အပိုင်း ၁၀၉
Viewers 44k

Chapter 109


မည်သို့ပင် တွေးနေပါစေ သူ့မျက်နှာတွင်မူ အမြင့်ကို ကြောက်တတ်သည့်နှယ် မချိပြုံးလေးတစ်ခုကိုသာ ချိတ်ဆွဲထားပေသည်။ အမြင့်ကို ကြောက်တတ်ခြင်း မဟုတ်သည့်တိုင် ကျိကော၏ ပြကွက်ကို လုယူရန် မဝံ့ရဲချေ။ 


ကျိကောက ခေါင်းဆောင်လေ ခေါင်းဆောင်ဆိုတာ အင်အားအကြီးဆုံးနဲ့ ဉာဏ်အကောင်းဆုံးသူပဲ ဒီလိုလူမျိုးကမှ ဖန်တွေကို ဆွဲဆောင်နိုင်တာ အပြာအသင်းက ရှစ်ထင်းဟန်ကိုပဲ ကြည့်လေ အန္တရာယ်များတဲ့ မစ်ရှင်နဲ့ ပထမဆုံးအကြိမ် ကြုံရတာ ကပ္ပတိန်နှစ်ယောက်ကို လုံးဝ နောက်ချန်ထားလို့ မဖြစ်ဘူး ... 


ရှောင်ကျားရှုက ဒါမျိုးကိုတောင် တွေးမကြည့်ဖူးဘူးလား သူ့ရဲ့ EQ က ဘယ်လောက်တောင် နိမ့်နေတာလဲ သူ့မိသားစုနောက်ခံကြောင့်သာ မဟုတ်ရင် အခုဆို ဘယ်လိုနေရာများ ရောက်နေလောက်လဲ ... 


မနာလိုမှုတို့ တိုက်စားခြင်း ခံလိုက်ရသည့် လင်းလဲ့ယန်က မုန်းတီးခြင်းအပြည့်ဖြင့် တွေးလိုက်သည်။ 


ထိုအခိုက်တွင် ကျိမြန်က သူ့ဘက်လှည့်ကာ အေးစက်စွာ စိုက်ကြည့်လိုက်၏။ ကြိုးကို သေချာချည်နှောင်ကာ ကျောက်တောင်အစွန်းသို့ တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည့်အတွက် မည်သူကမှ သူ ကြောက်ရွံ့နေကြောင်း၊ ကြောက်လွန်း၍ လက်ဖဝါးတစ်ခုလုံးပင် ချွေးများဖြင့် စိုရွှဲနေကြောင်း မသိကြချေ။ သူ အောက်သို့ဆင်းရန် အဆင်သင့်ဖြစ်နေချိန်မှာပင် ရှောင်ကျားရှုက ထပ်အော်ပြောလိုက်ပြန်သည်။ 


"ကျိကော ကျွန်တော်ပဲ ဆင်းပါရစေ ..." 


သူ့နှလုံးသားတစ်ခုလုံး စွန့်လွှတ်စွန့်စားချင်သည့် သူရဲကောင်းစိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေကာ ထိုစိတ်ဓာတ်က ကျိမြန်ကိုပါ ကူးစက်သွားပြီး အခက်ခဲဆုံး ခြေလှမ်းကိုပင် ကြိုးစားကာ လှမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


"မင်းကို ငြိမ်ငြိမ်လေး နေနေဖို့ ပြောထားတယ်လေ ..." 


