အပိုင်း ၁၀၀
Viewers 45k

Chapter 100


ကျိမြန်က ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်မိသည်။


“အတွင်းလူတွေက အနှစ်သာရနဲ့ နည်းလမ်းကို ကြည့်ပေမယ့် အပြင်သူကတော့ ပျော်ရမလားဆိုတာကိုပဲ ကြည့်တယ်တဲ့ မင်းက အပျော်သက်သက်ကြည့်နေတာပဲ ဘယ်သူက စာသားအများကြီး ပိုရတယ် ဘယ်ဇာတ်ကောင်က ပိုနာမည်ကြီးတယ် ဘယ်သူ့ရဲ့ သရုပ်ဆောင်ချက်က ပိုကောင်းတယ် ဆိုတာကိုပဲ လိုက်ကြည့်နေတာ ...”


သူက ဗီဒီယိုကို ပြန်ရစ်ကာ သူ့ကို တိုက်တွန်းလိုက်သည်။


“ရှောင်ကျားရှုရဲ့ မျက်လုံးကို သေချာလေး ကြည့်ကြည့်လိုက် ...”


မယုံကြည်နိုင်သော ဖန်ခွင်းက ရှောင်ကျားရှု၏ မျက်လုံးတို့ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။


“အတူတူပါပဲ ဘာထူးလို့လဲ ...”


“ထပ်ကြည့်လိုက် မင်းက တစ်သက်လုံး အေးဂျင့်ဖြစ်နေတော့မှာ လုံးဝကို သရုပ်မဆောင်နိုင်ဘူး ...”


ကျိမြန်က နောက်တစ်ကြိမ် ပြန်ရစ်ပေးလိုက်ပြန်သည်။


သုံးလေးကြိမ်ခန့် ထပ်ကာထပ်ကာ ကြည့်ပြီးနောက် ဖန်ခွင်း၏ မျက်လုံးတို့ နာကျင်လာတော့သည်။ လက်ကိုမြှောက်ကာ မျက်လုံးကို ပွတ်မည်ပြုလိုက်ကာမှ အလင်းပွင့်သွားတော့၏။


“ငါသိပြီ မျက်လုံးတွေပဲ ...”


ခေါင်းတယမ်းယမ်းဖြင့်ပင် ဗီဒီယိုကို ပြန်ရစ်ကြည့်လိုက်သည်။ အထင်အမြင်သေးသည့် အကြည့်တို့နေရာတွင် အံ့ဩမှုတို့ အစားထိုး ဝင်ရောက်သွားတော့၏။


ရှောင်ကျားရှုက ဒါရိုက်တာ "အက်ရှင်" လို့ အော်လိုက်ကတည်းက လုံးဝ မျက်တောင်မခတ်တော့ဘူး ဘာလို့လဲသိလား သူက မျက်တောင်ခတ်စရာ မလိုတဲ့ စက်ရုပ်နေရာကနေ သရုပ်ဆောင်ရလို့ပဲ လူတစ်ယောက်က အကြာကြီး မျက်တောင်မခတ်ဘဲ နေရင် မျက်လုံးတွေ ခြောက်သွေ့နီရဲပြီး မျက်ရည်ဝဲလာမယ်ဆိုတာ အားလုံးအသိပဲလေ အဲဒါကြောင့် ကျိမြန် သူ့ကို ပြီးခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာတုန်းက ဘာလို့ ကျရှုံးတာလဲ မေးတဲ့အခါ မျက်တောင်ခတ်လိုက်တာပေါ့ ...


သူ့မျက်လုံး ပြောင်းလဲမှုက ခံစားချက်တွေ ကမောက်ကမ ဖြစ်ပြီး မျက်ရည်ကျလာလို့ပဲ သူ့ရဲ့ သရုပ်ဆောင်ချက် ပိုကောင်းဖို့အရေး ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုလိုက်တာ ဒါက အရည်အချင်း ရှိရုံတင်မကဘူး သေချာပေါက်ကို ပါရမီရှင်ပဲ ...


