အပိုင်း ၉၉
Viewers 44k

Chapter 99


“စိတ်လှုပ်ရှားနေတာလား ...”


သူ စိတ်ဖိစီးသည့် အချိန်တိုင်း ရေသောက်လေ့ရှိသည့် အကျင့်ကို ဖန်ခွင်းလည်း သိထားပေသည်။ သို့သော် သူ့အရည်အချင်းနှင့် ဂုဏ်ပုဒ်တို့ အတည်တကျ ဖြစ်သွားသည့် အချိန်မှစ၍ ထိုအကျင့်မျိုး မရှိတော့သည်မှာ နှစ်ပေါင်း ကြာမြင့်နေပြီဖြစ်သည်။ ယခု သူ့အခြေအနေမှာ ပွဲဦးထွက်ကာစ နှစ်များသို့ ပြန်ရောက်သွားသည့်အတိုင်းပင်။ စိတ်ပူပန်ဖိစီးလွန်း၍ အနားပင် မယူနိုင်။ ကြီးမားသည့် ဖိအားတစ်ခုကို ခံစားနေရပေသည်။


“ဟုတ်တယ် ငါ နည်းနည်း စိတ်ပူနေတာ ...”


ကျိမြန်က သူ့ခံစားချက်တို့ကို သိုဝှက်မထား။


“ဘာလို့လဲ တစ်ကိုယ်တည်း ရေရွတ်တဲ့ အပိုင်းတွေဆိုတာ မင်းအတွက် အပိုင်နိုင်ဆုံး မဟုတ်ဘူးလား ...”


ဖန်ခွင်းက တအံ့တဩ မေးလိုက်သည်။


“ဘာလို့လဲဆိုတော့ ငါနဲ့ တွဲဖက်သရုပ်ဆောင်ရမယ့်သူက ရှောင်ကျားရှု ဖြစ်နေလို့လေ အလေးအနက်ထားတယ် အာရုံစူးစိုက်တယ် ပြီးတော့ သန်မာတဲ့ ပြိုင်ဘက်နဲ့ အတူတူ တွဲပြီး သရုပ်ဆောင်ရမယ်ဆိုရင် သူ့နောက်မှာ ကျန်မနေခဲ့ရအောင်၊ သူ့ရဲ့ ခွန်အားကို အပြည့်အဝ နှိုးဆော်နိုင်အောင် ပြီးတော့ သူ့ကို လေးစားကြောင်း ပြသနိုင်အောင် ငါကလည်း အကောင်းဆုံး ကြိုးစားရမယ်လေ ...”


သူက မျက်ခုံးနှစ်ဖက်ကြားကို ကုတ်ခြစ်ရင်း ပြောလိုက်သည်။


“ငါ့ခံစားချက်တွေကို မင်းနားမလည်လောက်ပါဘူး ဒါပေမယ့် ရှောင်ကျားရှုကို စိတ်မပျက်စေချင်ဘူး ...”


“နားလည်ပါတယ် သူက မင်းရဲ့ ပရိသတ်လေးလေ သူ့ရှေ့မှာ မင်းရဲ့ ပုံရိပ်ကို အပျက်စီးမခံနိုင်ဘူး မဟုတ်လား မပူပါနဲ့ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ဆို သူ့ကို သေချာပေါက် ဖိနှိပ်ထားလို့ ရမှာပဲ ...”


ဖန်ခွင်းက အထင်တသေး ပြောလိုက်သည်။


“ဖိနှိပ်တယ် ဟုတ်လား ...”


