အပိုင်း ၁၀၃
Viewers 44k

Chapter 103


သူ့ဘဝတစ်လျှောက်လုံး လိုချင်သမျှ အရာတိုင်းကို ရာနှုန်းပြည့် အားစိုက်ထုတ်ကာ ကြိုးစားရမည်ဟုသာ သင်ကြားခံထားရသည့်အတွက် စာလေ့လာချိန်တွင်လည်း အကောင်းဆုံး လေ့လာခဲ့ကာ သရုပ်ဆောင် လုပ်ရမည့်အချိန်တွင်လည်း အားကုန်ထုတ်ကာ ကြိုးစားသရုပ်ဆောင်ခဲ့ပေသည်။ ထို့ကြောင့် ငါးဆားနူတစ်ကောင်သဖွယ် လဲလျောင်းနေကာ ကြိုးစားသူများကိုသာ လက်ညှိုးထိုးတတ်သည့် အင်တာနက်သုံးစွဲသူများ၏ ခံယူချက်ကို လုံးဝ နားမလည်နိုင်ချေ။ ထိုသူတို့၏ အမြင်တွင် ထူးဆန်းသည့် လုပ်ရပ်များမှာ သူ့အမြင်တွင်မူ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဖြစ်ပေသည်။


ချီးကျူးချက်များကို တစ်ခုပြီးတစ်ခု like ပေးနေသည့် သူ့ပုံစံမှာ စိတ်အားတက်ကြွမှု အပြည့်ပင်။


ကျိမြန်လည်း ရှောင်ကျားရှု၏ ခံစားချက်များကို တစ်ဖန် ရှင်းရှင်းလင်းလင်း ပြန်ခံစားမိလိုက်တော့သည်။ ထို့ကြောင့် မူလက တိတ်တဆိတ် သိမ်းထားရန် ကြံထားသော expression pack များကို @ ဟု နာမည်မရေးဘဲ “ချစ်စရာကောင်းတယ်” ဟုသာရေးပြီး တင်လိုက်သည်။


သရဖူလေးများမှာ ထိုပို့စ်အောက်တွင် စုရုံး၍တစ်ခါ ရှောင်ကျားရှု၏ ပို့စ်အောက်တွင်တစ်လှည့် အကြိမ်ကြိမ် သွားကြည့်နေသည့်တိုင် ထိုသူနှစ်ဦးကို လုံးဝ နားမလည်နိုင်ကြချေ။ သို့သည့်တိုင် ထို expression pack များမှာ ခံစားချက် ပေါ်လွင်နေကြောင်းကိုတော့ ငြင်းပယ်၍ မရချေ။


ရှောင်ကျားရှု၏ ပုံစံမှာ ချက်ခြင်းလက်ငင်းပင် ငိုချတော့မည့်ဟန်။ ဂေါ်ဖီထုပ်သဖွယ် သနားစရာကောင်းနေပြီး မေးကို မြင့်မြင့်မြှောက်ထားသည်မှာ လူတိုင်းကို နှာခေါင်းပေါက်ဖြင့် စိုက်ကြည့်နေသည့်အတိုင်းပင်။ ခက်ထန်လှသည့် အမူအယာနှင့်အတူ မေးစေ့ကို လက်ညှိုးဖြင့် ထောက်ထားပြီး “ကျောင်းဆင်းရင် ပြန်မသွားနဲ့ဦး” ဟူသည့် စာကိုပါ ပူးတွဲထည့်ထားပြီး ကျောင်းလူမိုက်တစ်ဦး၏ ပုံရိပ်ကို အပြည့်အဝ သရုပ်ဖော်ထားသည်။ ခြောက်ခုမြောက်မှာ နာမည်အကြီးဆုံးပင်ဖြစ်သည်။ အိပ်ယာပေါ်တွင် ဒူးထောက်ထိုင်နေပြီး ကြီးမားသော မျက်ဝန်းများက အပေါ်သို့ စိုက်ကြည့်နေကာ မျက်နှာချိုသွေးဟန် အပြုံးတစ်ပွင့်ကိုလည်း ချိတ်ဆွဲထားသေးသည်။ ကျိမြန်က ထိုပုံကို “လူတော်လေး” ဟု ခေါင်းစဉ်တပ်ကာ အသဲပုံတစ်ခုပါ ဆွဲပေးထားလိုက်သေးသည်။


