အပိုင်း ၁၀၆
Viewers 43k

Chapter 106


ထိုအခိုက် ရှောင်ကျားရှုက သူ့ဘက်သို့ လှည့်ကြည့်လာသည်။ 


မျက်ဝန်းအစုံမှာ ပြတင်းပေါက် အပြင်ဘက်ရှိ နှင်းတို့၏ပုံရိပ် ထင်ဟပ်နေသည်အထိ ကြည်လင်တောက်ပနေပြီး အပြုံးတစ်ပွင့် ချိတ်ဆွဲထားသည့်ဟန် ကွေးညွတ်နေသော နှုတ်ခမ်းထောင့်စွန်းတို့ကြောင့် မြင်ရသူ၏ ရင်ထဲ နွေးထွေးသွားတော့သည်။


ကျိမြန်မှာ နေရာတွင်ပင် အေးခဲသွားပြီး အသိစိတ်ပြန်ကပ်လာသည့်အခါတွင်မူ ရှောင်ကျားရှုက သူ့ကို ကြည့်မနေတော့။ ကော်ဖီစားပွဲပေါ်ရှိ စာအုပ်ကို ဖတ်ကြည့်ရင်းသာ အလုပ်များနေတော့သည်။


သူက ဗီဒီယိုကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေမိကာ နောက်ဆုံးတွင်မူ ထိုနွေးထွေးလှသည့် အပြုံးကို မြင်လိုက်ရသည့် နေရာအား ဖြတ်တောက်လိုက်တော့၏။


“ရှောင်ရှု ဒါက်ို ကိုယ့်ရဲ့ friend circle မှာ တင်လို့ရမလား ...”


သူက ဖုန်းကို မြှောက်ပြကာ မေးလိုက်သည်။


“သေချာပေါက်ကို ရတာပေါ့ ...”


ရှောင်ကျားရှုက ဗီဒီယိုကို ယူကြည့်လိုက်သည်။


“ကျိကော ဒါနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် တင်လို့ရပါတယ် ကျွန်တော် ဘယ်လိုမှ သဘောမထားဘူး ...”


ယောကျ်ားကြီးတစ်ယောက် သိုးမွေးထိုးတာ ဘာဖြစ်လဲ မိန်းမတွေပဲ သိုးမွေးထိုးလို့ရတယ်ဆိုတဲ့ ဥပဒေမှ မရှိတာ ...


ခေါင်းကိုငုံ့ကာ ချည်ဆက်ထိုးနေပြီး အနည်းငယ် ကြာကာမှ သဘောပေါက်သွားတော့သည်။


အာ နေပါဦး အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေကမှ တစ်ယောက်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို နောက်တစ်ယောက်က တင်ကြတာ မဟုတ်လား ငါက ကျိကောရဲ့ သူငယ်ချင်းကောင်း ဖြစ်နေပြီဆိုတဲ့ သဘောလား ...


ထိုကဲ့သို့သော အတွေးများကြောင့် သူ့စိတ်တစ်ခုလုံး မီးရှူးမီးပန်း ဖောက်ခံလိုက်ရသည့်နှယ် ဝုန်းဒိုင်းကြဲသွားတော့သည်။


ကျိမြန်က ဖျတ်ခနဲပြုံးကာ ဗီဒီယိုကို စာလုံးနှစ်လုံးနှင့်အတူ ပူးတွဲကာ တင်လိုက်၏။


“ရှန်းဟွေ့”


(ရှန်းဟွေ့ရဲ့ အဓိပ္ပါယ်က နူးညံ့ကြင်နာပြီး အဖိုးတန်တဲ့ အမျိုးသမီးတွေကို ရည်ညွှန်းတဲ့ စကားလုံးပါတဲ့)


ရှောင်ကျားရှုက ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ အချက်ပြသံ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း like ပေးကာ reply ပြန်လိုက်၏။


“အမေကျိနဲ့အတူတူ သိုးမွေးထိုးနည်း သင်နေတာပါ”


ဗီဒီယိုထဲတွင် သူ့ဘေးနား ကပ်ထိုင်ကာ တစ်ခုပြီးတစ်ခု ညွှန်ကြားပြသပေးနေသည့် အမေကျိ၏ ပုံစံမှာ သိုးမွေးထိုးရာတွင် ဆရာတစ်ဆူနှယ်ပင်။


