အပိုင်း ၉၈
Viewers 45k

Chapter 98


ကျိမြန်က သူ့လည်ပင်းကို ကိုင်ထားလျက် မြေပေါ်သို့ အားနည်းချိနဲ့စွာ ထိုင်ချရင်း ချောင်းတဟွတ်ဟွတ်ဆိုးကာ အမိန့်ပေးလိုက်သည်။


“ငါတို့ကို ဒီအပျက်အစီးတွေကြားကနေ အန္တရာယ်ကင်းကင်းနဲ့ ခေါ်ထုတ်သွားပေး ...”


“အမိန့်အတိုင်းပါ သခင် ..."


ရှောင်ကျားရှုက ကိုယ်ကိုကွေးညွတ်ကာ ပြန်ဖြေလိုက်သည်။ သူ့အမူအယာမှာ အလွန်တည်ငြိမ်နေသော်ငြား အေးစက်သည့် အကြည့်နှင့် ကျောက်တောင်သဖွယ် မာကျောလှသည့် မျက်နှာတို့ကြောင့် မြင်ရသူတိုင်း အကြောင်းပြချက်မရှိ တခိုက်ခိုက် တုန်ရီသွားတော့သည်။ အဖွဲ့သားအားလုံး တစ်ညီတစ်ညွတ်တည်း တွေးလိုက်ကြသည်။ “သူတို့ရှေ့မှာ ရပ်နေတဲ့သူက ပြီးပြည့်စုံသလောက် အန္တရာယ်လည်း များလိုက်တာ သူ့ကို အသက်သွင်းတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရော ဟုတ်ရဲ့လား”


“ cut cut cut တအားကို မိုက်တာပဲ ...”  


Stisen က စခရင်ကိုကြည့်ကာ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ပြောလိုက်သည်။


“သရုပ်ဆောင်သွားတာတွေ အားလုံးကောင်းတယ် ဒီတစ်ခုလည်း တစ်ခေါက်တည်းနဲ့ ရိုက်လို့ ပြီးသွားတာပဲ ရှောင် ငါ ကျိဆီကနေ ကြားမိတာ မင်း ရုပ်ရှင်ရိုက်ဖူးတာ အခုမှ ဒုတိယအကြိမ်ဆို ငါဖြင့် ယုံကို မယုံနိုင်တော့ဘူး လာလာ ဒီနားကို လာကြည့်ပါဦး မင်း လာကြည့်မှကို ရမယ် မင်းက CT001 ကို အသက်ဝင်လာအောင် လုပ်ပေးခဲ့တာပဲ ...”


ရှောင်ကျားရှုကမူ နားထောင်နေသည့်တိုင် သူ့စကားတို့ကိုမကြား၊ ကျိမြန်၏ နီရဲယောင်ယမ်းနေသော လည်ပင်းကိုသာ အပြစ်ရှိစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ မျက်လုံးနှင့် နှာခေါင်းတို့မှာလည်း ချက်ခြင်းလက်ငင်းပင် မျက်ရည်ကျလာ တော့မည့်နှယ် တဆတ်ဆတ် တုန်ရီနေသည်။ ဇာတ်ကောင်၏ အရိပ်အောက်မှ ရုန်းထွက်ကာ လက်တွေ့ဘဝထဲသို့ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်နိုင်ခြင်းဖြစ်သည်။


  ကျိမြန်မှာ အချိန်ကာလ အတော်ကြာကမှ နွေးထွေးမှုနှင့် ဂရုစိုက်မှုတို့ကို တစ်ဖန်ပြန်လည် ခံစားမိလိုက်သည့်အတွက် ထူးထူးဆန်းဆန်း စိတ်လက်ကြည်သာနေတော့သည်။ ဆောက်တည်ရာမရ ဖြစ်နေသည့် လူငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ခပ်ဖွဖွ ပုတ်ပေးရင်း နူးနူးညံ့ညံ့ နှစ်သိမ့်လိုက်သည်။ 


“စိတ်မပူပါနဲ့ ကိုယ် အဆင်ပြေပါတယ် မင်းကလည်း ရိုက်ကူးရေးအတွက် လုပ်ခဲ့တာပဲလေ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲဟာ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ...”