ကျွမ်းကျင်သူတို့၏ လမ်းညွှန်မှုဖြင့် တစ်ဖြည်းဖြည်း ဆင်းသွားပြီးနောက် သုံးလေးမီတာခန့် အရောက်တွင် ခြေချော်ကျကာ ကျောက်သားနံရံနှင့် ရိုက်မိမလို ဖြစ်သွားတော့သည်။ 


ရှောင်ကျားရှုမှာလည်း မျက်လုံးကိုပင် မဖွင့်နိုင်လောက်အောင် ကြောက်ရွံ့နေသော်လည်း ကျိမြန်က အောက်ဆင်းနေသည့်အတွက် ကျောက်ဆောင်အစွန်းအထိ ရွှေ့ကာ မျက်လုံးကို မနည်းအားတင်းပြီး ဖွင့်ထားလိုက်တော့သည်။ ကျိမြန်၏ ခြေထောက်တို့ ချော်ထွက်သွားကြောင်း တွေ့လိုက်ရသည့်အခါ သူ့ခြေထောက်များလည်း ပျော့ခွေကာ ယိုင်လဲကျတော့မတတ် ဖြစ်သွားတော့သည်။ ယုပိုင်ရှို့က သူ့ကို လှမ်းဆွဲထားလိုက်မိ၍သာ တော်သေးသည်။ 


တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် အေးစက်နေကာ မတ်တပ်ပင် မရပ်နိုင်တော့သည့်အတွက် မြေကြီးပေါ် လဲလျက်သာ ကျိမြန်ကို ကြောက်လန့်မှုနှင့် ခေါင်းမာမှုတို့ ရောယှက်နေသည့် အနီရောင်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ကျိကော မြေ‌ပြင်ပေါ်သို့ ဘေးကင်းကင်း သက်ဆင်းနိုင်သည်အထိ သူ့ကိုယ်ပိုင်မျက်စိဖြင့် တပ်အပ်မြင်ရမှ ဖြစ်ပေမည်။ 


ကျိမြန်တွင် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တို့ ကင်းမဲ့နေသည်တော့ မဟုတ်။ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားသည့် ရှောင်ကျားရှု၏ ပူပန်စိတ်နှင့် နှိုင်းယှဉ်ပါလျှင် စာမဖွဲ့သာရုံမျှသာ ဖြစ်ပေသည်။ 


"ရှောင်ရှု ခပ်ဝေးဝေးကိုသွား ..." 


သူက အပေါ်ကို မော့ကြည့်ကာ လှမ်းအော်လိုက်သည်။ 


ဘာလို့ ဒုသခင်လေးရှောင်ကို ခပ်ဝေးဝေး သွားခိုင်းနေတာလဲ .... 


ရပ်ကြည့်နေသူအားလုံး ပဟေဠိ ဖြစ်သွားကြတော့သည်။ 


"ကျွန်တော်မသွားဘူး ..." 


ရှောင်ကျားရှုက အကြောင်းပြချက်ကို မေးရန်ပင် သတိမရတော့။ အစွန်နားရှိ ကျောက်တုံးတစ်တုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် လှမ်းအော်လိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ကြည့်မနေနဲ့ ‌ခြေထောက်ကိုပဲ အာရုံစိုက်ထား ခြေ‌ချလို့ရမယ့် နေရာကို ရှာလိုက် မခိုက်မိစေနဲ့ သေချာဂရုစိုက်ရမယ်နော် ဖြေးဖြေးပဲဆင်း အလျင်စလို မလုပ်နဲ့ ဟွမ်ကောရဲ့ အရှိန်နဲ့လည်း သွားမယှဉ်နဲ့ တကယ်လို့ စားစရာ မလောက်ရင်လည်း ကိစ္စမရှိဘူး ကျွန်တော် လျော့စားပေးမယ် ဟုတ်ပြီလား ..." 


