အပိုင်း ၁၁၉
Viewers 44k

Chapter 119



ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ဖန်ခွင်းက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"မင်းနဲ့ ရှောင်ကျားရှု ဘာတွေ ဖြစ်ထားကြတာလဲ ..." 


သူ့စကားပင် မဆုံးသေး။ ဖိုင်တစ်ဖိုင်ကို ကိုင်လျက် ကော်ရစ်ဒါအဆုံးမှ ထွက်လာသော ဟွမ်မိန်ရွှမ်ကို တွေ့လိုက်ရတော့သည်။ သူမက သူတို့ကို နှုတ်ဆက်ကာ အပေါ်ထပ်သို့ တက်သွားလိုက်၏။ 


ဖြစ်ပျက်သည်များကို အတည်ပြုနိုင်လိုက်သည့် ဖန်ခွင်းက အပိုင်အနိုင် ပြောလိုက်သည်။ 


"ရှောင်ကျားရှုက မင်းကို ရှောင်နေတာ မဟုတ်လား ဟွမ်မိန်ရွှမ်က ကားပါကင် ထိုးနေတာ လုံးဝ မဟုတ်ဘူး မင်းနဲ့ ဓာတ်လှေကား အတူတူ မစီးချင်လို့ ပြောတာ ဟုတ်တယ် မဟုတ်လား မင်းကတော့ သူ့ကိုတောင် အကြာကြီး စောင့်နေပေးလိုက်သေးတယ် ဟားဟားဟားဟား ..." 


ကျိမြန်၏ နေကာမျက်မှန်က မျက်နှာတစ်ခုလုံး နီးပါးကို ဖုံးအုပ်ထားနိုင်သည့်တိုင် ခပ်တင်းတင်းကြိတ်ထားသည့် မေးရိုးကိုတော့ မြင်နိုင်နေရာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေမှန်း ခန့်မှန်းနိုင်ပေသည်။ ရုံးခန်းထဲသို့ ရောက်လာပြီးနောက် အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ လည်စည်းကို ဖြည်လျက် ကြယ်သီးအနည်းငယ်ကိုပါ ဖြုတ်ရင်း ညွှန်ကြားလိုက်သည်။ 


"ရှောင်ကျားရှု ဘယ်ဇာတ်လမ်းကို ရိုက်ဖို့ ပြင်ဆင်နေလဲဆိုတာ သွားပြီး မေးပေး ..." 


"ဘာဖြစ်လို့လဲ သူများတွေ ဘယ်ဇာတ်ကားရိုက်ရိုက် မင်းနဲ့ ဘာဆိုင်လို့လဲ ..." 


ဖန်ခွင်းက ဆိုဖာပေါ်တွင် ခြေချိတ်လျက် ထိုင်လိုက်သည်။ 


"သွားမှာသွားပါ ဘာလို့ ပြန်မေးနေတာလဲ ..." 


ကျိမြန်က ဖုန်းကို ထုတ်ကာ အကျင့်အတိုင်း WeChat နှင့် Weibo တို့ကို ဖွင့်ကြည့်လိုက်သည်။ ပြန်စာဟူ၍ တစ်စောင်မှ ရောက်မလာသေးသည့်တိုင် စာပို့ချင်စိတ်က ထိန်းချုပ်၍ မရနိုင်။ ထို့ကြောင့် ရှောင်ကျားရှုထံ စာအသစ်တစ်စောင် ထပ်ပို့လိုက်ပြန်သည်။ 


"မင်းကို ကြည့်ရတာ မျက်ကွင်းညိုနေသလိုပဲ ညပိုင်းတွေ ကောင်းကောင်း မအိပ်ဘူးလား" 


စက္ကန့်အနည်းငယ် ကြာသည့်တိုင် စာပြန်မလာ။ ထို့ကြောင့် နောက်တစ်စောင် ထပ်ပို့လိုက်သည်။ 


"ညပိုင်းတွေ ဂိမ်းဆော့တာ လျော့ဦး နောက်ကျတဲ့အထိ မနေနဲ့ " 