(ဒီနားလေး နားလည်ကြလား မသိဘူး ပုံမှန်ဆို မျက်တောင်မခတ်လို့ မရဘူးကွာ အဲဒါကိုမှ ရှောင်ကျားရှုက စက်ရုပ်မှာ ခံစားချက်တွေ နည်းနည်းလေး စဖြစ်လာတဲ့ အခန်းမှ အချိန်ကိုက် မျက်တောင်ခတ်လိုက်တာလို့ ပြောချင်တာပါ)


ကျိမြန်က စာသားတို့ကို ဆက်ပြောနေရာ သူ့အနေဖြင့် မျက်တောင်ထပ်ခတ်၍ မရတော့သည့်အတွက် မျက်လုံးတစ်ခုလုံး ခြောက်ကပ်လာပြန်တော့၏။ ထို့ကြောင့်လည်း သူ့မျက်လုံးတို့မှာ အသေကောင်နှယ် ဗလာသပ်သပ် ဖြစ်နေခြင်းဖြစ်သည်။ သို့သော် ပညာရှင်၏ စကားတို့က သူ့အသိစိတ်ကို လှိုင်းထန်စေသည့်အခါ မျက်လုံးကို မှိတ်လိုက်မိတော့၏။ ဤသည်မှာ အင်အားကြီးသည့် ပြိုင်ဘက်၏ ခြိမ်းခြောက်မှုကို မခံလို၍ ရှောင်လွှဲလိုက်ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျက်တောင်ခတ်ကာ မျက်ရည်ကျလာသည့်အတွက် ခြောက်သွေ့မှုတို့ လျော့နည်းသွားသဖြင့် မျက်ရည်တစ်လွှာ ဖုံးအုပ်လာတော့သည်။ ၎င်းကပင်လျှင် သူ၏ မရေရာမှုနှင့် အားနည်းသည့် ဘက်ခြမ်းကို သဘာဝကျလာစေတော့သည်


သူသည် ခံစားချက်အပြောင်းအလဲ များစွာမရှိသည့် စက်ရုပ်နေရာတွင် သရုပ်ဆောင်ရသည့်အတွက် အတွေးတို့ကို ဖော်ပြရန် မျက်လုံးတစ်ခုတည်းကိုသာ မှီခိုရပေသည်။ ထို့ကြောင့် သရုပ်ဆောင်စွမ်းရည်အားလုံးကို စုရုံးကာ ခန္ဓာကိုယ်ကို အပြည့်အဝ အသုံးချခဲ့ခြင်းဖြစ်သည်။ ကျိမြန် သူ့မျက်ခုံး အလယ်ခေါင်နှင့် မျက်ခွံတို့ကို ထိလာသည့် အချိန်မှာပင် မျက်တောင်မခတ်မိအောင် ငါးမိနစ်ကြာ သည်းခံနေခဲ့သည်။


ထိုသို့ လုပ်ဆောင်နိုင်ရန် အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် လေ့ကျင့်ခဲ့ရသည်။ အခန်းတစ်ခုစီတိုင်းအတွက် ထပ်ကာထပ်ကာ လေ့ကျင့်ကာ သီးခြားအစီအစဉ်များပင် ဂရုတစိုက် ရေးဆွဲခဲ့သေးသည်။ ဖော်ပြချက်တစ်ခုကို မည်သို့မည်ပုံ သရုပ်ဆောင်လျှင် ရလဒ်ကို မည်မျှအထိ တိုးမြှင့်၍ ရကြောင်း ကောင်းကောင်းသိပေသည်။ အချက်အလက်တစ်ခုစီတိုင်းကို အမြင့်ဆုံးအခြေအနေအထိ အသုံးပြုထားသည်။ သေချာဂရုတစိုက် မကြည့်မိပါလျှင် သာမန်သာ ဖြစ်သော်ငြား သတိထားမိသည်နှင့် တစ်ပြိုင်နက် မုချ အံ့ဩမင်သက် ထိတ်လန့်သွားရမည်ဖြစ်သည်။