အမေကျိကလည်း ချက်ခြင်းလက်ငင်းပင် like ပေးကာ သူ့ကို ချီးကျူးလိုက်၏။


“နာမည်ကြီးဆရာက တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးလိုက်တဲ့ သဘောပေါ့”


နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်ကာ ပါးစပ်ကို အုပ်လျက် ရယ်မောလိုက်ကြတော့သည်။


ပျော်ရွှင်နေသူနှစ်ဦးကို ကြည့်နေရင်း ကျိမြန်၏ ခံစားချက်တို့ ရှုပ်ထွေးလာသည့်တိုင် အနည်းငယ်လည်း ကြည်လင်ရွှင်ပျလာမိတော့သည်။ မူလကမူ ရှောင်ကျားရှု အခြေကျသည်နှင့် တစ်ပြိုင်နက် ပြန်သွားရန် စီစဉ်ထားသော်လည်း ယခုမူ သူလည်း ဆက်နေသင့်သည်ဟု တွေးလာမိတော့သည်။


ရိုက်ကူးရေးနဲ့ အလုပ်များနေလည်း ဘာအရေးလဲ အလုပ်ပြီးတာနဲ့ အိမ်ကို ကားမောင်းပြီး ပြန်လာလို့ ရနေတာပဲလေ လမ်းပန်းဆက်သွယ်ရေးတွေလည်း တော်တော်လေး အဆင်ပြေနေပြီပဲကို ...


တရုတ်ပြည်တွင် ကျန်ရစ်ခဲ့သည့် လင်းလဲ့ယန်မှာလည်း ထိုပို့စ်ကို မြင်လိုက်သည့်အခါ မျက်လုံးများပင် နီရဲသွားတော့သည်။ သူတို့နှစ်ဦးမှာ လမ်းခွဲပြီးဖြစ်သည့်တိုင် အလုပ်သဘောအရ ပတ်သက်ဆက်စပ်နေရသေးသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် ဖြတ်တောက်ပစ်ရန် မလွယ်ကူလှ။ ထို့အပြင် သူတို့နှစ်ဦးမှာ ပြင်းပြသည့် ရန်ငြှိုးရန်စ ရှိနေခြင်းလည်း မဟုတ်။ ပင်ကိုယ်စရိုက်သဘာဝ မကိုက်ညီခြင်းမျှသာ ဖြစ်ပေသည်။


“ဘာဖြစ်လို့လဲ ...”


ချိန်ဖမ်းရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။


“ကြည့်ရတာ ကျိကောက ရှောင်ကျားရှုနဲ့ တွဲနေပြီထင်တယ် ...”


ထိုဗီဒီယိုကို like ပေးသူ၊ မှတ်ချက်ရေးသူများ အများအပြား ရှိနေကာ အချို့အဝက်မှာ လင်းလဲ့ယန်ကိုပါ add ထားသူများ ဖြစ်သည့်အတွက် သူသည်လည်း ထိုဗီဒီယိုကို မြင်လိုက်ရပေသည်။


ရှစ်ထင်းဟန်က မေးလိုက်သည်။ 


“မင်းတို့တွေ ဘာလုပ်နေကြတာလဲ “


ကျိမြန်က ပြန်မဖြေ၊ ထိုအစား ရှောင်ကျားရှု၏ တုန့်ပြန်ချက်သာ ထွက်ပေါ်လာပေသည်။


“မိသားစုဘဝကို ခံစားကြည့်နေတာ”


မိသားစုဘဝ ဟုတ်လား ...


လင်းလဲ့ယန်က ငေါ့တော့တော့အပြုံးမျိုး ပြုံးလိုက်သည်။ 


ဒီလောက် နှစ်တွေ အကြာကြီး တွဲခဲ့တာတောင် ကျိကောက ဘယ်တုန်းကများ သူ့အမေအကြောင်း ထုတ်ပြောဖူးလို့လဲ ပြီးတော့ သူ့ကိုရော အလည်ခေါ်ခဲ့ဖူးလို့လား ကြည့်ရတာတော့ ဒီအဆင့်အထိ မရောက်နိုင်တာ မဟုတ်ဘဲ လူမှန်နေရာမှန် မဟုတ်ခဲ့တာ ထင်တယ် ရှောင်ကျားရှုနဲ့ကျ တစ်ယောက်နဲ့တစ်ယောက် သိတာတောင် ဘယ်လောက်မှ မကြာသေးဘဲနဲ့ အိမ်ကို အလည်ခေါ်နေပြီပေါ့ ကျိကောက တကယ်ကို ရက်စက်တာပဲ ကင်မရာကို ငေးကြည့်နေတဲ့ ရှောင်ကျားရှုရဲ့ အကြည့်တွေကိုလည်း ကြည့်လိုက်ပါဦး နူးညံ့နွေးထွေးတောက်ပနေလိုက်တာများ ချစ်သူရည်းစားကို ကြည့်နေတဲ့အတိုင်းပဲ အိုင်ဒေါကို အရမ်းသဘောကျတဲ့ ပရိသတ်တစ်ယောက်ရဲ့ အကြည့်နဲ့ လားလားမှကို မတူဘူး သူတို့တွေက တွဲနှင့်နေကြပြီးပြီ မဟုတ်လား ...