ကျိမြန်က သူ့ကို မော့ကြည့်ပြီးကာမှ အောက်သို့ ဆက်ဆင်းလိုက်တော့သည်။ "ကိစ္စမရှိဘူး လျော့စားပေးမယ်" ဟူသည့် စာကြောင်းက သူ့ကို အားသစ်တစ်ရပ် ဖြစ်စေခဲ့ကြောင်းကိုတော့ လုံးဝ မငြင်းဆန်နိုင်ပေ။ ထိုကောင်လေးကို အငတ်ထားရမည်ဟု တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျိမြန်မှာ သည်းမခံနိုင်တော့။


ရှစ်ထင်းဟန်မှာ "ကိုလူကြမ်း" ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ အလျင်အမြန်ပင် အောက်ဆင်းကာ ခေါက်ဆွဲခြောက် ငါးထုပ်နှင့် ပေါင်မုန့်အချို့မှအပ ကျန်စားစရာ အားလုံးနီးပါးကို သိမ်းကြုံးကာ ယူသွားတော့သည်။ ကျောက်တောင်ကို တက်ရခြင်းမှာ လွန်စွာ ခက်ခဲလှသည့်အပြင် သူတို့နှစ်ဦးမှာ ပစ္စည်းများစွာကိုလည်း သယ်ပိုးထားရသေးသည့်အတွက် ရိုက်ကူးရေးအဖွဲ့က သူတို့ကို တိုက်ရိုက် ဆွဲတင်ပေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


ကျိကော အပေါ်သို့ ပြန်ရောက်လာတော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုက ချက်ခြင်းပင် ဘေးတိုးပြီး သူ့အတွက် နေရာဖယ်ပေးလိုက်သည်။ PD က သူ၏ တောက်တဲ့ပုံစံ ကိုယ်နေဟန်ထားကို ရိုက်ကူးရင်း ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရတော့သည်။ 


ကျိမြန် အပေါ်သို့ ပြန်ရောက်ပြီးနောက် ရှောင်ကျားရှုကို ဦးစွာ ရှာဖွေလိုက်သည်။ မြေကြီးပေါ်လှဲကာ အသက်ကို အလုအယက် ရှူနေရသူအား တွေ့လိုက်ရသည့်အခါ ခပ်တိုးတိုး ရယ်မောမိသွားတော့သည်။ 


"ဘာလို့ မင်းကတောင် ငါ့ထက်ပိုပြီး ပင်ပန်းတဲ့ပုံ ပေါက်နေရတာလဲ ..." 


ရှောင်ကျားရှုက မျက်လုံးနှစ်ဖက်ကို လှိမ့်လိုက်ကာ ပထမဆုံးအကြိမ်အဖြစ် သူ့ကို စကားပြန်မပြောတော့။ 


ကျိကော ကျွန်တော်က ခင်ဗျားကို စိတ်ပူလို့လေ ဒါလေးတောင် မသိဘူးလား ခန္ဓာကိုယ်က မပင်ပန်းပေမယ့် စိတ်က တအားကို ပင်ပန်းနေတာလေ ... 


ကျိမြန်က သူ၏ ဖောင်းမို့နေသော ပါးနှစ်ဖက်ကို ဆွဲညှစ်ကာ နူးညံ့သည့် အလင်းရောင်တို့ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။ 


"လှဲမနေနဲ့တော့ ကောက မင်းကို တောင်အောက်အထိ ကူတွဲသွားပေးမယ် တဲဆောက်ပြီး စားဖို့သောက်ဖို့ လုပ်ရအောင် ..." 


ရှောင်ကျားရှုက လူးလှိမ့်ကာ ဖုန်တို့ဖြင့် ညစ်ပေနေသည့် နောက်ကျောပြင်ကို လှစ်ဟပြလိုက်သည်။ 


ကျိမြန်က သူ့ကို လက်မောင်းအောက်မှ ဆွဲထူကာ ဖုန်အားလုံးကို ခါပေးရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"လာပါ ခေါက်ဆွဲခြောက်တွေ ပြုတ်ရအောင်လေ ..." 


ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့က အပြာအသင်း၏ လက်ဆတ်သော သားငါးသီးနှံတို့ကို လောဘတက်နေသည့်တိုင် ခေါက်ဆွဲခြောက်များကို ပြုတ်ရာတွင် များစွာ အားစိုက်ထုတ်စရာ မလိုသည့်အတွက် စိတ်အေးသွားကြရပြန်သည်။ 


သေလောက်အောင် ပင်ပန်းနေတဲ့ အချိန်မှာ ဘယ်သူကများ ချက်နိုင်ပြုတ်နိုင်ဦးမှာလဲ ... 


