အပိုင်း ၁၁၂
Viewers 44k

Chapter 112


ရှောင်ကျားရှုမှာ တွေးလေလေ ပိုပြီး စိတ်ဓာတ်ကျလာကာ ဟွမ်ရင်ရွှယ်၏ အနောက်သို့ ခေါင်းငိုက်စိုက်ချလျက်သာ လိုက်ပါသွားတော့သည်။ 


သူ့နောက်ကျောကို ငေးကြည့်နေသည့် ကျိမြန်၏ အကြည့်တို့မှာလည်း အကြိမ်အနည်းငယ် ဝင်းလက်သွားတော့သည်။ သူတို့အားလုံး တောထဲသို့ ဝင်သွားသည်ကို ကြည့်နေပြီးကာမှ ပင်လယ်ဘက်သို့ ထွက်လာလိုက်၏။ သူ့အသက်အရွယ်မှာ မငယ်တော့ရာ စိတ်အားတက်ကြွမှုတို့ ကုန်ဆုံးနှင့်နေပြီဖြစ်သည်။ လှပသည့်အရာများနှင့် တွေ့လေလေ ၎င်းကို ဖျက်ဆီးမိမည် စိုးရိမ်သဖြင့် မချဉ်းကပ်ရဲတော့လေဖြစ်သည်။ 


ရှောင်ကျားရှုက စိတ်ပျက်လက်ပျက်ဖြင့် လိုက်လာသည့်တိုင် ဟွမ်ရင်ရွှယ်ကို ဂရုစိုက်ရန်လည်း မမေ့လျော့ချေ။ အချိန်တိုင်း သူမကို ကူညီပေးသည့်အပြင် သူ့ဦးထုပ်ကိုပင် ဆောင်းခွင့်ပေးထားလိုက်သေးသည်။ သူတို့နောက်မှ လိုက်လာသော လင်းလဲ့ယန်က ကောက်ကာငင်ကာ ပြောလိုက်သည်။ 


"ရှောင်ကျားရှု ရှေ့နားမှာ အုန်းပင်တွေ ရှိနေတယ် ငါတို့က အုန်းသီးခူးပြီး ဟွမ်ရင်ရွှယ်နဲ့ ယုပိုင်ရှို့ကို ငှက်ပျောသီး ခူးခိုင်းလိုက်ရင်ရော ... ဒါဆို အချိန်ကုန်လူပင်ပန်း သက်သာမယ်ထင်တယ် ..." 


"အိုကေလေ ..." 


ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့က တွေးပင် တွေးမနေဘဲ သဘောတူလိုက်ကြသည်။ 


ရှောင်ကျားရှုက တုန့်ဆိုင်းနေသေးသည့်အတွက် သူက ပြုံးကာ ပြောလိုက်သည်။ 


"မင်းက အောက်ကနေပဲ ကူညီပေးလေ ငါက အပင်ပေါ်တက်ပြီး ခူးလိုက်မယ် ..." 


"အိုကေလေ သွားကြရအောင် ..." 


ရှောင်ကျားရှုက ချက်ခြင်း သဘောတူလိုက်သည်။ 


နှစ်ဦးသား အုန်းသီးခူးရန်အလို့ငှာ တောထဲသို့ ဝင်လိုက်ကြပြီး တစ်ခဏအကြာတွင် လင်းလဲ့ယန်က သန့်စင်ခန်းသွားမည်ဟု အကြောင်းပြ၍ PD ကို ပထုတ်ကာ ရှောင်ကျားရှုအား ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 


"ရှောင်ကျားရှု ငါနဲ့ကျိကောက ချစ်သူတွေဆိုတာကို သိလား ..." 


သူ့ကို ကာထားပေးရန် အလေးအနက် ကူညီနေသည့် ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ 


"ကြည့် ဒါ ငါတို့နှစ်ယောက် ရိုက်ထားတဲ့ စုံတွဲဓာတ်ပုံ ..." 