ကျိမြန်၏ လေသံမှာ လေးနက်သွားသည်။


“ဖိနှိပ်တယ်ဆိုတဲ့ စကားက မင်းပြောခဲ့သမျှထဲမှာ အဆိုးရွားဆုံး အဓိပ္ပါယ်ပဲ အဲဒါက ပုံရိပ်တစ်ခုရဲ့ သဟဇာတဖြစ်မှုနဲ့ အလှတရားကိုတင် မကဘဲ ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုပါ ဖျက်ဆီးပစ်လိမ့်မယ် ပြီးတော့ မင်းက အရေးအကြီးဆုံး အချက်တစ်ခုကိုပါ လျစ်လျူရှုထားသေးတယ် ငါ့ရဲ့စွမ်းရည်က ရှောင်ကျားရှုကို ဖိနှိပ်နိုင်လောက်တဲ့အထိ မဟုတ်ဘူး သူက လူသစ်လေး ဆိုပေမယ့် အရည်အချင်းကတော့ မင်းတွေးနိုင်တာထက် ပိုတယ် ...”


“မင်းက ရှောင်ကျားရှုနဲ့ ပတ်သက်လာရင် ပိုပိုပြီးကို အလေးအနက် ဖြစ်လာသလိုပဲ မင်းကတောင် သူ့ကို ဖိနှိပ်မထားနိုင်ရင် ဘာလို့ သူ ကောင်းကင်ပေါ် မကြွမြန်းလိုက်တော့တာလဲ သူ့လို လူမသိသူမသိ သရုပ်ဆောင်လေးက မင်းထက် သာတယ်ဆိုတာ ငါတော့ မယုံနိုင်ပါဘူး သူ့ရဲ့ အရည်အချင်းကို အထင်ကြီးတယ်ဆိုပေမယ့် မင်းနဲ့ ယှဉ်ရင်တော့ နည်းနည်းလေး ညံ့နေတုန်းပဲ ...”


ကျိမြန်က ခေါင်းကိုသာ ခါယမ်းလိုက်ပြီး သူနှင့် အငြင်းပွားမနေတော့။


နှစ်ဦးသား စကားပြောနေစဉ် ရှောင်ကျားရှုက ပြတင်းပေါက်ဘေးနားတွင် မတ်တပ်ရပ်နေသည်။ ဘေးတိုက်မြင်နေရသည့် သူ့မျက်နှာကပင်လျှင် အေးစက်တင်းမာနေပေသည်။


ငါးမိနစ်ခန့်အကြာတွင် ဒါရိုက်တာက လက်ခုပ်တီးကာ ပြောလိုက်သည်။


“အားလုံးပဲ နေရာယူထားပေးကြပါ သိပ်မကြာခင် ရိုက်ကူးရေး စပါတော့မယ် ...”


ရှောင်ကျားရှုနှင့် ကျိမြန်တို့ နှစ်ဦးလုံး ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးထားသည့် သင်္ဘောပဲ့ပိုင်းထဲသို့ ဝင်လိုက်ကြသည်။ ပြတင်းပေါက် အပြင်ဘက်တွင် မြင်နေရသည့် စကြဝဠာမှအပ အတွင်းပိုင်းရှိ ကျန်ပစ္စည်းကိရိယာအားလုံးမှာ အစစ်အတိုင်းပင်။ သို့သော် ဝါရင့်သရုပ်ဆောင်များအဖို့ ရိုက်ကွင်းတွင် ပစ္စည်းတစ်ခုတစ်လေမှ မရှိလျှင်ပင် ကိုယ်ပိုင်အတွေးဖြင့် စိတ်ကူးယဉ်ကာ သရုပ်ဆောင်နိုင်ပေသည်။


“ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ ...”


ဒါရိုက်တာ၏ အချက်ပြသံအဆုံးတွင် ရှောင်ကျားရှုက စိတ်ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။


“ဘာလို့လဲဆိုတော့ ငါ့အတွက် မင်းက ပစ္စည်းကိရိယာမဟုတ်ဘဲ အဖွဲ့သားတစ်ယောက် ဖြစ်နေလို့ ဘယ်အဖွဲ့ဝင်ကိုမှ မစွန့်ပစ်ဘူးဆိုတဲ့ အချက်က ကမ္ဘာမြေပေါ်ကနေ အသက်ရှင်လျက် ထွက်ခွါလာပြီးနောက် ငါတို့တွေ အဓိကထား လိုက်နာရမယ့် အချက်ပဲ ...”


ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်နေသည့် ကျိမြန်မှာ အလွန်စိတ်လွင့်နေဟန်ပင်။


“zerg တွေရဲ့ ကျူးကျော်မှုကြောင့် ဂြိုဟ်တွေ အများကြီး ပျက်စီးပြီး အဆင့်မြင့်မျိုးနွယ်တွေ အကုန် သေကြေပျက်စီးကုန်ရတယ် နဂါးငွေ့တန်းရဲ့ အပြင်ဘက်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကလည်း ခြေဦးတည့်ရာ လျှောက်သွားရင်း စိတ်ပျက်လက်ပျက်နဲ့ သေမယ့်နေ့ကိုပဲ စောင့်နေကြတာ ဒါပေမယ့် ငါတို့ လူသားတွေကတော့ ဘယ်တော့မှ မလုပ်ဘူး ကျန်တာအားလုံးကို စွန့်လွှတ်ချင် စွန့်လွှတ်မယ် မျှော်လင့်ချက်ကိုတော့ မစွန့်လွှတ်ဘူး ငါတို့ရဲ့ မျှော်လင့်ချက်က ဘာလဲ သိလား ငါတို့ရဲ့ ပြည်သူတိုင်း ငါတို့ရဲ့ သွေးချွေး တစ်စက်ချင်းစီတိုင်းက ငါတို့ရဲ့ မျှော်လင့်ချက်ပဲ ပြည်သူတွေကို ကာကွယ်ဖို့၊ သွေးတစ်စက်ချင်းစီကအစ ထိန်းသိမ်းဖို့ ဘယ်လိုအနစ်နာခံမှုမျိုးကိုမဆို လိုလိုလားလား လုပ်မှာပဲ ငါတို့နေတဲ့ ဂြိုဟ်ကြီး ပျက်သုဉ်းသွားရင်တောင် နိုင်ငံသားတွေ ရှိနေသရွေ့၊ သစ္စာစောင့်သိမှုတွေ ရှိနေသရွေ့ မျှော်လင့်ချက်တွေ ပြည့်နေဦးမှာပဲ ...”


ရှောင်ကျားရှုက ထိုစကားလုံးများကို နားမလည်သည့်အတွက် နှလုံးသားတစ်ခုလုံး တည်ငြိမ်လျက် သူ့ကိုသာ တိတ်တဆိတ် ကြည့်နေလိုက်သည်။ 


ကျိမြန်က အဆုံးမဲ့စကြဝဠာကို ငေးကြည့်ရင်း ဆက်ပြောလိုက်သည်။


“မင်းစခဲ့တဲ့ ဖျက်ဆီးရေးစစ်ပွဲ ဘာကြောင့် ရှုံးနိမ့်သွားလဲ သိလား ..."


ထိုစကားကြောင့် ရှောင်ကျားရှု၏ အကြည့်တို့ လှုပ်ခတ်သွားတော့သည်။


“မင်း ...”


သူက ရှေ့တစ်လှမ်းတိုးကာ အလေးအနက် မေးလိုက်သည်။


“မင်း ဘာလုပ်မလို့လဲ ...”


ကျိမြန်က သူ့မျက်ခုံးအလယ်ကို ညွှန်ပြရင်း ပြောလိုက်သည်။


“ငါ့ရဲ့ စွမ်းအင်စနစ်ကို ဖြတ်တောက်ဖို့ ရွေးချယ်ပြီးတော့ စက်ရုပ်စစ်တပ်ကို ဆက်ပြီး တိုက်ခိုက်ခိုင်းလိုက်မယ် ပင်မပရိုဂရမ်နဲ့သာ မပေါင်းစပ်ရင် ဗိုင်းရပ်စ်ကလည်း အလုပ်လုပ်မှာ မဟုတ်ဘူး မင်းကိုယ်မင်း အနစ်နာခံဖို့သာ ရွေးချယ်လိုက်ရင် မင်းရဲ့ တပ်သားအားလုံး လွတ်မြောက်မှာနော် ရွေးချယ်မှုက ရှင်းရှင်းလေး ဆိုတာ မင်းလည်း မြင်သားပဲ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက မင်းက အနိုင်ယူခံလိုက်ရတယ် ငါတို့လူသားတွေကတော့ ပိုပြီး ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ရှင်သန်နိုင်ခဲ့တယ် ပြီးတော့ ဒါကပဲ ဘာကြောင့်ဆိုတာရဲ့ အကြီးဆုံး အကြောင်းပြချက်ပဲ ...”