"ငါ့မှာ ကောင်းတဲ့ စာအုပ်လေးတွေ ရှိတယ် ကြည့်ကြည့်ချင်လား " 


"ထုတ်လုပ်ရေးအဖွဲ့က အရမ်းကို ကောင်းတာ မင်း စိတ်ဝင်စားမှာ သေချာတယ်" 


"ရှောင်ရှု ဒီမှာ ရှိနေလား" 


"အလုပ်များနေတာလား ဒါဆိုလည်း အားမှ ကိုယ့်ရုံးခန်းကို လာခဲ့နော်" 


သူပို့ခဲ့သည့် စာအားလုံးမှာ ပင်လယ်ထဲ ပစ်ချခံလိုက်ရသည့် ကျောက်တုံးသဖွယ် တုန့်ပြန်ချက်ဟူ၍ မရှိတော့ချေ။ တစ်ခါတစ်လေတော့လည်း ဤသို့ပင် တွေးမိသေးသည်။ 


ဒီကလေးက သူ့ခြေထောက်နဲ့သူ ထွက်သွားတဲ့ဟာ မင်းအနေနဲ့ သူ့ကို လက်လွှတ်ပေးလိုက်သင့်တာပေါ့ သူ့အတွက် ဘယ်လောက် ကောင်းနိုင်မှာလဲ သူ့အတွေးတွေကို ထောက်လှမ်းမနေနိုင်တဲ့ လူသာမန်နဲ့ပဲ လက်တွဲသွားသင့်တာလေ သူသာ မင်းလျှို့ဝှက်ချက်ကို သိသွားရင် ဘယ်လောက်အထိ လန့်ဖျပ်ပြီး ထွက်ပြေးချင်မလဲဆိုတာကို သိရဲ့လား ...


ဤကဲ့သို့ သူ့ကိုယ်သူ နားချလိုက်သော်ငြား တစ်ခဏအကြာတွင် ဖုန်းကို ကောက်ကိုင်လျက် ရှောင်ကျားရှုထံမှ ပြန်စာရလိုစိတ်တို့ တိုးပွားလာပြန်သည်။ 


သူ့ကို အဝေးကနေ ကြည့်ပြီး ကာကွယ်ပေးချင်ရုံလေးတင်ပါ ဒါတောင် လုပ်လို့ မရဘူးလား ရှောင်ကျားရှုအနေနဲ့ ဒီလောက်အထိ စေ့စပ်မှကို ရမှာလား ... 


ခေါင်းကိုက်ဝေဒနာကို တိတ်တဆိတ် ခံစားလိုက်ရစဉ်မှာပင် ဖန်ခွင်းက ရုံးခန်းထဲသို့ ဝမ်းနည်းပက်လက် ရောက်ချလာ၏။  


"မစ္စတာကျိ ကျေးဇူးပြုပြီး လင်းလဲ့ယန်ကို အခွင့်အရေးလေး ထပ်ပေးပေးပါ သူလည်း မှားမှန်း သိနေပါပြီ အခု သူ အရမ်းကို ဖျားနေတာ ဆေးရုံကို လိုက်ကြည့်ပေးလို့ ရမလားဟင် ..." 


"မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးသား မင်းတို့ဘာသာ မထိန်းသိမ်းတာ "The Lover" ကိုပဲ ကောင်းကောင်းမွန်မွန်ရိုက် ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေတာတွေ ရပ်လိုက်တော့ ..." 


ကျိမြန်က ဖုန်းကို စားပွဲပေါ် ပစ်တင်လျက် စိတ်မရှည်လေဟန်ဖြင့် ပြောလိုက်သည်။ 


"အိုကေ ထွက်သွားတော့ ကလေးတွေလို မပြီးနိုင်မစီးနိုင် ငိုတတ်တာမျိုးပဲ သင်မနေနဲ့လို့ ..." 


