးမှာ တစ်ဖြည်းဖြည်း နိမ့်ဆင်းလာသည့်အတွက် ကျိမြန်က ချက်ခြင်း နောက်ပြန်ဆုတ်ပြီး ကန်ထဲရှိ စက်ရုပ်ကို ရန်သူသဖွယ် စိုက်ကြည့်လိုက်သည်။


ကင်မရာက သူ့အမူအယာတို့ကို အနီးကပ် ရိုက်ကူးပြီးနောက် ရှောင်ကျားရှုထံ ဦးတည်လိုက်တော့သည်။ ရှောင်ကျားရှု၏ ခပ်တင်းတင်း ဆန့်ထားသော ခြေမတို့ ရေကန်အောက်ခြေနှင့်ထိကာ တစ်ဖြည်းဖြည်း မတ်တပ်ရပ်လိုက်သော်ငြား ကြွက်သားတို့မှာမူ တစ်စထက်တစ်စ ပိုမိုတောင့်တင်းလာတော့သည်။ 


ကင်မရာက ကျိမြန်ထံ တစ်ဖန် ဦးတည်လိုက်ပြန်သည်။ သူ၏ မှေးကျဉ်းလှသည့် မျက်ဝန်းတို့ ပြူးကျယ်ကာ မရေရာမှု၊ စိုးရိမ်မှုနှင့် လက်ဦးမှု ရယူလိုမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့ကိုယ်သူလည်း အလျော်အစား ကြီးမားလှသည့် လောင်းကြေးတစ်ခု ထပ်လိုက်မိပြီဖြစ်ကြောင်း သိထားပေသည်။ အနိုင်ရသည့်တိုင် ကောင်းသည့်ကိစ္စမဟုတ်၊ ရှုံးနိမ့်သွားပါလျှင်မူ လူသားမျိုးနွယ်တစ်ခုလုံး ကပ်ဆိုက်သွားမည်ဖြစ်သည်။ ထိတ်လန့်အံ့ဩကာ အနည်းငယ် နောင်တရနေစဉ်မှာပင် ရှောင်ကျားရှု၏ မျက်လုံးတို့ ရုတ်ချည်း ပွင့်လာပြီး သတိပေးချက် တစ်စုံတစ်ရာ မရှိပါဘဲ ညာဘက်လက်ကို မှန်နံရံပေါ်သို့ ထောက်ထားလိုက်တော့သည်။ 


ကျိမြန်လည်း ကြောက်အားလန့်အားဖြင့် ချက်ခြင်း နောက်ပြန်ဆုတ်လိုက်သည်။ ကျန်ဇာတ်လိုက်များကလည်း ကိုယ်စီကိုယ်ငှ ပြောရမည့် စာသားများကို ပြောကာ အသီးသီး တုန့်ပြန်လိုက်ကြတော့သည်။ 


“ cut ဒီတစ်ခုလည်း ပြီးသွားပြီ ...” 


Stisen က ယနေ့ ရိုက်ကူးရေးရလဒ်ကို အလွန် ကျေနပ်နေဟန်ပင်။ သူက လက်ကိုယမ်းကာ ပြောလိုက်သည်။ 


“မနားတော့ဘူး နောက်တစ်ပိုင်းကို တန်းရိုက်မယ် ...”


CT001၏ လက်ချက်ကြောင့် ရေကန်၏နံရံ ကွဲအက်သွားသည့်အပိုင်းကိုမူ အထူးပြုလုပ်ချက်ဖြင့် ထည့်သွင်းမည်ဖြစ်ရာ ဒါရိုက်တာအနေဖြင့် ပြန်လည်စစ်ဆေးရန်သာ လိုအပ်ပေသည်။ အမှန်တကယ် တိုက်ခိုက်သည့်အခန်းများအား ရိုက်ကူးရန်သာ တာဝန်ရှိသည့်အတွက် ရေကန်ထဲမှ ထွက်လာပြီးနောက် သုတေသနအဖွဲ့ကို ချက်ခြင်း သတ်ဖြတ်သည့် အပိုင်းသို့ ရောက်ရှိသွားတော့သည်။


