အပိုင်း ၁၁၃
Viewers 43k

Chapter 113




အတွေးနွံထဲ နစ်မြောနေစဉ် PD က သူ့ကို တီးတိုးပြောလာသည်။ 


"မစ္စတာကျိ ငါးစာက အဆင်သင့်ဖြစ်နေပြီကို ဘာလို့ ရေထဲ မချလိုက်သေးတာလဲ ..." 


ထိုအခါမှ သူလည်း အသိပြန်ကပ်ကာ အဝတ်ချုပ်သည့် အပ်များဖြင့် ဖန်တီးထားသော ငါးမျှားချိတ်ကို ရေထဲ ချလိုက်တော့သည်။ ဤနည်းဖြင့် ငါးမျှား၍ မရမှန်း သိသည့်တိုင် ၎င်းမှာ ရှောင်ကျားရှုကို ခွါထုတ်ရန် အကြောင်းပြချက်မျှသာ ဖြစ်ပေသည်။ သူ့ခံစားချက်တို့မှာ အလွန်အမင်း ပြင်းထန်လွန်းသည့်အတွက် အကွာအဝေးတစ်ခု ခြားထားသည့်တိုင် ကျိမြန်၏ နှလုံးသားကို မီးလောင်တိုက် သွင်းလိုက်သည့်နှယ် ပူပြင်းလောင်မြှိုက်စေပေသည်။ 


သူနှင့်သာ ဆက်ရှိနေပါလျှင် ကျိမြန်အဖို့ ဆက်ထိန်းထားရန် မသေချာ၍ နေရာတစ်ခုရှာကာ တစ်ယောက်တည်း လာနေနေရခြင်းဖြစ်သည်။ အတွင်းပိုင်းစိတ်ထားအရဖြစ်စေ အပေါ်ယံရုပ်ရည်သွင်ပြင်အရဖြစ်စေ ရှောင်ကျားရှုမှာ သူ့အကြိုက်ဖြစ်ကြောင်း ဝန်ခံရပေမည်။ ပြင်းပြသန်မာလှသည့် ချစ်ခြင်းမေတ္တာတရားတို့ကို ထည့်မတွက်လျင်တောင်။ သူ၏ ရူးကြောင်ကြောင်နိုင်လှသော်လည်း ချစ်စဖွယ် ကောင်းလှသည့်အတွေးတို့ကိုပင်လျှင် ခုခံခြင်းငှာ မစွမ်းသာပေ။ 


နာရီဝက်ကြာပြီးနောက် ကျွန်းပေါ်သို့ လူအချို့ ပြန်ရောက်လာသည့်တိုင် ငါးမျှားချိတ်က လှုပ်ရှားမလာသေး။ ငါးနှစ်ကောင်ကို ဖမ်းမိထားပြီးဖြစ်သော်ငြား များစွာ မကြီးမားလှသည့်အတွက် စွပ်ပြုတ်သာ ချက်၍ ရပေလိမ့်မည်။ ငါးကို သယ်လျက် တဲရှိရာဆီသို့ ပြန်လာသည့်အခါတွင် ကျန်အဖွဲ့သားအားလုံးမှာ ပြန်ရောက်၍ အုန်းရည်ပင် သောက်နှင့်နေကြပြီဖြစ်သည်။ 


"ကပ္ပတိန် ဒီမှာထိုင်ပြီး ခဏလောက် နားလိုက်ပါဦး ဝိုး ... တကယ်ကြီး ငါးဖမ်းမိလာတာပေါ့ ... ရေး ... ငါတို့တွေ ငါးစားလို့ ရသွားပြီ ..." 


