Chapter 101
ရှောင်ကျားရှုမှာ ပြင်းထန်လှသည့် အခက်အခဲတစ်ခုကို ရင်ဆိုင်နေရဟန် မျက်ဝန်းထဲရှိ အလင်းရောင်တို့ ရုတ်ချည်း ချုပ်ငြိမ်းသွားတော့သည်။ သို့သော် မျက်နှာမှာမူ ယခင်အတိုင်း ကျောက်တုံးတစ်တုံးနှယ် မာကျောနေဆဲဖြစ်သည်။
ကျိမြန်ကမူ ကယ်တင်ခံရလိမ့်မည်ဟု ဘယ်သောအခါကမှ တွေးမထားဖူးသည့်အတွက် မျက်ဝန်းတို့ကို မှေးမှိတ်ကာ ညင်ညင်သာသာ ပြုံးလိုက်သည်။
စကြဝဠာထဲမှာ မြူမှုန်တွေလို လွင့်စင်ပျောက်ကွယ်သွားမှာမှ မဟုတ်တာ သူ့ရဲ့ မွေးရပ်မြေမှာပဲ ခေါင်းချရမှာလေ ဘယ်လိုလုပ် မကျေနပ်ဘဲ နေပါ့မလဲ ဒီမြေတွေကို ပြန်လည်ပိုင်စိုးနိုင်ဖို့အတွက် လူသားမျိုးနွယ်တွေရဲ့ အနာဂတ်အတွက်သာဆိုရင် သူ့အသက်ကိုတောင် နောင်တကင်းကင်းနဲ့ စတေးနိုင်ရဲ့ ...
ရှောင်ကျားရှုက မျက်လုံးထဲရှိ အလင်းရောင်တို့ ပျောက်ကွယ်သွားသည်အထိ သူ့ကို အကြာကြီး စိုက်ကြည့်နေလိုက်သည်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက ခံစားချက်ကို ကျော်လွန်ကာ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန် တွန်းအားပေးလိုက်ဟန်ပင်။ ကျိမြန်အနားသို့ ချက်ခြင်း ရောက်လာကာ သူ့ကို တစ်မဟုတ်ချင်း ပွေ့ချီလိုက်သည်။
ကျိမြန်က မယုံကြည်နိုင်တော့ဟန်ဖြင့် မျက်လုံးတို့ကို ရုတ်ချည်း ဖွင့်လိုက်သည်။
“သခင့်ကို ကာကွယ်ဖို့က ကျွန်တော့်အတွက် အကြီးမားဆုံး တာဝန်ပါ ...”
ရှောင်ကျားရှု၏ လေသံမှာ လွန်စွာ အေးစက်နေသော်ငြား သူ့နှလုံးသားမှာမူ လွန်စွာ နွေးထွေးကြောင်း ကျိမြန်တစ်ဦးတည်းသာ သိပေသည်။ သဲကန္တာရတစ်ခုလုံး ရုတ်ချည်းမိုးရွာချမှုကြောင့် မွှေးရနံ့ သင်းထုံသည့် ပန်းတို့ဖြင့် ပြည့်နှက်သွားသည့်နှယ် မျက်စိကျိန်းဖို့ ကောင်းလောက်အောင်ပင် လှပနေတော့သည်။
ကျိမြန်မှာ မပြုံးဘဲပင် မနေနိုင်တော့ ...
“ cut …”
Stisen က ဆုံးဖြတ်ချက်အပြည့်ဖြင့် အော်လိုက်သည်။
“ဒီတစ်ခုလည်း ပြီးပြီ နောက်တစ်ခန်းအတွက် ပြင်ဆင်လိုက်ကြတော့ ကျိ ရှောင် မင်းတို့နှစ်ယောက် အတူတူဆို ဘယ်တော့မှ NG မပါဘူးနော် ...”
“ငါလည်း သတိထားမိတယ် ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် ထုတ်ပြောစရာ မလိုအောင် နားလည်နေလို့ထင်တယ် ...”
ကျိမြန်က ရှောင်ကျားရှု၏ လက်မောင်းကြားမှ ခုန်ချကာ အသာရယ်မောရင်း ပြောလိုက်သည်။
“ကိုယ့်ကို ချီထားရတာ လေးလား ...”
“အရမ်းလေးတယ် ...”
