အပိုင်း ၁၁၄
Viewers 44k



Chapter 114




တစ်ဖက်တွင်မူ ရှောင်ကျားရှူသည် အရပ်ရှစ်မျက်နှာအနှံ့ အကိုင်းများ ဖြာဝေနေသည့် ညောင်ပင်တစ်ပင်ကို ရှာတွေ့လိုက်၏။ ၎င်းမှာ သစ်လုံးအိမ် တည်ဆောက်ရန် မဆိုထားနှင့် အဆောက်အဦးကြီးတစ်ခုပင် ဆောက်လုပ်နိုင်ရာ မြေ‌ပြင်မှ နှစ်မီတာ သုံးမီတာအကွာရှိ အကိုင်းအချို့ကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။


"ဒီနားမှာပဲ ဆောက်ကြရအောင် မြင့်လည်း မမြင့်ဘူး နိမ့်လည်း မနိမ့်ဘူး အနေတော်ပဲ ..." 


"ငါလည်း အဆင်ပြေတယ်လို့ ထင်တယ် ဒါပေမယ့် သစ်ပင်အိမ် ဆောက်မယ်ဆိုရင် သံတွေအများကြီး လိုတယ် မဟုတ်လား ငါတို့မှာ သံချွန်မှ မရှိတာ ဘယ်လိုလုပ်ကြမလဲ ..." 


ယုပိုင်ရှို့က မေးလိုက်သည်။ 


"ဒါဆိုလည်း ကြိုးနဲ့ပဲ ချည်လိုက်မယ်လေ အကြမ်းဖျင်း နေရာချကြည့်ပြီးမှ ဆောက်လို့ရမရ ခန့်မှန်းကြတာပေါ့ ..." 


ရှောင်ကျားရှုက တစ်ခဏမျှ ရပ်တန့်ပြီးကာမှ ဆက်ပြောလိုက်သည်။ 


"ငါ ကမ်းစပ်မှာ ရေလွှာလျှောစီးတဲ့ ပျဉ်ချပ်ရှည်တွေ အများကြီး တွေ့ခဲ့တယ် အဲဒါတွေက သူများတွေ ပင်လယ်ထဲ စွန့်ပစ်လိုက်ရာကနေ ကမ်းစပ်မှာ တင်ကျန်နေခဲ့တဲ့ အမှိုက်လို့ ပြောလို့ရတယ် အဲဒါကို သွားယူပြီး ဆေးကြောလိုက်မယ် ဒါဆို အခင်းအနေနဲ့ သုံးလို့ရသွားပြီ ..." 


"အယ် အဲဒီ့အကြံ ကောင်းသားပဲ ငါလည်း အတူတူလိုက်ခဲ့မယ် ..." 


ယုပိုင်ရှို့က လက်ခုပ်နှစ်ဖက်ကိုတီးကာ ပြောလိုက်သည်။ 


"ပျဉ်ပြားတွေက သိပ်မလေးတော့ တစ်ယောက်တည်း သယ်လို့ရတယ် မင်းက ကိုယ်ထည်အကြမ်း ချထားကြည့်လေ အဲဒါက ပိုပြီး ပြဿနာများတယ် ..." 


ရှောင်ကျားရှု၏ ပုံရိပ်မှာ တစ်ဖြည်းဖြည်း သစ်တောထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ သူ့နောက်မှ လိုက်လာသော PD နှစ်ဦးပင်လျှင် အမီမလိုက်နိုင်တော့။ သူ့ပုံစံမှာ ခြေထောက် ဒဏ်ရာရနေသူနှင့်ပင် မတူ။ ကျိမြန်ထက်ပင် ပိုမို အားအင်ပြည့်ဝနေသေးသည်။ 


ပျဉ်ချပ်အချို့ကို သယ်ကာ တောင်တက်နေရင်း လမ်းတစ်ဝက်တွင် အသံတစ်သံမှ မထွက်ဘဲ ရုတ်ချည်း လဲကျသွားသည့်အတွက် PD နှစ်ဦးက ရုတ်ရုတ်သဲသဲဖြင့် ဆေးရုံသို့ ချက်ခြင်း လိုက်ပို့လိုက်တော့သည်။ 