(ဆရာကျိက လူတော်လေးလို့ ရေးထားလို့သာ မျက်လုံးထဲမှာ မြင်ကြည့်သလောက်ဆို လူတော်လေးပုံလည်း မဟုတ်ပါဘူး :3)


“သွေးတွေ ကုန်သွားပြီ ...”


အင်တာနက်သုံးစွဲသူတစ်ဦးက မှတ်ချက်ဝင်ရေးလိုက်သည်။


“ငါ့အမေက မေးနေပြီ ဖုန်းကြည့်ရင်း ဘာလို့ နှာခေါင်းသွေးတွေ လျှံလာတာလဲတဲ့ နတ်ဘုရားကျိရေ ဒါလေးတွေကို ဘယ်ကနေများ ရှာတွေ့လာတာလဲ ...”


တစပ်တစု မေးသူများလည်း မနည်းမနောပင်။


“မေးနေစရာ လိုသေးလို့လား နောက်ခံကို ကြည့်လိုက်လေ အဲဒါက ဟိုတယ်တစ်ခုမှာပဲ နတ်ဘုရားကျိနဲ့ ရှောင်ရှုမြောင်က တစ်ခန်းတည်း သုံးနေတာပဲ ...”


“နားမလည်ဘဲ ပေါက်ကရတွေ လျှောက်မပြောနဲ့တော့ နတ်ဘုရားကျိနဲ့ ရှောင်ရှုမြောင်တို့ အမေရိကန်မှာ ရုပ်ရှင်ရိုက်ရင် တစ်ဟိုတယ်တည်း တည်းကြမှာပဲလေ ကြည့်ရတာ သူတို့နှစ်ယောက်က အရမ်းရင်းနှီးတယ်ထင်တယ် မဟုတ်ရင် ရှောင်ရှုမြောင်က နတ်ဘုရားကျိကို ဒီလိုရှက်စရာကောင်းတဲ့ ဓာတ်ပုံမျိုး ဘယ်လိုလုပ် ရိုက်ခွင့်ပေးမှာလဲ ...”


“ငါလည်းပဲ သူတို့နှစ်ယောက် ရုပ်ရှင်အတူတူရိုက်နေတယ်လို့ ထင်နေတာ ရှောင်ရှုမြောင်ရဲ့ အမူအယာကိုပဲ ကြည့်ကြည့်လိုက် နာခံမှု ရှိတဲ့ ပုံလေးကနေ ဝမ်းနည်းသွားပြီ ခဏနေကျတော့ စိတ်ပျက်သွားပြန်ရော လုံးဝကို မပြည့်ဝနိုင်တဲ့ စိတ်ဆန္ဒတွေပဲ နတ်ဘုရားကျိရေ ဘယ်လိုဓာတ်ပုံမျိုးတွေ ရှိနေသေးတာလဲ လာပါ အကုန် ထုတ်ပြလိုက်စမ်းပါ အကျင့်ယုတ်ပြီး နည်းနည်းစီ တင်မနေပါနဲ့ ...”


“အမေရေ ကယ်ပါဦး ... ဘာလို့များ ပြီးခဲ့တဲ့တစ်ခေါက်က “အထွတ်အထိပ်ရောက်နေတဲ့ မျက်နှာ” ဆိုတာလေးကို သွားပြီး သတိရမ်ိနေပါလိမ့် ဟေး မင်းတို့တွေ ရှောင်ကျားရှုရဲ့ မေးစေ့ကို ညှစ်ထားတဲ့လက်ကို မှတ်မိသေးလား အဲဒီ့လက်က ဘာလို့ နတ်ဘုရားကျိရဲ့ လက်နဲ့ တူနေတယ်လို့ ခံစားမိတာပါလိမ့် ...”