တောင်အောက်သို့ တပျော်တပါး ဆင်းကာသာ ကမ်းခြေရှိ ခြောက်သွေ့အေးမြသော နေရာတစ်ခုတွင် မီးပုံကို ဖိုလိုက်သည်။ 


ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို တဲသုံးခု ပေးလာသည်။ ဟွမ်ရင်ရွှယ်က တစ်ယောက်တည်း အိပ်ရမည်ဖြစ်ကာ ကျန်တဲနှစ်လုံးကို ယောကျာ်းလေး လေးဦးက မျှဝေသုံးစွဲရမည်ဖြစ်သည်။ ရှောင်ကျားရှု၏ အကြည့်တို့ ဝင်းလက်ကာ စကားပြောမည် ပြုစဉ်မှာပင် ကျိမြန်က ဦးအောင်ပြောလိုက်သည်။ 


"ရှောင်ရှု ညကျ ငါနဲ့ လာအိပ်လှည့် ...." 


"ဒါဆို ကျွန်တော်က ယုပိုင်ရှို့နဲ့ အိပ်လိုက်ပါ့မယ် ..." 


လင်းလဲ့ယန်က စိတ်မပါစွာဖြင့် ပြုံးပြလိုက်သည်။ 


ဟွမ်ရင်ရွှယ်သည် ကမ်းရိုးတန်းဒေသ၌ ကြီးပြင်းလာသူဖြစ်၍ မည်သည့် shellfish အမျိုးအစားများကို စားသောက်၍ရကြောင်း ကောင်းစွာသိပေသည်။ ကမ်းစပ်သို့သွားကာ shellfish အချို့ တူးလာပြီး ခေါက်ဆွဲခြောက်ဖြင့် ရောပြုတ်လိုက်သည်။ အားလုံး အတူတူ ချက်ပြုတ်စားသောက်ရသည်မှာ ပျော်ရွှင်ဖွယ် ကောင်းလှသော်ငြား အပြာအသင်းမှာမူ သနားဖွယ်ရာပင်။ နေထိုင်ရန် ရွက်ဖျင်တဲကို ကိုယ်တိုင် တည်ဆောက်ရမည့်အပြင် ချက်ပြုတ်ခြင်းကိုလည်း လုပ်ရဦးမည်ဖြစ်ရာ မုချ မောပန်းနေပေလိမ့်မည်။ 


အားလုံး စားသောက်ပြီး၍ အနားယူနေချိန်တွင် ကျိမြန်က တိတ်ဆိတ်သည့် ထောင့်တစ်ထောင့်သို့သွားကာ သီးသန့်စကားပြောခန်းတစ်ခု ရိုက်ကူးလိုက်သည်။ သူက ကင်မရာကို ကြည့်ကာ ပြောလိုက်၏။ 


"ရှောင်ကျားရှု ‌တောင်အောက်ကို ဆင်းချင်တဲ့ ကိစ္စကို အားလုံး အံ့ဩနေကြမယ်လို့ ထင်ပါတယ် တကယ်‌တမ်းတော့ ကျွန်တော့်မှာ အမြင့်ကြောက်တတ်တဲ့ရောဂါ ရှိနေတယ် ရှောင်ရှုက ဒါကိုသိလို့ ကျွန်တော့်နေရာမှာ အစားထိုးချင်တာပါ ...." 


ဘေးနားရှိ ဒါရိုက်တာက သူ့ကို မေးလိုက်သည်။ 


"မစ္စတာကျိ ခင်ဗျားရဲ့ အားနည်းချက်အကြောင်း ဘယ်သူ့ကိုမှ အသိမခံနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား ..." 