ချိန်ဖမ်းရှင်းက ရွဲ့တဲ့တဲ့ ပြုံးနေသော ဖန်ခွင်းကို တစ်လှည့်၊ အေးစက်တင်းမာနေသည့် မစ္စတာကျိကိုတစ်လှည့် စိုက်ကြည့်ပြီးနောက်တွင်တော့ စိတ်ပျက်လက်ပျက်ဖြင့်သာ ရုံးခန်းထဲမှ ထွက်လာလိုက်ရတော့သည်။ 


ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေအထိ ရောက်သွားရတာလဲ အစောပိုင်းတုန်းကဆို လက်ထဲမှာလည်း အရင်းအမြစ်တွေ အများကြီး မစ္စတာကျိကလည်း နောက်ခံ ဖြစ်နေသေးတော့ ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူး ဒါပေမယ့် အခု ကြော်ငြာတွေရော၊ ရသစုံရှိုးမှာ ပါဝင်ခွင့်ရော ဆုံးရှူံးသွားပြီ "The Lover" ဇာတ်ကောင်တစ်ခုပဲ ကျန်တော့တယ် နောက်ပြန်ဆုတ်ဖို့ကလွဲလို့ ဘာမှ ရွေးချယ်စရာ ‌မရှိတော့ဘူး ..." 


ရုံးခန်းတစ်ခုလုံး ငြိမ်သက်နေစဉ် ဖန်ခွင်းက မရဲတရဲ မေးလိုက်သည်။ 


"ဘာလို့ လင်းလဲ့ယန်အပေါ် ရုတ်တရက်ကြီး ခက်ထန်သွားရတာလဲ သူက မင်းကို ရန်စလိုက်မိလို့လား ..." 


ကျိမြန်က တစ်ခွန်းမှ ပြန်မဖြေ။ အရန် account တစ်ခု ပြုလုပ်ကာ ရှောင်ကျားရှု၏ account နှစ်ခုလုံးကို follow လုပ်လိုက်သည်။ ရှောင်ကျားရှုနှင့် နီးကပ်နိုင်မည့် အခွင့်အရေးတစ်ခု ရှာ‌ဖွေမှ ရပေတော့မည်။ သို့မဟုတ်ပါလျှင် ဘာဆက်လုပ်ရမည်မှန်းပင် သိတော့မည် မဟုတ်ချေ။ 



ဓာတိပုံတစ်ပုံကို ဖျက်လိုက်ခြင်းမှာ ကျိမြန်အတွက် ကိစ္စကြီး မဟုတ်ချေ။ Weibo post များကို မကြာခဏ ရှင်းခင်းတတ်သူများ ရှိနေသော်လည်း ပြဿနာမှာ ထိုပုံ တင်ခဲ့သည့် အချိန်နှင့် ရေးသားထားသည့် စာသားများ ဖြစ်နေပေသည်။ ထိုသည်မှာ လင်းလဲ့ယန်၏ ပထမဆုံး ပွဲဦးထွက်သည့်နေ့ရက် ဖြစ်ကာ စာသားမှာလည်း ကျိမြန်၏ သူ့အပေါ် မျှော်လင့်မှု၊ ဂရုစိုက်ပေးမှုတို့ ပြည့်နှက်နေသည်။ လင်းလဲ့ယန်ကို အားပေးရန် သူ့ပရိသတ်များကိုပင် တောင်းဆိုထားရာ ကာကွယ်ပေးသည့် အပြုအမူဟု ယူဆ၍ပင် ‌ရပေသည်။ 


အခု အဲဒီ့ဓာတ်ပုံကို ဖျက်ပစ်လိုက်တော့ လင်းလဲ့ယန်ကို ဂရုစိုက်ဖို့ မပြောနဲ့ မျှော်လင့်ချက်ကို မရှိတော့ဘူးလို့ ပြောချင်တာလား မင်းတို့လည်း သိတဲ့အတိုင်းပဲ လင်းလဲ့ယန်က သူ့လက်အောက်က အနုပညာရှင်လေ သူသာ ဒီလိုမျိုး မကြိုက်တဲ့ ပုံစံမျိုး ပြလိုက်ရင် သူ(လင်းလဲ့ယန်) တော့ သေချာပေါက်ကို အေးစက်စက် အဆက်ဆံခံရတော့မှာပဲ ... 