ရှောင်ကျားရှုက ထုံးစံအတိုင်း တည့်တိုးပင် ပြန်ဖြေလိုက်သည်။
ကျိမြန်ကမူ ကူကယ်ရာမဲ့နေဟန်ဖြင့် ပြုံးရင်းသာ ခေါင်းကို သုတ်နေလိုက်တော့သည်။
Stisen က ထပ်ကာထပ်ကာ ပြန်ကြည့်သည့်တိုင် အမှားတစ်ခုမှ ရှာမရ။
“ရှောင် မိတ်ကပ်သွားပြင်လိုက်တော့ မင်းရဲ့ နောက်ဆုံးအခန်းကို ချက်ခြင်းပဲ ဆက်ရိုက်တော့မယ် ...”
“အနစ်နာခံခြင်း” ဇာတ်ကွက်မှာ ဤသို့နှယ်ပင်။ သုတေသနအဖွဲ့သားများ ရှိနေသည့် အာကာသယာဉ်ကို zerg တပ်ပေါင်းစုက ဝန်းရံထားသည့်အတွက် မည်သူမှ ကမ္ဘာမြေပေါ်မှ အသက်ရှင်လျက် ပြန်မထွက်နိုင်တော့ကြောင်း သိလိုက်ရသည့်အခါ 001 က သူ၏ စက်ရုပ်စစ်တပ်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုစစ်တပ်ထဲတွင် လူသားတို့ ထည့်သွင်းထားသည့် ဗိုင်းရပ်စ်ပိုးများ ရှိနေသေးသည့်အတွက် ၎င်းတို့က အင်တာနက်ကွန်ယက်မှတစ်ဆင့် 001 ၏ ပင်မပရိုဂရမ်ကို တိုက်ခိုက်လာကြသဖြင့် ဗဟိုချက် ပေါက်ကွဲကာ သေဆုံးသွားတော့၏။ စက်ရုပ်စစ်တပ်၏ ကူညီအချိန်ဆွဲပေးမှုကြောင့် သုတေသနအဖွဲ့ တစ်ဖွဲ့လုံး အန္တရာယ်ကင်းစွာ ထွက်ခွာသွားနိုင်တော့သည်။
ထိုအချိန်မှာ 001 ၏ အသိစိတ်တို့ လုံးဝဉဿုံ နိုးထလာသည့်အချိန်ဖြစ်ကာ သေမင်းခံတွင်းသို့ သက်ဆင်းရသည့် အချိန်လည်း ဖြစ်ပေသည်။ ဤသို့ ဝိရောဓိ ဖြစ်လှသည့် ဇာတ်ကွက်မျိုးမှာ မည်သည့်သရုပ်ဆောင်အတွက်မဆို ခဲယဉ်းလှသော်ငြား ရှောင်ကျားရှုကမူ ထိုအတွက် အစီအစဉ် ဆွဲထားပြီးဖြစ်သည်။ ဒါရိုက်တာ၏ အသံအဆုံးတွင် ချက်ခြင်း ရင်ဘက်ကို ဖျစ်ညှစ်ကာ ခြေလက်တို့ တဆတ်ဆတ် တုန်ရီလာတော့သည်။ ၎င်းမှာ ဗဟိုချက် အပူလွန်ကဲခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။ များမကြာမီ ဗိုင်းရပ်စ်တို့ သူ့ဗဟိုချက်ကို ကျူးကျော်လာမှုကြောင့် ပေါက်ကွဲကာ သေဆုံးရတော့မည်ဖြစ်သည်။
“သေဆုံးခြင်း” ဟူသည့် စကားမှာ သူနှင့် များစွာ စိမ်းသက်လှသည်။ မူလကမူ သူ့ကိုယ်သူ ထာဝရ ရှင်သန်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တစ်ဖြည်းဖြည်း ပျံသန်းပျောက်ကွယ်သွားသည့် အာကာသယာဉ်ကို မော့ကြည့်လိုက်မိသည့်အခါ နောင်တမရမိတော့။ အမြဲလိုလို ဖြောင့်တန်းနေသည့် နှုတ်ခမ်းတစ်စုံမှာ ယောင်ယောင်လေး ကွေးညွတ်နေကာ အပြုံးနှင့် မတူသည့် အပြုံးတစ်ပွင့်ကို လှစ်ဟပြနေသည်။ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် တဆတ်ဆတ် တုန်ရီနေသော မျက်ဝန်းတစ်စုံ ငြိမ်ကျသွားကာ ဆုံချက်လည်းမရှိ၊ အလင်းရောင်လည်း မရှိတော့ချေ။ မျက်လုံးထောင့်စွန်းမှနေ၍ အရည်စီးကြောင်းနှစ်ခုသာ အသာ ကျဆင်းလာတော့သည်။ သူ့ပုံစံမှာ အလွန်တည်ငြိမ်နှစ်လိုဖွယ် ရှိလှသော်ငြား ထို အရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်ရချိန်တွင် အကြောင်းပြချက်မဲ့စွာပင် ဝမ်းနည်းလာမိတော့သည်။
ထိုဇာတ်ကွက်မှာ ဆယ်စက္ကန့်ခန့်သာ ကြာလိုက်သော်ငြား Stisen ကမူ အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောနိုင်သေး။ စခရင်ကိုသာလျှင် ငေးကြည့်နေတော့သည်။
ရှောင်ကျားရှုက အမူအယာ ကင်းမဲ့နေသည့် ဒါရိုက်တာအနီးသို့ ရောက်လာ၏။ မခြောက်သေးသော မျက်ရည်စီးကြောင်းနှစ်ခုကြောင့် သူ့ပုံစံမှာ အနည်းငယ် လမ်းပျောက်နေဟန်ပင်။
“မင်း ...”