"ဟုတ်တယ် အစကတော့ ပြောဖို့ စိတ်ကူးမရှိဘူး ရိုက်ကူးရေး လုပ်နေတဲ့အချိန်မှာဆို စိတ်ကို အကောင်းဆုံး ထိန်းချုပ်ထားလို့ ရပေမယ့် ရိုက်ကူးရေး မရှိတဲ့အချိန်မှာ တောင်တက်ဖို့ တောင်းဆိုရင် လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး ရှောင်ရှုက အရမ်းကို ဂရုစိုက်တတ်တယ် သူနဲ့ငါနဲ့ U.S မှာ ဇာတ်လမ်းရိုက်တော့ ကြိုးတွေနဲ့ တွဲလောင်းချိတ်ခံထားရကတည်းက သူ သတိထားမိသွားတာ တကယ့်လက်တွေ့ဘဝမှာ မင်းတို့ကို အများကြီး ဂရုစိုက်ပေး စိတ်ပူပေးပြီး မင်းအစား လုပ်ဆောင်ပေးမယ့်သူသာ ရှိမယ်ဆိုရင် အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုကို အပြင်လူတွေ သိသွားရင်တောင် ဆိုးရွားတဲ့ကိစ္စ မဟုတ်တော့ဘူး မျှဝေနိုင်တဲ့လူတစ်ယောက်လောက် ရှိနေတာကလည်း ကောင်းတဲ့ကိစ္စပဲ ..." 


ထိုသို့ပြောနေရင်း သူပင် သတိမထားမိဘဲ ပြုံးလိုက်မိတော့သည်။ အကြည့်တို့မှာလည်း နှိုင်းတု၍ မရနိုင်လောက်အောင်ပင် နူးညံ့နေတော့သည်။ 


"ကြည့်ရတာ ကောတို့နှစ်ယောက်က တကယ်ကို သူငယ်ချင်းကောင်းတွေထင်တယ် ..."


"သေချာ‌တာပေါ့ ..." 


ကျိမြန်က ချက်ခြင်းပင် ထောက်ခံကာ ထပ်ဖြည့်ပြောလိုက်သည်။ 


"မင်းတို့တော့ မသိလောက်ပေမယ့် ရှောင်ရှုလည်း အမြင့်ကြောက်တတ်တယ် အဲဒါကြောင့်လည်း သူ့ကို ဆင်းခွင့်မပြုတာ သူက ငါမသိလောက်ဘူးလို့ ထင်ပေမယ့် တကယ်တမ်းတော့ သိနေတယ် ဒီလိုပဲ ငါကလည်း သူ မသိလောက်ဘူးလို့ ထင်ပေမယ့် ဒီလိုကိစ္စတွေ ဖြစ်လာမှပဲ သူသိနေမှန်း သိသွားတာ ..." 


ထိုအကြောင်းပြောနေသည့် ကျိမြန်မှာ ဝေခွဲမရ ဖြစ်နေဟန်ပင်။ နောက်ဆုံးတွင်တော့ ခေါင်းငုံ့လျက်သာ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ 


ဒါရိုက်တာလည်း နားဝေတိမ်တောင် ဖြစ်သွားတော့၏။ ဤကဲ့သို့ အံ့ဩဖွယ် ဇာတ်ကြောင်းမျိုး ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ 


အကျိုးနည်းကို အံ့ဩစရာပဲ သူတို့နှစ်ယောက်လုံးက တစ်ခြားတစ်ယောက်စီမှာ အမြင့်ကြောက်တတ်တဲ့ရောဂါ ရှိနေမှန်း သိပြီးတော့ သူ့ရဲ့ နေရာမှာ အစားဝင်ပေးဖို့ ကြိုးစားကြတယ် ဒီလိုဆက်ဆံရေးမျိုးက "ကောင်းတယ်" ဆိုတာထက်ကို ပိုနေပြီ မဟုတ်လား ... 