လေ့လာမှု အားကောင်းသူတစ်ဦးက ပြောလိုက်သည်။ 


လူတိုင်း စုံထောက်အဖြစ် ချက်ခြင်းလက်ငင်း ပြောင်းလဲသွားကာ ထိုလက်မှာ ကျိမြန်၏ လက်ဖြစ်ကြောင်း၊ သူ့ကို ကူညီကာ ဓာတ်ပုံရိုက်ပေးသည့်အနေဖြင့် မေးစေ့ကို ဖျစ်ညှစ်ပေးထားခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြတော့သည်။ 


ဒီနှစ်ယောက်က တအားကို ချိုမြိန်လွန်းမနေဘူးလား ...


နှစ်ဦးလုံးမှာ အမျိုးသားများ ဖြစ်သည့်အပြင် ရုပ်ရှင်အတူတူရိုက်နေခြင်း ဖြစ်သည့်အတွက် အများစုက အပြောင်အပျက် စနောက်သည်မှလွဲ၍ များများစားစား မတွေးကြ။ သို့သော် CP ဖန်အများအပြားလည်း တိတ်တဆိတ် ထွက်ပေါ်လာကာ fanbase အတွင်း စိမ့်ဝင်လျက် အချိုစားလိုက်ရသဖြင့် များစွာ သဘောတွေ့နေကြတော့သည်။


ရှောင်ကျားရှုက အသံဆက်တိုက်မြည်နေသည့် ဖုန်းကို ယူကြည့်ပြီးနောက် ချက်ခြင်း ရှက်သွေးဖြာသွားတော့သည်။ 


ကျိကော ကျိကောက တကယ်ကြီး ငါ့ကို ချစ်စရာကောင်းတယ်ဆိုပြီး ချီးကျူးလိုက်တယ်ပေါ့ ပျော်လွန်းလို့ မြေပေါ်ကို လူးလှိမ့်ပစ်လိုက်ချင်နေပြီ ...


ဘေးဘက်သို့ ပြုတ်ကျသွားမှသာ ကျိမြန်က သူ့ကို စိုက်ကြည့်နေသေးသည့်အတွက် စိတ်ကို ထိန်းထားရဦးမည်ဖြစ်ကြောင်း သတိရသွားတော့သည်။


“ဒါ ... ကျိကော ဘာလို့ ကျွန်တော့်ကို ရုတ်တရက်ကြီး ချီးကျူးလိုက်တာလဲ ...”


ရှက်ရွံ့စွာဖြင့် မျက်နှာကို ပွတ်သပ်ရင်း မေးလိုက်သည်။


“ရုတ်တရက်ကြီး ချစ်ဖို့ကောင်းတယ်လို့ ထင်လိုက်မိလို့ ...”


ကျိမြန်က သူ့ခေါင်းကို ပွတ်ပေးကာ ခပ်ဟဟ ရယ်မောလိုက်သည်။


“နည်းနည်းပိုပြီး နေလို့ကောင်းသွားပြီ မဟုတ်လား လေယာဉ်နောက်ကျတဲ့အကြောင်း တွေးမနေနဲ့တော့ ...”


ရှောင်ကျားရှုက မျက်နှာနီနီဖြင့် ခေါင်းကို ယမ်းပြလိုက်သည်။ 


ဘယ်လိုလုပ်ပြီး လေယာဉ်အကြောင်း တွေးနိုင်နေဦးမှာလဲ သူ့အတွေးတစ်ခုလုံး ကျိကောနဲ့ပဲ ပြည့်နေတာကို အခုမှ မမြင်နိုင်တဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်လာနိုင်တော့တယ် ပြီးခဲ့တဲ့လက ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားလိုက်ရင် အိပ်မက်တစ်ခုလိုပဲ ...