Stisen က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဘာလို့ ငိုလိုက်တာလဲ စက်ရုပ်တွေမှာ မျက်ရည်မှ မရှိတာ ..."
“မသိဘူး ကျွန်တော်တောင် သတိမထားမိဘဲ ကျလာတာ အဲဒါက မျက်ရည်မဟုတ်ဘဲ အတွင်းပိုင်းက သတ္ထုတွေ အရည်ပျော်ပြီး စီးကျလာတာ နေမှာပေါ့ ဘာပဲဖြစ်ဖြစ် မျက်ရည်မဟုတ်တာတော့ သေချာတယ် ...”
ရှောင်ကျားရှုမှာ မျက်လုံးထောင့်စွန်းကို ပွတ်သပ်ရင်းပင် ပိုပြီး ဦးနှောက်ခြောက်သွားတော့သည်။
ဒါရိုက်တာက သူ့ကို အကြာကြီး ငေးကြည့်ပြီးကာမှ ရုတ်ချည်း ထရယ်လိုက်သည်။
“ဟား ဟား ဟား အချစ်လေး မင်းက တကယ်ကို ချီးကျူးထိုက်စရာပဲ ဟုတ်တယ် သိပ်ကို ဟုတ်တယ် ဒီလိုအနေအထားမျိုးပဲ 001 က သူ့ခံစားချက်တွေ တိုးတက်လာမှန်း မသိသေးဘူး ဒီလို အခြေအနေမျိုးမှာတောင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံခဲ့သေးတယ် အသက်လည်း ရှိနေပြီ စိတ်ဝိဉာဉ်လည်း ရှိနေပြီ ဒါပေမယ့် သူကတော့ လုံးဝ မသိဘူး အသိစိတ် နိုးထလာတဲ့ လူသားတစ်ပိုင်း ဖြစ်နေပြီ ဆိုပေမယ့် ဒီအခြေအနေကို လျစ်လျူရှုထားတုန်းပဲ သူ့မှာသာ အချိန်လေး နည်းနည်းလောက် ထပ်ရလိုက်ရင် အသွေးနဲ့ အသားနဲ့ လူသားအစစ် ဖြစ်လာနိုင်လောက်မှာကို ...”
“ဟုတ်တယ် ဟုတ်တယ် ...”
ရှောင်ကျားရှုက စိတ်ပါလက်ပါ ထောက်ခံလိုက်သည်။
“အချစ်လေး မင်းက ဇာတ်ကောင်ထဲမှာ အရမ်းကြီးကို နစ်ဝင်နေတာပဲ မင်းက 001 ၊ 001က မင်း ဖြစ်နေပြီ မင်းရဲ့ ဂရုမစိုက်တဲ့ပုံ သရုပ်ဆောင်ပြသွားတာက တကယ်ကို အစစ်အတိုင်းပဲ ...”
Stisen က သူ့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ကာ သက်ပြင်းချလိုက်သည်။
“မင်းနဲ့ အလုပ်လုပ်ရတာ တကယ်ကို ဝမ်းသာစရာပဲ ဂုဏ်ယူပါတယ် ကောင်လေး ...”
“ရှောင် မင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ...”
“မင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ်ကို ချီးကျူးထိုက်စရာပဲ ...”
“မင်း အားရင် ကိုယ့်ကို ဆက်သွယ်နော် အချစ်လေး ...”