ဟွမ်ရင်ရွှယ်က ဝမ်းသာအားရ အော်ဟစ်ခုန်ပေါက်လိုက်သည်။ 


ကျိမြန်က သန့်စင်ပြီးသား ငါးတို့ကို သူမလက်ထဲ လွှဲပေးလျက် ရှောင်ကျားရှုကို မသိမသာ စိုက်ကြည့်လိုက်သည်။ ထုံးစံအတိုင်းပင် ရှောင်ကျားရှုကသာ သူ့ကိူ ပထမဆုံး လာကြိုကာ ရိုးရှင်းပျော်ရွှင်သည့် အပြုံးတစ်ပွင့်ဖြင့် တစ်ခစ်ခစ် ရယ်မောလိမ့်မည်ဟု ထင်ခဲ့မိသော်ငြား တစ်ဖက်သူကမူ မြေကြီးပေါ် ထိုင်လျက် ဓားမြောင်တစ်ချောင်းဖြင့် ဝါးတူများ ပြုလုပ်နေပေပြီး ခေါင်းပင် မော့ကြည့်မလာခဲ့။ 


စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လာသော ကျိမြန်မှာ အံ့ဩမှုနှင့် စိတ်နှလုံး နွမ်းနယ်မှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။  ရှောင်ကျားရှု၏ အတွေးတို့ကို နားထောင်ကြည့်ရန် ကြိုးစားလိုက်သော်ငြား မည်သည်ကိုမှ မကြားရတော့။ ထိုနေရာတွင် ထိုင်နေသည့်တိုင် အခွံလွတ်တစ်ခုနှယ် အတွေးမရှိ၊ ဗလာသက်သက်သာ ဖြစ်နေပေသည်။ 


ကျိမြန်၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားတော့၏။ သူ့အနားသို့ ဝင်ထိုင်ကာ မေးလိုက်သည်။ 


"ရှောင်ရှု မင်းခြေထောက် သက်သာလာပြီလား ..." 


ရှောင်ကျားရှုက‌ ခေါင်းမော့လျက် ပြုံးပြလိုက်သည်။ 


"အများကြီး ပိုကောင်းလာပါပြီ ယုပိုင်ရှို့က အခုပဲ ပတ်တီးပြန်စည်းပေးထားတာ ..." 


စစ်မှန်လှသည့် အပြုံး၊ ညင်သာလှသည့် လေသံ ... အရာအားလုံးမှာ ပုံမှန်အတိုင်းဟု ထင်ရဟန် ရှိသော်ငြား သေချာပေါက် ကွဲပြားနေပေသည်။ မည်သည့်နေရာက ကွဲပြားနေကြောင်းကိုတော့ ကျိမြန်လည်း ရေရေရာရာ မပြောတတ်။ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးကာမှ အမိန့်ပေးလိုက်သည်။ 


"ကိုယ့်ကို ထပ်ပြဦး ဒီနေ့ အများကြီး လမ်းလျှောက်ရမှာ မင်း မခံနိုင်ဘဲ နေလိမ့်မယ် ..." 


ရှောင်ကျားရှုက ချက်ခြင်းလက်ငင်းပင် ခြေထောက်တို့ကို ‌မြှောက်ကာ လက်ကိုယမ်းလျက် ပြောလိုက်သည်။ 


"တကယ်ကို အဆင်ပြေပါတယ် မနက်စာ စားနေရင်း တန်းလန်းကြီး ခြေထောက်ကို ကိုင်မိရင် စားချင်စိတ်တွေ ကုန်ခမ်းသွားမှာပေါ့ ..." 


ထိုစကားများမှာ ပုံမှန် ပြောနေကျ စကားများပင် ဖြစ်သည့်အတွက် ကျိမြန်၏ ရင်ထဲရှိ တင်းကြပ်နေမှုများ ပြေလျော့သွားတော့သည်။ သက်ပြင်းဖွဖွချလျက် လောဆော်လိုက်၏။ 


"ခြေအိတ်ထူထူဝတ်ထား ပူမှာကို မကြောက်နဲ့ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြကာ တူလုပ်ရန် ဝါးကိုသာ ဆက်ခုတ်နေလိုက်တော့သည်။ 


လင်းလဲ့ယန်က ငှက်ပျောသီးငါးလုံး ခူးလာကာ အသင်းသားများအား ဝေမျှလိုက်သည်။ 


"လာကြ လာကြ အလေ့ကျပေါက်တဲ့ ငှက်ပျောသီးတွေရဲ့ အရသာကို မြည်းကြည့်ကြရအောင် ..." 