သူ့ရဲ့ စိတ်နေစိတ်ထားက ဝတ္ထုကမ္ဘာနဲ့ လက်တွေ့ကြားမှာ လွန်ဆွဲနေတာ လက်တွေ့နဲ့ ထင်ယောင်ထင်မှား ဖြစ်မှုကြားမှာ အကြိမ်ကြိမ်အခါခါ ရုန်းကန်နေရလို့ သူကတောင် သူနဲ့ မတူတော့သလိုပဲ ပျော်တာလည်း မရှိ၊ ဝမ်းနည်းတာလည်း မရှိ ဘယ်သူမှလည်း ဒီမူမမှန်မှုကို သတိမပြုမိကြဘူး ကျိကောတစ်ယောက်တည်းကပဲ သူ့ကို နေ့တိုင်း သတိပေးနေခဲ့တာ ရှောင်ကျားရှု မင်းက သရုပ်ဆောင်နေတာနော် ဆိုပြီးတော့ ... ကျိကောတစ်ယောက်တည်းကပဲ ဇာတ်ကောင်ထဲမှာ အရမ်းကြီး နစ်မဝင်သွားအောင် သူ့ဘေးနားမှာ ခေါ်ထားပေးတာ လေတွေ ပြင်းနေတဲ့ ကြားထဲကနေ လေဆိပ်ကို အပြေးအလွှား ရောက်လာပြီး သူ့ကို ပြန်ခေါ်လာပေးတာလည်း ကျိကောပဲ သူ့ကို လက်တွေ့ဘဝထဲ ပြန်ခေါ်နိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံးသုံးပြီး ကြိုးစားခဲ့တာလည်း သူပဲ ...


ကျိကောကပဲ သူ့ကို ထပ်ကာထပ်ကာ ခွန်အားပေးပြီးတော့ အသိပြန်ကပ်လာအောင် တတွတ်တွတ် ပြောပေးခဲ့တာ ...“ရှောင်ကျားရှု မင်းက အရမ်းတော်တယ် မင်းအတွက် ဂုဏ်ယူတယ် မင်းကို ရွေးခဲ့မိတာ ငါ့အတွက် အမှန်ကန်ဆုံး လုပ်ရပ်ပဲ ..."


ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှု၏ တင်းတင်းပိတ်ထားသော နှလုံးသားတစ်ခုလုံး ပွင့်ဟသွားကာ နေရောင်နှင့် မိုးစက်တို့၏ အာဟာရဓာတ်ကြောင့် နှလုံးသားတစ်ခုလုံး အာဟာရ ပြည့်ဝကာ ပွင့်လန်းလာတော့သည်။ 


တကယ်ကြီး ကျိကောကို ပွေ့ဖက်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြောလိုက်ချင်တာ ဒါပေမယ့် သူ့မျက်နှာက အရေမထူတော့ ဒါမျိုးလည်း မလုပ်ရဲဘူး ...


တကယ် ထူးဆန်းလိုက်တာ သူလိုချင်တဲ့ ဇာတ်ကောင်နေရာအတွက် ဘာမဆို လုပ်ရဲပေမယ့် ကျိကောရှေ့ကျ ချက်ခြင်းကြီးကို အားနည်းသွားသလိုပဲ ...


သူက ကျိမြန်ကို လှည့်ကြည့်ကာ တီးတိုးပြောလိုက်သည်။ 


“လေယာဉ်နောက်ကျတဲ့အကြောင်း မပြောချင်ပါဘူး ...”


အမှန်တကယ်တွင်မူ တရုတ်သို့ မပြန်ဘဲ ကျိမြန်နှင့်အတူ အနည်းငယ် ထပ်နေနေလို၍ဖြစ်သည်။


မျက်စိတစ်မှိတ်အတွင်းမှာတင် အသက်မရှိတဲ့ စက်ရုပ်ကနေ ဒရမာကွင်းလေး ရှောင်ရှုမြောင် ပြန်ဖြစ်သွားပြီပဲ ...