သူ့နှလုံးသားထဲသို့ မနာလိုမှုတို့ လှိုက်တတ်လာသော်ငြား သူ့အနေဖြင့်လည်း မည်သည့်အရာကိုမှ မစွမ်းသာပေ။


ချိန်ဖမ်းရှင်းက ထိုဗီဒီယိုကို စိုက်ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်သည်။


“မင်းသာ မစ္စတာကျိနဲ့ လမ်းမခွဲခဲ့ရရင် ပိုကောင်းမှာကို The Zerg War ထွက်လာတာနဲ့ တစ်ပြိုင်နက် ရှောင်ကျားရှုက ချက်ခြင်း နာမည်ကြီးသွားမှာ ကျိန်းသေတယ် ...”


“နာမည်ကြီးတာလား သိပ်တော့ မသေချာပါဘူး ရှေ့ဇာတ်ကားနှစ်ခုရဲ့ ဇာတ်လိုက်တွေက တော်တော်လေး ဖန်တောင့်နေပြီးသား ချက်ခြင်းကြီး ဇာတ်ကောင်တစ်ခု ကောက်ထည့်လိုက်တဲ့အပေါ် မကြိုက်တဲ့သူ များမှာ သေချာတယ် ရှောင်ကျားရှုသာ ကောင်းကောင်းသရုပ်ဆောင်ပြနိုင်ရင်တော့ ကောင်းတာပေါ့ မဟုတ်ရင်တော့ သေချာပေါက်ကို ပြစ်တင်ကြိမ်းမောင်းခံရမှာပဲ တရုတ်လူမျိုးတွေက နိုင်ငံခြားကို ရောက်သွားတဲ့ စတားတွေအပေါ် တော်တော်လေး အညှာအတာ ကင်းမဲ့မှန်း မင်းလည်း သိသားပဲ သူတို့ကို အပြစ်တင်ဖို့အတွက် အမှားသေးသေးလေးကအစ ပုံကြီးချဲ့ဖို့ လိုက်ရှာမှာ ဒီဇာတ်ကောင်က အခွင့်ကောင်းလား ဒါမှမဟုတ် အာလူးပူကြီးလားဆိုတာ ဘယ်သူက သိမှာတဲ့လဲ ...”


လင်းလဲ့ယန်က ချဉ်စူးနေမှုတို့ကို ဖိနှိပ်ရင်း ပြောလိုက်သည်။ 


“Adventurers in the wilderness က ဘယ်တော့ စရိုက်မှာတဲ့လဲ ...”


“ရှေ့လကုန်လောက် ...”


ချိန်ဖမ်းရှင်းက ပြန်ဖြေလိုက်သည်။


ဆိုတော့ ကျိကောကို ရှေ့လကုန်အထိ မတွေ့ရသေးဘူးဆိုတဲ့ သဘောပေါ့ ...


လင်းလဲ့ယန်က ပြက္ခဒိန်ကို လှန်ကြည့်ရင်း အနည်းငယ် နေရသက်သာလာတော့သည်။


ရှောင်ကျားရှုက အမေကျိ၏ နေအိမ်တွင် အချိန်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ကျိမြန်ကလည်း ရိုက်ကူးရေး ပြီးချိန်တိုင်း ညစာစားရန် အိမ်ပြန်လာခဲ့သည်။ သူ၏ အချက်အပြုတ်စွမ်းရည်မှာ ကောင်းမွန်လှသော်ငြား အမဲသားစတိခ်နှင့် ကြက်ဉမွှေကြော်မှ အပ မည်သည့်တရုတ်ဟင်းလျာကိုမှ ချက်ပြုတ်နိုင်ခြင်း မရှိပေ။ သူ တင်ထားသမျှ ပုံတိုင်းမှာ အမဲသားစတိခ်များသာ ဖြစ်နေ၍ အံ့ဩစရာ မရှိတော့။


