အပိုင်း ၁၀၅
Viewers 44k

Chapter 105


ကျိကော ကောရှိနေတာ ကောင်းလိုက်တာ ကျေးဇူးတင်ပါတယ် ... 


ထို့နောက် စက္ကန့်သုံးဆယ်ပင် မကြာလိုက်။ အိပ်ပျော်သွားကာ ဟောက်သံခပ်တိုးတိုး လွင့်ပျံ့လာတော့သည်။ 


မိနစ်အနည်းငယ် ကြာကာမှ ကျိမြန်က မျက်လုံးတို့ကို ဖွင့်ကာ သူ၏ အနက်ရောင်ဆံပင်တို့ကို ရယ်ရခက် ငိုရခက်နေဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ 


ရှောင်ကျားရှုက သူ့ကို ခိုးနမ်းချင်တယ်လို့ ဘယ်လိုတောင် တွေးလိုက်မိတာလဲ ဒီကလေးက ဆဲလ်တစ်လုံးပဲ ရှိတဲ့ မျိုးနွယ်လေ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် တွေးနိုင်မှာတဲ့လဲ ... 


ရယ်မောလိုစိတ်ကို မထိန်းထားနိုင်တော့။ 


သွားပြီ ဒီညတော့ အိပ်လို့ရတော့မှာကို မဟုတ်ဘူး ... 


အိပ်ပျက်ညတစ်ညကို ကုန်ဆုံးပြီးနောက် ကျိမြန်သည် ခပ်စောစောထကာ ရှောင်ကျားရှု၏ လေယာဉ်ချိန်ကို ပြန်လည်စီစဉ်ပေးလိုက်သည်။ သို့သော် လေဒဏ်နှင်းဒဏ်တို့မှာ ပြင်းထန်နေသေးသည့်အတွက် လက်တလောတွင် လေယာဉ်အားလုံးကို ဆိုင်းငံ့ထားရပေသည်။ သူ့ကို ဟိုတယ်တွင် တစ်ယောက်တည်း ချန်ထားခဲ့ရန်လည်း စိတ်မချသည့်အတွက် သွားလေရာ ခေါ်သွားလိုက်ရတော့၏။ 


"ကျွန်တော်တို့ ဘယ်ကို သွားမလို့လဲ ..." 


ရှောင်ကျားရှုက ထိုင်ခုံခါးပတ်ကို ဆွဲဖြုတ်ကာ မေးလိုက်သည်။ 


"ကိုယ့်အမေအိမ်ကို ... ဒီကနေဆို သိပ်မဝေးဘူး တစ်နာရီလောက်ပဲ ကြာမှာ ဒီရက်ပိုင်းတော့ သူမနဲ့အတူတူ နေပြီးတော့ မိသားစုဘဝကို ခံစားကြည့်လိုက်ပေါ့ ..." 


"ဟေး ကျိကော ဘာလို့ သူမကို တရုတ်ကို ပြန်မခေါ်တာလဲ အမေရိကားမှာ တစ်ယောက်တည်း နေခိုင်းရတာ စိတ်ရောစိတ်ချရဲ့လား ..." 


ရှောင်ကျားရှုက ရှောင်တခင် စပ်စုလိုက်သည်။ 


ကျိမြန်က ကားဟွန်းကို တမင်တကာ တီးလိုက်၏။ သူ့ပုံစံမှာ ထိုအကြောင်းနှင့် ပတ်သက်၍ မပြောလိုဟန်ပင်။ 


ရှောင်ကျားရှုမှာ ခံစားချက်များနှင့် ပတ်သက်၍ အင်မတန် ထိရှလွယ်သူဖြစ်ရာ ချက်ခြင်း ပါးစပ်ကိုပိတ်ကာ ဘာစကားမှ ဆက်မပြောတော့။


ကြည့်ရတာ ကျိကောနဲ့ သူ့အမေကြားမှာ ကတောက်ကဆလေးတွေ ရှိတယ်ထင်တယ် အိုး မဟုတ်သေးပါဘူး ကတောက်ကဆသာရှိရင် သူ့ကို ဒီနေရာ လိုက်ပို့ပါ့မလား သူက ကျိကောရဲ့ သူငယ်ချင်းပဲဟာကို ကြည့်ရတာ စိတ်ထဲမှာ အစိုင်အခဲတွေ ရှိနေကြတာထင်တယ် ... 