ကျိမြန်မှာ အံ့ဩသွားသည့်တိုင် တစ်ချိန်တည်းမှာပင် စိတ်သက်သာရာလည်း ရသွားတော့သည်။ တရွေ့ရွေ့တိုးလာသည့် ကျေးဇူးတင်စိတ်နှင့် နွေးထွေးမှုတို့ကို ခံစားလိုက်ရသည့်အတွက် သူ့နှလုံးသားတစ်ခုလုံး ပျော့ပျောင်းသွားတော့သည်။ လူတစ်ဦးကို ဂရုစိုက်ပေးသည့်အတွက် ဆုလာဒ်ဟူ၍ မရသော်ငြား တစ်ဖက်သူက ကိုယ့်ကြင်နာမှုကို မှတ်မှတ်ထင်ထင်ရှိကာ ပိုပြီး သန်မာသည့် ခံစားချက်နှင့် ကျေးဇူးတုန့်ပြန်နေကြောင်း သိလိုက်ရသည့်အချိန်သည် ကျေနပ်ဖွယ်အကောင်းဆုံး အချိန်ပင် ဖြစ်သည်။


“မလုပ်ချင်လည်း ကိစ္စမရှိဘူး ဆယ်နာရီတောင် ခွဲတော့မယ် သွားအိပ်တော့လေ ...”


ကျိမြန်က နာရီကို ကြည့်ကာ ပြောလိုက်သည်။


ရှောင်ကျားရှုမှာ လုပ်စရာမရှိသည့်တိုင် သူနှင့် အနည်းငယ် ဆက်နေနေလိုသေးသည်။ 


“ကျိကော ကျွန်တော် အရင်က နေသားကျနေတဲ့ စည်းချက်ဟောင်းကြီးကို ဖျက်ပြီးတော့ လမ်းဟောင်းကို ပြန်လျှောက်ချင်လို့ အဲဒါကြောင့် ဒီနေ့ အချိန်မှန် မအိပ်တော့ဘူး ဗရမ်းဗတာ နေရတဲ့ ညမျိုး တစ်ခါလောက် ကြုံဖူးချင်လို့ ...”


ကျိမြန်က ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ မေးလိုက်သည်။


“ရတယ်လေ ဘယ်လို ဗရမ်းဗတာ ဖြစ်ချင်တာလဲ ဘားသွားမှာလား ကာစီနိုကို သွားမလား ...”


သူက စဉ်းစားရင်းပင် ကုတ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။


“ကြက်သားစားရအောင်လေ ...”


ရှောင်ကျားရှုက ကွန်ပျူတာကို ဖွင့်ကာ ပြောလိုက်သည်။


ကြက်သားစားမယ်ဆိုရင် ကျိကောရဲ့ အခန်းထဲမှာ အကြာကြီး နေလို့ရမှာ ပြောမရဘူး ထပ်ပြီး အချိန်ဆွဲထားရင် အတူတူ အိပ်လို့တောင် ရချင်ရနေမှာ ...


ကျိမြန်၏ အမူအယာတို့ ရုတ်ချည်း အေးခဲသွားကာ ရယ်ရခက် ငိုရခက်သွားတော့သည်။ ရှောင်ကျားရှု၏ စိတ်နေစိတ်ထားကို နက်နက်ရှိုင်းရှိုင်း နားလည်ထား၍သာ မဟုတ်ပါလျှင် ထိုကလေးသည် သူ့အိပ်ယာပေါ် တက်ရန် ကြံနေသည်ဟုပင် ထင်မိတော့မည်ဖြစ်သည်။


အသက်နှစ်ဆယ်တောင် ရှိနေပြီကို ဘာလို့ ကလေးဆန်နေသေးရတာလဲ တော်သေးတာပေါ့ ဗရမ်းဗတာနေမှာဆိုတော့ ဘားသွားတာနဲ့လောင်းကစားလုပ်တာကိုပဲ တွေးလိုက်မိလို့ ...