ဒီလိုအခန်းမျိုးကို အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်အောင် သရုပ်ဆောင်စွမ်းရည်နဲ့ ခန္ဓာကိုယ်ထိန်းချုပ်မှုကို တစ်စုတစ်စည်းတည်း အသုံးချဖို့ဆို ဇွဲလုံ့လဝီရိယတွေ၊ အရည်အချင်းတွေနဲ့ အားစိုက်ထုတ်မှုတွေ ဘယ်လောက်တောင် လိုအပ်မလဲ အပေါ်ယံမှာ သူက ကျိမြန်ရဲ့ ဖိနှိပ်တာကို ခံရတယ်လို့ ဆိုပေမယ့် ဒါက ဇာတ်ညွှန်းထဲမှာ ရေးထားသလို မဟုတ်ဘူး မဟုတ်လား ...


အလွယ်တကူ ရှာဖွေမတွေ့နိုင်သည့် အသေးစိတ်အချက်များတွင်ပင် အင်အားစိုက်ထုတ်ထားကာ သူ့အကြည့်တို့၏ ပြောင်းလဲမှုကို သတိပြုမိရန် ပရိသတ်များအဖို့ အထူးတလည် ပါးနပ်နေစရာ မလိုအပ်ပေ။ စိတ်ခံစားချက် ကမောက်ကမ ဖြစ်မှုများကို နှစ်ဆတိုး အထူးပြုလုပ်ချက်၊ အလင်းယိုင်ချက်တို့ဖြင့် ပြုလုပ်ထားသဖြင့် သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။ ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ကို သာမန်သူတို့ပင် နားလည်နိုင်လောက်သည်အထိ ရိုးရှင်းအောင် သရုပ်ဆောင်ပြနိုင်ရန်မှာ ဝါရင့်ပညာရှင်များ အတွက်ပင် မလွယ်ကူလှ။ သို့သော် ရှောင်ကျားရှုကမူ ထိုသို့ ခက်ခဲသည့်ကိစ္စကိုပင် အမှတ်တမဲ့ဖြင့် လုပ်ဆောင်ပြနိုင်ခဲ့သည်။


ဖန်ခွင်းမှာ အတော်ကြာသည်အထိ စကားမပြောနိုင်။ ရေတစ်ငုံခန့် သောက်ပြီးကာမှ ခြောက်ကပ်စွာ ပြောလိုက်သည်။ 


“ကျိကော ရှောင်ကျားရှုကို ဘာလို့ ကြောက်စရာကောင်းတယ်လို့ တွေးမိနေတာလဲ မသိခဲ့ဘူး အခု ဒီဗီဒီယိုကို ပြန်ကြည့်တဲ့အခါ ကြက်သီးတွေတောင် ထလာပြီ မျက်လုံးရဲ့ အသက်ပါမှုကို ပြဖို့အတွက် မျက်ဆံအိမ် စိုစွတ်တာကို အသုံးပြုမယ်လို့ ဘယ်လိုရော တွေးမိသလဲ မသိဘူးနော် သူ့မျက်လုံးထဲ အလင်းယိုင်လာမှာကိုပါ ထည့်တွက်လိုက်သေးတယ် တကယ်ပါပဲ သူ ဘာတွေရော တွေးနေတာလဲ ဒီခြောက်မိနစ်စာလေးကို ရိုက်ဖို့အရေး ဘယ်လောက်အထိတောင် အားစိုက်ထုတ်ထားရလဲ ဒီရုပ်ရှင်ကို ရုံတင်ရင် ဘယ်သူက ဒီအသေးစိတ်အချက်အလက်တွေကို လိုက်ကြည့်နေမှာတဲ့လဲ စက်ရုပ်က မျက်တောင်ခတ်လား မခတ်လား မျက်လုံးအကြည့်တွေက ကောင်းကောင်းဖော်ပြနိုင်ရဲ့လားဆိုတာ ဘယ်သူက ဂရုစိုက်မှာတဲ့လဲ ...”