ရလဒ်အနေဖြင့် လင်းလဲ့ယန်မှာ ညတွင်းချင်းပင် ကြော်ငြာပိုင်ရှင်များနှင့် ရိုက်ကူးရေးသမားတို့ထံမှ အေးစက်သည့် သဘောထားကို ခံစားလိုက်ရတော့သည်။ ညှ်ိနှိုင်းနေဆဲ စာချုပ်အားလုံး ရပ်စဲသွားကာ "The Lover" တစ်ခုတည်းသာ ကျန်ရစ်ခဲ့တော့သည်။  ဒါရိုက်တာဟူမင်က နောင်တမရဟု ပြောလျှင် မှားပေလိမ့်မည်။ လင်းလဲ့ယန်မှာ ကျိုးကြောင်းဆီလျော်စွာ ငြင်းခုန်တတ်ပြီး စကားပြောကောင်းသူတစ်ဦး ဖြစ်သည့်အတွက် သူနှင့်သာ ဆက်ရိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ လင်းလဲ့ယန်မှာ သူ မြင်မြင်ချင်း သဘောကျမိသည့် သရုပ်ဆောင် ဖြစ်သည့်အတွက် သူမလိုချင်တော့သည့်တိုင် ငြင်းပယ်လိုက်၍ မသင့်တော်တော့ချေ။ 


ချိန်ဖမ်းရှင်းမှာ အတွေ့အကြုံ နည်းပါးကာ အရည်အချင်းလည်း မပြည့်မီသည့်အတွက် မြောက်များစွာသော စာချုပ်ရပ်စဲခြင်းများကို ရင်ဆိုင်လိုက်ရသည့်အခါ ကောင်းစွာ မကိုင်တွယ်နိုင်တော့။ ထို့ကြောင့် ညှိနှိုင်းခြင်းကိစ္စ အဝဝကို ဖန်ခွင်းထံသာ ပုံအပ်ထားလိုက်ရတော့သည်။ မူလကမူ ဖန်ခွင်းမှတစ်ဆင့် လင်းလဲ့ယန်၏ သနားစဖွယ် အနေအထားအကြောင်း ကျိမြန်၏ နားထဲသို့ ပေါက်ကြားစေခြင်းဖြင့် သနားစိတ်တို့ကို နှိုးဆွကာ အနည်းနှင့် အများ ဆုံးရှုံးမှု နည်းပါးအောင် လုပ်မည်ဟု ကြံရွယ်ထားသော်လည်း ဖန်ခွင်းက ကျိမြန်ကို ဖုန်းဆက်ကာ စာချုပ်ရပ်စဲသည့် ကိစ္စအားလုံးကို အနှောင့်အနှေးမရှိ ကိုင်တွယ်သွားတော့သည်။ 


"ငါတို့ဘက်က ပေးစရာရှိတဲ့ လျော်ကြေးတွေအားလုံး ပေးပြီးပြီ ဒါ မင်းတို့အတွက် လုပ်ပေးနိုင်တာ အကုန်ပဲ ..." 


သူက လက်ဆွဲအိတ်ကို သိမ်းနေရင်း ရှင်းပြလိုက်သည်။ 


"မစ္စတာကျိက ပြောတယ် ရှေ့လျှောက် လင်းလဲ့ယန်ရဲ့ ကိစ္စအားလုံးကို မင်းလက်ထဲ လွှဲပေးလိုက်ပြီတဲ့ ဇာတ်လမ်းပဲ ရိုက်မလား ကြော်ငြာတွေ လက်ခံမလား ဒါမှမဟုတ် ရသစုံရှိုးထဲ ပါမလား စိတ်ကြိုက်သာလုပ် အရင်းအမြစ်တွေလည်း မင်းတို့ စိတ်တိုင်းကျ ရှာဖွေလို့ရတယ် ကုမ္ပဏီက မင်းတို့ကို လိုအပ်တဲ့ လက်ထောက်‌တွေတော့ ပေးနေဦးမှာပါ ဒါပေမယ့် ဘယ်နေရာအထိ သွားနိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ် အတိတ်မှာတုန်းက မစ္စတာကျိက မင်းတို့ကိူ အရမ်းကြင်နာပြီးတော့ အခြေအနေဆိုးတွေ အများကြီးကနေ ကူညီပြီး ဆွဲထုတ်ပေးခဲ့တယ် ပြီးတော့ ထိပ်တန်းအရင်းအမြစ်တွေလည်း ပေးခဲ့သေးတယ် ဒါပေမယ့် ကြည့်လိုက်ပါဦး မင်းတို့တွေ ဘယ်လောက်အထိ ‌ပျက်စီးလာသလဲဆိုတာကို ..." 