တွဲဖက်သရုပ်ဆောင်အားလုံး ရှောင်ကျားရှုအနား ရောက်လာကာ သူ့ကို ပွေ့ဖက် ဓာတ်ပုံရိုက်လိုက်ကြတော့သည်။ ဇာတ်ညွှန်းရေးသူကပါ သူ့ကို လှမ်းဆွဲကာ တီးတိုးပြောလိုက်၏။
“ရှောင် မင်းရဲ့ သရုပ်ဆောင်မှုကြောင့် ငါ အိုင်ဒီယာအသစ်တွေ အများကြီး ရသွားပြီ အဲ့ဒါ အသိဉာဏ်ရှိတဲ့ စက်ရုပ်အကြောင်း တစ်ခါလောက် ရေးကြည့်မလို့ မင်းကို ဇာတ်လိုက်အဖြစ် လုပ်ပေးစေချင်တယ် မင်းကို ဆက်သွယ်ဖို့ နံပါတ်လေး ပေးပါလား မင်းရဲ့ 001 ဇာတ်ကောင်ကို အရမ်း သဘောကျနေတာ အရမ်း အရမ်းကိုမှ ငါ့နှလုံးသားတွေ ကွဲအက်သွားတဲ့အထိကို သဘောကျနေလို့ သူ့အတွက် သီးသန့် ဇာတ်လမ်းတစ်ပုဒ်လောက် ရေးပေးချင်လို့ ...”
“ရတာပေါ့ ...”
ရှောင်ကျားရှုက သူ့ဖုန်းနံပါတ်နှင့် ဆိုရှယ်မီဒီယာအကောင့်များ ပေးတော့မည့်အချိန်မှာပင် ကျိမြန် ရောက်လာ၏။
“ငါ့မှာ သူ့ကို ဆက်သွယ်ရမယ့် အချက်အလက်တွေ ရှိတယ် နောက်မှ ငါ့ကို လာရှာလှည့် ဇာတ်လမ်းကသာ တော်တော်လေး ကောင်းရင် ငါလည်း ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပေးမယ် ...”
“ကျေးဇူးတင်ပါတယ် သူဌေး ...”
ဇာတ်ညွှန်းရေးဆရာမှာ မျက်နှာများ နီမြန်းသွားသည်အထိ စိတ်လှုပ်ရှားလာကာ သူပြန်မသွားခင် အကြိမ်ကြိမ်အခါခါ အတည်ပြုနေလိုက်သေးသည်။
“ရိုက်ကူးရေးပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ ...”
ကျိမြန်က သူ့ကို အဝတ်လဲခန်းထဲသို့ ပြန်ခေါ်လာလိုက်၏။
“တရုတ်ကို ပြန်မယ် ...”
ရှောင်ကျားရှုက တိုတိုတုတ်တုတ် ပြောလိုက်သည်။
“ဘယ်တော့လဲ ...”
ကျိမြန်မှာ ယခုအချိန်အထိ သူ့အတွေးများကို မကြားရသေး၍ ခေါင်းများပင် ကိုက်လာတော့၏။
ဟိုးအရင် ရှောင်ကျားရှုက အရမ်းကို တက်ကြွပေမယ့် အခုကျ တအား ... သူ ပုံမှန်အတိုင်း ပြန်ဖြစ်အောင် နည်းလမ်းရှာမှ ရတော့မယ် ...
“ဒီနေ့ပဲ ... အမေက အမြန်ပြန်လာခိုင်းနေလို့ ...”
ရှောင်ကျားရှုက အချိန်အတော်ကြာ ပစ်ထားသည့် လက်ကိုင်ဖုန်းကို လက်ထောက်ထံမှ ပြန်တောင်းလိုက်သည်။
အိမ်ပြန်ပြီး သူ့မိသားစုနဲ့ နေလိုက်ရင် အမြန်ဆုံး ပြန်သက်သာလာလောက်မယ်ထင်တယ် ...
ကျိမြန်က ထိုသို့တွေးကာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို စောစောစီးစီး ပြန်လိုက်လေ လက်မှတ်ရော ဖြတ်ပြီးပြီလား အချိန်ရရင် မင်းကို လိုက်ပို့မယ်လေ ...”
ရှောင်ကျားရှုက လက်ထောက်ကို လှမ်းကြည့်လိုက်သည့်အခါ သူက သွက်သွက်လက်လက် ဝင်ဖြေလိုက်၏။
“ဝယ်ပြီးပါပြီ နေ့ခင်း ၁ နာရီခွဲ လေယာဉ်ပါ အခုပဲ လေဆိပ်ကို သွားလို့ ရပါပြီ ...”
