အပိုင်း ၁၀၂
Viewers 45k

Chapter 102


“ဒါပေမယ့် ရုပ်ရှင်က ပြီးသွားပြီလေ ...”


“ရုပ်ရှင် ပြီးသွားပြီဆိုတာကိုတော့ သိသေးတယ်ပေါ့ ဒါဆို အခု မင်း ဘာလုပ်နေတာလဲ တင်းကြပ်တဲ့ အချိန်ဇယားတွေအတိုင်း တသွေမတိမ်း လုပ်နေစရာ မလိုတော့ဘူးလေ မင်းက ရှောင်ကျားရှု 001 မဟုတ်ဘူး ...”


ကျိမြန်က ထိုသို့ပြောရင်း သူ့ကို ဆွဲထူလိုက်သည်။


“လာ ဒီနေရာကို ထားခဲ့လိုက်တော့ အခု အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းမှာ နှင်းမုန်တိုင်းတွေ တိုက်နေတာ မုန်တိုင်း မစဲမချင်း လေယာဉ်တွေ ထွက်နိုင်ဦးမှာ မဟုတ်ဘူး ...”


“ဒါဆို မုန်တိုင်း စဲသွားဖို့ ဘယ်နှရက်လောက် ကြာမှာလဲ ...”


ရှောင်ကျားရှုက သူ့နောက်သို့ မလှုပ်မယှက် လိုက်ပါလာသည်။


“နှစ်ရက်၊ သုံးရက်၊ လေးရက် ... ဒီ့ထက်လည်း ကြာချင်ကြာမှာပေါ့ ဘယ်လောက်ကြာကြာ လေကြောင်းလိုင်းက မင်းကို အသိပေးပါလိမ့်မယ် ...”


ကျိမြန်က တစ်ဖက်သူကို ဟိုတယ်သို့ ပြန်ခေါ်လာသည့်တိုင် စိတ်မအေးနိုင်သေးချေ.


“ငါ့အခန်းကို သွားပြီး ခဏနေလိုက် စကားပြောကြရအောင် ...”


“ရော့ ...”


သူက ဝီစကီတစ်ခွက်ကို ကမ်းပေးလိုက်သည်။


“နည်းနည်းလောက် သောက်ပြီး တင်းကြပ်နေတဲ့စိတ်တွေက်ို ဖြေလျော့ပေးလိုက် အခု မင်းရဲ့ အခြေအနေက အရမ်းကို လမ်းမှားရောက်နေတာ ဒီကိစ္စတွေနဲ့ အသားကျနေတော့ တစ်ချက်လေး လွဲသွားတာနဲ့ တစ်ပြိုင်နက် လမ်းပျောက်ပြီး ယောင်ချာချာ ဖြစ်သွားလိမ့်မယ် အခု မင်းလုပ်ရမှာက ဘာမှမတွေးဘဲ စိတ်ကို အနားပေးလိုက်ဖို့ပဲ ...”


ရှောင်ကျားရှုမှာလည်း သူ့ပြဿနာ၏ အရင်းအမြစ်ကို တိတိကျကျ သိထားပြီးဖြစ်ရာ နှလုံးသားထဲရှိ ပူပန်မှုတို့ကို ဖြေလျော့လိုသည့်အတွက် ခွက်ကိုယူကာ ချက်ခြင်း မော့သောက်လိုက်သည်။


“ဘယ်လောက်အထိ သောက်နိုင်လဲ ...”


ကျိမြန်က သူ၏ တစ်ဖြည်းဖြည်း နီရဲလာသော ပါးနှစ်ဖက်ကို ငေးကြည့်ရင်း မေးလိုက်သည်။


“သုံးခွက် ...”


ရှောင်ကျားရှုက လက်သုံးချောင်း ထောင်ပြလိုက်သည်။


“ဒါဆို နောက်တစ်ခွက်လောက် ထပ်သောက်လိုက် ...”