"ဒီမှာ ..." 


သူက စာရွက်စာတမ်းဖိုင်တစ်ခုကို ကမ်းပေးလိုက်သည်။ 


"ဒါက မင်းနဲ့ မင်းညီမရဲ့ IOU ယူပြီး မီးရှို့လိုက် ဟိုဓာတ်ပုံတွေကို ထုတ်ရောင်းမလား မရောင်းဘူးလား ဆိုတာကတော့ မင်းတို့ သဘောပဲ ဘာပဲဖြစ်ဖြစ် နစ်နာမယ့်သူက မစ္စတာကျိမှ မဟုတ်တာ ..." 


ချိန်ဖမ်းရှင်းက ထိုစာရွက်နှစ်ရွက်ကို ပြန်ယူရန် အိပ်မက်မက်ခဲ့ဖူးသော်ငြား အမှန်တကယ် ပြန်ရလာသည့်အခါတွင်မူ အိပ်မက်တို့ တစ်စစီ ပျက်စီးသွားသည့်နှယ်ပင်။ ဖိုင်အိတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက် မေးလိုက်သည်။ 


"မစ္စတာကျိက လဲ့ယန်ကို ဖွက်ထားချင်နေတာလား ..." 


"မင်းကို ကြည့်ရတာ နားလည်မှု လွဲနေတယ်ထင်တယ် ..." 


ဖန်ခွင်းက လှောင်ရယ်လိုက်သည်။ 


"လင်းလဲ့ယန်က A အဆင့် စာချုပ်ကို ချုပ်ထားတာ အဲဒါကြောင့် သူ့ကို ကုမ္ပဏီရဲ့ ထိန်းချုပ်ပိုင်ခွင့်က တော်တော်လေး နည်းတယ် ကုမ္ပဏီက သူရတဲ့ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကိုပဲ ကော်မရှင်ခအနေနဲ့ ယူတယ် ကျန်တာအားလုံး သူ့အပိုင် ပြီးတော့ ကုမ္ပဏီအနေနဲ့ သူ့ကို ဇာတ်လမ်းရိုက်ဖို့ ရုပ်ရှင်ရိုက်ဖို့ လုံးဝ ဖိအားပေးနေမှာ မဟုတ်ဘူး ဆုံးဖြတ်ပိုင်ခွင့်က သူ့လက်ထဲမှာပဲ အပြည့်အဝ ရှိတယ် ဒါပေမယ့် ကုမ္ပဏီမှာလည်း သူ့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးရမယ့်တာဝန် မရှိဘူး ..." 


စာချုပ်ကို ထုတ်ကြည့်လိုက်ပြီးနောက် ချိန်ဖမ်းရှင်း၏ မျက်နှာတစ်ခုလုံး စာရွက်ဖြူတစ်ရွက်နှယ် သွေးဆုတ်ဖြူလျော်သွားတော့သည်။ လင်းလဲ့ယန်၏ ဝင်ငွေအားလုံးကို ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအောက်သို့ ထားရှိရန် မလို။ ကုမ္ပဏီက သူ့ကို ရုပ်ရှင်ရိုက်ရန် ဖိအားပေးလိမ့်မည်လည်း မဟုတ်ချေ။ အလားတူပင် ကုမ္ပဏီကလည်း သူ့အတွက် ရုပ်ရှင်အချိတ်အဆက်နှင့် ကြော်ငြာများကို ကူညီကာ ရှာဖွေပေးမည် မဟုတ်။ အရင်းအမြစ်ရှိခြင်း၊ မရှိခြင်းမှာ သူကိုယ်တိုင် သို့မဟုတ် အေးဂျင့်ဖြစ်သူ၏အဆက်အသွယ်ပေါ်တွင်သာ မူတည်ပေသည်။