လင်းလဲ့ယန်က ပလက်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဓာတ်ပုံတစ်ပုံကို သူ့အင်္ကျီအိတ်ကပ်ထဲမှ ထုတ်ပေးလာသည်။ ကျိမြန်က သူ့ကို နောက်ကျောဘက်မှ ပွေ့ဖက်ထားကာ နှုတ်ခမ်းတို့ကို သူ့နားရွက်နှင့် ထိကပ်ထားသည်။ အပြုံးတို့မှာလည်း ချိုမြိန်ကာ ကလူကျီစယ်နေဟန် အပြည့်ပင်။ ရင်ဘက်တွင် "ထာဝရချစ်ခြင်း" ဟူသည့်စာသား ရိုက်နှိပ်ထားသည့် စုံတွဲဝတ်စုံကို ဝတ်ဆင်ကာ တောက်ပသည့် အကြည့်တို့ဖြင့် ကင်မရာကို တည့်တည့် စိုက်ကြည့်နေလိုက်သည်။ 


ရှောင်ကျားရှုက ကြောင်အနေဆဲပင်။ လင်းလဲ့ယန်က သူ့ကို ဓာတ်ပုံကျောဘက်ခြမ်းရှိ စာသားများကိုပါ ပြသလိုက်သည်။ 


"နောက်ဆယ်နှစ်ကြာရင် ကိုယ်‌တို့တွေ ဘယ်လိုဖြစ်မလဲ" 


၎င်းမှာ ကျိကော၏လက်ရေးဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်ချေ။ မသိလိုက်မသိဘာသာဖြင့် နောက်သို့ နှစ်လှမ်းဆုတ်လိုက်မိသော်ငြား သူ့အကြည့်တို့မှာမူ ထိုဓာတ်ပုံတွင်သာ ကပ်ငြိနေဆဲဖြစ်သည်။ မျက်လုံးတို့ ရဲရဲနီလာသည့်တိုင် အကြည့်တို့ကို မဖယ်ခွာနိုင်သေး။ 


လင်းလဲ့ယန်က သူ့အနား တိုးလာကာ ထပ်ပြောလိုက်ပြန်သည်။ 


"ကြည့်ရတာ မင်းလည်း မသိသေးဘူးထင်တယ် အဲဒါကြောင့် ကျိကောနဲ့ ဝေးဝေးနေဖို့ အကြံပေးနေတာ နားလည်လား မင်း ‌တကောက်ကောက် လိုက်နေရင် ငါတို့နှစ်ယောက်ကြားမှာ ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ် ..."

(ဒီဖေ 🤌) 


ရှောင်ကျားရှုက ပါးစပ်ကို ဖွင့်ဟလိုက်သည့်တိုင် လည်ပင်းတစ်ခုလုံး ခြောက်သွေ့ကာ စကားတစ်ခွန်းမှ မပြောနိုင်။ ကြောက်လန့်စရာ တစ်ခုခု ကြုံတွေ့လိုက်ရသည့်နှယ် မြေကြီးပေါ် ဖင်ထိုင်လဲကျသွားတော့သည်။ အကြားအာရုံတစ်ခုလုံး တဝီဝီ မြည်လာသည်မှာ တစ်စုံတစ်ခု အစိတ်စိတ်အမြွာမြွာ ကွဲအက်သွားသည့်နှယ်ပင်။ 


လင်းလဲ့ယန်က သူ့ကို ဆွဲထူကာ တီးတိုးပြောလိုက်သည်။ 


"တောင်းပန်ပါတယ် မပြောချင်ပေမယ့် မင်း ကျိကောကို ကြိုက်နေတယ်ဆိုတာ မြင်နေရလို့ မင်းကောင်းဖို့အတွက် ပြောနေတာ အတတ်နိုင်ဆုံး မြန်မြန် လက်လျော့လိုက်တော့ ..." 


ထို့နောက် အုန်းသီးများကို အင်္ကျီဖြင့် ထုပ်ပိုးလျက် တောထဲမှ အမြန်ပြန်ထွက်သွားတော့သည်။ 


ရှောင်ကျားရှုက ခေါင်းငိုက်စိုက်ချကာ ပင့်သက်ရှိုက်ပြီးကာမှ မိုးပေါ် မော့ကြည့်လိုက်သည်။  စီးကျလာသော မျက်ရည်စီးကြောင်းနှစ်ခုမှာ ပင်လယ်လေကြောင့် ခြောက်ကပ်သွားပြီး နေရထိုင်ရ ခက်လာသည်။ အင်္ကျီလက်ဖြင့် ဆွဲသုတ်လိုက်ပြီးကာမှ ချက်ခြင်း အသိပြန်ဝင်လာတော့သည်။ 


ငါ မချစ်သင့်တဲ့သူကို ချစ်ခဲ့မိတာလား အချစ်က မင်းကို ဗိုက်ပြည့်စေတယ် အချစ်အတွက်နဲ့ဆို ခက်ခက်ခဲခဲ တိုက်ခိုက်ရဲရမယ် ဆိုတာတွေက မှားနေတယ် မဟုတ်လား တကယ်တမ်းတော့ ငါက အရှက်မရှိတဲ့ တတိယလူ ဖြစ်နေခဲ့တာပဲ ... 



