အပိုင်း ၁၀၈
Viewers 45k

Chapter 108


ကျိမြန်က ရှောင်ကျားရှု ထိုင်ချနိုင်ရန် ဂရုတစိုက် ကူညီပေးလိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ သူ့ဖိနပ်နှင့် ခြေအိတ်ကိုချွတ်ကာ ခြေထောက်အခြေအနေကို စစ်ဆေးလိုက်သည်။ 


ရှောင်ကျားရှုမှာ တစ်ခဏမျှ ကြောင်အသွားတော့သည်။ အသိစိတ် ပြန်ဝင်လာ၍ သူ့ခြေထောက်ကို ဖုံးကွယ်မည် ပြုလိုက်သည့်အခါတွင်မူ နောက်ကျသွားချေပြီ။ ကျိမြန်က အရည်ကြည်ဖုထနေသော ခြေဖဝါးကို ကြည့်ကာ မျက်ခုံးတို့ကို တွန့်ရှုံ့လျက် မေးလိုက်သည်။ 


"ရိုက်ကူးရေး မစခင်တုန်းက မင်းကို တောင်တက်ဖိနပ် စီးလာဖို့ မပြောခဲ့ဘူးလား ... ဟင် ... ဒီနေရာကို မော်ဒယ်ရှိုးလျှောက်ဖို့ လာတယ်များ ထင်နေလား ..." 


ဒီကိုလာတာက ကောကို လွတ်လွတ်လပ်လပ် တွေ့ရဖို့ မဟုတ်ဘူးလား ... 


ရှောင်ကျားရှုက အနည်းငယ် မကျေမနပ်ဖြစ်သွားကာ သခင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့် ခွေးတစ်ကောင်နှယ် မျက်လွှာချလျက် ခြေချောင်းတို့ကို လှုပ်ယမ်းနေလိုက်သည်။ ကျိမြန်က ဒေါသထွက်ခြင်းလည်းမရှိ၊ အရယ်အပြုံးလည်း မရှိဘဲ နှာခေါင်းကို အုပ်လျက် ပြောလိုက်သည်။ 


"ရှောင်ရှု မင်းခြေထောက်တွေက နည်းနည်းလေး အနံ့ထွက်နေတယ်နော် ဒီဖိနပ်ကို ဆက်မစီးနဲ့တော့ ခြေထောက်တွေက ချွေးထွက်နေတယ် ..." 


ရှောင်ကျားရှုမှာ ရုတ်ချည်း မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် အံ့ဩသွားတော့သည်။ 


ဘာကြီး ... ငါ့ရဲ့ ခန့်ညားတဲ့ ပုံရိပ်လေး ပျက်စီးသွားရုံနဲ့တင် အားမရလို့ မိုးကောင်ကင်က ကျိကောရှေ့မှာ ငါ့ကိုယ်ငါ အရူးလုပ်မိတာကိုတောင် လက်ပိုက်ကြည့်နေလိုက်သေးတယ်ပေါ့ ရှက်စရာကောင်းလိုက်တာ ရှက်လွန်းလို့ ကျွင်းတူးပြီး မြှုပ်စရာ မြေကြီးတောင် မရှိတော့ဘူး ... 


စဉ်းစားခြင်း အလျဉ်းမရှိဘဲ ဘယ်ဘယ်ခြေထောက်ကို ဆွဲယူကာ အနံ့ခံကြည့်ပြီးကာမှ စိတ်သက်သာရာ ရသွားတော့သည်။ 


"မဟုတ်တာ ကျိကောကလည်း ကျွန်တော့်ခြေဖဝါးက လုံးဝ အနံ့မထွက်ပါဘူးနော် ခြေအိတ်ရော ဖိနပ်ရော အကုန်လုံး အသစ်တွေပဲဟာကို ..." 


ကျိမြန်က သူ့ညာဘက်ခြေထောက်ကို လက်တစ်ဖက်ကကိုင်ကာ ကျန်တစ်ဖက်က နဖူးကို ကိုင်ထားလျက် ပြုံးလိုက်သည်။ 


"မင်းကို စနေတာပါ ကင်မရာရှေ့မှာတောင် ပုံရိပ်ကို မထိန်းသိမ်းတော့ဘူးလား ..." 


ဒီကလေးကတော့လေ သူ့ရဲ့ အဘိဓာန်ထဲမှာ "idol image" ဆိုတဲ့ စကားလုံးရော ရှိသေးရဲ့လား ... 