 ထိုစာချုပ်မှာ အတော်လေး အဆင်ပြေလှသည်ဟု ထင်ရနိုင်သော်ငြား လူသစ်များအတွက်မူ စက္ကူစုတ်တစ်ခုမျှသာ ဖြစ်ပေသည်။ 


အတိတ်တွင် ‌အားထားရာ ကျိမြန်ရှိနေသည့်အတွက် လင်းလဲ့ယန်သည် လိုချင်သမျှ အားလုံးကို မလွဲမချော် ပိုင်ဆိုင်ခဲ့ရာ ယခု ကျိမြန်၏ အထောက်အပံ့ကို မရတော့သည့်အခါမှ ရုန်းကန်ရခြင်း၏ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။ 


ဖန်ခွင်းက သူ့ကို အသနားခံသည့် မျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည့် ချိန်ဖမ်းရှင်းအား လက်ယမ်းပြလိုက်သည်။ 


"ငါ့ကို တောင်းပန်နေလည်း အသုံးမဝင်ဘူး ငါတို့က စာချုပ်အတိုင်းပဲ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် သေချာပေါက် ကျိုးကြောင်းဆီလျော်ပြီး တရားဝင် ဖြစ်ပြီးသား ဒါကြောင့်လည်း ကုမ္ပဏီတွေက အနုပညာရှင်တွေအတွက် စာချုပ်တွေကို အမျိုးမျိုး ခွဲပေးထားတာပေါ့ လူသစ်လေးတွေက နာမည်မကြီးသေးလို့ များများ အလုပ်လုပ်ပြီး နည်းနည်းပဲ ယူတယ် ဒါပေမယ့် ကုမ္ပဏီကလည်း အရင်းအမြစ်တွေ ကူရှာပေးပြီး အကောင်းဆုံး ထောက်ပံ့ပေးတယ် နာမည်ကြီးလာတဲ့အခါ အရင်းအမြစ်ရှာဖို့ ကုမ္ပဏီရဲ့ အကူအညီကို မလိုတော့ဘူး ဒီတစ်ခါ အကျိုးအမြတ် ခံစားရမယ့်သူက ကုမ္ပဏီ ဖြစ်သွားပြီ ဒါကြောင့် စာချုပ်တွေကို အဆင့်အမျိုးမျိုး သတ်မှတ်ထားတာ အနုပညာရှင်တစ်ယောက် ကုမ္ပဏီကနေ ထွက်မသွားနိုင်အောင် သူတို့အကြိုက်တွေ့လောက်မယ့် အချက်တွေနဲ့ပေါ့ ဒါက ဈေးကွက်လိုအပ်ချက်အရရော တစ်ဦးချင်း ဖွံ့ဖြိုးမှုအရရော ကွက်တိကျနေတယ်လေ မင်းတို့ လူငယ်လေးတွေက အရမ်းကို စိတ်ကူးယဉ်ဆန်ဆန် တွေးလွန်းပြီး အရာတိုင်းက အကောင်းပေါ် အကောင်းဆင့်နေကြမယ်လို့ပဲ ထင်နေကြတယ်လေ မင်းတို့ကမှ တကယ့်ကို အရှုံးကြီး ရှုံးနေပြီဆိုတာကိုတော့ သဘောမပေါက်ကြဘဲနဲ့ ..." 


သူက တံခါးကို တွန်းဖွင့်ကာ အိပ်ချင်ယောင်ဆောင်နေဆဲဖြစ်သည့် လင်းလဲ့ယန်အား ဖြတ်ခနဲ လှမ်းကြည့်လျက် အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။ 


"မင်းတို့က တစ်ဖက်သူ ပေးတဲ့အရာ‌အပေါ်မှာ အရမ်း လိုချင်စိတ် မများလွန်းဘူးလား ကောင်းမှု မလုပ်ဘဲနဲ့ ကုသိုလ်မရဘူးဆိုတဲ့ စကားပုံတောင် ရှိသေးတယ်လေ  တစ်ခုခုကို ရပြီဆိုရင် ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်လဲ ဒါကို တတ်ရောတတ်နိုင်ရဲ့လား ဆိုတာမျိုးလောက်တော့ စဉ်းစားခဲ့ရမှာပေါ့ ဟုတ်တယ်မဟုတ်လား ..." 