တစ်ကိုက်ကိုက်ကြည့်ပြီးနောက် ယုပိုင်ရှို့၏ အရသာခံ အာရုံငါးပါးစလုံး ဖောက်လွဲဖောက်ပြန် ဖြစ်သွားတော့သည်။ ဟွမ်ရင်ရွှယ်ကမူ နေရာတွင်ပင် ထုတ်ပြောလိုက်၏။ 


"ဘုရားရေ ဒါက ငှက်ပျောသီးရော ဟုတ်ရဲ့လား ငရုတ်ပွသီးကြီးများလား ဘာလို့ ဒီလောက်တောင် စားရဆိုးနေတာလဲ ..." 


ကျိမြန်လည်း မျက်မှောင်ကြုတ်လိုက်မိသည့်တိုင် ဗိုက်ပြည့်နိုင်သည့်အတွက် ကြိတ်မှိတ်၍သာ ကုန်အောင် စားလိုက်တော့သည်။ မျက်နှာချင်းဆိုင်ရှိ ရှောင်ကျားရှု၏ အမူအရာမှာမူ လွန်စွာ တည်ငြိမ်နေသည်။ ရသာအာရုံ မရှိသည့်နှယ် တစ်ကိုက်စီ ကိုက်စားနေသည့် သူ့ပုံစံမှာ လွန်စွာ ရင်းနှီးနေပေသည်။  <<Zerg>> ကို ရိုက်ကူးစဉ်က အနေအထားကို ပြန်လည် ရောက်ရှိသွားသည့်နှယ် အတွင်းရော အပြင်ပါ စက်ရုပ်တစ်ရုပ်နှယ် အေးစက်သွားတော့သည်။ 


ကျိမြန်က မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည့်တိုင် ကင်မရာရှေ့တွင် ရှိနေ၍ မေးမြန်းရန်လည်း မလွယ်ကူ။ 


နာရီဝက်လေးပဲ မတွေ့လိုက်ရတာကို ဘာလို့ သစ်ပင်ပေါက်ကလေးက ဒီလိုကြီး ဖြစ်သွားရတာလဲ ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လုံးဝ ရုန်းထွက်နိုင်ခဲ့ပြီးပြီကို နှစ်လကြာမှ နောက်တစ်ခါ ပြန်ဖြစ်လာတယ်ဆိုရင်လည်း ယုတ္တိမရှိပြန်ဘူး ... 


ချိူ့ချို့တဲ့တဲ့ မနက်စာကို စားသုံးပြီးနောက် အိုးခွက်ပန်းကန်များ ဆေးကြောကာ ရေ‌ရှာရန် ထွက်လာလိုက်ကြသည်။ ရှောင်ကျားရှုက အဖွဲ့၏ နောက်ဆုံးတန်းမှသာ လိုက်ပါလာသည်။ ချိုင်းထောက်ပင် မသုံးသည့် သူ့ပုံစံမှာ အလွန်စိတ်လက်ပေါ့ပါးနေဟန်ပင်။ ရံဖန်ရံခါ အသင်းဖော်များနှင့် ပြုံးရယ်မောလျက် စကားပြောနေတတ်ပြီး အားလုံး ပုံမှန်အတိုင်းဟု ထင်ရဟန် ရှိနေပေသည်။ 