 ရှောင်ကျားရှုက တရုတ်သို့ပြန်မည့် လေယာဉ်လက်မှတ်ကို ပြန်လည်ဝယ်ယူကာ အမေကျိ လက်ဆောင်ပေးလိုက်သည့် သိုးမွေးချည်တစ်သေတ္တာကို ပိုက်လျက် ပြန်လာခဲ့လိုက်တော့သည်။


ကျိမြန်မှာလည်း အလုပ်ကို အရူးအမူးစွဲလမ်းနေသူ အဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားကာ အချိန်အားလုံးကို ရိုက်ကွင်းတွင်သာ ကုန်ဆုံး၍ သူ့အမေထံသို့ လုံးဝ ပြန်မလာတော့ချေ။ ထိုသည်မှာ သူမကို မချစ်၍မဟုတ်။ ရှောင်ကျားရှု မရှိတော့သည့်အခါ သူမနှင့် မည်သို့မည်ပုံ ပြောဆိုဆက်ဆံသင့်ကြောင်း မသိတော့၍ဖြစ်သည်။ အချို့ကိစ္စရပ်များမှာ ပြီးဆုံးသွားသည့်တိုင် ဒဏ်ရာကျန်ရစ်နေဆဲ ဖြစ်သည်။


“ဒီရက်ပိုင်းထဲ မင်းပုံစံက တော်တော်လေး ဖြူဖျော့နေတယ်နော် ဘာဖြစ်လို့လဲ ...”


ဖန်ခွင်းက သူ့ကို စိုးရိမ်တကြီး မေးလိုက်သည်။


“နည်းနည်းလေး အအေးမိနေလို့ပါ ...”


ကျိမြန်က နားထင်နှစ်ဖက်ကို ပွတ်သပ်လျက် ပြန်ဖြေလိုက်၏။


ထို့နောက် ဖုန်းအသံမြည်လာ၍ ဖွင့်ကြည့်လိုက်သည့်အခါ ရှောင်ကျားရှုက ဓာတ်ပုံတစ်ပုံ ပို့ထားကြောင်း တွေ့လိုက်ရသည်။ အပေါက်တို့ဖြင့် ပြည့်နှက်နေသည့် သိုးမွေးဆွယ်တာတစ်ထည်ကို ခဲရောင်အိပ်ယာခင်းထက် ဖြန့်ခင်းထားကာ တံဆိပ်ပင် မဖြုတ်ရသေး။ ၎င်းမှာ နာမည်ကြီး C မိသားစု၏ လက်ရာဖြစ်ကာ အတော်လေး ဈေးများလှသည့် သိုးမွေးထည် ဖြစ်ပေသည်။ ၎င်းပုံအောက်တွင် စာတစ်စောင်ကိုပါ ဆက်ပို့ထားသေးသည်။


“ကျိကော ကျွန်တော့်အမေက ဒီဆွယ်တာနဲ့ တစ်ထပ်တည်းတူတဲ့ ဆွယ်တာမျိုး လာထိုးခိုင်းနေတယ် ဒါကလေ ကျွန်တော့်ရဲ့ OCD ကို အစပြန်ဖော်ပေးနေသလိုပဲ ဒီအပေါက်တွေ အကုန်လုံးကို လိုက်ဖြည့်ပေးချင်လိုက်တာ”


ကျိမြန်က ဟန်မဆောင်နိုင်လောက်အောင် ရယ်မောကာ ချက်ခြင်း စာပြန်လိုက်သည်။


“ဒါဆိုလည်း သူမအတွက် ကူပြီး ဖြည့်ပေးလိုက်လေ”


ရှောင်ကျားရှုက မျက်ရည်များ ကျသည်အထိ ရယ်မောနေသော emoji ဖြင့် စာပြန်ပို့လာသည်။ 


(😂 ဒါမျိုးကို ပြောတာပါ)


“ကျိကောရေ ဒီလိုမျိုး ပွဲကြည့်ဖို့ စိတ်လှုပ်ရှားနေတာ အကျင့်ပုတ်ရာ ကျတယ်နော် တော်သေးတာပေါ့ ကျွန်တော့်ရဲ့ ကောက လူကောင်းဖြစ်နေလို့ သူက ကျွန်တော့်ကို ဒီလိုစတိုင်မျိုး ထိုးခိုင်းနေတာ အရမ်းကျေနပ်ဖို့ ကောင်းတာပဲ”