ကျိမြန်က သူ့အတွက် ဝီစကီနောက်တစ်ခွက် ငှဲ့ပေးလိုက်သည်။


ရှောင်ကျားရှုက တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက်တွင်မူ ကြည်လင်လှသည့် မျက်လုံးအစုံကို အရည်ကြည်တစ်လွှာ ဖုံးအုပ်သွားတော့သည်။ ဦးနှောက်တစ်ခုလုံး ကမောက်ကမ ဖြစ်ကာ တုန့်ပြန်ပုံမှာလည်း နှေးကွေးလာသည့်အတွက် လေယာဉ်နောက်ကျမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်အားလုံး အနည်ကျသွားတော့သည်။


အရက်က အာနိသင် ပြလာပြီဖြစ်ကြောင်း သိလိုက်မှသာ ကျိမြန်လည်း စိတ်သက်သာရာ ရသွားတော့သည်။ ရှောင်ကျားရှု၏ အာရုံတို့ကို လမ်းလွှဲပေးရန် ပြင်ဆင်လိုက်၏။


“မင်းမိသားစုနဲ့ ဆက်သွယ်တာ ဘယ်အချိန် နောက်ဆုံးလဲ ...”


ရှောင်ကျားရှုက လက်ချောင်းများချိုးကာ ရေတွက်လိုက်သည်။


“တစ်ရက် ... နှစ်ရက် ... သုံးရက် ... အများကြီး ... အများကြီးကို ကြာနေပြီထင်တယ် ...”


“ဒါဆိုလည်း အခုပဲ သူတို့ကို ဖုန်းဆက်လိုက်လေ ...”


“အိုး ...”


ရှောင်ကျားရှုက ဖုန်းထုတ်ကာ နံပါတ်နှစ်ခုကို ရိုက်ထည့်ပြီးကာမှ ချက်ခြင်း ရပ်တန့်လိုက်သည်။


“မရဘူး ခေါ်လို့ မရဘူး ...”


“ဘာလို့လဲ ...”


“အရက်သောက်ထားတယ်လေ အမေက ဆူလိမ့်မယ် ...”


ကျိမြန် “...”


“ဒါဆိုလည်း စာပဲ ပို့လိုက်လေ ...”


ရှောင်ကျားရှုက တစ်ယောက်ချင်းစီကို စာပို့ပြီးနောက် နောက်ထပ် အမိန့်ပေးလာမည်ကို စောင့်နေဟန်ဖြင့် ကျိမြန်ကို ဗလာသပ်သပ် စိုက်ကြည့်လိုက်သည်။ ကျိမြန်မှာမူ အတော်လေး ခေါင်းကိုက်သွားသည့်ဟန် နဖူးကို ပွတ်သပ်ကာ ပြောလိုက်သည်။


“မင်းရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် ပို့စ်လေးဘာလေးလည်း တင်ဦးလေ ဆိုရှယ်မီဒီယာတွေ မသုံးဖြစ်တာ တော်တော်ကြာနေပြီ မဟုတ်လား ...”


“ဘာတင်ရမှာလဲ ...”


ခေါင်းကိုစောင်းကာ မေးလိုက်သည့် ရှောင်ကျားရှု၏ နားဝေတိမ်တောင် ဖြစ်နေဟန် အမူအယာမှာ အနည်းငယ်ပင် ချစ်စရာကောင်းနေသေးသည်။


ကျိမြန်လည်း မရယ်ဘဲ မနေနိုင်တော့။ သူ့ဖုန်းကို ဆွဲထုတ်ကာ ပြောလိုက်သည်။


“ဓာတ်ပုံနည်းနည်းလောက် ပို့လိုက် ကိုယ့်ကို မင်းရဲ့ ဓာတ်ပုံအယ်လ်ဘမ် ပြလို့ရမလား ...”


“ရတာပေါ့ ...”