“သူ့အတွေးက ရှင်းရှင်းလေး ဇာတ်ကွက်တိုင်းကို အကောင်းဆုံး ကြိုးစားပြီး ရိုက်မယ် သူများတွေ ဂရုစိုက်စိုက် မစိုက်စိုက် ကိစ္စမရှိဘူး သူ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာနဲ့တင် လုံလောက်နေပြီ ...”


ခေါင်းယမ်းပြနေသည့် ကျိမြန်၏ အမူအယာမှာ ကူကယ်ရာမဲ့မှုနှင့် အံ့ဩမှုတို့ ရောယှက်နေသည်။


ရှောင်ကျားရှုက တကယ်ကြီးကို ငကြောင်ပဲ ဒါက သူ့ကို ချိုးချိုးနှိမ်နှိမ် ပြောချင်တာလို့ မဆိုလိုပါဘူး ...


ဖန်ခွင်းက မျက်နှာကို ပွတ်သပ်ကာ ဝမ်းနည်းပက်လက် ပြောလိုက်သည်။


“ရှောင်ကျားရှုရဲ့ လက်ရှိစွမ်းရည်နဲ့ဆို မင်းကို ကျော်တက်ဖို့ သုံးနှစ်တောင် မကြာလောက်တော့ဘူး ဒီလောက် အလားအလာကောင်းတဲ့ မျိုးစေ့လေးကို ဘာလို့များ လက်လွတ်ခံခဲ့မိပါလိမ့် နောင်တရနေပြီ အူတွေ ပြာနေတဲ့အထိကို နောင်တရနေပြီလို့ ...”


ထိုဗီဒီယိုကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ထားသည့်တိုင် အကြိမ်တိုင်း ခံစားချက်အသစ်တို့ ဖြစ်ပေါ်နေဆဲဖြစ်သည်။


နေ့လည်စာ စားပြီးနောက် ပြန်ရောက်လာသော သရုပ်ဆောင်တိုင်းမှာ ရှောင်ကျားရှုကို ကြည့်မိသည့်အခါ သဘောထား ပြောင်းလဲသွားကြတော့သည်။ သူတို့လည်း ထိုဗီဒီယိုကို ကြည့်ကာ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို သိရှိကြပြီးဖြစ်သည်။ 


ကျိက ဘယ်လို မကောင်းဆိုးဝါးမျိုးကိုများ ရှာတွေ့လာတာလဲ သူနဲ့အတူတူ တွဲပြီး သရုပ်ဆောင်ရမှာတောင် ကြောက်လာပြီလို့ ...


“ဒါရိုက်တာကြီး နေ့ခင်းပိုင်းမှာ ဘယ်အပိုင်းတွေ ရိုက်မှာလဲ ရှောင်နဲ့ တွဲရိုက်ရမယ့် အပိုင်းတွေ ပါသေးလား ...”


ဒေါ်နယ်က စိုးရိမ်တကြီး မေးလိုက်သည်။


“ကြည့်ကြည့်ရအောင် ...”


ဒါရိုက်တာက အချိန်ဇယားများကို လှန်လှောကြည့်ရင်း နှစ်သိမ့်ပေးလိုက်သည်။


“မပူပါနဲ့ နေ့ခင်းပိုင်းလည်း ကျိနဲ့ရှောင်ပဲ မင်းတို့နှစ်ယောက် ရိုက်စရာ မရှိသေးဘူး ...”


“ကောင်းတယ် ...”