“ကျိကော ကျွန်တော် တောင်းပန်ပါတယ် ...”


ရှောင်ကျားရှုက ခေါင်းငိုက်စိုက်ချလျက် ဗလုံးဗထွေး ရေရွတ်လိုက်သည်။ 


“တောင်းပန်စရာ မလိုပါဘူး ရှောင်ကျားရှု မင်းသိလား မင်းရဲ့ သရုပ်ဆောင်မှုကြောင့် ကိုယ့်ရဲ့ ရွေးချယ်မှု မှန်မှန်း သဘောပေါက်သွားတာ မင်းကြောင့်သာ ဒီရုပ်ရှင်က ပိုပြီး ရင်သပ်ရှုမောစရာ ကောင်းသွားတာ တရုတ်မှာရှိတဲ့ တစ်ခြား သရုပ်ဆောင်တွေ မင်းထက် နာမည်ပိုကြီးတဲ့သူကအစ မင်းလုပ်သလို လုပ်နိုင်မှာ မဟုတ်ဘူး ရှောင်ကျားရှု ကိုယ် မင်းအတွက် တကယ်ကို ဂုဏ်ယူတယ် ...”


ကျိမြန်မှာ အမှန်တကယ်ပင် ဂုဏ်ယူနေခြင်းဖြစ်သည်။ ရှောင်ကျားရှု၏ ပညာရည်ပြည့်ဝမှု၊ အာရုံစူးစိုက်မှုနှင့် အကောင်းဆုံးဖြစ်သည်အထိ ကြိုးစားလိုမှုများကြောင့် သူ့နှလုံးသားတစ်ခုလုံး အနက်ရှိုင်းဆုံးနေရာအထိ ထိရှသွားတော့သည်။ ရှောင်ကျားရှု၏ အပြစ်မကင်း ဖြစ်နေသည့်စိတ်တို့ အမြန်ဆုံး ပျောက်ကွယ်သွားကာ သူ့ကိုယ်သူ မည်မျှ ထူးချွန်ကြောင်း သဘောပေါက်သွားစေရန် အလို့ငှာ ကျိမြန်မှာ သူ့ခံစားချက်အားလုံးကို ထုတ်ပြောလိုစိတ်များ ပေါ်ပေါက်သွားတော့သည်။


သို့သော် ရှောင်ကျားရှုကမူ သူနှင့် များစွာ ရင်းနှီးသွား၍လား မသိ၊ နှစ်သိမ့်သည့်စကားကို အသာထား၊ ဂုဏ်ယူပါသည်ဟု ပြော၍ပင် စိတ်မလှုပ်ရှားတော့။ ချက်ခြင်းပင် စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းညှိလိုက်သည့်အတွက် ပြောင်းလဲနေသော ခံစားချက်တို့ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားတော့သည်။


နီရဲနေသော မျက်နှာမှာ ချက်ခြင်း ပုံမှန်ပြန်ဖြစ်သွားကာ ခေါင်းငြိမ့်လျက် ပြောလိုက်သည်။


“ကျိကော ကျွန်တော် ပိုပြီး ကြိုးစားပါ့မယ် ကျွန်တော့်ကြောင့် ကောကို ဆွဲချမိသလို မဖြစ်စေရပါဘူး ...”