“ဒါဆိုရင်တော့ မင်းကို လိုက်ပို့လို့ မရတော့ဘူးပဲ နောက်ထပ်နှစ်ခန်း ရိုက်စရာ ကျန်သေးလို့ လုံခြုံရေးကိုပဲ ဦးစားပေးနော် တစ်ခုခု ဖြစ်ရင်လည်း အချိန်မရွေး ဖုန်းဆက် အနှောင့်အယှက်ပေးမိမှာ မကြောက်နဲ့ ...”
ကျိမြန်က အခန်းအပြင် ထွက်မည် ပြင်ပြီးကာမှ တစ်ခုခုတွေးကာ ရှောင်ကျားရှု၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
“ရှောင်ကျားရှု မင်းက တကယ်ကို တော်တယ် မင်းကို ရွေးဖို့ ဆုံးဖြတ်လိုက်မိတာ အမှန်ဆုံးပဲ ..."
သူထွက်သွားပြီး အတော်ကြာကာမှ ရှောင်ကျားရှု၏ မျက်နှာတွင် အပြုံးရိပ် လွှမ်းသွားတော့သည်။
ကျိကော ချီးကျူးတာကို ခံလိုက်ရတာ တကယ်ကို ဂုဏ်ယူစရာပဲ ...
ကျိမြန်၏ ရိုက်ကူးရေးမှာ နေ့လည် လေးနာရီအထိ မပြီးသေး။ ထို့နောက် တစ်ဖန် တည်းဖြတ်သည့် ကိစ္စနှင့် စပ်လျဉ်း၍ Stisen နှင့် ဆွေးနွေးရပြန်သည်။ ဟောလိဝုဒ်တွင် ရိုက်ကူးရေးမှအပ ရင်းနှီးမြှုပ်နှံမှု၊ သရုပ်ဆောင် ရွေးချယ်ခြင်း၊ တည်းဖြတ်ခြင်း၊ ဖြန့်ချီခြင်းနှင့် ပရိုမိုးရှင်းကိစ္စ အဝဝတို့ကို ထုတ်လုပ်သူကသာ တာဝန်ယူရသည့် စနစ်မျိုး ကျင့်သုံးပေသည်။ ရိုက်ကွင်းနှင့် သက်ဆိုင်သမျှတိုင်းကို သူကသာ အပြည့်အဝ ထိန်းချုပ်ခွင့်ရှိကာ ဒါရိုက်တာမှာ လက်ထောက်အဆင့်မျှသာ ဖြစ်သည်။
Stisen က စခရင်ကို ထောက်ပြကာ ပြောလိုက်သည်။
“ကျိ ငါ့မှာ မင်းဆုံးဖြတ်ချက်ကို ဝင်ပြီး စွက်ဖက်ပိုင်ခွင့်တော့ မရှိပါဘူး ဒါပေမယ့် ဒီအခန်းတွေကိုတော့ သေချာပေါက် ထည့်ပေးနော် ရှောင် သရုပ်ဆောင်ထားတာကို ကြည့်ကြည့်လိုက် အစောပိုင်းတွေမှာ အရမ်းကို ရက်စက်ကြမ်းကြုတ်ပေမယ့် “နိုးထခြင်း” ဇာတ်ကွက်ကို ရိုက်ကူးပြီးတဲ့အခါ သူ့ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ အကြည့်တွေက မသိမသာလေး ပြောင်းလဲလာတယ် သူ့အကြည့်တွေက မင်းသွားလေရာနောက်ကို လိုက်တယ် မင်းရှိတဲ့ဘက်ကိုပဲ အမြဲတမ်း လှည့်ထားတယ် အန္တရာယ် တစ်ခုခု ဖြစ်လာပြီဆိုရင်လည်း မင်းရှေ့ကနေ ကာထားပေးတယ် ကင်မရာက မင်းကို အဓိကထား ရိုက်နေတာ မဟုတ်တဲ့ အချိန်မှာတောင်လေ ဒီ ပေါက်ကွဲတဲ့အခန်း ကိုပဲ ကြည့်ကြည့် အသံကြားလိုက်တဲ့အခါ လူတိုင်း ကြောက်လန့်ကုန်တာ သူတစ်ယောက်ပဲ ရှေ့နှစ်လှမ်းတိုးပြီး မင်းကို ကာထားပေးလိုက်တာ အသေးစိတ်လေးကအစ အကုန် ဂရုတစိုက် လုပ်ထားတာ ဘာမှကို ပြစ်ချက်မရှိဘူး ...”