ဒေါ်နယ်က သူ့ရင်ဘတ်ကို အားရဝမ်းသာ ပုတ်လိုက်သည်။ 


“သူနဲ့ အတူတူ ရိုက်ရမှာရှိရင် ကြိုပြီး သတိပေးနော် ကောင်းကောင်း ပြင်ဆင်ထားချင်လို့ ဒီကလေးက တအား ကြောက်ဖို့ကောင်းလွန်းတယ် ...”


“ကိစ္စမရှိဘူး ...”


ဒါရိုက်တာက အိုကေ ဟု လုပ်ပြရင်း စနောက်လိုက်သည်။


“ကျိ မင်းရော ဖိအားများနေပြီလား ...”


ကျိမြန်က ရှောင်ကျားရှုကို လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


“ဟုတ်တယ် ငါသာ ဇာတ်လမ်းထဲ နစ်မဝင်နိုင်ရင် ရှောင်နဲ့ စည်းချက်ကိုက်နိုင်တော့မှာ မဟုတ်ဘူး ...”


ကျိမြန်အဖို့ သူ သရုပ်ဆောင်သည့် နည်းလမ်းကို ပထမဆုံးအကြိမ် ပြောင်းလဲရန် ကြိုးစားခြင်းဖြစ်သည်။ စိတ်အနှောင့်အယှက် မဖြစ်သည့်အပြင် မျှော်လင့်ချက်များပင် ပြည့်ဝနေသေးသည်။ 


ရှောင်ကျားရှုက တကယ်ကို ရတနာသေတ္တာလေးလိုပဲ နေ့တိုင်း အံ့ဩစရာတွေကို ယူဆောင်လာပေးနေတာ ... 


...........


“နိုးထခြင်း” အခန်းကို ရိုက်ကူးပြီးနောက် ကျိမြန်သည် ရှောင်ကျားရှု၏ အာရုံစူးစိုက်မှုတို့ သူ့အပေါ် တစ်ဖန် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း တွေ့ရှိသွားတော့သည်။ အတွေးတို့ကို မကြားရသေးသည့်တိုင် သူ့နောက်ကိုသာ တကောက်ကောက်လိုက်နေသည့်အတွက် ကျိမြန်လည်း စိတ်အေးသွားရတော့၏။ ရှောင်ကျားရှုမှာ ဇာတ်ကောင်စရိုက်ထဲတွင်ပင် နစ်ဝင်နေဆဲဖြစ်သည်။ အစောပိုင်းကာလများ၌ 001 တွင် ခံစားချက်ဟူ၍ မရှိ၊ လွန်စွာ အေးစက်ပေသည်။ အလယ်ပိုင်းသို့ ရောက်သည့်အခါ ပညာရှင်နှင့် ပတ်သက်၍ သိလိုစိတ် ပြင်းပျကာ သူ့ကို ကပ်တွယ်လာတော့သည်။


ဆယ်ရက်ခန့် ဆက်တိုက် ရိုက်ကူးပြီးနောက်တွင် ရှောင်ကျားရှု၏ ရိုက်ကူးရေး ပြီးဆုံးချိန်သို့ ရောက်လာတော့သည်။ “ကာကွယ်ခြင်း” နှင့် “အနစ်နာခံခြင်း” ဟူသည့် နှစ်ခန်းသာ ရိုက်ကူးရန် ကျန်ရှိတော့ကာ နှစ်ခန်းစလုံးမှာလည်း လွန်စွာ ခက်ခဲလှပေသည်။


Stisen က သူ့ကို အနားသို့ ခေါ်ပြောလိုက်သည်။


“ရှောင် ပြီးရင် မင်းက မြေကြီးပေါ် လဲကျနေတဲ့ ကျိကို တိတ်တိတ်လေး ငေးကြည့်နေရမယ် သူ့မျက်လုံးတွေ ပိတ်သွားကာကျမှ ပွေ့ထူလိုက် ဦးတည်ချက်က ထုံးစံအတိုင်း အကြည့်ပြောင်းလဲသွားတဲ့အပေါ်မှာပဲနော် ဒါက ပြောနေစရာတောင် မလိုတော့ပါဘူး နားလည်ရဲ့လား ...”