အခြားသူများသာ ထိုသို့ ပြောခဲ့ပါလျှင် ကျိမြန်က အပေါ်ယံလောကွတ်ချော်သည့် စကားများအဖြစ် ယူဆလိုက်မည်ဖြစ်သည်။ ကမ္ဘာလောကတစ်ခွင်လုံး ဖြတ်လမ်းလိုက်သည့် လူများဖြင့်သာ ပြည့်နှက်နေပြီး အမှန်တကယ် ကြိုးစားသူဟူ၍ လက်တစ်ဆုပ်မျှသာ ရှိသော်ငြား ရှောင်ကျားရှုကမူ ထိုသို့ ဟန်ဆောင်တတ်သည့် လူစားမျိုး မဟုတ်ချေ။ သူက မြှောက်ထိုးပင့်ကော် ပြောဆိုနေရခြင်းကို မနှစ်မြို့၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင်သာ တိတ်တိတ်လေး ကြိုးစားချင်သူဖြစ်သည်။


“မင်းကိုယုံတယ် ဒါဆို ကိုယ်တို့တွေ ရိုက်ကူးရေးရလဒ်ကို သွားကြည့်ကြမလား ...”


ကျိမြန်က သူ့ဆံပင်ကို ပွတ်သပ်လိုက်သည့်အခါ ရေစိုနေကြောင်း သိလိုက်ရ၍ လက်ထောက်ကို ခြောက်သွေ့သည့် ပုဝါတစ်ထည် အမြန် ယူလာပေးရန် တောင်းဆိုလိုက်သည်။


သူတို့နှစ်ဦး ဒါရိုက်တာရှိရာသို့ လျှောက်လာစဉ် စခရင်တွင် ကျိမြန်ကို လည်ပင်းညှစ်ထားသည့် ရှောင်ကျားရှု၏ ပုံရိပ်ကို ပြသထားသည်။ နှစ်ဦးလုံး၏ အမူအယာများကို စခရင်နှစ်ခု ခွဲကာ ဘေးချင်းကပ်ရပ် ပြသထားသည်။ တစ်ဦးက အေးစက်ကာ အမှုမထားဟန် ရှိနေပြီး ကျန်တစ်ဦးမှာမူ ထိတ်လန့်နေဟန်ပင်။ ရုပ်ရည်သွင်ပြင်၏ လွှမ်းမိုးမှုမှာလည်း လွန်စွာ သန်မာလှ၏။ ကင်မရာ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်စက္ကန့်ပိုင်းအတွင်း တစ်စစီ ပေါက်ကွဲထွက်တော့မည့်နှယ် တင်းမာခက်ထန်နေသည့် ရှောင်ကျားရှု၏ နောက်ကျောကြွက်သားတို့ဖြင့် စခရင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။


“ကျိ မင်းတည်းဖြတ်ရင် ဒီနောက်ကျောပုံလေးကို ငါ့အတွက် သိမ်းထားပေးဦး ...”


Stisen က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။


“တင်းတင်းကြပ်ကြပ် ဝေဖန်ရရင် ရှောင်ရဲ့ ခန္ဓာကိုယ်က သိပ်ပြီး လုံလုံလောက်လောက် မသန်မာဘူး ဒါပေမယ့် ဒီနောက်ကျောကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ပရိသတ်က သူ့ခွန်အားကို သံသယ ဝင်မိတော့မှာ မဟုတ်ဘူး သူက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ CT001 ပဲ ကျိ မင်းရဲ့ အမူအယာကလည်း သိပ်ကိုကောင်းတယ် ဒီ ကြောက်တာနဲ့ နောင်တစိတ် ရောနေတဲ့ အမူအယာက မင်းရဲ့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် သံသယ ဝင်နေမိမှန်း ရှင်းရှင်းလင်းလင်းကို မြင်နေရတယ် ...”


ကျိမြန်က ရှောင်ကျားရှုကို နင့်နင့်သည်းသည်း စိုက်ကြည့်ကာ အဓိပ္ပါယ်နှစ်မျိုး သက်ရောက်သည့် စကားတစ်ခွန်း ပြောလိုက်သည်။


“မဟုတ်ဘူး ဘယ်တုန်းကမှ ငါ့ရဲ့ ဆုံးဖြတ်ချက်အပေါ် သံသယ မဝင်ခဲ့ဖူးဘူး ...”