ရှောင်ကျားရှုက တွဲဖက်သရုပ်ဆောင်များနှင့်အတူ လှုပ်ရှားမှုများကို လေ့ကျင့်ထားပြီးဖြစ်၍ ရိုက်ကူးရေး တရားဝင် စတင်သည့်တိုင် အမှားမပါဘဲ ချောချောမွေ့မွေ့ ရိုက်ကူးနိုင်ခဲ့သည်။ သူက မက်ဒီကို မ ယူကာ အဝေးသို့ ကိုင်ပေါက်လိုက်သည်။ ဒေါ်နယ်ကို မြေကြီးပေါ် လှဲချကာ ကြိမ်ဖန်များစွာ ထိုးနှက်ပြီး လေဆာရောင်ခြည် အမျိုးမျိုးကို ကျော်လွှားလျက် သုတေသနအဖွဲ့သား အားလုံးကို ကန်ကျောက်လိုက်သည်။ ထို့နောက်တွင်တော့ ကျိမြန်ကို လည်ပင်းညှစ်ကာ သတ္ထုနံရံတွင် ဖိကပ်ထားလိုက်၏။


သူက ကျိမြန်လောက် အရပ်မရှည်သော်ငြား အားပြင်းလှသည့် အရှိန်အဝါက လူတိုင်းကို တစ်စစီ ဖျက်ဆီးပစ်တော့မည့်နှယ်ပင်။ မူလက ချောမွေ့နေသည့် ကြွက်သားတို့မှာလည်း ကင်မရာ၏ အနီးကပ်ရိုက်ချက်အောက်တွင် ကြောက်မက်ဖွယ် စွမ်းရည်တစ်ခုကို ထုတ်လွှတ်တော့မတတ် ဖောင်းပွတုန်ရီလာတော့သည်။ အေးစက်တင်းမာလှသည့် မျက်နှာနှင့်အတူ ကျိမြန်အနီးသို့ တစ်ဖြည်းဖြည်း တိုးသွားကာ လက်ငါးချောင်းလုံးကို ပိုပြီး တင်းကြပ်လိုက်သည်။


ကျိမြန်မှာ အသက်ရှူရပ်သွားတော့လုမတတ်ပင်။ 


စောက်ကျိုးနည်း ရှောင်ကျားရှုက တကယ်ကြီးကို လည်ပင်းညှစ်နေတာကွ သရုပ်ဆောင်နေတာ မဟုတ်ဘူး ဒီကလေးကတော့ ဒါရိုက်တာဆီကနေ cut လို့ ကြားလိုက်တာနဲ့ ချက်ခြင်း ဈာန်ဝင်သွားတာလားလည်း မသိတော့ပါဘူး ...


“CT001 ငါက မင်းရဲ့ တရားဝင် ပိုင်ရှင်ပဲ ...”


အံကိုတင်းတင်းကြိတ်ကာ တစ်ခွန်းချင်း ပြောလိုက်သည်။ သွေးနီရောင် လွှမ်းနေသည့် မျက်ဝန်းတို့က စိတ်ပူပန်နေမှုတို့၏ ပြယုဂ်ပင် ဖြစ်သည်။ သူ့အခြေအနေမှာ သေမင်းနှင့် တစ်လှမ်းသာ ကွာပေတော့သည်။


ရှောင်ကျားရှု၏ တည်ငြိမ်နေသော မျက်ဝန်းတို့ ခပ်ဖျော့ဖျော့ ဝင်းလက်သွားကာ သူ့အနားသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူ့ကို ဂရုတစိုက် အကဲခတ်နေဟန်ရှိသော်ငြား မျက်ဝန်း၏ အနက်ရှိုင်းဆုံး နေရာအထိတော့ မရောက်။ ကျိမြန်ကို သက်ရှိတစ်ဦးကဲ့သို့ သဘောမထား။ အမြစ်ပြတ် သုတ်သင်ရှင်းလင်းရမည့် အတားအဆီးတစ်ခုကဲ့သို့သာ သဘောထားနေပေသည်။