ဧည့်သရုပ်ဆောင်များ၏ လုံခြုံရေးအတွက် ပရိုဂရမ် မစခင် လအနည်းငယ် အလိုခန့်ကပင် ကျွန်းပေါ်သို့ လာရောက်၍ ကုန်ပစ္စည်း ထားသိုရန်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများ ဆောင်ရွက်ရန် အဆောက်အဦးငယ်တစ်လုံးကို တည်ဆောက်ထားပြီးဖြစ်ကာ ထိုထဲတွင် ပစ္စည်းကိရိယာ ဆေးဝါးအစုံအလင် ထားရှိသည့် ဆေးခန်းငယ်တစ်ခုလည်း အပါအဝင်ပင်ဖြစ်သည်။ ဧည့်သည်များကို ဖုန်းပေးမထားသည့်တိုင် PD များမှာမူ တစ်ယောက်နှင့်တစ်ယောက် အချိန်မရွေး ဆက်သွယ်နိုင်ရန် headset များ ဝတ်ဆင်ထားရပေသည်။ 


ရှောင်ကျားရှု မူးလဲသွားသည့်သတင်းကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ဧည့်သည်များကိုပါ ချက်ခြင်း အကြောင်းကြားလိုက်ကြသည်။ 


တစ်နာရီ ကြာပြီးနောက်တွင်မှ ရှောင်ကျားရှု သတိပြန်လည်လာ၏။ မည်သည့်နေ‌ရာ ရောက်နေမှန်း မစူးစမ်းနိုင်သေးခင်မှာပင် နားစည်ထဲအထိ ပဲ့တင်သွားလောက်အောက် အက်ကွဲနေသည့် အသံတစ်ခုကို ကြားလိုက်ရတော့သည်။ 


"နိုးလာပြီလား ..." 


ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ‌ညိုမှိုင်းနေသော မျက်နှာ၊ မည်းမှောင်နေသော အကြည့်တို့ဖြင့် ဆေးရုံကုတင်ဘေးတွင် ရပ်နေသော ကျိကောအား တွေ့လိုက်ရသည်။ လက်ထဲတွင် ဆေးလိပ်တစ်လိပ် ကိုင်ထားပြီး ကြမ်းပြင်တွင်လည်း ဆေးလိပ်တိုများစွာ ရှိနေသည့်တိုင် အခန်းထဲ၌ မည်သည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ အနံ့အသက် တစ်စုံတစ်ရာမှ မရှိချေ။ ခေါင်းထက်တွင် တကျွီကျွီမြည်နေသော ပန်ကာက အဆက်မပြတ် လည်ပတ်နေကာ ပြတင်းပေါက်ကိုလည်း ဖွင့်ထားသည့်အတွက် လှိုင်းထနေသော ပင်လယ်ပြင်ကိုပင်လှမ်းမြင်နေရသည်။ 


"မင်းခြေထောက်က ပတ်တီးသေချာမစီးလို့ အကုန်ပြေကုန်ပြီ ..." 


သူက သက်ပြင်းချလျက် အသံကိုလျော့ကာ ပြောလိုက်သည်။ 


"အရည်ကြည်ဖုတွေလည်း ပေါက်ပြီးတော့ သွေးတွေ အများကြီး ထွက်နေတာ ဒါကို မခံစားမိဘူးလား ..." 


ရှောင်ကျားရှုက သူ့စကားများကို စဉ်းစားနေသည့်ဟန် ဗလာအကြည့်တို့ဖြင့် ငေးစိုက်ကြည့်နေလိုက်သည်။ မိနစ်ဝက်ခန့် ကြာကာမှ တင်းတင်းကြပ်ကြပ် ပြန်လည်ချည်နှောင်ထားပြီးဖြစ်သော ပတ်တီးကို ကြည့်လျက် ပြောလိုက်သည်။ 


"တကယ်ကြီးကို ဘာမှ မခံစားမိဘူး ကျွန်တော် ဘာဖြစ်နေတာလဲ ..." 