ရှောင်ကျားရှုမှာ နောက်တစ်ဖန် မိုးကြိုးပစ်ချခံလိုက်ရပြန်သည်။ 


စောက်ကျိုးနည်း အကုန်လုံး မှတ်တမ်းတင်ထားတဲ့ဟာကို ကင်မရာရှေ့ကြီးမှာ ကိုယ့်ခြေထောက်ကိုယ် ပြန်နမ်းမိသွားတာလား ဒါကြီးက ခြေထောက်ကို ဖဲ့နေတာထက်တောင် ပိုဆိုးသေးတယ် ... 


ချက်ခြင်းလက်ငင်းပင် ပါးနှစ်ဖက် နီရဲလာကာ မြှောက်ထိုးပင့်ကော် ပြောလိုက်သည်။ 


"ကင်မရာနောက်ကွယ်က အစ်ကိုကြီးရေ နောက်ပိုင်းကျ ဒီအပိုင်းကို ဖြတ်ပေးလို့ ရမလားဟင် တကယ်ကို အထူးတလည် ကျေးဇူးတင်ပါ့မယ် ..." 


မြောက်များစွာသော PD များက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သော်ငြား ထိုအခန်းကို ပြသရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ 


ရာဇဝင်မှာ စာတင်လောက်တဲ့ ဒုသခင်လေးရှောင်က လက်စသတ်တော့ ဒီလိုကိုး တကယ်ကို သူ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ် ... 


ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့မှာလည်း ရယ်ရလွန်း၍ အသက်ပင် မရှူနိုင်တော့။ မူလက နောက်ခံတောင့်လွန်းသည့် သခင်လေးရှောင်နှင့် အနည်းငယ် အလှမ်းဝေးလွန်းလှသည်ဟု ခံစားခဲ့ရသော်ငြား ယခုမူ သူနှင့် ရင်းနှီးလိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ သူ့ကို ဟိတ်ဟန်ကြီးကာ ကျိမြန်အပေါ် မှီခိုလို၍ ဟန်ဆောင်ပန်ဆောင် လုပ်နေသည်ဟု ထင်ခဲ့မိရာ သူ့ခြေထောက်များမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့မိချေ။ ထိုမျှ ဆိုးဆိုးဝါးဝါး နာကျင်နေသည့်တိုင် တစ်ခွန်းမှ ငြီးငြူခြင်းမရှိခဲ့။ 


ရှောင်ကျားရှု၏ ညာဘက်ခြေဖဝါးကို ကိုင်ထားသည့် ကျိမြန်အား တွေ့လိုက်ရသည့်အခါ လင်းလဲ့ယန်၏ အပြုံးတို့ တောင့်တင်းသွားတော့သည်။ 


ကျိမြန်က စကားမပြောသေးဘဲ အားရအောင်သာ အရင်ရယ်မောလိုက်သည်။ 


"ကိုယ်တို့ ဖိနပ်ဆိုဒ်တွေက တော်တော်ကြီး ကွာနေလိုသာပေါ့ မဟုတ်ရင် မင်းနဲ့ လဲစီးပေးပါတယ် အခုအချိန်ကြီးမှ ဖိနပ်နောက်တစ်ရံ ရှာဖို့ကလည်း မဖြစ်နိုင်တော့ ဒီအနာတွေကိုပဲ ဆက်ပြီး သည်းခံထားမှ ရလိမ့်မယ် ယုံချင်ယုံ မယုံချင်နေ နောက်ရှိုးတွေမှာပါ ဒီလိုဖိနပ်မျိုး စီးလာရင် မင်းကို ဖိနပ်မပါဘဲ လျှောက်ခိုင်းတော့မှာ ..." 


သူ့စကားတို့မှာ တင်းမာသည့်တိုင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တို့ ပြည့်နှက်နေသည့်အတွက် ရှောင်ကျားရှု၏ရင်ထဲ တလှပ်လှပ် တုန်ရီသွားတော့သည်။ သဘောတူစွာဖြင့် ခေါင်းငြိမ့်ပြကာ ခြေချောင်းတို့ကိုလည်း ဘယ်ညာ လှုပ်ယမ်းလိုက်တော့သည်။ 


ဒီရှိုးကို လိုက်လာမိတာ တကယ်ကို ကောင်းတဲ့ကိစ္စပဲ ဘာကိုမဆို ကျိကောနဲ့ အတူတူ လုပ်ကြည့်ရတာ စိတ်ဝင်စားစရာ တအားကောင်းတာပဲ နည်းနည်းလေး အခက်ကြုံရတာလောက်ကတော့ စာကို မဖွဲ့လောက်ပါဘူး ... 