မျက်နှာပေါ်သို့ လေပူများ ကျရောက်လာသည်ကို ခံစားမိလိုက်သည့် တစ်ခဏမှာပင် ကျိမြန်မှာ ချက်ခြင်း တွေဝေမိန်းမောသွားတော့သည်။ များမကြာမီ ရှောင်ကျားရှု၏ အန္တရာယ် ကင်းမဲ့သည့် မျက်ဝန်းတို့ကြောင့် အသိစိတ် ပြန်ကပ်လာသော်လည်း သဘောပေါက်နားလည်သွားပြီးနောက်တွင် ထိတ်လန့်သွားတော့သည်။ သူ ပွဲဦးထွက်ပြီးကတည်းက ဇာတ်ကောင်စရိုက်ထဲသို့ ဒုတိယအကြိမ် ဝင်ရောက်မိခြင်းဖြစ်ကာ နှစ်ကြိမ်လုံးမှာလည်း ရှောင်ကျားရှုကြောင့်ပင်ဖြစ်သည်။ တစ်ဖက်သူ၏ သရုပ်ဆောင်မှုမှာ အစစ်အမှန်ဟု ထင်ရရုံသာမက အသက်ဝိဉာဉ်လည်း ကိန်းအောင်းနေသေးသည်။ အေးစက်စက် အမူအယာကို ချိတ်ဆွဲထားခြင်းသာ မဟုတ်၊ သူ့နှလုံးသားတစ်ခုလုံးကပါ အေးစက်နေခြင်းဖြစ်သည်။ ကျိမြန်တွင် လူ့စိတ်ကို ဖတ်နိုင်သည့် အစွမ်းသတ္တိ ရှိသည့်အတွက် ရှောင်ကျားရှု၏ အရည်အချင်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူအသိဆုံးဖြစ်သည်။


ဇာတ်ကောင်စရိုက်ထဲကို အပေါ်ယံလေးတင် မဟုတ်ဘဲ အတွင်းစိတ်ကပါ နစ်ဝင်သွားတဲ့အထိ သရုပ်ဆောင်နိုင်တယ် လုံးဝကို ခြောက်ပြစ်ကင်း သဲလဲစင်ပဲ ...


ကျိမြန်၏ နဖူးတစ်ခုလုံး ချွေးသီးချွေးပေါက်တို့ဖြင့် ပြည့်နှက်လာကာ မျက်ဝန်းထဲရှိ ကြောက်လန့်မှုနှင့် နောင်တတရားတို့လည်း တစ်ဖြည်းဖြည်း အကောင်အထည်ပေါ်လာသည်။ ရှောင်ကျားရှုကမူ သူ့ကို စိုက်ကြည့်နေဆဲဖြစ်သည်။ အေးစက်ကာ ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းတို့မှ အနီရောင် အလင်းတန်းတစ်ခု ထွက်လာပြီး ကျိမြန်၏ မျက်ကြည်လွှာကို အမြန်စစ်ဆေးလိုက်သည်။ ထို အနီရောင်အလင်းတန်းများမှာ ရိုက်ကူးရေး လုပ်နေစဉ်မှာတော့ ပါရှိခြင်းမရှိ၊ နောက်ပိုင်းတွင်မှ အထူးပြုလုပ်ချက် ဖန်တီးသည့်အဖွဲ့က တည်းဖြတ်ထည့်သွင်းပေးမည်ဖြစ်သည်။


သူက ကျိမြန်၏ သရုပ်မှန်ကို အကဲခတ်နေဟန်ပင်။ လက်အားကို လျော့ချကာ နောက်တစ်လှမ်း ပြန်ဆုတ်၍ အေးစက်ပြီး သဘာဝမကျသည့် အသံဖြင့် ပြောလိုက်သည်။ 


“ပိုင်ဆိုင်မှုကို အတည်ပြုပြီးပါပြီ CT001 ပြောနေပါတယ် သခင့်အတွက် ဘာများ ဆောင်ရွက်ပေးရမလဲ ...”


သုတေသနအဖွဲ့သားများက သူ့ကို တရစပ် ပစ်ခတ်တိုက်ခိုက်နေသည့်တိုင် အနည်းငယ်မျှပင် ထိခိုက်ခြင်း မရှိ။ ထိုစကားကို ကြားသည့်အခါ မယုံကြည်နိုင်လွန်း၍ တိုက်ခိုက်မှု အားလုံးကို ရပ်တန့်လိုက်မိတော့သည်။


ကျိမြန်က သူ့လည်ပင်းကို ကိုင်ထားလျက် မြေပေါ်သို့ အားနည်းချိနဲ့စွာ ထိုင်ချရင်း ချောင်းတဟွတ်ဟွတ်ဆိုးကာ အမိန့်ပေးလိုက်သည်။


“ငါတို့ကို ဒီအပျက်အစီးတွေကြားကနေ အန္တရာယ်ကင်းကင်းနဲ့ ခေါ်ထုတ်သွားပေး ...”


“အမိန့်အတိုင်းပါ သခင် ..."


Xxxxxxxxx