တံခါးပိတ်သွားသည့်တိုင် လင်းလဲ့ယန်၏ မျက်လုံးတို့ ပြန်ဖွင့်မလာ။ မျက်တောင်တို့သာ တဆတ်ဆတ် တုန်ရီနေပြီး မျက်ရည်စအနည်းငယ်ကိုပါ မပီဝိုးတဝါး တွေ့နေရပေသည်။ 


ဖန်ခွင်းက ကုမ္ပဏီသို့ ပြန်ရောက်သည့်အခါ လင်းလဲ့ယန်အကြောင်း အစီရင်ခံမည် ပြင်လိုက်သော်လည်း ကျိမြန်က လုံးဝ စိတ်ဝင်စားခြင်း ရှိ‌မနေကြောင်း တွေ့လိုက်ရသည်။ မျက်မှန်တစ်လက်ကို တပ်လျက် ကွန်ပျူတာ စာရိုက်နေပြီး လက်ထဲတွင်လည်း အားကိုးအားထား ပြုရမည့် စာရွက်စာတမ်းတို့ ကိုင်ထားသည့် သူ့ပုံစံမှာ ပညာရှင်တစ်ဦးနှယ်ပင်။ 


"ရို့ ဘာအတွက်များ ဒီလောက်အထိ တလေးတနက်ကြီး လုပ်နေရတာလဲ ..." 


ဖန်ခွင်းက ထိပ်ဆုံးရှိ စာအုပ်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။ ၎င်းမှာ Stanislavski ၏ "My life in Art" အမည်ရ စာအုပ်ဖြစ်သည်။ 


"ငါ သရုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ဆောင်းပါး နည်းနည်းလောက် ရေးချင်လို့လေ ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


"အလုပ်များနေတယ် ပြောစရာမရှိရင် ထွက်သွားတော့ ..." 


ဖန်ခွင်းက စခရင်ကို လှမ်းကြည့်ရင်း တစ်လုံးချင်း အသံထွက် ဖတ်လိုက်သည်။ 


"အတွေ့အကြုံကို အခြေခံကာ သရုပ်ဆောင်ခြင်းနှင့် ခံစားမှုရသကို ပေါ်လွင်အောင် တင်ဆက်ပြသခြင်း အကြားမှ အငြင်းပွားဖွယ်ရာ _ သရုပ်ဆောင်မှု အနုပညာ" ဘာလို့ ဒီလိုဆောင်းပါးမျိုး ရေးနေတာလဲ ပေကျင်း ရုပ်ရှင်အကယ်ဒမီကနေ ဧည့်‌ပါမောက္ခအဖြစ် လာရောက်ပို့ချပေးဖို့ တောင်းဆိုထားတာကို လက်ခံလိုက်တော့မလို့လား ..." 


"မဟုတ်ဘူး ..." 


ကျိမြန်က မျက်မှန်ကိုချွတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"အရင်ဆုံး ထွက်သွားပေးပါလား မင်းက ငါ့အတွေးတွေကို အနှောင့်အယှက် ပေးနေတယ် ..." 


"အိုကေ အိုကေ အိုကေ အိုကေ ငါ သွားပြီ ..." 


ဖန်ခွင်းက လက်နှစ်ဖက်လုံးကို မြှောက်ပြလိုက်သည်။ 


"ဒါနဲ့ လင်းလဲ့ယန်ရဲ့ ကိစ္စကို ကိုင်တွယ်ပြီးပြီနော် စိတ်အေးလက်အေးသာ နေလို

က်တော့ ..." 


ကျိမြန်က ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းငြိမ့်ပြကာ သူထွက်သွားသည်အထိ စောင့်ပြီးကာမှ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ 




Xxxxxxxx