အပ်ချုပ်ပစ္စည်း ထည့်သည့်အိတ်ကို ထုတ်နေသည့် ကျိမြန်၏ မျက်ဝန်းတို့တွင် နူးညံ့မှုတို့ ထိန်းချုပ်၍ မရ‌နိုင်လောက်အောင် ပြည့်နှက်နေပေသည်။ 


"ယုပိုင်ရှို့ ဆေးသေတ္တာက မင်းဆီမှာလား ပက်တီးစနဲ့ အိုင်အိုဒင်းဆေးရည်လေး ထုတ်ပေးပါဦး ရှောင်ကျားရှုရဲ့ အရည်ကြည်ဖုတွေ ဖောက်ပြီးတော့ သူ့ခြေထောက်ကို ပြန်စည်းပေးလိုက်ဦးမယ် ..." 


"ဟုတ်ကဲ့ပါ ကပ္ပတိန် ..."


ယုပိုင်ရှို့က လိုအပ်သည့် ပစ္စည်းများ ပြင်ဆင်ပေးနေစဉ် ဟွမ်ရင်ရွှယ်က ဘေးမှ စိတ်ဝင်တစား ထိုင်ကြည့်နေသည်။ 


"ကျိကော ကျွန်တော်ရော တစ်ဖက် ကူကိုင်ပေးရမလား ...." 


လင်းလဲ့ယန်က ခပ်တိုးတိုး မေးလိုက်သည်။ 


ကျိမြန်ပင် ပြန်မဖြေရသေး။ ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းယမ်းပြလိုက်တော့သည်။ 


"မဟုတ်တာ မဟုတ်တာ ငါ့ခြေထောက်တွေက တအား ညစ်ပတ်နေတဲ့ဟာ ဘယ်လိုလုပ် ကိုင်ခိုင်းဖို့ သင့်တော်ပါ့မလဲ ..." 


လင်းလဲ့ယန်က အပြင်လူလေ အပြင်လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ခြေထောက်ကိုင်ခိုင်းလို့ ရမလဲ သေချာပေါက်ကို မရဘူးပေါ့ ... 


"အတွင်းလူ" အဖြစ် မတော်တဆ တံဆိပ်ကပ်ခံလိုက်ရသည့် ကျိမြန်မှာ နောက်တစ်ကြိမ် မရယ်ဘဲ မနေနိုင်တော့ချေ။ လင်းလဲ့ယန်၏ အတွေးတို့မှာလည်း နက်ရှိုင်းသွားသည့်တိုင် မျက်နှာပေါ်တွင်တော့ မပြသ။ သို့သော် စိတ်ထဲတွင်တော့ အလွန်အမင်း မသက်မသာ ဖြစ်လာတော့သည်။ 


ပက်တီးစနှင့် အိုင်အို‌ဒင်းဆေးရည် အဆင်သင့်ဖြစ်သည့်အခါ ကျိမြန်က ရှောင်ကျားရှု၏ ခြေထောက်တို့ကို ဂရုတစိုက် သန့်စင်ပေးလိုက်သည်။ လက်အိတ်ဝတ်ဆင်ထားခြင်း မရှိသကဲ့သို့ ရွံရှာသည့် အမူအရာလည်းမပြ။ သူ့အကြည့်တို့မှာမူ စိတ်နှလုံး ပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ 


ဟွမ်ရင်ရွှယ်က သက်ပြင်းချလျက် ပြောလိုက်သည်။ 


"ကပ္ပတိန် ရှင်နဲ့ ရှောင်ကျားရှုက တော်တော်လေးကို ရင်းနှီးတယ် ထင်တယ်နော် ..." 


မဟုတ်ရင် ဘယ်သူကရော တစ်ခြား‌ယောကျာ်းတစ်ယောက်ရဲ့ ခြေဖဝါးကို သုတ်ပေးမှာတဲ့လဲ ... 


ကျိမြန်က အဖြေရခက်နေစဉ် ရှောင်ကျားရှုက ဝင်ဖြေပေးလိုက်သည်။ 


"ဒါပေါ့ ကျိကောနဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေပဲကို ..." 


သူငယ်ချင်းကောင်း ဟုတ်လား ... 