သူ့စိတ်ဝိဉာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွါသွားနှင့်ချေပြီ။ 


ကျိမြန်က သောက်လက်စ ဆေးလိပ်ကို ကြမ်းပြင်ပေါ် လွှတ်ချကာ ဖိနပ်ဖြင့် တက်နင်းလျက် မသဲမကွဲ ရေရွတ်လိုက်သည်။ 


"မင်းခြေထောက်တွေ ဒီလောက် စုတ်ပြတ်သွားတာတောင် မခံစားမိဘူး မင်းအသားကို ဓားနဲ့လှီးမိရင်ရော ခံစားမိမှာလား မင်းကိုယ်မင်း စက်ရုပ်လို့များ ထင်နေလား ရှောင်ကျားရှု မေးပါရစေဦး မင်းခေါင်းထဲမှာ ဘာတွေရှိနေတာလဲ ..." 


ထိုမေးခွန်းမှာ ထေ့လုံးငေါ့လုံးတို့ဖြင့် ပြည့်နှက်နေသည်ဟု သူကိုယ်တိုင်ပင်လျှင် ခံစားလိုက်ရသည်။ လူတစ်ယောက်ကို မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ သူ့အနေဖြင့် ထိုသူတို့၏ အတွေးအားလုံးကို မြင်နေရသော်ငြား ရှောင်ကျားရှု၏ နှလုံးသားတံခါးမှာမူ မည်မျှပင် ပြင်းပြင်းထန်ထန် ခေါက်နေပါစေ၊ ပဲ့တင်သံ ပြန်မလာခဲ့။ သူ့ရှေ့တွင် ထိုင်နေသူမှာ လူမဟုတ်၊ နက်ရှိုင်းလှသည့် ပင်လယ်အလားပင်။ ယခုအချိန်မှသာလျှင် ဘာကြောင့် နက်ရှိုင်းသည့် ပင်လယ်သမုဒ္ဒရာကို ကြောက်ရွံ့ကြကြောင်း နားလည်သွားတော့သည်။ မမြင်ရ၊ မတွေ့ရသည့် အရာသည် ကြောက်ဖို့အကောင်းဆုံး ဖြစ်ကာ သမုဒ္ဒရာသည် လူတို့နှင့် အနီးဆုံးနေရာတွင် ရှိသည့်တိုင် သမုဒ္ဒရာနှင့် ပတ်သက်၍ ဆယ်ပုံတစ်ပုံမျှပင် မသိကြချေ။



နက်ရှိုင်းမှုမှာ အသူတစ်ရာချောက်နက်အလားပင်။ ရှောင်ကျားရှုက သူနှင့် နီးကပ်နေသည့်တိုင် သူ့စိတ်ကို မဖတ်နိုင်သကဲ့သို့ပင်ဖြစ်သည်။ 


ရှောင်ကျားရှုကသာ သူ့ကို အားကုန်သုံးကာ လုံးလုံးလျားလျား လက်ခံမပေးခဲ့ပါလျှင် သူသည်လည်း ယခုကဲ့သို့ ခံစားနေမိမည် မဟုတ်ချေ။ သို့သော် နွေးထွေးကာ အသေးစိတ်ကျလှသည့် ဂရုစိုက်မှုနှင့် စစ်မှန်ထက်သန်သော ချစ်ခြင်းမေတ္တာတို့ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက်တွင်တော့ သူ့ရှေ့တွင် ရှိနေသည့် အေးစက်စက်လူသားကို ရင်မဆိုင်လိုတော့ချေ။ 


"ကျိကော ကျွန်တော် ဘာကိုမှ တွေးမနေပါဘူး ကျွန်တော် နေမကောင်းဖြစ်နေတာလား ..." 


ရှောင်ကျားရှုမှာ ယခုအချိန်အထိ နာကျင်မှုတစ်စုံတစ်ရာကိုမှ မခံစားရသေးသည့်အတွက် ပင့်သက်ရှိုက်လိုက်မိတော့သည်။ 


ထိုပင့်သက်က ကျိမြန်၏ နှလုံးသားတစ်ခုလုံးအနှံ့ ဖုံးလွှမ်းနေသည့် ပူပန်မှုနှင့် ဒေါသတို့ကို ဆောင်ယူသွားတော့သည်။ သူက အံကို တင်းတင်းကြိတ်လျက် ဆရာဝန်ကို လှမ်းခေါ်လိုက်သည်။ 


"မင်းခြေထောက်က ပတ်တီးက ပြေနေပြီး အရည်ကြည်ဖုတွေလည်း အကုန် ပေါက်ပြဲနေတယ် အဲဒါကိုတောင် ရွှံ့အိုင်တွေထဲ သွားထားသေးတော့ အနာက ပိုးဝင်ပြီး ယောင်ယမ်းနေတာ အဲဒါကြောင့်လည်း အပြင်းဖျားသွားတာပဲ မင်းကို ကုသပေးဖို့ နီးစပ်ရာ ဆေးရုံကြီးကို အမြန်ဆုံး ပို့မှ ရတော့မယ် ..." 