၎င်း၏ အောက်တွင် သေသပ်လှပသည့် ခဲရောင်ဆွယ်တာပုံတစ်ပုံပါ ပူးတွဲပို့ထားသည်။


“ကျွန်တော့်ရဲ့ကော” ဟူသည့် စကားမှာ ရှောင်တင်းပန်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ချက်ခြင်း သဘောမပေါက်လိုက်။ အတော်ကြာ ကြောင်အနေပြီးကာမှသာ အယောင်ယောင်အမှားမှားဖြင့် သူ့နဖူးကို ပြန်ရိုက်လိုက်မိတော့သည်။


“အပြန်လက်မှတ် ဝယ်ထားပြီးပြီလား ...”


သူက ဖန်ခွင်းကို မေးလိုက်သည်။


“ပြီးပြီ မနက်ဖြန် ပြန်ကြမယ်လေ နောက်ထပ် ရက်နည်းနည်းလောက် ကြာရင် <<Adventurers in the Wilderness>> ကို ရိုက်ရဦးမှာ အဆင်ပြေရဲ့လား ...”


 <<Adventurers in the Wilderness>> သည် ကွမ်ရှစ်နှင့် ကွမ်ရှီတို့ ပူးပေါင်းထုတ်လုပ်သည့် reality show တစ်ခုဖြစ်ကာ လာရောက်သည့် ဧည့်သည်များအား အုပ်စုနှစ်စုခွဲကာ တောထဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေသည့် အစီအစဉ်ဖြစ်သည်။ သဲလွန်စနှင့် မြေပုံများကို အပြည့်အဝ ထောက်ပံ့ပေးပြီး ရသစုံ စွန့်စားခန်းနှင့် အားကစားတို့ တစ်စုတစ်စည်းတည်း ရောယှက်ထားသည့်အတွက် အလွန်စိတ်ဝင်စားစရာကောင်းကာ ရောင်းပန်းလည်း လှပေသည်။ လူထုစိတ်ဝင်စားမှု ရရှိစေရန် အလို့ငှာ ကျိမြန်လည်း ထိုအစီအစဉ်တွင် ပါဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသာမက အခြားဝါရင့်သရုပ်ဆောင်များနှင့် ဟွားတန်းများကိုပင် ဖိတ်ကြားခဲ့သေးသည်။


(ဟွားတန်းဆိုတာ ပီကင်းအော်ပရာပြဇာတ်ထဲက ဇာတ်ကောင်နာမည်ပါ တက်ကြွသွက်လက်ပြီး ဟိတ်ဟန်များတဲ့ မိန်းမပျို ဒါမှမဟုတ် သက်လတ်ပိုင်းအမျိုးသမီးကို ရည်ညွှန်းပါတယ်)


သူက လက်ထောက် ပေးပို့လာသည့် လူစာရင်းကို လှန်လှောဖတ်ရှုရင်း အတည်ပြုလိုက်သည်။


“ရှောင်ကျားရှုလည်း ဒီရှိုးမှာ ပါတယ်လား ...”


ဖန်ခွင်းမှာ အတော်ကြာ ကြောင်အနေပြီး ရှောင်ကျားရှုအကြောင်း ပြောနေကြောင်း သဘောပေါက်သွားမှသာ ခေါင်းငြိမ့်ပြလိုက်တော့သည်။


“ဟုတ်တယ် ဒီကလေးက မင်းပါမယ်လည်း ကြားရော ဥက္ကဌရှို့ကို သွားရှာပြီး သူ့ကိုပါ ထည့်ပေးဖို့ ပြောတယ်တဲ့လေ အစက traffic star တစ်ယောက်ကို ဖိတ်ဖို့ စီစဉ်ထားတာ ဒါပေမယ့် နာမည်ကြီးတာချင်း ယှဉ်လိုက်ရင် ရှောင်ကျားရှုကလည်း အဲဒီ့တစ်ယောက်နဲ့ သိပ်မကွာဘူးလေ မင်းတင်ထားပေးထားတဲ့ ပို့စ်တွေက သူ့အတွက် တော်တော်လေး အထောက်အကူဖြစ်သွားတဲ့အပြင် သူ့အမေကလည်း သူကလေးဘဝက ပုံတွေကို နှစ်ရက်ခြား သုံးရက်ခြားတစ်ခါလောက် တင်ပေးနေတော့ ဖန်တွေက နေ့တိုင်းကို စခရင် လျက်နေကြရတာ ...”