ထိုစကားကို တစ်လုံးစီ ပြန်တွေးကြည့်ရင်း ကျိမြန်၏ ခံစားချက်တို့ လှိုင်းတံပိုး ထန်လာတော့သည်။ သို့သည့်တိုင် နက်နက်ရှိုင်းရှိုင်း တွေးတောနေချိန် မရှိ၍ အရည်ကြည်ဖုများကိုသာ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်တော့သည်။ ဆယ်မိနစ်အကြာတွင် ပက်တီးစီးထားသော ရှောင်ကျားရှု၏ ခြေထောက်များကို ဖိနပ်ပြန်စီးပေးကာ မျက်ခုံးတို့ကို တွန့်စုလျက် မေးလိုက်သည်။ 


"နာနေသေးလား ..." 


"နည်းနည်းလေးလောက်ပဲ အရင်ကထက်တော့ အများကြီးကို သက်သာလာပါပြီ ..." 


ရှောင်ကျားရှုက ခြေချောင်းများကို လှုပ်ပြလိုက်သည်။ 


ကျိမြန်က ဖိနပ်ကြိုးချည်ပေးရင်း ပူပန်တကြီး ပြောလိုက်သည်။ 


"မရပ်နိုင်ရင် ကိုယ့်ကိုပြော ကူသယ်ပေးမယ် ဟုတ်ပြီလား အနားယူတဲ့နေရာ ရောက်ရင် ဖိနပ်ကို ချွတ်ထား ..." 


"အိုကေပါ ကျွန်တော် သည်းခံနိုင်ပါတယ် ...." 


ရှောင်ကျားရှုက မတ်တပ်ထရပ်ကာ ရှေ့နှစ်လှမ်းတိုးရင်း လက်ကိုယမ်းလျက် ပြောလိုက်သည်။ 


"သွားကြရအောင် ကျွန်တော်တို့တွေ အပြာသင်းကို ရှုံးသွားလို့ မဖြစ်ဘူး ..." 


"အာ ... သွားရတော့မှာလား ...." 


ဟွမ်ရင်ရွှယ်က ငြီးတွားလိုက်သည့်တိုင် ယုပိုင်ရှို့၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့သည်။ လင်းလဲ့ယန်ကမူ နောက်ဆုံးမှသာ လိုက်လာကာ ကျန်အသင်းဖော်များနှင့်လည်း အဆက်အဆံ ကင်းမဲ့နေပေသည်။ 


နောက်ဆုံးတွင်တော့ အလံတိုင် စိုက်ထားသည့် နေရာကို ရောက်လာကာ ရှစ်ထင်းဟန် ဦးဆောင်သည့် အပြာအသင်းကို မတွေ့ရသည့်အတွက် အားရဝမ်းသာ အော်ဟစ်လိုက်ကြတော့သည်။ ထိုစဉ် ရိုက်ကူးရေးအဖွဲ့က စကားဖြတ်ပြောလိုက်၏။ 


"ပထမဆုံး မစ်ရှင်ကို အနိုင်ရလာတဲ့အတွက် ဂုဏ်ယူပါတယ် တဲဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးပါ့မယ် ..." 


"စားစ‌ရာရော ရှိလား တအားကို ဗိုက်ဆာနေပြီ ..." 


ယုပိုင်ရှို့က ဗိုက်ကို အုပ်ကိုင်လျက် မေးလိုက်သည်။ 


ဝန်ထမ်းက ပဟေဠိဖြစ်စွာ ပြုံးပြလိုက်၏။ 


"ဟိုးက ကျောက်‌တောင် အစွန်းပိုင်းလေးကို တွေ့ကြလား အဲဒီ့အောက်မှာ ရိုက်ကူးရေးအဖွဲ့က ထောက်ပံ့ပေးထားတဲ့ စားစရာတွေ ရှိပါတယ် အဲဒီ့အောက်ကို ဆင်းပြီး စားစရာ သွားယူမလား ဒါမှမဟုတ် ကျွန်းပေါ်မှာပဲ ရှာစားမလား ဆိုတာကတော့ စွန့်စားသူတို့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ် ..." 


ဘာ .... 


အားလုံး ကြက်သေသေသွားကြတော့သည်။ ကျောက်တောင်အစွန်းက အနည်းဆုံး ၁၅ မီတာလောက် မြင့်တဲ့အပြင် မက်လည်း မက်စောက်သေးတာကို ဘယ်လိုလုပ် ဆင်းသွားလို့ ရမှာလဲ ရိုက်ကူးရေးအဖွဲ့က အရမ်းကို ရက်စက်တာပဲ ... 