"ဒါဆို ကျန်တဲ့အပိုင်းတွေ ဆက်ရိုက်ဖို့ ပြန်လာရဦးမှာလား ..." 


ရှောင်ကျားရှုက လက်သည်းများကို ငုံ့ကြည့်လျက် မေးလိုက်သည်။ 


"ဒီလောက် ထိခိုက်နေတာကို ဘယ်ရိုက်ကူးရေး ဆက်လုပ်ချင်နေသေးတာလဲ မင်းက ၁၀ ရက်ကနေ လဝက်အထိ လုံးဝ လမ်းလျှောက်လို့ မရသေးဘူး ..." 


ကျိမြန်က မျက်နှာပေါ်ရှိ ကူကယ်ရာမဲ့မှုအားလုံးကို ဖယ်ရှားလိုက်သည်။ 


"ဒဏ်ရာအခြေအနေ တည်ငြိမ်သွားပြီဆိုမှ လူတစ်ယောက်လွှတ်ပြီး မင်း တရုတ်ကို ပြန်ဖို့အတွက် စီစဉ်ပေးမယ် အခု ဟွမ်မိန်ရွှမ်က ဆေးရုံမှာ စောင့်နေတယ် ငါက ထွက်လာလို့ မရတော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက် ..." 


သူက တစ်ခဏမျှ ရပ်ကာ သက်ပြင်းချလိုက်သည်။ 


"ထပ်ပြီးတော့ မမိုက်မဲနဲ့တော့ ဟုတ်ပြီလား ..." 


ရှောင်ကျားရှုက သာမန်ကာလျှံကာပင် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကောင်းပါပြီ ... နောက် ဘယ်တော့မှ ..." 


နောက်ဆုံးစကားလုံးလေးလုံးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ ရင်ဘတ်တစ်ခုလုံး အထိန်းအကွပ် ကင်းမဲ့စွာ မောဟိုက်နွမ်းနယ်သွားတော့သည်။ ထပ်မေးမည် ပြင်လိုက်စဉ် ဆရာဝန်ရောက်လာကာ လူနာကို စမ်းသပ်စစ်ဆေးပြီးနောက် ပြင်းထန်သည့် ပြဿနာ မရှိသည့်အပြင် အဖျားလည်း မကြီးတော့ကြောင်း ဆုံးဖြတ်ပေးလိုက်သည်။ ထို့နောက် သူ့ကို ရဟတ်ယာဉ်ရှိရာသို့ ချက်ခြင်း ပို့ပေးလိုက်၏။ 


ကျိမြန်က သူ့ကို ရဟတ်ယာဉ်ပေါ်အထိ သယ်သွားပေးသော်ငြား လမ်းတစ်လျှောက်လုံး စကားတစ်လုံးမှ မဆိုဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။ ရဟတ်ယာဉ် စတင်ထွက်ခွါသည့်အခါ ဟွမ်ရင်ရွှမ်၊ ယုပိုင်ရှို့နှင့် ရှစ်ထင်းဟန်တို့ကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် လူနာကုတင်ပေါ် ပြန်မလှဲမီ ဖုန်းကိုထုတ်၍ သူ့ friend circle ထဲတွင် ကျိမြန်နှင့် ပတ်သက်သည်များ အားလုံးကို ဖျက်ပစ်လိုက်သည်။ Weibo မှာမူ သုံးစွဲသူ များပြားလှသည့်အတွက် တစ်ခုကိုမှ မဖျက်ပစ်ရဲ။ သို့သော် တစ်ခုသော ဓာတ်ပုံကို ဖွင့်ကြည့်လိုက်မိသည့်အခါတွင်မူ မျက်ရည်တို့ မိုးပြိုသည့်နှယ် ကျဆင်းလာတော့သည်။ 