ထိုသို့ ကောက်ချက်ချလိုက်သည့်တိုင် ထုတ်မေးရန်လည်း ဆန္ဒမရှိ။ ကျိမြန်ကို သဘောကျကာ သူ့အကြောင်းတို့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလိုသည့်တိုင် ထိုကိစ္စတို့မှာ အပေါ်ယံအကြောင်းအရာမျှသာ ဖြစ်ပေသည်။ အောက်ခြေစည်းမျဉ်းတို့ ရှိနေသေးပြီး သူ့ကိုယ်ရေးကိုယ်တာကို နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းသင့်ပေ။ 


ကျိမြန်၏ ရုန်းရင်းဆန်ခတ်နေသော ခံစားချက်တို့ ရုတ်ချည်း တည်ငြိမ်သွားတော့သည်။ ရှောင်ကျားရှုကို နင့်နင့်နဲနဲ စိုက်ကြည့်ပြီးနောက်တွင်တော့ သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်ပေးလိုက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။


......


တံခါးဝတွင် လက်ဆွဲအိတ်တစ်လုံးနှင့် ရပ်နေသော ကျိမြန်ကို တွေ့လိုက်ရသည့်အတွက် အမေကျိမှာ အလန့်တကြား ဖြစ်သွားတော့သည်။ သူမက အတော်ကြာ ကြောင်အနေပြီးကာမှ တုန်ရီနေသော အသံဖြင့် ပြောလိုက်တော့သည်။


“ရှောင်မြန်? ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ ...”


“ကျွန်တော့်သူငယ်ချင်းတစ်ယောက် လေယာဉ်အချိန် ရွှေ့လိုက်ရလို့ အဲဒါ အမေနဲ့ တစ်ရက်နှစ်ရက်လောက် နေချင်လို့တဲ့ အဆင်ပြေရဲ့လား ...”


ငြင်သာယဉ်ကျေးလှသည့် သူ့အသံကြောင့် သားအမိနှစ်ဦးမှာ မရင်းနှီးကြောင်း သိသာနေပေသည်။


ရှောင်ကျားရှုက သူ့နောက်မှ ထွက်လာကာ တောက်ပသည့် အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်။


“ဟယ်လို အန်တီ ကျွန်တော်က ကျိကောရဲ့မိတ်ဆွေ ရှောင်ကျားရှုပါ ..."


“ဟယ်လို ... အိမ်ထဲဝင်လာခဲ့နော် ... သေချာပေါက်ကို အဆင်ပြေတာပေါ့ ...”


အမေကျိက တံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်သည်။ ထိုအခါမှ ရှောင်ကျားရှုလည်း သူမ၏ ဘယ်ဘက်လက်တွင် ချိုင်းထောက်တစ်ခု ရှိနေကာ လမ်းလျှောက်ချိန်တိုင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခြေတုတပ်ထားရဟန်ပေါ်ကြောင်း အကဲခတ်မိသွားတော့သည်။ ထိုသို့ သတိထားမိလိုက်သည့်တိုင် သူ့အမူအယာမှာ တစ်ခုမှ ပြောင်းလဲမသွား။ စပ်စုမေးမြန်းလိုစိတ် အလျဉ်းမရှိပေ။ 


ဒါက ကျိကောရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ သူ ထုတ်ပြောချင်စိတ်ရှိရင် ကောင်းကောင်း နားထောင်ပေးလိုက်မယ် ကျိကောက အပြင်လူတွေ မသိစေချင်ဘူး ဆိုရင်တော့ သူလည်း ဘာမှ မေးနေမှာ မဟုတ်ဘူး ...


“အန်တီ... အန်တီ့ရဲ့ ဉယျာဉ်ကို လှလှပပလေး ဖြစ်အောင်ကို ထိန်းသိမ်းထားတာပဲ ..."


သူက မြူနှင်းတစ်လွှာ ရစ်သိုင်းနေသည့် ခရစ္စမတ်သစ်ပင်များကို ညွှန်ပြကာ ပြောလိုက်သည်။


အမေကျိက အားရဝမ်းသာ ရယ်မောလိုက်သည့်တိုင် မျက်လုံးထောင့်မှ မျက်ရည်စအချို့ ကျဆင်းလာတော့သည်။ 


“ကံကောင်းတယ်ပဲ ပြောရမလား ဘယ်လိုပဲဖြစ်ဖြစ် အန်တီက အားနေတဲ့သူလေ သစ်ပင်ပန်းမာန်ဆို အကုန်ကြိုက်တတ်တာလည်း ပါမှာပေါ့ ဒီမှာ ထိုင်ကြဦးနော် လက်ဖက်ရည် သွားဖျော်လာခဲ့မယ် ... အယ် ... မဟုတ်သေးပါဘူး ... ဘာသောက်ချင်လဲ ... ကော်ဖီ... ချောကလက် ... black tea ဒါမှမဟုတ် green tea …”