ဤအခိုက်အတန့်မှာ ရှောင်ကျားရှု၏ ဘဝတစ်လျောက် ရှက်စရာအကောင်းဆုံးအချိန်ဖြစ်ကြောင်း အငြင်းပွားနေရန်ပင် မလိုအပ်ချေ။ အဝတ်အစားအားလုံးကို ချွတ်ချကာ လမ်းမထက်တွင် ကိုယ်လုံးတီး ပြေးလွှားနေရသည့်နှယ် အလွန်အမင်း ရှက်ရွံ့နေမိတော့သည်။ အဝတ်အစားသာမက အရေပြားအားလုံးကိုပါ ခွါချကာ နီရဲနေသည့် သွေးကြောနှင့် တဒုတ်ဒုတ် ခုန်နေသည့် ကြွက်သားအားလုံးကိုပါ နေရောင်အောက်တွင် လှစ်ဟပြထားသည့်နှယ်၊ ဟပြဲနေသည့် နှလုံးသားနှင့် ဖိနှိပ်ခြင်းငှာ မစွမ်းသာသည့် ခံစားချက်တို့ကို လေဟာနယ်တွင် ထုတ်ပြထားသည့်နှယ် နာကျင်မှုမှာ အဆုံးလည်း မရှိ၊ လွတ်မြောက်ရန် လမ်းစလည်း မသိတော့ချေ။ 


ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ 


"ကျိကောရော သတိထားမိသွားပြီလား ..." 


သူ့ကို ကူညီစောင့်ကြည့်ပေးနေသည့် လင်းလဲ့ယန်က ခေါင်းယမ်းပြလိုက်သည်။ 


"သူမသိဘူး ငါတစ်ယောက်ပဲ လိင်တူအချစ်ကို ကျယ်ကျယ်ပြန့်ပြန့် လက်မခံကြသေးတော့ ငါတို့လည်း လူတွေရှေ့ဆို သိပ်ပြီး နီးနီးကပ်ကပ် မနေရဲဘူး ဒီတစ်ခေါက်က မင်းအပြစ် မဟုတ်ပါဘူး မင်းလည်း သိမှ မသိခဲ့တာ မင်းရဲ့ ခံစားချက်တွေ ဒီ့ထက်ပိုပြီး နစ်ဝင်သွားမှာ ကြောက်လို့သာ ကျိကောက လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတော့ မင်းအတွက် မျှော်လင့်ချက်အတုတွေ ပေးမိသလို ဖြစ်သွားတယ် ထင်တယ် ကျေးဇူးပြုပြီး အားလုံးကို မေ့ပစ်လိုက်ပါ အနာဂတ်မှာ ပိုကောင်းတဲ့သူနဲ့ သေချာပေါက် တွေ့ပါလိမ့်မယ် ..." 


ရှောင်ကျားရှုက အုန်းသီးများကို ပိုက်ကာ ထွက်သွားရင်း "ရှေ့လျှောက် သူနဲ့ ဝေးဝေးနေလိုက်ပါ့မယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။ 


<<Zerg>> ကို ရိုက်ကူးခဲ့စဉ်က ခံစားချက်များအား ထိန်းချုပ်ရန် သင်ယူခဲ့မိ၍သာ တော်သေးသည်။ ကျိမြန်က သူ့ခံစားချက်များအား ဂရုမပြုမိသည်က ပို၍ပင် ဝမ်းမြောက်ဖွယ် ကောင်းလှသေးသည်။ သို့မဟုတ်ပါလျှင် ကိစ္စများမှာ ယခုထက်ပင် ပိုမိုရှုပ်ထွေးပေလိမ့်မည်။ ကျိကောကို မကြာခဏ ဖုန်းဆက် စာပို့ကာ သူနှင့်အတူတူ ရှိနိုင်ရန် လူသူကင်းဝေးသည့် ကျွန်းအထိပင် လိုက်လာခဲ့မိကြောင်း တွေးမိသည့်အခါတွင်တော့ ရှက်ရွံ့မှုတို့မှာ ရွံရှာမှုအဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ 


တစ်ဖက်သူက သူ့ကို ငြင်းဆန်ကာ ရွံရှာစက်ဆုပ် မုန်းတီးသည်ကိုပင် သတိမပြုမိဘဲ လူပြက်သဖွယ် အရှက်သိက္ခာမဲ့ခဲ့သည့် သူ့ကိုယ်သူ ရွံရှာလာမိတော့သည်။ 


မေ့လွယ်ပျောက်လွယ်ရုံတင် မကဘူး သူ့ကို အကြောက်အလန့်မရှိ ပိုးပန်းဖို့တောင် တွေးခဲ့မိသေးတယ် ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ ဘယ်လောက်တောင် ရင်နာစရာ ကောင်းလိုက်သလဲ ..