ကျိမြန်က အရှေ့သို့ တိုးလာကာ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လျက် ထူထဲလှသော မျက်တောင်များကို ပွတ်သပ်ပေးရင်း တီးတိုးပြောလိုက်သည်။


“ဘာလို့လဲဆိုတော့ ငါတို့မှာ ခံစားချက်ရှိပြီး မင်းမှာ မရှိလို့လေ မင်းမှာ အသိစိတ်ပဲ ရှိတာ ဒါပေမယ့် ခံစားချက်မရှိတဲ့ အသိစိတ်ကပဲ မင်းရဲ့ အားနည်းချက် ဖြစ်လာတာ မင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်ရင် ဘာမှမတွေ့ရဘူး ဗလာသပ်သပ်ပဲ ဒါပေမယ့် ငါ့မျက်လုံးထဲကို ကြည့်ကြည့်လိုက် မင်း ဘာမြင်ရလဲ ..."


သူက ရှောင်ကျားရှုကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ကာ ဩရှသည့်အသံဖြင့် ပြောလိုက်သည်။


“မင်းက မင်းကိုယ်မင်း ထင်ထားသလောက်လည်း မသန်မာပါဘူး ...”


ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလိုက်၏။ ရှောင်ကျားရှုမှာ ထိုနေရာတွင်သာ အကြာကြီး ရပ်နေခဲ့လိုက်သည်။


ဒါရိုက်တာက လက်ကိုမြှောက်ကာ cut ဟု အော်တော့မည့် အချိန်မှာပင် ရှောင်ကျားရှုက တီးတိုးပြောလိုက်သည်။


“ငါ ... စကြဝဠာကို ... မြင်လိုက်ရသလိုပဲ ...”


ထိုစာသားမှာ ဇာတ်ညွှန်းတွင် မပါဝင်သည့်အတွက် Stisen ပါ ကြက်သေသေသွားတော့သည်။


ထိုအခန်းကို သရုပ်ဆောင်ရန်မှာ အမြင်အားဖြင့်တော့ လွယ်ကူသည်ဟု ထင်ရလောက်ပေသည်။ တစ်လျှောက်လုံး ကျိမြန်ကသာ စကားပြောသွားပြီး ရှောင်ကျားရှုကမူ တစ်ခွန်းမှ မပြောလုနီးပါးပင်၊ သူ့စကားများကို တိတ်တဆိတ် နားထောင်ကာ သင့်လျော်သလို တုန့်ပြန်ရန်သာ လိုအပ်ပေသည်။ မည်သူမဆို သရုပ်ဆောင်နိုင်သည်ဟု အထင်မှားဖွယ် ရှိသော်ငြား ဤကဲ့သို့ ကြီးမားသည့် ခံစားချက် ပဋိပက္ခများနှင့် ရှင်းလင်းသည့် ဇာတ်ကြောင်းကပင် ပိုပြီး သရုပ်ဖော်ပြရန် ခက်ခဲလှကြောင်းကို အတွင်းလူများ အသိဆုံးဖြစ်သည်။


Stisen က ဘာမှ မှတ်ချက်မပြု၊ သူတို့နှစ်ဦးကိုသာ ကိုယ်တိုင် ပြန်ကြည့်ခိုင်းလိုက်တော့သည်။ အခြားသရုပ်ဆောင်များကလည်း ကိုယ်စီကိုယ်ငှ စိတ်ရှုပ်ထွေးနေသည့် အမူအယာဖြင့် အနားသို့ ရောက်လာကြ၏။