ရှောင်ကျားရှုက သူ့ဘေးနားသို့ တွားသွားလာပြီး မူးဝေနေသည့် ခေါင်းကို သူ့ပုခုံးနှင့်တိုက်ကာ ရှည်လျားလှသည့် လက်ချောင်းတို့ဖြင့် ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ရင်း ပြောလိုက်သည်။


“ကျိကော ကောကို ကျွန်တော့်ရဲ့ ဓာတ်ပုံအယ်လ်ဘမ် ပြမယ် ...”


ကျိမြန်က ဆတ်ခနဲ ရှောင်တိမ်းလိုက်သည့်အတွက် ကပ်တွယ်တတ်သည့် ကိုအာလာတစ်ကောင်တစ်ဖွယ် ခေါင်းတစ်ခုလုံး အရှေ့သို့ ယိုင်သွားတော့၏။ မျက်နှာပေါ် ကျရောက်နေသည့် လေပူတို့ကို သည်းခံရုံမှအပ မစွမ်းသာတော့ချေ။


“ဝိတ်မချခင်နဲ့ ဝိတ်ချအပြီး ရိုက်ထားတဲ့ပုံတွေ ပို့ပေးလေ မင်းရဲ့ ပရိသတ်တွေက အဲဒါက်ို သဘောကျကြမယ်ထင်တယ် ...”


“အိုကေ ...”


ရှောင်ကျားရှုက သူ့နဖူးကို ကျိမြန်၏ နားရွက်နှင့် ပွတ်သပ်ကာ ငြီးငြူလိုက်သည်။


“ကျွန်တော်က မဝပါဘူးနော် အသားပွနေရုံလေးတင် ...”


“အိုကေ အိုကေ မင်းက မဝပါဘူး ...”


ကျိမြန်၏ နားရွက်တို့ အနည်းငယ် ပူထူလာသည့်အတွက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။


“မင်းပုံတွေကို ပြန်ပြင်ပေးမယ် ဒီနှစ်ပုံဆို ဘယ်လိုနေလဲ ...”


သူက ပုံနှစ်ပုံကို ပြန်ပြင်ပေးကာ ပို့လိုက်သည်။


ရှောင်ကျားရှု၏ ကြွက်သားလေးခုနှင့်ပုံကို တွေ့လိုက်ရသည့်အခါ ပရိသတ်အားလုံး အုံလိုက်ကျင်းလိုက် စုရုံးရောက်ရှိလာကြပြီး နှစ်လကြာ သတင်းမကြားရသည့်အတွက် သူ့ကို အပြစ်တင်ရန်ပင် မေ့လျော့သွားကြတော့သည်။


ကျိမြန်က စခရင်ကို သူ့ဘက်သို့ လှည့်ပြလိုက်သည်။


“ကြည့်လိုက်ဦး ပြီးသွားပြီ မနက်ဖြန်ကျ သူတို့ကို မင်း ဒီနှစ်လလုံးလုံး ဘာလုပ်ခဲ့သလဲဆိုတာ ရှင်းပြဖို့ မမေ့နဲ့နော် ...”


ရှောင်ကျားရှုက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သူ့ပုခုံးကို မေးစေ့ဖြင့် ပွတ်တိုက်လိုက်၏။ ဝီစကီအနံ့ ရောယှက်နေသည့် လေငွေ့က သူ့မျက်နှာပေါ် ကျရောက်လာသည့်အတွက် ချက်ခြင်းလက်ငင်းပင် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိတော့သည်။ ရှောင်ကျားရှုကို တွန်းထုတ်လိုက်ချင်သော်ငြား မတွန်းသာသည့်အတွက် ရွေးစရာမရှိတော့ချေ။


“မင်း ဒီတစ်ခေါက် သရုပ်ဆောင်သွားတာ တော်တော်လေးကို ကောင်းတယ် အထူးသဖြင့် “နိုးထခြင်း” အခန်းပဲ မျက်တောင်မခတ်ဖို့ ဘယ်လိုလုပ် စဉ်းစားမိလိုက်တာလဲ ...”