ကျိမြန်က ရယ်မောခြင်းကိုရပ်ကာ ဆက်ပြောလိုက်သည်။ 


"ငါ့စိတ်ထဲမှာတော့ ရှောင်ရှုက ညီအရင်းတစ်ယောက်လိုပဲ ဆိုတော့ သူ့ကို ဂရုစိုက်ပေးတာ ဖြစ်သင့်ပါတယ် ..." 


ထိုသို့ ပြောရင်း စကားဝိုင်းကို အဆုံးသတ်ကာ ပြန်ထွက်လာလိုက်စဉ် မနီးမဝေးတစ်နေရာ၌ ဖြူလျော်နေသော မျက်နှာဖြင့် အကြောင်သား ငေးကြည့်နေသော လင်းလဲ့ယန်ကို တွေ့လိုက်ရတော့သည်။ 


သူ ကြားသွားတာလား ကြားတော့ရော ဘာဖြစ်လဲ ... 


ကျိမြန်က အသာခေါင်းငြိမ့်ပြလျက်သာ ဘေးနားမှ ဖြတ်လျှောက်လိုက်သည်။ ရှောင်ကျားရှုက သူ့ဇာတ်ကွက်ကို ခိုးယူကာ အဓိကနေရာကို လိုချင်သည်ဟူ၍ ပရိသတ်၏ အထင်အမြင် လွဲခြင်းကို ခံရကာ စော်ကားတိုက်ခိုက်ခြင်းကို ခံရမည်အား စိုးရိမ်၍သာ မဟုတ်ပါလျှင် ဤမျှအထိ စိတ်ပါလက်ပါ ရှင်းပြနေမည် မဟုတ်ချေ။ 


လင်းလဲ့ယန်က သူ့နောက်ကျောကိုသာ အချိန်အတော်ကြာသည်အထိ ငေးကြည့်နေကာ PD က သူ့ကို ရိုက်ကူးနေကြောင်း သိလိုက်ရမှသာ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြလိုက်သည်။ 


"အစ်ကိုကျန်း ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ် ခဏနေမှ လိုက်လာခဲ့နော် ..." 


PD က သူ့ကို သံသယမဝင်။ အခြားသူများကို ရိုက်ကူးရန် တဲရှိရာဆီသို့ ပြန်ထွက်လာလိုက်တော့သည်။ 


သူက လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ ရောက်ကာမှ ထိုင်ချကာ အသံတိတ် အော်ဟစ်လိုက်တော့သည်။ ကျိကောတွင် အမြင့်ကြောက်တတ်သည့်ရောဂါ ရှိနေကြောင်း မသိသည့်အပြင် ရှောင်ကျားရှု၏ သွေးထိုးမှုကြောင့် သူနှင့် လမ်းခွဲခဲ့သည်ဟုပင် ရက်ရက်စက်စက် တွေးခဲ့မိသေးသည်။ 


ကြည့်ရတာ သူတို့က အစကနေ အဆုံးအထိ အချစ်တွေ ထုတ်ပြပြီး ကျန်တဲ့သူကို အရူးလို သဘောထားခဲ့ကြတာပဲ ... 


လင်းလဲ့ယန်က သူတို့ကို မုန်းတီးမိသည့်တိုင် သူ့ကိုယ်သူ ပိုမိုမုန်းတီးမိတော့သည်။ ထိုအခါမှသာ ကျိကောကို မည်မျှအထိ ဂရုမစိုက်မိခဲ့ကြောင်း သဘောပေါက်သွားတော့သည်။ သူ ကြိုက်တတ်သည့် စားစရာ၊ ဝတ်တတ်သည့် အဝတ်အစားသာမက နှစ်သက်မှု၊ ကြောက်ရွံ့မှုတို့ကိုပင် မသိခဲ့။ "အဖြောင့်တစ်ယောက်၏ ဂုဏ်သိက္ခာ" ဟူသည့် ရယ်မောဖွယ် ခေါင်းစဉ်ကိုသာ အတင်းအကြပ် ဖက်တွယ်မထားခဲ့ပါလျှင် သူနှင့် ကျိကော၏ အခြေအနေမှာ ဤမျှအထိ ဆိုးဝါးလိမ့်မည် မဟုတ်ချေ။ 


ရှောင်ကျားရှု ကျိကောအတွက် လုပ်ပေးတာ မှန်သမျှ သူလည်း လုပ်နိုင်သားပဲ ပြောရရင် ကျိကောကို မချစ်တာ မဟုတ်ဘဲ သူ့ကို လုံလုံလောက်လောက် ဂရုမစိုက်မိရုံလေးတင်လေ ... 