သို့သော် ကျိမြန်မှာမူ စိတ်မအေးနိုင်။ ရှောင်ကျားရှု၏ အတွေးများကို လုံးဝ မကြားနိုင်တော့ချေ။ မျက်စိကိုသာ မှိတ်ထားပါလျှင် ရှောင်ကျားရှု၏ တည်ရှိမှုကို ခံစားမိရန်ပင် ခဲယဉ်းလာတော့သည့်အတွက် နောက်သို့ ခဏခဏ လှည့်ကြည့်လျက် "ဘယ်လိုနေသေးလဲ" "ဆက်လျှောက်နိုင်သေးလား" အစရှိသည့် မေးခွန်းများကို ထပ်ကာထပ်ကာ မေးမြန်းနေမိသည်။



ရှောင်ကျားရှု၏ အတွေးတို့ကို မကြားရတော့သည့်အခါ တစ်ခုခု လိုအပ်နေသည့်နှယ် နေမထိထိုင်မသာ ဖြစ်လာတော့သည်။ ရှောင်ကျားရှုနှင့် ခပ်ဝေးဝေးနေမည်ဟူသည့် မူလအတွေးတို့ကိုပင် မေ့လျော့သွားတော့၏။ တစ်ဖက်သူ၏ အတွေးတို့ကို မြင်နေရချိန်က စိုးရိမ်ခဲ့ရသလိုပင် တစ်ဖက်သူအကြောင်း မသိရတော့သည့်အခါတွင်လည်း ပူပန်မှုတို့ ဖိစီးနှိပ်စက်လာတော့သည်။ 



"ရှောင်ရှု ...." 


သူ အနောက်ဘက်သို့ လှည့်လာသည်နှင့် တစ်ပြိုင်နက် ဟွမ်ရင်ရွှယ်က ဦးအောင် ပြောလိုက်သည်။ 


"ဘယ်လိုနေသေးလဲ ရှောင်ရှု ဆက်လျှောက်နိုင်သေးရဲ့လား ကပ္ပတိန်ရေ ရှင် ဘယ်နှကြိမ်လောက် မေးချင်နေတာလဲ ဟမ် ကျွန်မလို အားနည်းတဲ့ မိန်းမလှလေးကိုတော့ ဂရုမစိုက်ဘဲနဲ့ ဘာလို့ ရှောင်ကျားရှုလို ယောကျာ်းကြီးကိုပဲ ဂရုစိုက်နေရတာလဲ  ..." 


သူ့အမူအယာတို့ အနည်းငယ် တုန့်ဆိုင်းသွားပြီးကာမှ ခပ်ရိုးရိုး ပြောလိုက်သည်။ 


"အားလုံးပဲ ဒီနားမှာ ခဏလောက် ထိုင်ပြီးတော့ အနားယူကြရအောင် ..." 


"အာ .. နောက်ဆုံးတော့ နားလို့ရသွားပြီ ..." 


ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့က ချက်ခြင်းလက်ငင်းပင် မြေကြီးပေါ် လှဲချလိုက်တော့သည်။ 


ကျိမြန်က သူရှိရာဆီသို့ လျှောက်လာသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ချက်ခြင်းထရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ 


"ကျိကော ကျွန်‌တော် အဆင်ပြေပါတယ် စိတ်မပူပါနဲ့ သန့်စင်ခန်း သွားလိုက်ဦးမယ်နော် ပြန်လာခဲ့ပါ့မယ် ..." 


"အဝေးကြီး မသွားနဲ့နော် အဆိပ်ရှိတဲ့ ပိုးကောင်နဲ့ မြွေတွေကိုလည်း သေချာ ကြည့်ရှောင်သွားဦး ..." 


သူ့နောက်ကျောကို ငေးကြည့်နေရင်း ကျိမြန်မှာ ဆေးလိပ်သောက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ 


သူ့အ‌တွေးတွေကို မမြင်ရတော့ ပိုပြီး စိတ်ဖိစီးလာသလိုပဲ ဘာလို့ပါလိမ့် ... 