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။


“နားလည်ပါတယ် ခံစားချက်နဲ့ အကျိုးသင့် အကြောင်းသင့် စဉ်းစားတာတွေ အားပြိုင်ရမယ် ဒါပေမယ့် နောက်ဆုံးမှာ ခံစားချက်ကပဲ လွှမ်းမိုးသွားမှာ မဟုတ်လား ...”


“ဟုတ်တယ် ခံစားချက်က ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်စွမ်းကို လွှမ်းမိုးသွားဖို့ဆိုတာ စက်ရုပ်တစ်ရုပ်အတွက်တော့ ကြုံတောင့်ကြုံခဲ ကိစ္စပဲ ..."


သူက ကျိမြန်ကိုပါ လှမ်းခေါ်လိုက်သည်။


“ကျိ မင်းက ဒီနားမှာ လှဲပြီး သေဖို့ ထိုင်စောင့်နေရုံပဲ ...”


ကျိမြန် “...”


“ကာကွယ်ခြင်း” ဇာတ်ကွက်မှာ ဤသို့ဖြစ်သည်။ သုတေသနအဖွဲ့သားများ zerg တို့၏ ဝိုင်းရံမှုမှ ဖောက်ထွက်လာစဉ် မိန်းမပျိုလေး လွတ်မြောက်သွားစေရန် အလို့ငှာ ပညာရှင်ကို နောက်တွင် ချန်ရစ်ထားခဲ့ကြသည်။ အပြင်းအထန် ဒဏ်ရာရ၍ သေအံ့ဆဲဆဲ အချိန်တွင် 001 က လမ်းတစ်ဝက်မှ လှည့်ပြန်လာကာ သူ့ကို ကယ်တင်လိုက်သည်။ သူက 001 ကို မစွန့်ပစ်ခဲ့သလိုပင် 001 ကလည်း သူ့ကို ချန်မထားခဲ့။ ၎င်းမှာ သံသရာစက်ဝန်းသဖွယ် အဖန်ဖန် လည်နေကာ သူတို့နှစ်ဦးအကြား ဆက်ဆံရေး ပြောင်းလဲမှု၏ စတင်ရာလည်း ဖြစ်ပေသည်။ တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့နေကြရာမှ အလုံးစုံ ယုံကြည်အားကိုးရသည့် ရဲဘော်ရဲဘက်အဖြစ်သို့ ပြောင်းလဲသွားတော့၏။


 Stisen ၏ ညွှန်ကြားချက်အရ ကျိမြန်လည်း ဝမ်းဗိုက်တွင် ပေါက်ပြဲဒဏ်ရာနှင့်အတူ ကျောက်ခဲပုံများအပေါ် လဲလျောင်းလိုက်တော့သည်။ မျက်နှာပေါ်သို့ မိုးရေစက်များ ဆက်တိုက် ကျဆင်းနေသည်မှာ လွန်စွာ သနားဖွယ်ရာပင်။ အတိတ်ကို ပြန်ပြောင်းသတိရနေဟန်ဖြင့် ကောင်းကင်ကို ငေးကြည့်နေမိသည့်တိုင် မည်သည်ကိုမှ ရေရေရာရာ မတွေးနိုင်တော့ချေ။