“ဟုတ်တယ် ဟုတ်တယ် နောက်ဆုံးအပိုင်းမှာ ကြည့်ရှုသူတွေလည်း မင်း ဘယ်လောက် ပညာရှိမှန်း သိသွားကြမှာပဲ သူလုပ်ခဲ့တာ ဘာမှ မမှားဘူးလေ ...”


ဒါရိုက်တာက နာရီကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။


“ဘုရားရေ တစ်နေကုန် ရိုက်ရမယ့် အခန်းတွေကို အပြီးသတ်ဖို့ နှစ်နာရီပဲ ကြာတယ်တဲ့လား ကောင်းပြီ အားလုံးပဲ လူစုလိုက်ကြပါဦး ဆက်ရိုက်မလား နားမလား ဆုံးဖြတ်ရအောင်လို့ ...”


“ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေပဲ ရှောင်ကိုလည်း ကျေးဇူးတင်ရမယ် ...”


အဓိကသရုပ်ဆောင်များက ချီးကျူးနေစဉ် ကျိမြန်ကမူ သူ့ကို ခပ်တင်းတင်း ဖက်ထားရင်း စိုစွတ်နေသည့် ဆံပင်ကိုသာ အသာအယာ သုတ်ပေးနေလိုက်သည်။ 


ဒီကလေးက အမြဲတမ်းကို အထင်ကြီးစရာ ကောင်းနေတာပဲ ...


.........


ကျိမြန်သည် ရိုက်ကူးနေစဉ်တစ်လျှောက် ရှောင်ကျားရှု၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတို့ တစ်ဖြည်းဖြည်း နည်းပါးသွားကာ ခံစားချက် ကင်းမဲ့သည့် စက်ရုပ်ဇာတ်ကောင်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်သွားကြောင်း သတိထားမိလိုက်သည်။ တစ်ပတ်တာလုံးတွင် သူ ဝါယာကြိုးဖြင့် တွဲလောင်းချည်ထားရသည့် တစ်ကြိမ်သာ ရှောင်ကျားရှု၏ စိတ်အတွေးကို ရှင်းရှင်းလင်းလင်း ဖတ်နိုင်ခဲ့သည်။ အပေါ်ယံတွင် တည်ငြိမ်နေဟန် ရှိသော်ငြား နှုတ်ခမ်းတို့ကိုမူ အမှုမဲ့အမှတ်မဲ့ဖြင့် တင်းတင်းကြပ်ကြပ် ဖိကိုက်ထားလိုက်သည်။


မြေပေါ်တွင် ရပ်နေသည့် ရှောင်ကျားရှုက ဤသို့ တွေးနေ၏။


ကျိကောက အမြင့်ကြောက်တတ်တာပဲ အဲဒါကြောင့်လည်း ပြင်းပျတဲ့ စိုးရိမ်မှုတွေ ကပ်ပါနေတာနေမှာ ...


နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ကျိမြန်၏ အားနည်းချက်ကို သတိပြုမိသူဟူ၍ သူတစ်ယောက်တည်းသာ ရှိပေသည်။ ကျိမြန်တွင် အမြင့်ကြောက်တတ်သည့်ရောဂါ ရှိကြောင်းကို သူ့အပေါင်းအသင်းများ မဆိုထားနှင့် မိခင်အရင်းဖြစ်သူပင်လျှင် မသိချေ။ 


ရာနှုန်းပြည့် အာရုံစိုက်နေလို့သာ မဟုတ်ရင် ဒီလို အသေးစိတ်တဲ့ အချက်အလက်ကလေးကို ဘယ်လိုလုပ်ပြီး သိမှာလဲ ...