“ကြက်သား ဘယ်လိုစားရမလဲဆိုတာ မသိသေးဘူး မင်း သင်ပေးလေ ...”


ကျိမြန်က သူ့ကို ငြင်းဆန်ခြင်းငှာ မစွမ်းသာသည့်အတွက် လက်ထောက်အား ကွန်ပျူတာ ယူလာပေးရန်သာ ညွှန်ကြားလိုက်တော့သည်။


နှစ်ဦးသား သူငယ်ချင်းဖွဲ့ကာ ကြက်သားစားရန် အသင်းတစ်သင်း ဖွဲ့စည်းလိုက်သည်။ ကျိမြန်မှာ လူသစ်လေးတစ်ဦး ဖြစ်သော်လည်း နေရာချထားခြင်းနှင့် နည်းဗျူဟာပိုင်းတွင် အတော်လေး ပိုင်နိုင်သဖြင့် အလွယ်တကူပင် ခေါင်းခြောက်လုံးကို အပြတ်ဖြုတ်နိုင်ရာ ရှောင်ကျားရှုပါ ဆွံ့အသွားရတော့သည်။ လမ်းတစ်ဝက်၌ ရန်သူဝိုင်းရံခံထားရသည့် တရုတ်လူမျိုးတစ်ယောက်ကို တွေ့လိုက်သည့်အတွက် သူ့ကို ကယ်တင်ကာ လေဆိပ်သို့ပို့ရန် ပြင်နေစဉ်မှာပင် ရှောင်ကျားရှုမှာ အပစ်ခံလိုက်ရတော့သည်။


ကျိမြန်က သူ့ကို ဆေးပေးခဲ့၍သာ မဟုတ်ပါလျှင် ထိုနေရာတွင်ပင် သေသွားတော့မည်ဖြစ်သည်။


“ဖာ့ခ် ငါတို့က မင်းကို စိတ်ကောင်းလေးထားပြီး ကယ်ခဲ့တာလေ ...”


ရှောင်ကျားရှုတစ်ယောက် ဒေါသပုန်ထသွားတော့၏။


တစ်ဖက်သူက တရုတ်လိုပင် ပြန်မပြောတော့။ ကိုရီးယားဘာသာစကားကိုသုံးကာ ပြန်ဖြေလာသည်။


“ဘာလို့လဲဆိုတော့ မင်းတို့ကောင်တွေက တရုတ်ဖြစ်နေလို့လေ တရုတ်ကောင်တွေက သေတာနဲ့ပဲ တန်တယ် ..."


ဖာ့ခ် ဖာ့ခ် ဖာ့ခ် သေလိုက်တော့ ...


ရှောင်ကျားရှုကလည်း ကိုရီးယားလိုပင် ပြန်ဆဲလိုက်၏။ နှစ်ဦးသား သစ်တောတစ်ဖက်တစ်ချက်စီမှနေ၍ ပစ်ရင်းခတ်ရင်း အပြိုင်အဆိုင် ဆဲဆိုနေလိုက်ကြသည်။ တစ်ဖက်သူကလည်း ရှောင်ကျားရှု ကိုရီးယားစကား ပြောတတ်သည့်အပေါ် အံ့ဩနေဟန်ပင်။ သူ့မိခင်ဘာသာစကားဖြင့်ပင် အနိုင်မတိုက်နိုင်တော့သည့်အတွက် အင်္ဂလိပ်လို ပြောင်းကာ ကျိန်ဆဲလိုက်ပြန်သည်။ ရှောင်ကျားရှုကလည်း အင်္ကျီလက်ကို ပင့်တင်ကာ ပီသလှသည့် အမေရိကန်အင်္ဂလိပ် လေယူလေသိမ်းဖြင့် တန်ပြန်ဆဲဆိုလိုက်၏။ 