ဒါရိုက်တာ၏ ညွှန်ကြားချက်အပြီး စတင်ရိုက်ကူးသည့်နေရာအထိ ပြန်ရစ်လိုက်၏။ ကျိမြန်က ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေကာ ရှောင်ကျားရှုက သူ့နောက်ကျောကို စိုက်ကြည့်နေရင်း နှစ်ဦးသား စကားပြောခန်းကို စတင်လိုက်ကြတော့သည်။ အနီးကပ် ရိုက်ပြလာသော ကင်မရာတွင် ကျိမြန်၏ အကြည့်တို့မှာ တွေဝေငေးမောကာ ဦးတည်ရာ ကင်းမဲ့နေသော်ငြား ရှောင်ကျားရှုမှာမူ ယခင်အတိုင်း အေးစက်နေဆဲပင်။ ဘေးနားရှိ အရာတိုင်းကို ဂရုတစိုက် လိုက်ကြည့်နေသော်ငြား ပုံရိပ်တစ်ခုကိုမှ သိမ်းမထားနိုင်။ ဤသည်ကပင်လျှင် မည်သည်ကိုမှ အထူးတလည် တုန်လှုပ်ခြင်း မရှိသည့် စက်ရုပ်တစ်ရုပ်၏ စံနမူနာပုံစံဖြစ်ပေသည်။


ကျိမြန်က သူ့ဘက်လှည့်ကာ ဘာကြောင့် ရှုံးနိမ့်ရကြောင်း မေးသည့်အခါတွင်မူ တည်ငြိမ်နေသည့် မျက်ဝန်းတို့ လှိုင်းထန်လာတော့သည်။ ထိုဖော်ပြချက်မှာ နေရာတကျ ဖြစ်လွန်း၍ Stisen တစ်ယောက် အကျေနပ်ကြီး ကျေနပ်သွားတော့သည်။ ကျိမြန်၏ သရုပ်ဆောင်ချက်မှာလည်း ထပ်တူထပ်မျှ ပြောင်မြောက်လှ၏။ ဇာတ်ညွှန်းထဲရှိ ဖော်ပြချက်အရ ကျိမြန်သည် 001 ကို ထိန်းချုပ်ခွင့် ရထားသည့်တိုင် သူ့အခြေအနေမှာ အမြဲလိုလို အားနည်းသည့် အနေအထားပင်ဖြစ်သည်။ သို့သော် စက်ရုပ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်သည့်အခါ အင်အားပြည့်ဝလှသည့် အရှိန်အဝါတို့က ပြိုင်ဘက်ကို အပြည့်အဝ လွှမ်းမိုးသွား တော့သည်။ ထိုသည်ကပင်လျှင် သူပြောရမည့် စာသားတို့နှင့် ပိုမို လိုက်ဖက်ညီသွားတော့၏။ 


ကင်မရာက သူ့မျက်လုံးများကို အနီးကပ်ရိုက်ပြလိုက်၏။ မျက်ဝန်းတို့မှာ မင်ရောင်သဖွယ် နက်မှောင်နေကာ မြောက်များစွာသော အလင်းစက်တို့က အာကာသ ကြယ်စုတန်းအဖြစ်သို့ တစ်ဖြည်းဖြည်း စုစည်းသွားတော့၏။ လူသားမျိုးနွယ်အတွက်ဆိုလျှင် ကိုယ့်ဘဝကိုပင် ပေးဆပ်နိုင်သည်ဟူသည့် ခိုင်မာသည့် ဆုံးဖြတ်ချက်က သူ့ကို အင်အားကြီးမားစေကာ ကမ္ဘာမြေကို ဖျက်ဆီးသူဟု ရာဇဝင်တွင်သည့် ရန်သူရှေ့တွင်ပင် အားနည်းမနေ။ တစ်ဖက်သူ၏ ဘဝသက်တမ်းကို ထိန်းချုပ်ခွင့် ရှိနေသည့်တိုင် ထိုသို့ မလုပ်ခဲ့ချေ။ 