၎င်းမှာ လွန်ခဲ့သည့် ခြောက်လခန့်က "တမန်တော်" ရိုက်ကွင်းတွင် ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ ကျိမြန်က လင်းလဲ့ယန်ကို လက်တစ်ဖက်က ဖက်လျက် ကျန်လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ နွေးနွေးထွေးထွေး ပြုံးပြနေသည်။ ဤလူသစ်လေးမှာ သူ မျက်စိကျလွန်း၍ လက်မှတ်ထိုးထားရသူဖြစ်ကြောင်းနှင့် ဂရုစိုက်ပေးရန်ပါ တောင်းဆိုထားသေးသည်။ 


ဘာလို့ လင်းလဲ့ယန်နဲ့ အရမ်းရင်းနှီးနေတာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး သူ ဘာလို့ အကောင်းဆုံး အရင်းအမြစ်တွေ ရခဲ့တယ် ရက်စက်တဲ့ အခြေအနေတွေ ကြုံလာတိုင်း အကာအကွယ်ခံရတယ်ဆိုတဲ့ ကိစ္စတွေက မဆန်းတော့ပါဘူး တကယ်တမ်းတော့ သူတို့က စုံတွဲတွေ ဖြစ်နေခဲ့တာကိုး ... 


ရှောင်ကျားရှုက လက်ကို အသာရွေ့ကာ ထိုပုံကို like ပေးလျက် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ 


နှုတ်ဆက်ပါတယ် ငါ့ရဲ့ မိုက်ရူးရဲဆန်မှုတွေကို ... 


ကျိမြန်က ထွက်ခွါသွားနှင့်ပြီဖြစ်သော ရဟက်ယာဉ်ကို  ရှင်းပြ၍ မရနိုင်သည့် အမူအယာဖြင့် ‌စိုက်ကြည့်နေလိုက်သည်။ သူ့နောက်တွင် ရပ်နေသော လင်းလဲ့ယန်ကမူ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။ 


ရှောင်ကျားရှုက ထင်ထားတာထက်ကို ပိုပြီး တုန်လှုပ်သွားတာပဲ ငါနဲ့ ကျိကောက ချစ်သူတွေလို့လည်း ပြောလိုက်ရော ချက်ခြင်းကို ရောဂါရပြီး ထွက်သွားတော့တာပဲ နောက်တစ်ပိုင်းကိုပါ ပြန်မလာတော့ရင် ပိုကောင်းမယ် ဒါမှ ငါလည်း လုံးဝ စိတ်အေးသွားရမှာ ...;



ထိုအချိန်တွင် မိုးပေါ် မော့ကြည့်နေသည့် ကျိမြန်က ရုတ်ချည်းဆိုသလို သူ့ဘက်သို့ ပြန်လှည့်လာပြီး မျက်နှာမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် နက်မှောင်နေလေသည်။ 


လင်းလဲ့ယန်မှာ ကျိမြန်၏ အကြည့်တို့ကြောင့် နေရာတွင်ပင် အေးခဲသွားကာ ဗလုံး‌ဗထွေး ရေရွတ်လိုက်သည်။ 


"ကျိ ... ကျိကော ... ဘာဖြစ်လို့လဲ ..." 


ရှစ်ထင်းဟန်က နောက်မှ ထွက်လာကာ မေးလိုက်၏။ 


"မစ္စတာကျိ ဒီနေ့ရော ရိုက်ကူးရေး ရှိဦးမှာလား ..." 


ကျိမြန်က အကြည့်တို့ကို ပြန်ရုတ်သိမ်းကာ အလေးအနက် ပြောလိုက်သည်။ 


"ရှိဦးမှာ ... အားလုံးပဲ ခဏလောက် အနားယူလိုက်ကြပါ နာရီဝက်ကြာရင် ရိုက်ကူးရေး ပြန်စမယ် ..." 