“သူ ငယ်ငယ်က ပုံတွေလား ...”


ကျိမြန်က မရင်းနှီးသည့် သရုပ်ဆောင်များ၏ ပို့စ်များကို လိုက်လံဖတ်ရှုလေ့မရှိ။ သို့သော် ထိုအကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ရွှယ်မြောင်ကို ချက်ခြင်း follow လုပ်ကာ သူမ တင်ထားသည်များအား တစ်ခုချင်း လိုက်ကြည့်လိုက်သည်။ လေးဖက်ထောက်အရွယ် ကလေးဘဝမှ ဓာတ်ပုံကအစ နည်းနည်းလေး ကြီးပြင်းလာသည့်အခါ သစ်သားမြင်းရုပ် စီးနေသည့် ပုံသာမက အမွေးတဖွားဖွားနှင့် မင်းသမီးဝတ်စုံကို ဝတ်ဆင်ကာ မိန်းကလေးသဖွယ် ပြင်ဆင်ထားသည့် ဓာတ်ပုံများပင် ပါဝင်သေးသည်။


သူက ပုံကို သိမ်းနေစဉ်တစ်လျှောက်လုံး ပြုံးပန်းဝေဆာနေကာ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များမှာ အစောကြီးကတည်းကပင် လွင့်စင်ပပျောက်နှင့်နေပြီဖြစ်သည်။


ဖန်ခွင်းက သူ့ကို လှမ်းကြည့်ကာ သတိပေးလိုက်သည်။


“လင်းလဲ့ယန်လည်း ဧည့်သည်အဖြစ် ပါမှာနော် သူ့ကို နေ့တိုင်း တွေ့နေရမှာ အဆင်ပြေပါ့မလား ...”


အိုက်ယား ရူးလိုက်တာ အဲဒီ့အချိန်တုန်းက တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူနဲ့ လမ်းခွဲရမှာလို့ မတွေးထားခဲ့ဖူးလား ... သူ့ကို နှစ်သိမ့်တဲ့ အနေနဲ့ ဒီလောက်ကောင်းတဲ့ အရင်းအမြစ်မျိုးကိုတောင် ပေးပစ်လိုက်သေးတယ် လင်းလဲ့ယန်က သာမန်လောက်ပဲဆိုတာ သိသင့်တယ်လေ သူ့ရဲ့ ရုပ်ရည်၊ စိတ်နေစိတ်ထား၊ အမူအကျင့် အကုန်လုံးက တစ်ခြားဧည့်သည်တွေနဲ့ လုံးဝကို ယှဉ်လို့ မရဘူး ပရိသတ်က သူ့ကို ဒီအဖွဲ့နဲ့ မတန်ဘူးလို့ပဲ တွေးကြမှာ သေချာတယ် ...


သူသည်လည်း ကွမ်ရှီစတူဒီယိုမှ အနုပညာရှင်တစ်ဦးပင်ဖြစ်ရာ သူဌေးက သူ့ကိုယ်ပိုင်အနုပညာရှင်ကို ဦးစားပေးခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော် လမ်းခွဲပြီးသည့်တိုင် လင်းလဲ့ယန်၏*မျက်နှာကိုရွှေချပေးနေရသေးသည့်အပေါ် ဖန်ခွင်းက မကျေနပ်တော့ချေ။ (ဦးစားပေး)


ကျိမြန်ကမူ လင်းလဲ့ယန်အကြောင်း စကားပင် စချင်ဟန်မတူ။ 


“တွေ့လည်း ကိစ္စမရှိပါဘူး အလုပ်ကိစ္စပဲဟာ ...”


တစ်ပတ်အကြာတွင် <<Adventurers in the Wilderness>> ရိုက်ကူးရေး စတင်လိုက်တော့သည်။ ရိုက်ကူးရေးအဖွဲ့၏ ဘက်ဂျက်မှာ လိုအပ်သည်ထက်ပင် ပိုမိုပြည့်စုံလွန်းနေသည့်အတွက် ဧည့်သရုပ်ဆောင်များအား အပူပိုင်းကျွန်းတစ်ကျွန်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ပေးခဲ့သည်။ ထိုကျွန်းမှာ လူသိမများလှသေးသည့်အတွက် ရှုမျှော်ခင်းများမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ပင် လှပသော်ငြား မမြင်ရသည့် အန္တရာယ်များစွာလည်း ပုန်းအောင်းနေပေသည်။


Xxxxxxxx