ယောက်ယက်ခတ်နေသည့် အတွေးအားလုံးကို စုစည်းကာ ထုတ်လွှတ်ပစ်လိုက်ချင်သည့်တိုင် နှလုံးသားထဲတွင်သာ တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားလိုက်တော့သည်။ လူတစ်ယောက် သန်မာလာသည်မှာ သူ့နှလုံးသားအောက်ခြေတွင် လေးလံသည့် အရာများစွာ စုရုံးရောက်ရှိလာကာ ထိခိုက်အက်ကွဲလွယ်သည့် နှလုံးသားကို ကာကွယ်တားဆီး ပိတ်ဆို့ပေးထား၍ ဖြစ်သည်။ စတည်းချရာနေရာကို လှမ်းမြင်ရသည့် နေရာသို့ ရောက်လာသည့်အခါ သူ့အကြည့်တို့မှာ ရေပြင်သဖွယ် ငြိမ်သက်နှင့်နေပြီဖြစ်သည်။ 


လင်းလဲ့ယန်က သူ ခပ်ဝေးဝေးသို့ ရောက်သွားသည်အထိ စောင့်ပြီးကာမှ ခါးသီးနာကျင်သော အပြုံးတစ်ခုကို ဖွင့်ဟလိုက်သည်။ ယခုကဲ့သို့ မလုပ်လိုက်ချင်သော်ငြား ကျိမြန်နှင့် ရှောင်ကျားရှုတို့ ပိုပြီး ရင်းနှီးလာလေလေ ပူပန်သောက ဖိစီးကာ သူတို့ကို တားမြစ်လိုလေပင်ဖြစ်သည်။ 


ထိုနေ့ ကျိမြန်၏ သီးသန့်စကားဝိုင်းကို ကြားလိုက်ရစဉ်က အလွန်အမင်း နာကျင်ရသည့်တိုင် အကြံဉာဏ်သစ်တစ်ရပ်ကိုလည်း ရရှိသွားခဲ့သည်။ 


အပြစ်တင်စရာရယ်လို့ ရှာကြံပြောရရင် ကျိမြန်က သူ နောက်ဆုံးပြောခဲ့တဲ့ စကားကို မပြောခဲ့သင့်ဘူးလို့ပဲ ပြောရမှာပဲ "ငါ့စိတ်ထဲမှာတော့ ရှောင်ရှုက ညီအရင်းတစ်ယောက်လိုပဲ" ဆိုတာက ဘာကို ဆိုလိုတာလဲ သူသာ ရှောင်ကျားရှုနဲ့ တွဲနေတာဆို ဒီလိုစကားမျိုး ပြောပြီး လုံးဝ ရှင်းပြမှာ မဟုတ်ဘူး အပြင်လူတွေကို‌ ကြေငြာဖို့ ဘယ်လောက်ပဲ အဆင်မပြေနေပါစေ ကျိမြန်က ဒီတိုင်းပဲ နှုတ်ဆိတ်နေမှာ ဘာလို့လဲဆိုတော့ သူက လိမ်တာကို မုန်းလို့လေ ... 