ကျိမြန်က စခရင်ပေါ်ရှိ ရှောင်ကျားရှုကို ငေးကြည့်ရင်း ကတိပေးလိုက်သည်။
“ဒီအခန်းတွေကို ဖြတ်မပစ်ပါဘူး မပူနဲ့ ...”
ထိုသို့ ပြောပြီးပြီးချင်း သူ့ဖုန်းက အသံမြည်လာ၏။ ခေါ်ဆိုသူနာမည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ဖုန်းကိုင်လိုက်သည်။
“ဟယ်လို ကျိမြန်ပြောနေတာပါ ...”
“မစ္စတာကျိ ကျွန်တော်က ဒုသခင်လေးရဲ့ လက်ထောက် ကျိုးလျန့်လျန့်ပါ တကယ်လို့ အချိန်ရခဲ့ရင် လေဆိပ်ကို လိုက်လာပေးလို့ ရမလား ...”
တစ်ဖက်သူက စိုးရိမ်တကြီး ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ ...”
ကျိမြန်က အပေါ်ထပ်အင်္ကျီကို ချက်ခြင်းကောက်ယူကာ အလောတကြီး ထွက်လာလိုက်၏။
“နှင်းမုန်တိုင်းကြောင့် လေယာဉ်ချိန် သုံးနာရီလောက် နောက်ကျသွားလို့ပါ အဲဒါ ဒုသခင်လေးက တအား စိတ်ပျက်သွားပြီး အခု နံရံကို ခေါင်းနဲ့ တိုက်နေတယ် ပြီးတော့ သူ ... သူ ...”
“ကျွန်တော့်ကိုလည်း ဆယ်မိနစ်တစ်ခါလောက် လေယာဉ် ဘယ်အချိန်ထွက်မလဲ မေးခိုင်းနေတာ အခု ဝန်ထမ်းတွေအားလုံး စိတ်အနှောင့်အယှက်ဖြစ်ပြီး ရဲခေါ်ဖို့ လုပ်နေပြီ မစ္စတာကျိ ကျေးဇူးပြုပြီး ဒီကို လာခဲ့ပေးလို့ ရမလား ဒုသခင်လေးက ဆရာ့စကားဆို နားထောင်တတ်တော့ သူ့ကို လာပြီး ဖျောင်းဖျပေးပါနော် ...”
“စောင့်နေ ... အခုချက်ခြင်း ထွက်လာခဲ့မယ် ...”
ထိုသို့ ပြောနေစဉ်မှာပင် ကျိမြန်မှာ ကားထဲ ရောက်နှင့်နေပြီဖြစ်သည်။ လေဆိပ်သို့ အတတ်နိုင်ဆုံး မြန်မြန်ရောက်အောင် ထွက်လာကာ သူရောက်သွားချိန်တွင် စိတ်ပျက်နေသော အမူအယာဖြင့် ဆိုဖာပေါ် မလှုပ်မယှက် ထိုင်နေသူကို တွေ့လိုက်ရတော့သည်။
“သွားပြီ မနက်ဖြန် အိမ်ပြန်ရောက်မယ်လို့ စီစဉ်ထားတဲ့ဟာကို အခုတော့ အားလုံး ပြီးသွားပြီ ...”
သူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ ရိုက်ကူးရေးပြီးနောက် ပုံမှန်ဘဝသို့ ပြန်လည်ပြောင်းလဲရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်ငြား သူ့အစီအစဉ်တစ်ခုခု ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းလက်ငင်းပင် စိတ်ဖိစီးလာတော့သည်။
ကျိမြန်က နဖူးကို အုပ်ကိုင်ကာ သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ သူ့ဆီ ရောက်လာပြီ ...
“ရှောင်ကျားရှု စိတ်ကို လွှတ်ချထားလိုက်တော့ ငါနဲ့ ဟိုတယ်ပြန်လိုက်ခဲ့ ..."
သူ့ကို လှည့်ကြည့်လိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ အနည်းငယ် နှေးကွေးလေးလံနေပေသည်။
“ငါက မင်းရဲ့ တရားဝင် ထိန်းချုပ်သူ မဟုတ်လား ...”
ကျိမြန်က သူ့ဘေးတွင် ဝင်ထိုင်ကာ တီးတိုးပြောလိုက်သည်။
“ဟုတ်တယ် ...”
ရှောင်ကျားရှုက လေးတိလေးကန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
Xxxxxxxxx