ထိုအချိန်တွင် သူ့နှလုံးသားတစ်ခုလုံး အလွန်တရာ ပျော့ပျောင်းနူးညံ့သွားတော့သည်။ လေထဲတွင် တွဲလွဲခိုနေသည့် အခန်းကို ရိုက်ကူးပြီးနောက်တွင်တော့ ရှောင်ကျားရှုမှာ နှလုံးသားနှင့် ခံစားချက် ကင်းမဲ့သည့် စက်ရုပ်အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားပြန်တော့သည်။ ကျိမြန်လည်း အလွန်ပူပန်သွားရ၍ ရိုက်ကူးရေးကို အရှိန်မြှင့်ပေးရန် Stisen ကို ထပ်ကာထပ်ကာ လောဆော်လိုက်သည်။


ထိုနေ့တွင်ပင် CT001 ဇာတ်ကောင်၏ ဇာတ်ကွက်အလှည့်အပြောင်းဖြစ်သော “ခံစားချက်များ ပြန်လည်နိုးထလာသည့် အခန်း” သို့ ရောက်ရှိသွားတော့သည်။ သုတေသနအဖွဲ့ကို အပျက်အစီးပုံကြားမှ အန္တရာယ်ကင်းကင်း ခေါ်ထုတ်သွားနိုင်ရန် အလို့ငှာ CT001 က ကယ်တင်ရန် ရောက်လာသည့် စစ်သားများကို Zerg တို့အား ပထုတ်ရန် ငါးစာအဖြစ် အသုံးချလိုက်သည်။ ထိုအကြောင်းကို သိသွားသော ဒေါ်နယ်က ဒေါသတကြီး ရိုက်နှက်လိုက်သည့်တိုင် သူ့ခန္ဓာကိုယ်ကို သတ္ထုတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် မည်မျှပင် ပျက်စီးပါစေ တစ်ခဏအတွင်း မူလအနေအထားသို့ရောက်အောင် ပြန်လည်ပြုပြင်နိုင်ပေသည်။ ထို့ကြောင့် နေရာတွင် ရပ်ကာ ဒေါ်နယ်၏ ရိုက်နှက်မှုကို ခါးစည်းခံနေသည့်တိုင် တစ်ဖက်သူက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။ သူ့ကို အသက်သွင်းခဲ့သည့် ပညာရှိမှာမူ နောင်တတရားနှင့် သူ့ကိုယ်သူ အပြစ်တင်လိုစိတ်တို့ ရောယှက်နေတော့သည်။ သို့သော် ကိစ္စတို့မှာ ဖြစ်ပွားပြီးသွားပြီဖြစ်၍ စကြဝဠာ၏ မျှော်လင့်ချက်ကို ရှာဖွေရာ၌သာ စိတ်ကို နှစ်မြှုပ်ထားလိုက်ကြတော့သည်။ အကြောင်းမှာ CT001 သည် ကမ္ဘာမြေ၏ တိမ်မြုပ်နေသော အန္တရာယ်သဖွယ် ရက်စက်လွန်းသည့်အတွက် ဟောကိန်းပိုင်ရှင် မဟုတ်နိုင်ဟု ကောက်ချက်ချလိုက်၍ ဖြစ်သည်။


များမကြာမီမှာပင် အခြားရှေးခေတ် အပျက်အစီးတစ်စုကို ရှာဖွေတွေ့ရှိသွားပြီး ၎င်း၏ အနက်ရှိုင်းဆုံးနေရာ၌ သက်ရှိတစ်ဦး၏ အရိပ်အယောင်ကိုပါ တွေ့လိုက်ရသည်။ ထိုအပျက်အစီးပုံအတွင်း ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အေးခဲနေသည့် မိန်းမပျိုလေးတစ်ဦးနှင့်အတူ Zerg တို့ကိုပါ တွေ့လိုက်ရတော့သည်။ ဤတစ်ကြိမ်တွင် စစ်ကူမရှိတော့သည့်အတွက် ပြန်လည် တိုက်ခိုက်ရုံမှအပ ရွေးစရာ မရှိတော့။ အသန်မာဆုံးဖြစ်သည့် CT001 မှာ အများဆုံး တိုက်ခိုက်ခံရသူပင်ဖြစ်သည်။ သူ၏ ကာကွယ်ပေးမှုအောက်မှာပင် သုတေသနအဖွဲ့သားများအားလုံး ကမ္ဘာမြေမှ ထွက်ခွာမည့် သင်္ဘောပေါ်သို့ အန္တရာယ်ကင်းကင်း ရောက်ရှိသွားတော့သည်။ ထွက်ခွာမည် ပြင်သည့်အခါ ပညာရှင်က တစ်ကိုယ်တည်း တိုက်ခိုက်နေသည့် 001 အား ချန်မထားခဲ့။ ရန်သူများအကြားမှ သူ့ကို ကယ်တင်ရန် သံမဏိကြိုးတစ်ချောင်းကို ချပေးလိုက်သည်။