သူမ၏ ပုံစံမှာ အတော်လေး စိတ်ဖိစီးနေဟန်ပင်။ သားဖြစ်သူနှင့် သူ့သူငယ်ချင်းအား ဧည့်ခံနိုင်လောက်မည့် ပစ္စည်းကောင်းများ ရှိမနေမည်ကို စိုးရိမ်သည့်စိတ်ကြောင့် မေးနေရင်းတန်းလန်းပင် ဗီရိုကို ခဏခဏ လှမ်းကြည့်နေလိုက်သည်။


“အလုပ်ရှုပ်မခံပါနဲ့ ကျွန်တော် လုပ်လိုက်ပါ့မယ် ..."


ကျိမြန်က ခရီးဆောင်အိတ်ကို စတိုခန်းထဲ ပို့ကာ အင်္ကျီလက်ကို ခေါက်တင်လျက် ပြောလိုက်သည်။


“ဘာလို့ တံခါးလာဖွင့်ပေးတာလဲ ကျွန်တော်ငှားပေးထားတဲ့ နာနီကရော ...”


“သူမက ခွင့်တစ်ရက် ယူသွားလို့ပါ အမေ အကုန်လုပ်နိုင်ပါတယ် ပူမနေနဲ့ ...”


အမေကျိက ရေနွေးအိုးကို ဂတ်စ်မီးဖိုပေါ်တင်ကာ ခပ်တိုးတိုး မေးလိုက်သည်။


“မင်းသူငယ်ချင်းလေးက ဘယ်နှရက်လောက် နေမှာလဲ ...”


အမှန်တကယ်တွင်မူ သားဖြစ်သူပါ နေမည်လားဟု မေးလိုခြင်း ဖြစ်သော်ငြား သူ့ဘက်က အငြင်းစကားကို ကြားရမည်အားလည်း ကြောက်ရွံ့နေမိပြန်သည်။


လက်ဖက်ရည်ပန်းကန်ကို ဆေးနေသော ကျိမြန်၏ လှုပ်ရှားမှုတို့ အနည်းငယ် ဆိုင်းတွသွားကာ သူ့လေသံမှာလည်း အနည်းငယ် ပျော့ပြောင်းသွားသည်။


“မိုးတွေ နှင်းတွေကြောင့် သူ့လေယာဉ်အချိန်ကို ရွှေ့ဆိုင်းလိုက်ရလို့လေ လေယာဉ်တွေ ပြန်ထွက်နိုင်တဲ့ အချိန်မှပဲ ပြန်မှာ သူက ငယ်လည်းငယ် အကျင့်စာရိတ္တပိုင်းကလည်း တော်တော်လေး ရိုးရှင်းတော့ ဟိုတယ်မှာ တစ်ယောက်တည်း မထားခဲ့ချင်လို့ အမေ ရှေ့ရက်တွေထဲမှာ သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ပါဦး ...”


“ကိစ္စမရှိဘူး ကိစ္စမရှိဘူး ...”


အမေကျိက လက်ကို ထပ်ကာထပ်ကာ ယမ်းပြလိုက်သည်။သူမက ရှောင်ကျားရှုကို မှန်တံခါးပေါက်မှတစ်ဆင့် ချောင်းကြည့်ရင်း အောင့်အည်း၍ မရနိုင်စွာ မေးလိုက်တော့သည်။


“ရှောင်မြန် သူ ... သူက မင်းကောင်လေးလား ...”


ကျိမြန်၏ အမူအယာမှာ အနည်းငယ် တင်းတောင့်သွားတော့သည်။


“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက အဖြောင့်လေ ...”


“တကယ်ကြီးကို မင်းကောင်လေး မဟုတ်ဘူးပေါ့ ...”


ရှောင်ကျားရှုကို နောက်တစ်ဖန် ထပ်ကြည့်လိုက်ပြန်သည့် သူမ၏ လေသံမှာ နှမြောတသဖြစ်နေဟန်ပင်။ 


“ဒီလူငယ်လေးက တက်ကြွလန်းဆန်းမှုကလည်း အပြည့် အသားဖြူဖြူနဲ့ မျက်လုံးလေးဆိုလည်း ကြည်တောက်နေတာပဲ မင်းနဲ့ တကယ်ကို လိုက်ဖက်တဲ့ဟာကို ...”