ကြီးမြတ်သော နှလုံးသားရှိကာ လိုအပ်လျှင် အနစ်နာခံရန် အဆင်သင့်ဖြစ်နေတတ်ပြီး မည်သို့မည်ပုံ ညှိနှိုင်းရမည်ကို ကောင်းစွာ သိထားသည့် ပညာရှင်၏ ပုံရိပ်ကို လှုပ်ရှားသက်ဝင်အောင် ဖော်ပြနိုင်ခဲ့၏။


ရှောင်ကျားရှု၏ သရုပ်ဆောင်မှုကို ကြည့်ပြီးနောက် အားလုံး တိတ်ဆိတ်သွားကြတော့သည်။ သူက ကျိမြန်၏ နောက်ကျောကို ငေးကြည့်ရင်း တစ်ဖြည်းဖြည်း မျက်တောင်ခတ်လိုက်သည်။ ဗလာသက်သက် ဖြစ်နေသော မျက်ဝန်းတို့က အံ့အားသင့်ဖို့ကောင်းစွာပင် ငွေ့ရည်တစ်လွှာ ရစ်သိုင်းသွားပြီး အေးစက်မှုတို့ အားလျော့သွားကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထို့နောက် ခပ်ဖြည်းဖြည်း ပြောလိုက်၏။


“ငါ ... ငါ ... စကြဝဠာတစ်ခုကို တွေ့လိုက်သလိုပဲ …”


နောက်တစ်ဖန် မျက်တောင်ခတ်လိုက်သည့်အခါတွင်မူ အားနည်းမှုနှင့် မရေရာမှုအားလုံး ပျောက်ကွယ်သွားပြန်တော့သည်။ ဖျတ်ခနဲသာ တွေ့လိုက်ရသည့် မရေရာမှုတို့မှာ စိတ်ကူးယဉ်ပုံရိပ်နှယ်။ တစ်ချိန်တည်းမှာပင် ပရိုဂရမ် ကမောက်ကမ ဖြစ်မှုဟုလည်း ထင်ရပြန်သည်။


သူ့မျက်ဝန်းအကြည့်တို့မှာ အလွန်အံ့ဩဖွယ် ကောင်းလွန်းပြီး Stisen ၏ မျှော်မှန်းချက်နှင့် တစ်ထပ်တည်းပင်။ သို့သော် တစ်ခွန်းမှ မှတ်ချက်မပြုနိုင်။ ရိုက်ထားသည်များကိုသာ ထပ်ကာထပ်ကာ ပြန်ကြည့်နေလိုက်သည်။ လေးငါးခြောက်ကြိမ်ခန့် ကြည့်ပြီးကာမှ ရှုပ်ထွေးနေသော အမူအယာဖြင့် ခေါင်းကို ခါယမ်းကာ သက်ပြင်းအကြိမ်ကြိမ် ချလိုက်တော့သည်။


စခရင်ကို ငေးကြည့်နေသည့် ကျိမြန်၏ အကြည့်တို့မှာ မရေရာမှုမှသည် အံ့အားသင့်မှု၊ တစ်ဖန် လေးစားအားကျမှုသို့ ကူးပြောင်းသွားကာ ဝမ်းသာအားရ လက်ခုပ်တီးရင်း အဆုံးသတ်လိုက်သည်။ သို့သော် တစ်ခြားသူများမှာမူ အကြောင်းပြချက်ကို မသိသေး၍ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်သာ ငေးကြည့်မိလိုက်ကြတော့သည်။


ရှောင်ကျားရှုက ဒါရိုက်တာ၏ အနောက်ဘက်နားတွင် ရပ်နေကာ တည်ငြိမ်သည့်အကြည့်တို့ကို စခရင်သို့သာ ပို့လွှတ်ထားသည်။


ဖန်ခွင်းက တီးတိုးမေးလိုက်၏။


“ဘာဖြစ်တာလဲ သူ အောင်မြင်သွားတာလား ...”