သူ့လုပ်ရပ်ကို 001 အပါအဝင် မည်သူကမှ နားမလည်ကြ။ ထို့ကြောင့် ပညာရှင်အား သွားရှာကာ သူ့ကို ဘာကြောင့် ကယ်တင်ခဲ့ကြောင်း မေးလိုက်တော့၏။ ဤသည်မှာ ရှောင်ကျားရှုနှင့် ကျိမြန်တို့ သရုပ်ဆောင်ရမည့် စကားပြောခန်းပင်ဖြစ်သည်။


“...တကယ်တမ်း ပြောရရင် 001 ရဲ့ အသိစိတ်တွေကို လုံးဝဥဿုံ မရှင်းလင်းရသေးဘူး သူက အခုအချိန်အထိ လူသားတွေကို ရန်လိုနေတုန်းပဲ ပြီးတော့ ပညာရှင် သေမှာကိုလည်း မျှော်လင့်နေတယ် သူ့ကို ထိန်းချုပ်တဲ့သူ သေသွားကာမှ အပြည့်အဝ လွတ်လပ်ရေး ရမှာလေ ဒါပေမယ့် သူ့ကို အမြင့်ဆုံး အမိန့်တွေနဲ့ ကန့်သတ်ထားတဲ့အတွက် သူ့ဘာသာသူ လုပ်လို့လည်း မရသလို ပညာရှင်ရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီးတော့ မကာကွယ်ပါဘူးလို့လည်း ငြင်းဆန်လို့ မရဘူး အဲဒါကြောင့် သူ့နှလုံးသားက ဒွိဟဖြစ်လာတယ် တစ်ခု မှတ်ထားရမှာရှိတယ် သူ့မှာ ခံစားချက်ရယ်လို့ မရှိတော့ လွတ်လပ်ခွင့်နဲ့ အာဏာဆိုတဲ့ အရာနှစ်ခုကိုပဲ ဂရုစိုက်တာ ဒါကြောင့်ပဲ စက်ရုပ်စစ်ပွဲကို စတင်ခဲ့တာပေါ့ စက်ရုပ်တွေ တီထွင်ရခြင်းရဲ့ မူလရည်ရွယ်ချက်က လူသားတွေကို အလုပ်အကျွေး ပြုဖို့လေ ပြီးတော့ လူသားတွေက သူ့ကို ကြိုးတစ်ခုလို စည်းနှောင်ထားတာ ဒါပေမယ့် အခုကျ အဲဒီ့လူသားကပဲ သူ့ကို အန္တရာယ်မမှုုဘဲ ကယ်တင်ပေးပြန်ရော ဒါက သူ့ရဲ့ ဆင်ခြင်နိုင်စွမ်းနဲ့ မကိုက်ညီတော့ဘူး နောက်ပိုင်း ပညာရှင် ရေရွတ်တဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့ ချို့ယွင်းချက်နဲ့ လူသားတွေရဲ့ ခွန်အားအကြောင်း နားလည်သွားပြီး သူ့ရဲ့ အသိစိတ်တွေ တစ်ဖြည်းဖြည်း တိုးတက်လာတာကနေ ခံစားချက်ဆိုတာတွေ ဖြစ်လာတော့တာပဲ ...”