“ကျွန်တော်တို့က တကယ်ကို သာမန်သူငယ်ချင်းတွေပါ ...”


ကျိမြန်မှာ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ချေ။ 


“အပြင်ထွက်ပြီး သူ့ကို အဖော်လုပ်ပေးလိုက်ပါ မီးဖိုချောင်ကို ကျွန်တော်နဲ့ ထားခဲ့လိုက် ...”


အမေကျိက သူမ၏ စပ်စုလိုစိတ်များကို ထိန်းချုပ်ကာ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားလိုက်တော့သည်။ သားဖြစ်သူက ပထမဆုံးအကြိမ် သူငယ်ချင်း ခေါ်လာခြင်း ဖြစ်သည့်အပြင် ခေါ်လာသူမှာလည်း လှပချောမောသည့် လူငယ်လေး ဖြစ်နေသည့်အတွက် သူတို့နှစ်ဦးကို စုံတွဲဟု ထင်လိုက်မိခြင်းဖြစ်သည်။ အနားဝင်ထိုင်ကာ တစ်ဖက်သူ၏ အခြေအနေကို အနည်းငယ် တီးခေါက်ရန် ပြင်လိုက်စဉ်မှာပင် ရှောင်ကျားရှုက တစ်ဝက်တစ်ပျက် ထိုးလက်စ သိုးမွေးပုဝါကို ကိုင်လျက် တောင်းပန်စကား ဆိုလာသည်။


“အန်တီ တောင်းပန်ပါတယ် ကြည့်ရတာ အန်တီထိုးထားတဲ့လည်စည်းကို ကျွန်တော် ဖျက်ဆီးမိသွားပြီထင်တယ် ...”


“ကိစ္စမရှိပါဘူး အဲဒါက အစောကြီးကတည်းက ပျက်နေပြီးသားကြီးပါ ...”


သူမက ခပ်ပြုံးပြုံးဖြင့် လက်ကို ယမ်းပြလိုက်သည်။


“အန်တီက သေသေသပ်သပ် မလုပ်တတ်သေးတဲ့အပြင် ချည်မထိုးဖြစ်တာလည်း နှစ်ဝက်လောက် ရှိသွားပြီလေ ဒီအပေါက်တွေကို ကြည့်ကြည့်လိုက်ပါလား အကုန်လုံးက ချည်မှားထိုးမိလို့ ဖြစ်လာတာတွေလေ မင်းရဲ့အမှားကြောင့် မဟုတ်ပါဘူး အန်တီလည်း ဒါကို ပြစ်ထားမိတာ ကြာနေပြီ မင်းတို့ လာခါနီးလေးကမှ ပြန်စထိုးနေတာ အပ်တွေနဲ့တော့ မခိုက်မိသွားဘူး မဟုတ်လား ဧည့်သည်လာမယ် မထင်တာနဲ့ ဒီတိုင်း ဆိုဖာပေါ်ပဲ တင်ထားလိုက်မိတာ ...”


ထိုအခါမှ ရှောင်ကျားရှုလည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်တော့သည်။


“မခိုက်မိပါဘူး ...”


ကော်ဖီစားပွဲပေါ်ရှိ ချည်ထိုးနည်းစာအုပ်များကို လှမ်းကြည့်ရင်း ဆက်ပြောလိုက်၏။


“အန်တီက ဘယ်လိုပုံစံမျိုး ထိုးချင်တာလဲ ကျွန်တော် ကူကြည့်ပေးမယ်လေ ...”


အမေကျိက အနည်းငယ် အံ့ဩသွားဟန်ပင်။


“ဖတ်တတ်တယ်လား ...”


“ကျွန်တော်က solid geometry ပိုင်းမှာ တော်တော်လေး တော်တော့ ပုံကြမ်းတွေကို ဖတ်တဲ့နေရာမှာ အခက်အခဲ မရှိပါဘူး ...”


“ကောင်းတယ် သိပ်ကိုကောင်းတယ် ဒါဆိုလည်း အန်တီ့ကို ဒါလေးတွေ ဘယ်လိုထိုးရမလဲဆိုတာ ကူပြီး ကြည့်ပေးနော် တိုင်တိုးတိုင်လျော့တွေကို ကြည့်ရင်းနဲ့ ခေါင်းမူးလာပြီ ...”