ဆိုတော့ လင်းလဲ့ယန်ကလည်း ကျိမြန်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိနေတာပေါ့ သူ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ ၊ သူ့ရဲ့ ခွင့်ပြုချက်ကို ရဖို့အတွက် သေချာကို ဂရုတစိုက် လေ့လာထားရတာလေ "ဂရုစိုက်မှု" ဆိုတဲ့ ဂိမ်းကိုသာ နောက်တစ်ခေါက်လောက် ပြန်ဆော့ရရင် ရှောင်ကျားရှုကို ရှုံးတော့မှာ မဟုတ်ဘူး ဟား သူ့စိတ်တွေ ဦးတည်ချက် လွဲကုန်တာကတော့ နှမြောစရာပဲ ချစ်သူတွေက တစ်ယောက်ရဲ့စိတ်ကို တစ်ယောက် ဖတ်တတ်ဖို့ လိုလို့လား နိုးနော် ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ ကြီးမားတဲ့ သံယောဇဉ်တွေ၊ လက်ခံပေးနိုင်စွမ်းတွေပဲ လိုအပ်တာ အမြဲလိုလို ကျိကောရဲ့ ညင်သာတဲ့ စိတ်သဘောထားကိုပဲ တွေ့ခဲ့ပေမယ့် သူ့ကို အထင်သေးပါတယ်ဆိုပြီး ကျိကောကို အပြစ်တင်ခဲ့မိတယ် အဲဒီလို အပြစ်တင်ခဲ့မိလို့လဲ သူ့ကိုယ်သူ အကြာကြီး အပြစ်နေမိတုန်းပဲ ...


ဒါပေမယ့် အမှားတွေကို ဝန်ခံဖို့က သိပ်နောက်မကျသေးပါဘူး ကျိကောဘေးမှာ နေရာလွတ် ရှိနေသရွေ့ အမြဲတမ်း ကပ်တွယ်နေလို့ ရတယ် ကျိကောနဲ့ နီးစပ်ဖို့ ကြိုးစားတဲ့သူတွေကိုတော့ ဖယ်ထုတ်ပစ်မှာပေါ့ ... 


ရှောင်ကျားရှုကတော့ ပထမဆုံး ခံလိုက်ရတဲ့တစ်ယောက်ပေါ့ ကောင်းကောင်းမွန်မွန် သွန်သင်ဆုံးမ ခံထားရတဲ့ ရှောင်ကျားရှု‌ကြောင့်ပဲ ထင်ထားတာထက်ပိုပြီး ချောချောမွေ့မွေ့ ဖြစ်သွားတာ သူ့ရဲ့ သုံးလောက အမြင်နဲ့ အကျင့်စာရိတ္တက တော်တော်လေးကို ကောင်းတယ် ဆိုတဲ့ အချက်ကတော့ လက်ခံရမှာပဲ အောက်ခြေအထိ လိုက်စုံစမ်းတာမျိုး၊ ပိုပြီး ရှုပ်ထွေးအောင် မွှေနှောက်ပစ်တာမျိုး မလုပ်ဘဲနဲ့ ချက်ခြင်းလက်ငင်းကို နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ သူ့ရဲ့ အကျင့်စာရိတ္တပိုင်းကသာ အားနည်းပြီး တတိယလူမှန်း သိသိနဲ့တောင် ရှေ့ဆက်တိုးနေဦးမယ်ဆိုရင် သူ (လင်းလဲ့ယန်)လည်း ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး ... 


ရိုးသားတဲ့သူတွေကမှ အနိုင်ကျင့်‌လို့ကောင်းတာ ဆိုတဲ့ စကားက မှန်သလိုလို ရှိသားပဲ ... 

(အပေါ်က အပိုဒ်တွေ အကုန်လုံးက သူ့အတွေးတွေပါ တစ်ပုဒ်လုံးမှာ သူ အတွေးအများဆုံးပဲ🥲) 


နှစ်ဦးလုံး စကားတစ်ခွန်းမှ မဆိုဘဲ ထွက်လာကြသည့်အတွက် PD ပင် ပျင်းရိလာမိသော်လည်း စကားပြောရန်လည်း တွန်းအားမပေးရဲချေ။ 


တစ်ကုမ္ပဏီတည်းက လူတွေ အချင်းချင်းတောင် မကြိုက်တာတွေ၊ ကွယ်ရာမှာ ချောက်တွန်းတာတွေ ရှိကြသေးတာ ပြီးတော့ လင်းလဲ့ယန်ကလည်း ရှောင်ကျားရှုကို တိတ်တိတ်လေး အပုပ်ချထားသေးတယ် မဟုတ်လား သူငယ်ချင်းကောင်းအဖြစ် ဟန်ဆောင်ပန်ဆောင် လုပ်ပြစရာ မလိုတော့ပါဘူးလေ ... 