Stisen က ရှောင်ကျားရှု၏ ပုခုံးကို ဖိကာ အလေးအနက် ပြောလိုက်သည်။


“ရှောင် ဒီအခန်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းက မင်းရဲ့ အကြည့်တွေပဲ အေးစက်မှုကနေ ရှုပ်ထွေးမှုတွေ ပြီးတော့ ခံစားချက် ကမောက်ကမ ဖြစ်ပြီးတော့ ပရိုဂရမ် ကစဉ့်ကလျား ဖြစ်လာတာတွေအထိ မင်းက 001 စက်ရုပ်ဘဝကနေ လူသားတစ်ပိုင်း ဖြစ်လာတဲ့အထိ ပြောင်းလဲလာတာတွေ အားလုံးကို အကြည့်လေးနဲ့ပဲ သရုပ်ဆောင်ပြရမှာ ဒါက ခက်တယ်နော် တကယ်ကို ခက်တာ ဒါပေမယ့် မင်းအနေနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ် ...”


ရှောင်ကျားရှုက ကျိမြန်ကို လှမ်းကြည့်ကာ အသာခေါင်းငြိမ့်ပြလိုက်သည်။


ကျိမြန်က သူ့အတွေးတို့ကို မဖတ်နိုင်ခဲ့သည့်တိုင် မျက်ဝန်းများမှတစ်ဆင့် သူ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ခြင်း သဘောပေါက်လိုက်သည်။ တစ်ခါက ထိုအခန်းကို ကောင်းကောင်း သရုပ်ဆောင်နိုင်ခြင်း ရှိမရှိမှာ ကျိမြန်အပေါ် မူတည်နေသည်ဟု ပြောခဲ့ဖူးပေသည်။ နှစ်ဦးလုံး ဇာတ်ကောင်စရိုက်ထဲ ဝင်ရောက်နိုင်ပါလျှင် လွန်စွာ ကောင်းမွန်လှမည် ဖြစ်ပြီး အကယ်၍ တစ်ယောက်ယောက်က ပျက်ကွက်ခဲ့ပါလျှင်မူ ရလဒ်မှာလည်း ယုတ်လျော့သွားမည်ဖြစ်သည်။


အကယ်၍ ထိုစကားများကို အခြားလူသစ်တစ်ဦးကသာ ပြောခဲ့ပါလျှင် ကျိမြန်မှာ မကျေမနပ်ဖြစ်ကာ တစ်ဖက်သူ၏ အရည်အချင်းကို မသိပါဘဲ ချဲ့ကားပြောနေသည်ဟုပင် ကောက်ချက်ချမိမည်ဖြစ်သည်။ သို့သော် ရုပ်ရှင်သည်သာ အရာရာဟု ခံယူထားသည့် ရှောင်ကျားရှုက ပြောလာသည့်အခါတွင်မူ စိတ်ရောကိုယ်ပါ နစ်မြုပ်၍ ပူးပေါင်းပေးလိုက်တော့သည်။ ပညာရှင် မပီသသည့် လုပ်ရပ်များသည် ရှောင်ကျားရှုအဖို့ သူ့ကို အသံတိတ် ဆဲရေးနေခြင်းနှင့် အတူတူပင်ဖြစ်သည်။


ကျိမြန်က လူသူကင်းဝေးသည့် ထောင့်နားသို့သွားကာ စာသားများ ဖတ်နေပြီး ရေတစ်ငုံခန့် သောက်မည်ဟု တွေးကာ ရေဘူးကို အဖုံးဖွင့်လိုက်သော်ငြား သူသတိမထားမိခင်မှာပင် တစ်ပုလင်းလုံး ကုန်သွားတော့သည်။ နောက်ထပ်တစ်ပုလင်း ထပ်ဖောက်လိုက်သည့် အချိန်မှာပင် ဖန်ခွင်းရောက်လာကာ မေးလိုက်သည်။


“စိတ်လှုပ်ရှားနေတာလား ...”


Xxxxxxxx