“လင်းလဲ့ယန် သင်ပေးတာ ...”


ရှောင်ကျားရှုက ကျိမြန်၏ ဘေးတိုက်မျက်နှာကို ငေးကြည့်နေသည့်အတွက် သူ့နှုတ်ခမ်းမှာ ကျိမြန်၏ပါးနှင့် ထိလုမတတ် နီးကပ်သွားတော့သည်။


“ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတစ်ခု ဖြစ်လာဖို့ဆို ခံစားချက်တွေကို အပြည့်အဝ ထုတ်ပြရုံတင် မကဘူး လုံလောက်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေလည်း လိုသေးတယ်လို့ နားလည်လာအောင် သူသင်ပေးခဲ့တာ ခန္ဓာကိုယ်အစိတ်အပိုင်းဆိုတဲ့ နေရာမှာလည်း ခြေတွေလက်တွေတင်မကဘူး တစ်ကိုယ်လုံးမှာရှိတဲ့ ဘယ်အစိတ်အပိုင်းမဆို မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းနဲ့ နားရွက်ကအစ အကုန်ပါတယ် ... လူတွေရဲ့ ခန္ဓာကိုယ်မှာ ကြွက်သား ၄၃ ခု ရှိပြီးတော့ အဲဒါတွေကို ပေါင်းစပ် အသုံးချလိုက်ရင် အမူအယာပေါင်း သောင်းနဲ့ချီပြီး လုပ်လို့ရတယ်တဲ့ ကျွန်တော့်မှာ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ် ...”


နောက်ဆုံးတွင်တော့ သူ့မေးစေ့ကို ကျိမြန်၏ ပုခုံးပေါ် တင်ထားရာမှ ပြန်ခွာလိုက်တော့သည်။ သူ့မျက်လုံးကို ညွှန်ပြလျက် ပြောလိုက်၏။


“ကျိကော ကျွန်တော် မျက်ရည်ကိုသုံးပြီး ဘယ်လို စကားပြောရမလဲဆိုတာ သင်ထားတယ် ကြည့်ကြည့်ပါဦး ..."


သူ့မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး ပြန်ချလိုက်သည့်အခါ မျက်လုံးတစ်ခုလုံး မျက်ရည်တို့ ရစ်ဝဲနေတော့သည်။ မျက်ရည်တို့ များစွာ ရစ်သိုင်းနေသည့်တိုင် အတော်ကြာသည်အထိ စီးကျမလာ။ ပြောစရာအများအပြား ရှိနေသော်ငြား မည်သည့်နေရာမှစကာ ပြောရမည်ကို မသိသည့်အတိုင်းပင်။


“ဒါက စိတ်ပျက်အားငယ်တာပေါ့ စိတ်မပါ လက်မပါ ဖြစ်နေတဲ့ဟာကို ထပ်ပြမယ် ...”


လက်ကို ချလိုက်သည်နှင့် တစ်ပြိုင်နက် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ တင်းကြပ်နေသည့် မျက်ခုံးတို့ အနည်းငယ် ပြေလျော့ကာ နှုတ်ခမ်းထောင့်စွန်းလည်း ယောင်ယောင်လေး ကွေးညွတ်လာသော်ငြား သူ့အကြည့်တို့ထဲတွင် စိတ်ပျက်မှုနှင့် အရာအားလုံးကို လက်လျော့လိုစိတ်များ ရှိနေကြောင်း တွေ့နိုင်ပေသည်။ ထိုအမူအယာကို “ပြာမှုန်သဖွယ် ဖြစ်သွားသော နှလုံးသား” ရည်ညွှန်းရပေလိမ့်မည်။