လင်းလဲ့ယန်က ဓာတ်ဘူးကို ကမ်းပေးလျက် သူ့အတွေးစတို့ကို နှောင့်ယှက်လိုက်သည်။ 


"ကပ္ပတိန် အုန်းရည်သောက်ချင်လား ..." 


ထွက်မလာခင်က အားလုံး ရေငတ်မည့်အဖြစ်ကို ရှောင်ကြဉ်ရန် အလို့ငှာ အုန်းရည်အားလုံးကို ဓာတ်ဘူးထဲထည့်ကာ သယ်လာခဲ့လိုက်သည်။ "သောက်ရေ ရှာမတွေ့သည့်တိုင် ထောက်ပံ့ပေးလိမ့်မည် မဟုတ်" ဟူသည့် ရိုက်ကူးရေးအဖွဲ့မှာ များစွာ ရက်စက်ကြမ်းကြုတ်လှပေသည်။ 


"ကျေးဇူး ဒါပေမယ့် မလိုဘူး ..." 


ကျိမြန်က သူ့ကို သာမန်ကာလျှံကာသာ ပြန်ကြည့်လိုက်သည်။ 


ငါးမိနစ်အကြာတွင် ရှောင်ကျားရှု ပြန်ရောက်လာ၍ အားလုံး ခရီးဆက်လိုက်ကြတော့သည်။ တောကောင်တို့၏ ခြေရာအတိုင်း လိုက်လာပြီးနောက်တွင်တော့ သောက်ရေကန်တစ်ကန်နှင့်အတူ ကန်ဘောင်တွင် အသင့်အနေအထားအတိုင်း စောင့်ကြပ်နေသည့် မျောက်တစ်အုပ်ကိုပါ တွေ့လိုက်ရတော့သည်။ ထိုနေရာအတွက် တာဝန်ရှိဝန်ထမ်း ရောက်လာကာ သူတို့ကို မစ်ရှင်အောင်မြင်သည့်အတွက် ဂုဏ်ယူကြောင်းနှင့် စခန်းချရန်နေရာကို စိတ်ကြိုက် ရွေးချယ်ခွင့်ရှိကြောင်း ပြောလာသည်။


အဆင်ပြေချောမွေ့စေရန် အလို့ငှာ အသင်းနှစ်သင်းလုံးကို ရေအရင်းအမြစ်ရှိရာ အနီးအနားသို့ ရွှေ့ပေးလိုက်ပြီး ရိုက်ကူးရေးအဖွဲ့က စခန်းချရန် နေရာနှစ်ခုကို စီစဉ်ပေးထားသည်။ တစ်ခုမှာ လေ တရကြမ်း တိုက်နေသည့် လေဟာပြင်နေရာရှိ ကျောက်တုံးအကြီးကြီးပေါ်တွင် ဖြစ်ကာ လေ၊ နေနှင့် မိုးဒဏ်တို့မှ ကာကွယ်ပေးနိုင်သည့် အကာအရန်လည်း မရှိ။ ကျန်တစ်ခုက ရေကန်ဘေးရှိ တောစပ်နားတွင် ဖြစ်ကာ မြေမှာ အမြဲစိုထိုင်းသည့်အပြင် ကျောက်စိုင်တို့ ကာရံထားသည့်အတွက် လွန်စွာ အေးစိမ့်နေသည်။ 


ကျိမြန်က အားလုံးကို စုစည်းကာ‌ မေးလိုက်သည်။ 


"ဘယ်နေရာကို ရွေးချယ်သင့်တယ်ထင်လဲ ..." 