ထိုသူလည်း ကြက်သေသေသွားကာ ပြင်သစ်လို ပြောင်းဆဲလိုက်ပြန်သည်။ ထိုသူမှာ ဘာသာစကားပိုင်းဆိုင်ရာတွင် ဉာဏ်ကြီးရှင် ဖြစ်ကာ သူ၏ ကျွမ်းကျင်မှုအပေါ်လည်း အတော်လေး ဝံ့ကြွားဟန်ပင်။ သို့သော် ထိုသူမှာ ကံမကောင်း။ ရှောင်ကျားရှုကလည်း တုန့်ဆိုင်းခြင်းမရှိ၊ ပြင်သစ်လိုပင် ပြန်ဆဲလိုက်သည့်အတွက် ဆွေ့ဆွေ့ခုန်သွားတော့သည်။ ကိုရီးယားလူမျိုးက နှစ်ချက်ဆက်တိုက် ပစ်ခတ်ပြီးနောက် တစ်ခဏမျှ ရပ်တန့်ကာ လုံးဝစိမ်းသက်နေသည့် ဘာသာစကားတစ်ခုဖြင့် ထပ်မံဆဲဆိုလိုက်၏။


ရှောင်ကျားရှု၏ အနိုင်ပိုင်းလိုက်သည့် အပြုအမူများ အေးခဲသွားကာ ကျိမြန်ကို တီးတိုး လှမ်းမေးလိုက်သည်။


“ကျိကော အဲဒါ ဘာဘာသာစကားလဲ ...”


“ဂျာမန် ... ဒီကို လွှဲပေးလိုက် ...”


ကျိမြန်က မိုက်ခရိုဖုန်း အသံအတိုးအချဲ့ကို ပြန်လည်ပြင်ဆင်လိုက်သည်။


ရှောင်ကျားရှုက စခရင်ပေါ်ရှိ ကိုရီးယားလူမျိုးကို ညွှန်ပြကာ ကြောက်မက်ဖွယ်ကောင်းစွာ ပြောလိုက်သည်။ 


“ကျိကော ... ချ ... ချ ... သူ့ကို ကျွန်တော့်အတွက်ပါ ပိုဆဲပေး ...”


ကျိမြန်က ဂျာမန်လို ကျွမ်းကျွမ်းကျင်ကျင် ပြန်ဆဲလိုက်သည့်အတွက် တစ်ဖက်လူမှာ ကြက်သေသေသွားရတော့သည်။ ထိုသူက ဂျာမန်လို ကောင်းစွာ နားလည်ဟန်မတူ၊ ဟိတ်ဟန်ထုတ်ချင်ရုံမျှသာ ဖြစ်သည့်အတွက် ကြာရှည် ဆက်မပြောနိုင်။ အီတလီဘာသာစကားသို့ ပြောင်းလဲလိုက်ပြန်တော့သည်။ ထို့နောက်တစ်ဖန် လက်တင်၊ ရုရှားနှင့် စပိန်ဘာသာစကားတို့အထိ ပြောင်းလဲဆဲဆိုလိုက်သော်ငြား ကျိမြန်မှာမူ တစ်လျှောက်လုံး အင်အားအပြည့်ပင်။ နောက်ဆုံးတွင်တော့ တစ်ဖက်သူသာ အရှုံးပေးလိုက်ရတော့သည်။ ထိုအချိန်အထိ ကျိမြန်က မရပ်တန့်သေး။ အလွန်အထင်အမြင်သေးဟန်ဖြင့် စကားလုံးများကို တရစပ် ပစ်သွင်းလိုက်ပြန်သည်။ 


“@&&@#*%^^$%&*( …”


ကျိမြန်ထံမှ အဆဲခံလိုက်ရ၍ မဟုတ်ဘဲ ဘာသာစကားပိုင်းဆိုင်ရာတွင် အနိုင်ပိုင်းခြင်း ခံလိုက်ရသည့်အတွက် တစ်ဖက်သူမှာ သွေးတစ်ပွက် အန်ထုတ်လိုက်ရတော့သည်။


Xxxxxxxxxx