ကျိမြန်က သူ့ကို လောဘတကြီး စိုက်ကြည့်ရင်း ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်သည်။ ထိုအမူအယာ တစ်ခုချင်းစီ၏ နောက်ကွယ်တွင် ရှောင်ကျားရှုတစ်ယောက် ရေကုန်ရေခမ်း ကြိုးစားလေ့ကျင့်ခဲ့ရကြောင်း မြင်နိုင်ပေသည်။ အမျိုးမျိုးသော အမူအယာတို့ ဖြစ်လာစေရန် အလို့ငှာ မှန်ရှေ့တွင် တစ်နေကုန်ထိုင်ကာ မျက်နှာပေါ်ရှိ ကြွက်သားတိုင်းကို စုစည်းလေ့ကျင့်ခဲ့ရ၏။ လက်ရှိ သူ၏ အရည်အချင်းမှာ ပါရမီတစ်ခုတည်းကြောင့် မဟုတ်၊ အပတ်တကုတ် အားထုတ်ခဲ့ရသည့် ကြိုးစားမှုများလည်း ပါဝင်ပေသည်။ 


အခြားသူများကမူ သူ၏ ကျော်ကြားလှသော မိသားစုနောက်ခံနှင့် အထင်ကြီးဖွယ် ကိုယ်ရေးရာဇဝင်တို့ကိုသာ မြင်ပြီး အားထုတ်ကြိုးပမ်းမှုများကိုမူ လုံးဝ သတိမထားမိကြချေ။


ဒီကလေးကတော့ ... တကယ်ကို ချစ်ဖို့ကောင်းတာပဲ ...


ကျိမြန်က သူ့မျက်ရည်တို့ကို သုတ်ပေးမည် ပြင်လိုက်ပြီးကာမှ ချက်ခြင်းလက်ငင်း စိတ်ပြောင်းကာ ဖုန်းကိုထုတ်လျက် ပြောလိုက်သည်။


“နေဦး မင်းကို ဓာတ်ပုံနည်းနည်းလောက် ရိုက်ပေးဦးမယ် ...”


ရှောင်ကျားရှု၏ အလေးအနက် သရုပ်ဆောင်ပြနေသည့် ပုံစံမှာ အလွန်ချစ်ဖို့ကောင်းလှသည့်အတွက် သိမ်းထားလိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။


သူက လိမ်လိမ်မာမာလေး ထိုင်နေသည့်အပြင် ကျိမြန် ဓာတ်ပုံရိုက်ရလွယ်ကူစေရန်ပင် မျက်နှာကို မော့ထားပေးလိုက်သေးသည်။


ကျိမြန်က သူ့မေးစေ့ကို ခပ်တင်းတင်း ဖျစ်ညှစ်ကာ ရှုထောင့်ကို ချိန်ညှိလိုက်သည်။. သို့သော် “အထွတ်အထိပ်ရောက်နေသည့် မျက်နှာလေး” ဟူသည့် ဖြစ်ရပ်ကို ပြန်လည်အမှတ်ရသွားသည့်အခါတွင်တော့ နှလုံးသားတစ်ခုလုံး ခုန်ပေါက်သွားတော့၏။ သူ့ခံစားချက်ကို နေရာတကျ ထိန်းချုပ်နိုင်လိုက်၍သာ တော်သေးသည်။ရှောင်ကျားရှုကို ဝမ်းနည်းနေသည့် အမူအယာမျိုး လုပ်ပြရန် ပြောပြီးမှသာ ဆက်လက်ရိုက်ကူးလိုက်၏။ ထို့နောက် ပေါတောတောအမူအယာမျိုး ဆက်လုပ်ခိုင်းရင်း သူ့ရင်ထဲရှိ အပူတို့ တစ်ဖြည်းဖြည်း လွင့်စင်ပပျောက်သွားတော့သည်။


ဓာတ်ပုံကိုထုတ်ကာ ပြန်ကြည့်ပြီးနောက် expression pack လုပ်ရန် စာသားများ ထပ်ဖြည့်လိုက်သည်.