သူတို့ တုန့်ဆိုင်းနေစဉ်မှာပင် အပြာအသင်းလည်း ရောက်လာသည်။ အောက်တွင် စားစရာရှိနေကြောင်း ကြားလိုက်ရသည့်အခါ စကားတစ်ခွန်းမှ မဆိုဘဲ အောက်ဆင်းရန် ပြင်လိုက်ကြတော့၏။ ရိုက်ကူးရေးအဖွဲ့က လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် တစ်ဦးချင်းအတွက် နည်းပြများလည်း စီစဉ်ပေးထားရာ ပါဝင်သူများတွင် သတ္တိရှိမရှိ ဟူသည့် အချက်ပေါ်တွင်သာ မူတည်ပေသည်။ 


အပြာအသင်းက စတင်လှုပ်ရှားလိုက်ပြီဖြစ်၍ အနီသင်းလည်း ပြိုင်ပွဲထဲသို့ ဝင်ပါရချေတော့မည်။ စားစရာမှာ အကန့်အသတ်မဲ့ ထောက်ပံ့ပေးထားခြင်း မဟုတ်ရာ အရင်ဆုံး ရောက်သူသာ အများဆုံး ရမည်ဖြစ်ပြီး နောက်ကျမှ ရောက်ပါလျှင် တစ်နေကုန် အငတ်ခံရလုနီးနီး ‌ဖြစ်ပေလိမ့်မည်။ ရိုက်ကူးရေးအဖွဲ့က သူတို့၏ ခရီးဆောင်အိတ်ထဲရှိ ချောကလက်၊ ဇီးသီးနှင့် သကြားလုံးကဲ့သို့သော အဆာပြေ စားစရာများကိုလည်း သိမ်းဆည်းထားရာ ဗိုက်ကို ဖြည့်တင်းနိုင်မည့် အခြားနည်းလမ်း မရှိတော့ချေ။


ရှောင်ကျားရှုက ကျောက်တောင်အစွန်းကို ငုံ့ကြည့်ပြီးနောက် ရုတ်ချည်း မူးဝေလာတော့သည်။ အမြင့်မှာ ဝါယာကြိုးဖြင့် ချိတ်ဆွဲခံခဲ့ရစဉ်ထက်ပင် ပိုမိုမြင့်မားကာ သေ‌လုအောင်လည်း ကြောက်မက်ဖွယ်ကောင်းလှသေးသည်။ ကျိမြန်တွင်လည်း အမြင့်ကြောက်ရောဂါ ရှိနေသော်လည်း အကယ်၍ မည်သူမှ မဆင်းရဲပါလျှင် ခေါင်းဆောင်ဖြစ်သူက ဆင်းရမည်ဖြစ်ကြောင်း သတိရလိုက်သည့်အခါ ... 


ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် လက်ကို ချက်ခြင်း မြှောက်လိုက်တော့သည်။ 


"ကျွန်တော် အောက်ဆင်းပြီး သွားယူလိုက်ပါ့မယ် ..." 


ကြောက်လွန်း၍ သေတော့မည်ဟုပင် ခံစားနေရသော ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့မှာ ထိုအချိန်မှ စိတ်သက်သာရာ ရသွားတော့သည်။ 


ကျိမြန်၏ အကြည့်တို့ မဲမှောင်သွားကာ ချက်ခြင်း ငြင်းပယ်လိုက်သည်။ 


"ဘာလုပ်နေတာလဲ မင်းရဲ့ ခြေထောက်က ဒဏ်ရာတောင် သက်သာသေးလို့လား ဒါရိုက်တာကြီး ကျွန်တော့်ကိုပဲ လုံခြုံရေးခါးပတ်တွေ ပတ်ပေးပါ ..."


ထိုသို့ပြောကာ ဂျာကင်အင်္ကျီကိုချွတ်၍ ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြလိုက်သည်။ 


"ကျွန်တော်သွားမယ် ကျွန်တော်ပဲ သွားမယ် ကျိကော ကောက စီနီယာလေ ဒီနားမှာပဲ ထိုင်စောင့်နေပေးပါ ..." 