အမေကျိက စာကြည့်မျက်မှန်ကိုတပ်ကာ စာမျက်နှာ ၆၉ ကို လှန်လိုက်သည်။


ရှောင်ကျားရှုက စာအုပ်ကို ကော်ဖီစားပွဲပေါ် ဖြန့်ခင်းကာ အနည်းငယ် လေ့လာကြည့်ပြီးနောက် တစ်ဝက်တစ်ပျက်သာ ပြီးသေးသော လည်စည်းကို ကောက်ယူပြီး ပြောလိုက်သည်။


“တော်တော်လေး သဘောပေါက်နေပြီ ထင်တယ် နှစ်တန်းလောက် အရင် ထိုးကြည့်ပြီး ပုံပေါ်မပေါ် စမ်းကြည့်ကြတာပေါ့ ...”


ထိုသို့ ပြောနေရင်းပင် အပ်နှစ်ချောင်းကိုကိုင်ကာ ချည်ထိုးခြင်းကို စတင်လိုက်တော့သည်။ ချည်မျှင်ကို လက်တွင်ရစ်ပတ်လျက် ခပ်မတ်မတ်ထိုင်ကာ စိတ်ဝင်တစား ချည်ထိုးနေလိုက်တော့၏။


အမေကျိက သူ့ကို မျှော်လင့်တကြီးဖြင့် ကြည့်နေကာ သူ့လှုပ်ရှားမှုတို့မှာ မသေမသပ် ဖြစ်နေရာမှ ကျွမ်းကျင်သည့် အဆင့်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည့်အခါတွင်မူ ဟန်မဆောင်နိုင်လောက်အောင်ပင် တိတ်တခိုး ပြုံးမိသွားတော့၏။ သူမက ဖုန်းကိုထုတ်ကာ သားဖြစ်သူအား စာပို့လိုက်၏။


“ဒီနားကို လာကြည့်လှည့်ပါဦး မင်းရဲ့ ရှောင်ကျားရှုက အဖြောင့်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ...”


ကျိမြန်၏ တစ်မျက်နှာလုံး နားဝေတိမ်တောင်ဖြစ်မှုတို့ ဖုံးအုပ်သွားတော့သည်။ ကော်ဖီဗန်းကို သယ်ရင်း ပြန်ထွက်လာစဉ် ရှောင်ကျားရှုကို တွေ့လိုက်သည့်အခါ ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ရယ်မောလိုက်မိတော့သည်။


ရှောင်ကျားရှုရေ မင်းကတော့ တကယ်ကို ကောင်းတာပဲ ... “မိသားစုဘဝ”ထဲကို ဒီလောက်အထိ မြန်မြန်ကြီး အသားကျသွားပြီပေါ့ ပြီးတော့ ငါ့အမေထက်တောင် ပိုပြီး ပါရမီပါနေသေးတယ် ....


ရှောင်ကျားရှုကမူ ထိုသားအမိနှစ်ဦး၏ အာရုံစိုက်ခြင်း ခံနေရကြောင်း သတိမပြုမိသေး။ ချည်ထိုးခြင်းတွင်သာ နစ်မြောနေပေသည်။ ချည်ထိုးရသည်ကို အလွန်အမင်း ပျော်မွေ့နေသည့်အတွက် ယားယံနေသည့် ဦးရေပြားကိုပင် အပ်အပိုနှင့် ကုတ်ခြစ်ရင်း ပြောလိုက်သည်။


“အန်တီ သိလား ချည်ထိုးတာကလေ OCD ကို ကုသနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပဲနော် ဒီချည်တွေကိုပဲ ကြည့်ကြည့်လေ သပ်ရပ်နေတာများ မြင်ရရင်ကို စိတ်ချမ်းသာချင်စရာလေး ...”


ပြောနေရင်းတန်းလန်း ငုံ့ကြည့်လိုက်ပြီးနောက်တွင်တော့ ရုတ်ချည်း အေးခဲသွားတော့၏။


သူထိုးထားသည့် အပိုင်းများမှာ အလွန်သပ်ရပ်သည့်တိုင် အမေကျိ ထိုးလက်စအပိုင်းများမှာ မသပ်ရပ်လှ။ ချည်ကျော်သွားသည်၊ ချည်ကျန်သွားသည်များကြောင့် တွန့်လိမ်ကောက်ကွေးနေရာ ၎င်းတို့ကို ဖြည်ကာ အစမှ ပြန်ထိုးလိုက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။


မဟုတ်သေးပါဘူး ဒါက အန်တီ ကြိုးကြိုးစားစား လုပ်ထားတဲ့ လက်ရာလေ ပြီးတော့ သဘောကျတဲ့သူလည်း ရှိနေတဲ့ဟာကို အပြင်လူက ဘယ်လိုလုပ် ဖျက်ဆီးပစ်လို့ သင့်တော်မှာလဲ ...