မင်းနဲ့တန်တယ် လင်းလဲ့ယန် တကယ်ကို မင်းနဲ့တန်တယ် ... 


အားကုန်ထုတ်ကာ သဲတစ်ဆုပ်ကို ကောက်ယူလိုက်သည့်တိုင် အလျင်အမြန်ပင် လက်ထဲမှ‌ လျောကျသွားတော့သည်။ 


....


တစ်ချိန်တည်းမှာပင် ရှိုး၏ ကြည့်ရှုနှုန်း တိုးမြှင့်နိုင်ရန် အလို့ငှာ ဒါရိုက်တာက ဗိုက်ပြည့်လွန်း၍ ငိုက်မြည်းနေသော ရှောင်ကျားရှုကိုပါ ဆွဲခေါ်လာလိုက်သည်။ 


"စောစောက ဘာလို့ မစ္စတာကျိအစား အောက်ကို ဆင်းချင်ရတာလဲ ..." 


ရှောင်ကျားရှုက ချက်ခြင်းပင် အိပ်ချင်ပြေသွားကာ စပ်ဖြဲဖြဲ ‌ပြုံးလျက် ပြောလိုက်သည်။ 


"ကျွန်တော့်ခြေထောက်ကို ငုံ့နမ်းလိုက်မိလို့လေ ပျက်စီးသွားတဲ့ ပုံရိပ်ကို ပြန်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး လုပ်ရမယ် မဟုတ်လား ..." 


ဒါရိုက်တာက တိတ်တိတ်လေး ခိုးရယ်ကာ မဝံ့မရဲ မေးလိုက်သည်။ 


"ဒါမှမဟုတ် မစ္စတာကျိက အမြင့်ကြောက်တတ်လို့လား ..." 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျွန်တော်တို့ ကျိကောက ဘာကိုမှ မကြောက်တတ်ပါဘူးနော် ..." 


မေးကို မြှောက်ကာ ပြောလိုက်သည့် သူ့ပုံစံမှာ အလွန်အမင်း ဝံ့ကြွားနေဟန်ပင်။ 


"အိုး သိပါပြီ ဒါဆို သွားလို့ရပြီနော် ..." 


ရှောင်ကျားရှုကမူ ရိုက်ကူးရေးအဖွဲ့သားအားလုံး ဆီးထွက်ကျလုမတတ်ပင် ရယ်ပွဲနွှဲနေကြရပြီဖြစ်ကြောင်း မသိဘဲ ပြန်လာခဲ့လိုက်တော့သည်။ 


ရှောင်ကျားရှုထက်ပိုပြီး တုံးအ၊ ချစ်ဖို့ကောင်းတဲ့သူမျိုး တွေ့ကို မတွေ့ဖူးဘူး အရမ်းကြီး ချစ်ဖို့ကောင်း မနေပါနဲ့ မစ္စတာကျိနဲ့သူနဲ့ ရင်းနှီးနေတာ အံ့ဩစရာ မရှိတော့ပါဘူး သူနဲ့ ဆက်သွယ်ပြောဆိုတဲ့အချိန်ဆို ဦးနှောက်သုံးနေစရာကို မလိုဘူး နေ့တိုင်းနေ့တိုင်း အရမ်းအရမ်းကို စိတ်ပေါ့ပါးလွတ်လပ်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရမှာပဲ ... 


Xxxxxxd