အားလုံးက ထင်မြင်ချက်ကိုယ်စီ ထုတ်ပြလာကာ သူတို့၏ အတွေးတို့ကပါ ကျည်ဆံသဖွယ် အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာသည့်အတွက် ကျိမြန်၏ ခေါင်းတစ်ခုလုံး ထုံကျင်ကိုက်ခဲလာရတော့သည်။ ထို့ထက်ပိုမိုကာ ထူးဆန်းသည့် ကိစ္စတစ်ခုလည်း ရှိပေသေးသည်။ ရှောင်ကျားရှုက အပေါ်ယံတွင် တုန့်ပြန်နေသည့်တိုင် သူ့နှလုံးသားမှာမူ တိတ်ဆိတ်မှုတို့ ပြည့်နှက်နေသည်။ ဝိဉာဉ်တစ်ခုလုံး ထွက်ခွါသွားကာ ခန္ဓာကိုယ်တစ်ခုတည်းသာ ကျန်ရစ်နေသည့် အတိုင်းပင်။ 


ကျိမြန်က သူ့လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။ 


"ရှောင်ရှု မင်းရော ဘယ်လိုထင်လဲ ..." 


ရှောင်ကျားရှုက သူ့လက်ထဲမှ ရုန်းထွက်ကာ ဓာတ်ဘူးကို လှမ်းယူလျက် ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ကျိကောပဲ ဆုံးဖြတ်ပါ ကောက ခေါင်းဆောင်လေ ..." 


"မင်းမှာ ဘာအကြံမှ မရှိဘူးလား ..." 


သူ့ကို ခပ်တင်းတင်း စိုက်ကြည့်ရင်း မေးလိုက်သည်။ 


"အကုန် ကပ္ပတိန်ရဲ့ စကားကိုပဲ နားထောင်ရမှာပေါ့ ..." 


မျက်လွှာကို ချလျက် ပြန်ဖြေလိုက်သည်။ 


သူ့နှလုံးသားကို မမြင်နိုင်သေးသည့် ကျိမြန်မှာ သွေးကြောများ ထောင်ကာ အသက်ရှူသံ ကမောက်ကမ ဖြစ်သည်အထိ စိုးရိမ်စိတ်တို့ ဖိစီးလာရတော့သည်။ 


"တောစပ်က နေရာကိုပဲ ယူလိုက်ကြတာပေါ့ ..." 


သူက တည်ငြိမ်စွာ ပြောလိုက်သည်။ 


"သစ်ပင်ရှိတဲ့ နေရာက ရေကန်နဲ့ ပိုနီးပြီး ‌ပိုအေးတယ်ဆိုပေမယ့် ငါတို့က အိမ်ကို သစ်ပင်ပေါ်မှာ ဆောက်မှ ရမယ် ..." 


"သစ်ပင်ပေါ်မှာ အိမ်ဆောက်ရမှာလား အဲဒါက အရမ်းကို ခက်ခဲမှာကို ..." 


ယုပိုင်ရှို့က ငြီးတွားလိုက်သည်။ 


"ဒီမြေမျက်နှာပြင်က ဘေးဘက်တွေအားလုံး မြင့်ပြီးတော့ အလယ်မှာ ချိုင့်ဝင်နေတာ မိုးရွာတဲ့အချိန်ဆို ရေတွေအားလုံး ဒီနေရာမှာပဲ စုပုံနေလိမ့်မယ် မင်းသာ ရေတွေထဲ အိပ်ချင်ရင်တော့ ကိစ္စမရှိပါဘူး ဒါနဲ့ ဘေးနားမှာ သစ်ပင်တွေလည်း အများကြီး ရှိနေတော့ မြွေနဲ့ အင်းဆက်ပိုး‌မွှားတွေလည်း အင်္ကျီထဲ ဝင်နေနိုင်တယ် ... " 


သူ့စကားပင် မဆုံးသေး။ ဟွမ်ရင်ရွှယ်က ကမန်းကတမ်း ဖြတ်ပြောလိုက်သည်။ 


"သစ်ပင်ပေါ်မှာပဲ ဆောက်ကြရအောင် သေချာပေါက်ကို သစ်ပင်ပေါ်မှာပဲ ဆောက်ကြရအောင်ပါ ..." 