ဒါရိုက်တာက ဟာသနှောကာ ပြောလိုက်သည်။


“သူမှ မအောင်ရင် မင်းတို့အားလုံး တစ်ယောက်မှ သရုပ်ဆောင်မနေကြနဲ့တော့ ...”


သူက ရှောင်ကျားရှုကို ပွေ့ဖက်ကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။


“အသဲလေး မင်းက ငါ့ကို အများကြီး အံ့အားသင့်စေတာပဲ မင်းကို ရိုက်ကူးရေးအဖွဲ့ထဲ ခေါ်လာတာ ကျိလုပ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ မင်းနေရာမှာ တစ်ခြားတစ်ယောက်သာဆို ဒီဇာတ်ကောင်က ဘယ်လိုဖြစ်မလဲ တွေးတောင် မတွေးရဲတော့ဘူး မင်းနေရာကို ဘယ်သူမှ အစားထိုးနိုင်မှာ မဟုတ်ဘူး ...”


သူ့လက်ကို လွှတ်လိုက်သည့်အခါ ကျိမြန်က လူငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းရင်း တီးတိုးမေးလိုက်သည်။


“ကိုယ့်ရဲ့ သရုပ်ဆောင်မှုကရော မင်းကို ကျေနပ်စေရဲ့လား ...”


ရှောင်ကျားရှုက စကြဝဠာသဖွယ် ကျယ်ပြောလှသည့် မျက်ဝန်းတို့ကို ပြန်စဉ်းစားရင်း ပြောလိုက်သည်။


“ကျေနပ်တယ် ...”


“ကောင်းတယ် ...”


ကျိမြန်က သူ့ကို လွှတ်ပေးလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဂုဏ်ယူသည့် ခံစားချက်တစ်ခု ခပ်ဖျော့ဖျော့ ဖြတ်ပြေးသွား၏။ အနာဂတ်တွင် ရှောင်ကျားရှုသည် သူ့ကိုပင် ဖိနှိပ်နိုင်သည်အထိ ပိုမိုအောင်မြင်လာဦးမည်ဖြစ်ကြောင်း အငြင်းပွားနေရန် မလိုတော့ချေ။


မနက်ပိုင်းရိုက်ကူးရေး အပြီးသတ်ချိန်သို့ ရောက်သွားသည့်အတွက် နှစ်ဦးလုံး နေ့လည်စာစားရန် ဟိုတယ်သို့ ပြန်လာလိုက်ကြတော့သည်။


ဖန်ခွင်းက ရိုက်ကူးရေးဖိုင်ကို ဒါရိုက်တာထံမှ တောင်းလာကာ ၎င်းကို ကြည့်နေရင်း ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။


“ရှောင်ကျားရှုရဲ့ သရုပ်ဆောင်ချက်က ဒါရိုက်တာ ပြောသလောက်လည်း အထင်ကြီးစရာ မကောင်းပါဘူး ငါ ဒီလောက် အကြာကြီး ကြည့်နေတာတောင် ချီးကျူးစရာ မတွေ့သေးဘူး မင်းကမှ ပိုကောင်းသေးတယ် စာသားတွေကို ပြောနေတာ ကြည့်လိုက်ပါလား ခံစားချက်အပြည့်နဲ့ အသံအနိမ့်အမြင့်ကလည်း ကွက်တိပဲ မင်းရဲ့ အမူအယာနဲ့ မျက်လုံးအကြည့်ဆိုလည်း လိုက်ဖက်ကိုညီလို့ မင်းက သူ့ကို စိတ်ပူနေလို့သာ ပြောပါဦး ဘယ်နေရာကများ မင်းထက် သာလို့လဲ ဒီပညာရှင်ဆိုတာ ဇာတ်လမ်းတစ်ခုလုံးရဲ့ အကျော်ကြားဆုံး ဇာတ်ကောင်ပဲကို ...”


ကျိမြန်က ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်မိသည်။


Xxxxxxxx