တစ်ချိန်တည်းမှာပင် ကျိမြန်ကလည်း ကမ်းစပ်တွင် ထိုင်လျက် ငေးမောနေလိုက်သည်။ သူနှင့် ရှောင်ကျားရှုအကြား ဆက်ဆံရေးကို မည်သို့မည်ပုံ ကိုင်တွယ်သင့်ကြောင်း မစဉ်းစားတတ်တော့။ သူ့အသက်အရွယ်နှင့် မိသားစုနောက်ခံကို မဆိုထားနှင့်။ အခြားသူများ၏ စိတ်ကို ဖတ်နိုင်သည့် သူ့စွမ်းရည်ကပင်လျှင် စိုးရိမ်ဖွယ် ကောင်းနေပြီဖြစ်သည်။ 


သူ သဘောကျသူ မုန်းတီးသူတို့၏ အတွေးများကို ဝင်ရောက်ဖတ်ရှုနိုင်သည့်အတွက် မြောက်များစွာသော ထောင်ချောက်များကို ရှောင်ရှားကာ လျှို့ဝှက်ချက်အများအပြားကိုလည်း သိခဲ့သည့်အတွက် စီးပွားရေးနယ်ပယ်တွင် အကျိုးမယုတ်ခဲ့သော်ငြား တစ်ချိန်တည်းမှာပင် မိတ်ဆွေအပေါင်းအသင်း မိသားစုတို့နှင့် ဝေးကွာသွားတော့သည်။ လူ့စိတ်နှလုံးမှာ ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးနှင့် ထိန်းချုပ်မှု အကင်းမဲ့ဆုံးအရာဖြစ်ကာ ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ ပိုမိုကြောက်စရာကောင်းလာလေပင်ဖြစ်သည်။ သို့သော် ရှောင်ကျားရှုကမူ အခြားသူများနှင့်မတူ။ အခြားသူများ၏ နှလုံးသားကို ကောက်ကွေ့သည့် ဝင်္ကပါတစ်ခုအဖြစ် တင်စားရပါလျှင် သူ့နှလုံးသားမှာ ပန်းဥယျာဉ်တစ်ခုနှယ်။ ဖျတ်ခနဲ ကြည့်လိုက်သည့်တိုင် လွန်စွာ လှပကြောင်း သတိထားမိနိုင်ပေသည်။ 


သူသည်သာလျှင် ကျိမြန်၏ နှလုံးသားမှ စကားသံကို ပထမဆုံး နားထောင်နိုင်ခဲ့သူ၊ သူ့ကို အပြည့်အဝ စိတ်အေးလက်အေးဖြင့် ပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်ပေသည်။ သူ့နှလုံးသားမှာ သန့်စင်ရိုးသားကာ အဖိုးထိုက်တန်လွန်း၍ ကျိမြန်အနေဖြင့် အလွယ်တကူ မထိတွေ့ရဲချေ။ 


သူတို့နှစ်ယောက်သာ တွဲလိုက်ပါလျှင် ရှောင်ကျားရှုကို ကြိုးကိုင်ရန် စိတ်ဖတ်တတ်သည့် စွမ်းရည်ကို အသုံးပြုခြင်းဖြင့် တစ်ဖြည်းဖြည်း နတ်ဆိုးဆန်လာမည် သို့မဟုတ် ရှောင်ကျားရှု၏ သည်းခံနိုင်စွမ်းကို အကြိမ်ကြိမ်အခါခါ ထိပါးမိရင်း သူ့ကို နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲမိသွားမည်ကို စိုးရိမ်နေပေသည်။ ချစ်ခြင်းနှင့် မုန်းခြင်းမှာ အလွှာပါးတစ်ခုသာ ခြားထားကာ သူ၏ ထူးခြားစွမ်းရည်နှင့်ဆိုပါလျှင် ထိုစည်းကို ကျော်မိရန် မခဲယဉ်းလှ။ မပြောင်းမလဲ တည်မြဲသည့် နှလုံးသားတို့မရှိ၊ လိုအင်ဆန္ဒများသာ ရှိနေပါလျှင် ထိုလှပသော ဥယျာဉ်မှာလည်း အနှေးနှင့်အမြန် ပျက်စီးသွားတော့မည်ဖြစ်သည်။ 


သူက ရှောင်ကျားရှု၏ အတွေးအားလုံးကို မြင်နေရသည့်တိုင် ရှောင်ကျားရှုက မမြင်ရသည်မှာ မမျှတလှ။ ထို့ကြောင့် ဥယျာဉ်ကို

ဖျက်ဆီးမိမည့်အစား ခပ်ဝေးဝေးမှ ကြည့်နေရင်း တစ်ကိုယ်တည်း သေဆုံးသွားရန်ကိုသာ ဆန္ဒရှိပေတော့သည်။ 



Xxxxxxx