ရှောင်ကျားရှုက သူ့ပုခုံးပေါ် မေးတင်ကာ ပူနွေးသည့် လေငွေ့တို့ ထုတ်လွှတ်လိုက်ပြန်၏။ 


“French Melancholy …အဲဒါ ဘာကြီးလဲ ...”


ခေါင်းကိုစောင်းကာ ပြောလိုက်သည့်အတွက် သူ့နှုတ်ခမ်းမှာ ကျိမြန်၏ မျက်နှာနှင့် အနည်းငယ်သာ ကွာဝေးတော့သည်။


“expression pack လေ ဒါက ပိုပြီး ခံ့ညားတယ်လို့ မထင်ရဘူးလား ...”


ကျိမြန်က သူ့ကို ခပ်တိုးတိုး ကျီစယ်လိုက်သော်ငြား ခန္ဓာကိုယ်မှာမူ ကျောက်တုံးထက်ပင် ပိုမိုတောင့်တင်းနေသည်။ 


(French Melancholy မှာလေ melancholy ရဲ့ အဓိပ္ပါယ်က စိတ်ပျက်အားငယ်တာပါ သူက ဒီစိတ်ပျက်အားငယ်တဲ့ဟာကို ပြင်သစ်လို ရေးတယ်လို့ ပြောချင်တာလား မသိဘူး အောက်မှာလည်း ရှင်းပြထားတာ မပါလို့)


“အိုး ... ဒီလိုကိုး ...”


ရှောင်ကျားရှုက အရိုးမပါသည့် ခွေးတစ်ကောင်နှယ် ခေါင်းကို သူ့ပုခုံးပေါ် မှီတင်ထားလိုက်သည်။


ကျိမြန်မှာ ထပ်ပြီး သည်းမခံနိုင်တော့။ iPad ကို ထုတ်ပေးကာ သူ့ကို ပြောလိုက်သည်။


“မင်းအတွက် expression pack လုပ်ပေးထားတယ် ကိုယ့်ဘာသာကိုယ် ကစားနေလိုက် ...”


“အိုကေ ...”


‌ရှောင်ကျားရှုက နာနာခံခံဖြင့်ပင် iPad ကိုယူလိုက်သည်။ ဖိနပ်ချွတ်ပြီး ကျိမြန်၏ အိပ်ယာပေါ် တက်သွားကာ တင်ပါးကို မိုးပေါ်ထောင်လျက် ဝဘ်ဆိုဒ်စာမျက်နှာကို ဖတ်နေလိုက်၏။


ထိုသည်ကို မြင်လိုက်ရသော ကျိမြန်မှာ သွေးတိုးသွားတော့သည်။


ရှောင်ကျားရှုကို အခန်းထဲ ပြန်ခေါ်လာမိတာ မှားတာပဲ သူ့ကို အရက်တိုက်လိုက်မိတာ ပိုတောင် မှားသွားသေးတယ် သူ ဘာတွေ တွေးခဲ့မိသလဲကို မသိတော့ပါဘူး ... 


......


ယခုလတ်တလောတွင် ကျိမြန်၌ ဝါသနာအသစ်တစ်ခု တိုးလာ၏။ အလုပ်အားလပ်သည့်အချိန်တိုင်း expression pack ဖန်တီးခြင်းအပေါ် အတော်လေး မွေ့လျော်နေဟန်ပင်။ အားလုံး ပြင်ဆင်ပြီး၍ ဖုန်းထဲ သိမ်းတော့မည့် အချိန်တွင် iPad ကို စိတ်ဝင်တစား ကြည့်နေသည့် ရှောင်ကျားရှုထံ အကြည့်ရောက်သွားတော့သည်။ ဟာသဗီဒီယိုကို ဖွင့်ကြည့်နေ၍လားမသိ၊ ရယ်မောသံများကိုလည်း ကြားနေရသေးသည်။


“ဘာတွေ ကြည့်နေတာလဲ ...”