ရှောင်ကျားရှုကလည်း သူ့အရှေ့သို့ လျှောက်လာကာ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။ နှစ်ဦးလုံးမှာ ကောင်းစွာ လေ့ကျင့်ထားသည့်အတွက် ကြွက်သားများဖြင့် အချိုးအစား လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။ တစ်ဦး၏ အသားအရေမှာ ဖြူဖွေးနူးညံ့ကာ ကျန်တစ်ဦးက ကြေးနီရောင်သမ်းနေသည့်အတွက် ဘေးချင်းယှဉ်ရပ်နေသည့် ပုံရိပ်မှာ လွန်စွာ မျက်စိဖမ်းစားဖွယ် ကောင်းလှပေသည်။ 


PD က သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းများကို အနီးကပ် ရိုက်ပြကာ စက်ဝိုင်းဖြင့် ဝိုင်းပြလိုက်သည်။ 


ကျိမြန်က သူ့လည်ပင်းကို ဖက်ကာ နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု ပြဿနာမရှာနဲ့ ဘေးမှာရပ်နေ ..." 


"ပြဿနာရှာတာ မဟုတ်ပါဘူးနော် ကျိကော ကောက ကျွန်တော့်ကို တစ်လမ်းလုံး ကူသယ်ပေးလာရတာလေ ဘယ်လိုလုပ် ကြိုးကို ဆွဲထားနိုင်တော့မှာလဲ တောင်အောက်ကို ဆင်းဖို့ဆိုတာ လက်မောင်းအားပဲ လိုတာ ခြေထောက်မှာ ဒဏ်ရာရှိတာ မရှိတာက ဒီလောက်ကြီး အရေးမပါပါဘူး ဒါရိုက်တာကြီး ကျွန်တော့်ကိုပဲ လုံခြုံရေးသိုင်းကြိုးတွေ ချည်ပေးပါ ..." 


သူက ဟိုဘက်ဒီဘက်ယိမ်းကာ ကျိမြန်၏ လက်မောင်းကြားမှ ရုန်းထွက်လိုက်သည်။ 


ကျိမြန်က သူ့ကို လွှတ်မပေးဘဲ ရင်းရင်းနှီးနှီး ပြောလိုက်သည်။ 


"ဒီမှာပဲ လိမ်လိမ်မာမာလေး နေမလား မင်းကို အပြာသင်းထဲ ရွှေ့ပစ်လိုက်ရမလား ..." 


ရှောင်ကျားရှုမှာ ရုတ်ချည်း ငြိမ်ကျသွားတော့သည်။ သူ့ပုံစံမှာ အနည်းငယ် စိုးရိမ်နေဟန်ပင်။ 


ကျိကောက အမြင့်ကြောက်တတ်တဲ့ဟာကို ဘယ်လိုလုပ် အောက်ဆင်းနိုင်မှာလဲ ...


ထိုအချိန်တွင် သူသည်လည်း အမြင့်ကြောက်တတ်သူ ဖြစ်ကြောင်းကို လုံးဝဥဿုံ မေ့လျော့နေပေသည်။ 


နှစ်ဦးသား သူဆင်းမည် ငါဆင်းမည် ပြောနေသည်ကို မြင်လိုက်ရသည့်အခါ လင်းလဲ့ယန်က တိတ်တဆိတ် လှောင်ရယ်လိုက်သည်။ 


ရှောင်ကျားရှုက တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ ရဲရင့်တယ် စီနီယာအပေါ် လေးစားတတ်တယ်ဆိုတဲ့ အမြင်ကောင်းကို ချန်ထားနိုင်ရုံတင် မကဘူး screen time ကိုပါ တိုးအောင် လုပ်နိုင်တယ် အောက်ကို ဆင်းဖို့ အဆိုပြုလိုက်တဲ့ အခန်းနဲ့ အပြာသင်းကို ပြောင်းမယ်လို့ အပြောခံလိုက်ရတဲ့အခါ ဖြစ်သွားတဲ့ပုံစံနဲ့တင် သေချာပေါက် နာမည်ကြီးသွားတော့မှာ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ လူချမ်းသာ ဒုတိယသခင်လေး ဖြစ်နေတာတောင် အလုပ်ကြိုးစားတဲ့ ဂျူနီယာလေးလို ဟန်ဆောင်လိုက်သေးတယ် ကျိကောကိုလည်း ဒီနည်းလမ်းနဲ့ပဲ လှည့်ဖြားလာတာ နေမှာပေါ့ ... 


မည်သို့ပင် တွေးနေပါစေ သူ့မျက်နှာတွင်မူ အမြင့်ကို ကြောက်တတ်သည့်နှယ် မချိပြုံးလေးတစ်ခုကိုသာ ချိတ်ဆွဲထားပေသည်။ အမြင့်ကို ကြောက်တတ်ခြင်း မဟုတ်သည့်တိုင် ကျိကော၏ ပြကွက်ကို လုယူရန် မဝံ့ရဲချေ။ 


Xxxxxxxxx