"ဒါဆိုလည်း အခုပဲ လုပ်ကြတာပေါ့ ဒီကိုလာတဲ့လမ်းမှာ ဝါးပင်တွေ တွေ့ခဲ့တယ် ဒါကိုသုံးပြီး အိမ်ဆောက်လို့ ရတယ် ဘယ်သူ ငါနဲ့ ဝါးခုတ်ဖို့ လိုက်ချင်လဲ ..." 


ကျိမြန်က ရှောင်ကျားရှုကိုသာ တည့်တည့်မတ်မတ် စိုက်ကြည့်နေလိုက်သည်။ 


ရှောင်ကျားရှုက မတ်တပ်ထရပ်ကာ ပြောလိုက်၏။ 


"လင်းလဲ့ယန်ကို လိုက်ခိုင်းလိုက်ပါ ကျန်တဲ့သူတွေက ဒီမှာနေပြီး သင့်တော်တဲ့ အပင်တွေ ရှာထားလိုက်ပါ့မယ် ..." 


လင်းလဲ့ယန်ကလည်း ချက်ခြင်း သဘောတူလိုက်သည်။ 


"ကောင်းပြီလေ ငါ ကျိကောနဲ့ လိုက်သွားလိုက်မယ် ..." 


"မဟုတ်ဘူး မင်းတို့အားလုံး နေခဲ့ကြ တစ်ယောက်တည်း အဆင်ပြေတယ် ..." 


ကျိမြန်က သူ့အိတ်ထဲရှိ ဘက်စုံသုံးတူးရွင်းကို ထုတ်ယူလိုက်သည်။ ၎င်းကို တမင်တကာပင် ယူဆောင်ခဲ့ခြင်းဖြစ်ကာ ယခုမူ အသုံးချမည့်နေရာ ရှိလာတော့သည်။ 


အခုမှ သတိထားမိသွားတယ် ရှောင်ကျားရှုက ငါ့ကို ရှောင်နေတာပဲ ဒါပေမယ့် ဘာလို့လဲ အဲဒီ့ ရိုမန့်တစ်ဆန်တဲ့အိပ်မက်၊ ပြင်းရှတဲ့အချစ် ဒါတွေအားလုံး ဘယ်ရောက်သွားတာလဲ ပင်ပန်းလွန်းလို့ သွေးလေခြောက်ခြားတာလား ဒါမှမဟုတ် လိင်တူချစ်တာက နာရီဝက်အတွင်းမှာကို ကုသသင့်တဲ့ ရောဂါဖြစ်ကြောင်း သဘောပေါက်သွားတာလား ... 


‌ကျိုးကြောင်းဆီလျော်စွာ ပြောရပါလျှင် သူ လိုလိုလားလား အလျော့ပေးလိုက်ခြင်းမှာ ကျိမြန်လိုချင်သည်နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နာကျင်စေခြင်း၊ စိတ်ကသိကအောက် ဖြစ်စေခြင်းနှင့် အနေခက်ခြင်းတို့မှ ရှောင်လွှဲနိုင်တော့မည် ဖြစ်သည့်တိုင် ကျိမြန်မှာ အကြောင်းပြချက်မရှိ စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။ လက်မှိုင်ချနေရသည့် ခံစားချက်ကို ဖြေဖျောက်ရန် အလို့ငှာ ဝါးကိုသာ သဲကြီးမဲကြီး ခုတ်နေလိုက်တော့၏။ 


ထိုအချိန်မှသာ သူ့အနေဖြင့် ရှောင်ကျားရှုအနားသို့ ကပ်နို

င်ရန် နည်းလမ်းမရှိတော့ကြောင်း သဘောပေါက်သွားပေတော့သည်။ တစ်ဖက်သူ စွန့်ခွာသွားသည်ဖြစ်စေ၊ ပြန်လာသည်ဖြစ်စေ သူ့အနေဖြင့် စောင့်ဆိုင်းနေရုံသာ ရှိပေတော့သည်။ 




Xxxxxxxxx