အပိုင်းတစ်ပိုင်းစီအတွက် သုံးရက်နှင့်သုံးညတိုင် ရိုက်ကူးပြီးမှ ပြန်လည် တည်းဖြတ်ရရာ အကယ်၍ ဤနေ့သာ ရိုက်ကူးရေး မရှိတော့ပါလျှင် ရုပ်သံထုတ်လွှင့်ရန် လုံလောက်တော့မည် မဟုတ်ချေ။ 


သူက လင်းလဲ့ယန်အနီးမှ ဖြတ်ကာ ယာယီနားနေရာ နေရာသို့ သွား၍ လက်ထောက်ထံမှ ဖုန်းကို တောင်းယူလိုက်သည်။ အပြည့်အဝ စည်းကမ်းတင်းကြပ်ထားသည့် ရှိုးတစ်ခုဟု ပြောထားသည့်တိုင် ရိုက်ချက်တစ်ခုနှင့် တစ်ခုအကြား နားချိန်များတွင်မူ အနုပညာရှင်များအနေဖြင့် အလုပ်ကိစ္စ ဆက်သွယ်ရန် ဖုန်းကို ပြန်လည်တောင်းယူ၍ ရသည့်အပြင် ပုံမှန်အတိုင်းလည်း လာရောက်အနားယူ စားသောက်နိုင်သေးသည်။ ၎င်းမှာ ရသစုံရှိုးတစ်ခုမျှသာ ဖြစ်သည့်အတွက် ဘဝနှင့်ရင်း၍ ရုန်းကန်နေရန် မလိုအပ်ပေ။ 


ရှောင်ကျားရှု တစ်ယောက်ပဲ ဒီအရူးလေးကတော့ ... 


ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာပြန်တော့သည်။ သူ့ကို ဖုန်းဆက်ရန် ပြင်လိုက်သော်လည်း ရဟက်ယာဉ်ထဲတွင်သာ ရှိနေသေးသည့်အတွက် ဖုန်းခေါ်လျှင်ပင် ကောင်းကောင်းမကြားနိုင်ရာ WeChat မှ စာပို့ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ရှောင်ကျားရှုက သူနှင့် ပတ်သက်သမျှ friend circle အားလုံးကို ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ လုံးဝ ကြက်သေသေသွားတော့၏။ 


ဖုန်းစခရင်ပေါ်ရှိ သူ့လက်ချောင်းတို့မှာ အချိန်ကြာသည်အထိ ရွေ့လျားမလာတော့။ ရှောင်ကျားရှုကို ပြောလိုသည့် စကားများအားလုံးလည်း အငွေ့ပျံကာ ပျောက်ကွယ်သွားပြီး မည်မျှပင် ကြိုးစား၍ စဉ်းစားပါစေ ပြန်မမှတ်မိတော့။ မိနစ်အနည်းငယ် အကြာတွင် ဟွမ်မိန်ရွှမ်၏ WeChat ကို စာပို့လိုက်သည်။ 


"ရှောင်ရှု ဆေးရုံကို ရောက်ရင် ငါ့ကို ဖုန်းခေါ်လိုက်" 


နားလည်မှု လွဲနေတာကို ရှင်းပြနိုင်တယ် ဒါပေမယ့် အခုကျတော့ ... ရှောင်ကျားရှုအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပေးနိုင်တယ် အဲဒါကြောင့် သူ့ကို စိတ်မပျက်စေရအောင် လုပ်ပေးမှ ဖြစ်လိမ့်မယ် ဒါကိုမှ မလုပ်နိုင်ရင် ထပ်ပြီး ရှင်းပြဖို့ ကြိုးစားလို့ရော ဘာအကျိုးရှိမှာလဲ ... 

(ဒီနားလေး သိပ်မရှင်းလို့🥲) 


"ဟုတ်ကဲ့ပါ ကျိကော" 


တစ်ဖက်သူက အလျင်အမြန်ပင် စာပြန်ပို့လာသည်။ ထို့နောက်တွင်မှ ကျိမြန်က သူ့နောက်သို့ လိုက်လာသည့် PD ကို ဖုန်းပေးကာ ညွှန်ကြားလိုက်တော့သည်။ 


"Vibration ဖြစ်အောင် လုပ်ခဲ့တယ် ဒါကို သေချာလေး အာရုံစိုက်ထားပြီးတော့ ဖုန်းလာတဲ့ ငါ့ကို ချက်ခြင်း အကြောင်းကြားပေး ..." 


PD က ဖုန်းကိုယူကာ သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်သ

ည်။ 


ကျိမြန်က အပြင်ဘက်သို့ ထွက်လျက် အော်ပြောလိုက်၏။ 


"ရိုက်ကူးရေး ပြန်စတော့မယ် အားလုံးပဲ တောင်ပေါ်ကို ပြန်သွားပေးကြပါ ..." 




Xxxxxxxx