ကျိမြန်က သူ့အနားသို့ လျှောက်လာလိုက်သည်။


“ဒါကို ကြည့်ကြည့်လိုက်ပါဦး ...”


ရှောင်ကျားရှုက ညာဘက်ထောင့်နားရှိ ခေါင်းစဉ်ကို ညွှန်ပြလိုက်သည်။


“ကာယချိန်မှာ အသန်မာဆုံးကျောင်းသား ... ဘာကြီးလဲ ...”


ကျိမြန်က ယူကြည့်လိုက်သည့်အခါ လေ့ကျင့်ခန်းလုပ်နေသည့် အထက်တန်းကျောင်းသားအုပ်စုကို တွေ့လိုက်ရသည်။ အားလုံးက သာမန်ကာလျှံကာသာ လှုပ်ရှားနေပြီး လက်မြှောက်ခြင်း၊ ခြေကန်ခြင်းတို့မှာလည်း ပျင်းတိပျင်းရွဲပင်။ အားအင်အပြည့်ဖြင့် လှုပ်ရှားခုန်ပေါက်သူဟူ၍ တစ်ယောက်သာ ရှိပေသည်။ အမြင့်ဆုံးအထိ ခုန်ပေါက်ကာ လက်ကို လေရဟက်သဖွယ် လွှဲယမ်းလိုက်သည်။ ခါးကို မြေကြီးထိလုအထိ ကိုင်းညွတ်ကာ မြှောက်ထားသည့် ခြေထောက်တစ်ဖက်မှာလည်း ကောင်းကင်ကို ကန်ပစ်တော့မည့်ဟန်ပင်။ ဘေးနားရှိ ကျောင်းသားများက သူ့ကို တအံ့တဩ စိုက်ကြည့်နေကြကာ တိတ်တဆိတ် ရယ်မောနေသူများပင် ရှိနေသေးသည်။


ဗီဒီယို၏ အောက်ခြေတွင်လည်း “ဟားဟားဟားဟား” ဟူသည့် မှတ်ချက်များဖြင့် ပြည့်နှက်နေကာ အင်တာနက်သုံးစွဲသူများအားလုံး လူငယ်လေး၏ ထူးဆန်းသော အပြုအမူအပေါ် အလွန် အံ့ဩနေဟန်ပင်။ သူ့ကို ငကြောင်ကောင်ဟု ခေါ်သူများလည်း တစ်ဖြည်းဖြည်း များပြားလာတော့သည်။


သို့သော် ရှောင်ကျားရှုမှာမူ လုံးဝ မအံ့ဩ။ မျက်မှောင်ကြုတ်ကာ တအံ့တဩ မေးလိုက်သည်။


“ဘာလို့ လူတိုင်းက သူ့ကို ရယ်နေကြတာလဲ ဒါကမှ တကယ့် ကာယလေ့ကျင့်ခန်းအစစ် မဟုတ်ဘူးလား သူလုပ်တာ မှန်ရဲ့သားနဲ့ ဘာလို့ လူတိုင်းက သူ့ကို ငကြောင်လို့ ပြောနေရတာလဲ သူ့ဘေးနားက လူတွေ ကြိုးကြိုးစားစား မလုပ်တာနဲ့ပဲ သူလည်း ကြိုးကြိုးစားစား လုပ်လို့ မရတော့ဘူးလား တစ်ခြားသူတွေက အလေးအနက် မလုပ်တာနဲ့ပဲ သူပါ အလေးအနက် လုပ်လို့ မရတော့ဘူးလား ဒါကြီးက တကယ်ကို ယုတ္တိမရှိလိုက်တာ ...”


သူက iPad ကို ဆွဲယူကာ ပို၍ပင် အလေးအနက် ပြောလိုက်သေးသည်။


“သူ့ကို ချီးကျူးပေးမှ ရမယ် ကြိုးစားတဲ့ သူတွေက ချစ်စရာအကောင်းဆုံးပဲ ...”


Xxxxxxxxx