မနီးမဝေးဆီမှ ဆူညံသံတစ်ခုက်ို ကြားလိုက်ရသည်။ သွေးနံ့ ရလိုက်သည့် zerg ၏ အသံ ဖြစ်ဟန်ပင်။ လက်ကို ဆန့်ထုတ်လျက် ဖိနပ်ကြားတွင် ဖွက်ထားသော ဓားမြောင်ကို ခက်ခက်ခဲခဲ ဆွဲထုတ်ကာ သေသည်အထိ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်၏။ မိုးသီးမိုးပေါက်များမှာ ပြင်းထန်လွန်း၍ အမြင်အာရုံမှာလည်း ဝိုးတစ်ဝါးပင်။ အသက်အောင့်လျက်သာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်တော့သည်။


ခပ်ကြမ်းကြမ်းခြေသံများနှင့်အတူ 001 ၏ ရှည်လျားလှသော ပုံရိပ်ကို မိုးပေါက်များအကြားမှ တွေ့လိုက်ရသည်။ ခါးကို အနည်းငယ် ကွေးညွတ်ကာ အတိုက်ခိုက်ခံထားရသည့် ပညာရှင်ကို သာမန်ကာလျှံကာ ငုံ့ကြည့်လိုက်သည်။ ပညာရှင်ကလည်း သူ့ကို ပြန်မော့ကြည့်ကာ ရယ်မောလိုက်၏။


“မင်းကိုး ...”


နှစ်ဦးသား အပြန်အလှန် စိုက်ကြည့်နေလိုက်ကြကာ မည်သူကမှ စကားစမလာခဲ့။ ကင်မရာက နှစ်ယောက်လုံး၏ မျက်လုံးများကို သီးသန့်စီ အနီးကပ် ရိုက်ပြလိုက်၏။ ကျိမြန်၏ အကြည့်တို့မှာ အေးအေးချမ်းချမ်း သေရန်အတွက် စိတ်အေးလက်အေး ဖြစ်နေမှုတို့ ပြည့်နှက်နေပြီး ရှောင်ကျားရှုမှာမူ အားလုံးကို ဥပေက္ခာ ပြုထားဟန်ပင်။ ကယ်တင်မှုကို မျှော်လင့်နေခြင်းလည်း မရှိသလို ကယ်တင်မည့် အကြံအစည်လည်း မရှိချေ။


ပညာရှင် သေသွားသည်နှင့် တစ်ပြိုင်နက် 001 မှာ ထာဝရ လွတ်မြောက်နိုင်တော့မည်ဖြစ်ရာ သူ့အနေဖြင့် ဤအခွင့်အရေးမျိုးကို လက်လွတ်ခံရလောက်သည်အထိ မတုံးအ။ သို့သော် သူ၏ ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်စွမ်းကို အလွန်အကျူး မျှော်လင့်ထားဟန်ပင်။ မိုးရေစက်တို့ မျက်လုံးထဲ ရောက်လာ၍ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည့်အခါ ဗလာအကြည့်တို့ ရုတ်ချည်း ပျောက်ကွယ်ပြီး ထူးဆန်းသည့် အလင်းပျောက်တို့ ပေါ်ပေါက်လာကာ ပိုပြီး သက်ဝင်လှုပ်ရှားသည့်ဟန် ပေါ်ပေါက်လာတော့သည်။ နူးညံ့ကာ စိတ်ရှုပ်ထွေးနေသည့် အမူအယာမျိုး ထုတ်ပြလျက် ခေါင်းကိုစောင်းကာ ပြောလိုက်သည်။


“မင်းကို ကယ်ပေးဖို့ အမိန့်ပေးလို့ ရတယ်လေ ...”


ကျိမြန်က သူ့မျက်လုံးများကို စိုက်ကြည့်ကာ နှမြောတွန့်တိုခြင်း မရှိ၊ ပြုံးပြလိုက်သည်။ 


“မလိုပါဘူး 001 မင်း သွားလို့ရပြီ ကမ္ဘာမြေကို စွန့်ခွါ၊ နဂါးငွေ့တန်းကို စွန့်ခွါပြီး မင်းသွားချင်တဲ့ နေရာကိုသာ သွားတော့ ...”


Xxxxxxxxx