အသက်ကို ခက်ခက်ခဲခဲ ရှူထုတ်ပြီးနောက် လည်စည်းအောက်ပိုင်းကို ခေါက်ကာ တံတောင်ဆစ်ဖြင့် ဖိထားလိုက်သည်။ 


ကောင်းပြီ မမြင်ရရင် မတွေးမိတော့ဘူး ...


ထိုသို့ တွေးနေစဉ် ဘေးနားမှ ရယ်သံတစ်ခုကို ဖျတ်ခနဲ ကြားလိုက်ရသည်။ ဘေးဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ကိုကိုးဖျော်ရည်တစ်ခွက် ကိုင်ကာ သူ့ဘေးသို့ ဝင်ထိုင်လိုက်သည့် ကျိမြန်ကို တွေ့လိုက်ရတော့သည်။


“အလုပ်ရှုပ်ခံမနေနဲ့ ပူတာလေး တစ်ခုခုသောက်ပြီး နွေးအောင် အရင်လုပ်ထားလိုက် ...”


ကျိမြန်က ခပ်ဟဟ ရယ်မောလိုက်ပြန်၏။ သူ့အကြည့်တို့မှာ ချစ်ခင်နှစ်လိုစိတ်တို့ဖြင့် ဝင်းလက်တောက်ပနေပေသည်။ 


“ကျွန်တော် နောက်ထပ်နှစ်တန်းလောက် ထပ်ထိုးကြည့်လိုက်ဦးမယ်နော် ပုံစံပေါ်မလာသေးလို့ ...”


ရှောင်ကျားရှုတွင် OCD ဖြစ်နေသည့်အတွက် ပုံစံအပြည့်အဝ ပေါ်လာမည်အထိ မြင်ရရန် လိုအပ်ပေသည်။


ကျိမြန်မှာလည်း ခွက်ကို ချထားရုံမှအပ ရွေးစရာမရှိတော့ချေ။


အမေကျိက သူ့ဘေးနား ဝင်ထိုင်ကာ စိတ်ဝင်တစား ကြည့်နေရင်း မေးခွန်းများကိုလည်း ရံဖန်ရံခါ မေးနေလိုက်သေးသည်။ ရှောင်ကျားရှုကလည်း မေးခွန်းတစ်ခုစီတိုင်းကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေး၏။


“မဟုတ်ဘူး ဒီအပ်ရဲ့ ချည်က အောက်ကနေ အပေါ်ကို သွားရမှာ အပေါ်ကနေ အောက်ကို သွားရမှာ မဟုတ်ဘူး ပြီးတော့ တိုင်နှစ်တိုင်ပြီးတိုင်း ချည်တစ်ခါ ပြောင်းပေးရမှာ မဟုတ်ရင် တစ်ခုလုံး ရှုပ်ပွကုန်လိမ့်မယ် ဟုတ်တယ် ဟုတ်တယ် ဒီနားမှာလည်း တစ်တိုင် ထပ်ထည့်ရဦးမှာ တွေ့လိုက်တယ် မဟုတ်လား ...”


စတင်တွေ့ဆုံပြီး ဆယ်မိနစ်ပင် မကြာသေး။ ထိုသူနှစ်ဦးမှာ ရင်းနှီးသွားကြသည့်အတွက် ကျိမြန်လည်း တအံ့တဩဖြင့်သာ ရယ်မောလိုက်ရတော့သည်။ အနှောင့်အယှက်ပေးရန် စိတ်ကူးမရှိသည့်အတွက် သူတို့နှစ်ဦး တီးတိုးပြောနေသည်များကို တိတ်တဆိတ်သာ ထိုင်နားထောင်နေလိုက်သည်။ ဤထူးခြားလှသည့် အခိုက်အတန့်လေးကို သိမ်းဆည်းထားလိုသည့်အတွက် သိုးမွေးထိုးနေသည့် ရှောင်ကျားရှု၏ ဓာတ်ပုံကို တိတ်တဆိတ် ရိုက်ကူးထားလိုက်တော့၏။


ထိုအခိုက် ရှောင်ကျားရှုက သူ့ဘက်သို့ လှည့်ကြည့်လာသည်။


Xxxxxxxx