အပိုင်း ၁၂၀
Viewers 44k

Chapter 120





လတ်တလောတွင် ရှောင်ကျားရှုသည် သင်ယူလေ့လာမှုထဲ၌သာ နစ်မြောနေသည်။ သူ follow လုပ်ထားသူ အများစုမှာလည်း ရုပ်ရှင်အကယ်ဒမီမှ ‌ပါမောက္ခများနှင့် အနုပညာလောကမှ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကာ ထိုသူတို့၏ ဆောင်းပါးများအား forward ပြန်လုပ်ရခြင်းကိုလည်း အင်မတန် သဘောတွေ့နေပေသည်။ ထိုသည်ကို တွေ့ကာ အကြံရသွားသော ကျိမြန်က "လီလောင်ရှီးက မိုက်မဲတယ်" ဟူသည့် အမည်ဖြင့် account သစ်တစ်ခုကို ဖွင့်ကာ ရှောင်ကျားရှု၏ Weibo account နှစ်ခုလုံးကို follow လုပ်လိုက်ပြီး သူ မျက်စိလည်သွားစေရန် ကျန်သူအချို့ကိုပါ add ထားလိုက်သေးသည်။ သူသာ အထောက်အထား ခိုင်မာပါသည့် ဆောင်းပါးအချို့ကို မရေးခဲ့ပါလျှင် ရှောင်ကျားရှုက သူ့ကို သတိထားမိမည်မဟုတ်သလို သူပို့ထားသည့် သီးသန့်စာတိုများကို စာပြန်ပို့လိမ့်မည် မဟုတ်ချေ။



သူ့ကို ဘာမှမလုပ်ဖို့ ဖိအားပေးထားတာမှ မဟုတ်တာ အဲဒါကြောင့် အခု ရှောင်ကျားရှုနဲ့ အဆက်အသွယ်ရဖို့ အရမ်းကို ကြိုးစားနေပြီ ... 


စာနှစ်ကြောင်းခန့် ရေးပြီးနောက် အကျင့်ပါနေသည့်အတိုင်း ဖုန်းကို ကောက်ကိုင်ကာ ရှောင်ကျားရှုထံ WeChat မှတစ်ဆင့် စာပို့လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် တစ်ဖက်သူထံမှ စာရေးနေသည့် ပုံစံမျိုး ပေါ်လာသည့်အတွက် ချက်ခြင်းပင် စိတ်သက်သာရာရကာ ပြုံးမိသွားတော့သည်။ 

(Messanger မှာ တစ်ဖက်က စာရိုက်နေရင် အလုံးလေးသုံးလုံး ပေါ်နေသလိူမျိုးကို ပြောချင်တာပါ) 


ထိုတစ်ခဏ၌ပင် ရှောင်ကျားရှုက သူ့ကို လုံးလုံးလျားလျား မေ့မထား၊ သူ့စာများကို ဝင်ဖတ်နေဆဲဖြစ်ကာ စာပြန်ပို့သင့် မပို့သင့် ဒွိဟဲဖြစ်နေဆဲဖြစ်ကြောင်း သိလိုက်ရတော့သည်။ နောက်ဆုံးတွင် ပြန်စာတစ်လုံးမှ ရောက်မလာသည့်တိုင် ကျိမြန်၏ နှလုံးသားမှာ နွေးထွေးမှုကို ခံစားရဆဲဖြစ်သည်။ 


စာရိုက်နေသည့် သင်္ကေတလေး ‌ပျောက်ကွယ်သွားသည့်အခါ ကျိမြန်မှာ နောက်ထပ်စာတစ်စောင် ထပ်ပို့လိုက်မိပြန်တော့သည်။ 


"မင်းရဲ့ ဇာတ်လမ်းအသစ်အတွက် ဆွေးနွေးပြီးသွားပြီလား ကိုယ် အကြံပေးတာကို လိုချင်သေးလား" 


တစ်ဖက်မှ စာရိုက်နေသည့်ပုံ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ကျိမြန်လည်း ၎င်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးကာမှ ဖုန်းကိုချ၍ စာပြန်ရေးလိုက်တော့သည်။ 


ရှောင်ကျားရှုမှာ လတ်တလောတွင် "လီလောင်ရှီးက မိုက်မဲတယ်"အမည်ရ account ပိုင်ရှင်ဖြင့် မိတ်ဆွေဖြစ်နေပေသည်။ ထိုနာမည်မှာ သူ့နာမည်အစစ် မဟုတ်နိုင်။ ပေကျင်းရုပ်ရှင်အကယ်ဒမီ၏ ဧည့်ပါမောက္ခတစ်ဦးဖြစ်ကာ အတွေ့အကြုံ ကြွယ်ဝလှသူလည်း ဖြစ်သည်။ သူ့ဆောင်းပါးများကို ဖတ်ကြည့်ရန် ရှစ်ထင်းဟန်က ပြင်းပြင်းထန်ထန် တိုက်တွန်း၍သာ မဟုတ်ပါလျှင် ရုပ်ရှင်နှင့် အနုပညာနယ်ပယ်တွင် ဤကဲ့သို့ ပါရမီရှင်မျိုး ရှိလိမ့်ဦးမည်ဟုပင် သိမည်မဟုတ်ချေ။ လီလောင်ရှီး၏ ဆောင်းပါးများမှာ အလွန်နက်နဲသိမ်မွေ့ကာ ဂန္တဝင်ရုပ်ရှင်တိုင်းကို သူခွဲခြမ်းစိတ်ဖြာပြီးလေတိုင်း ရှောင်ကျားရှုအနေဖြင့် အလွန်ပြောင်မြောက်နက်ရှိုင်းလှသည့် အချက်အလက်များကို လေ့လာခွင့် ရနေပေသည်။ ထိုသည်သာမက သူ့ကို သရုပ်ဆောင်စွမ်းရည် တိုးတက်စေရန် မည်သို့ ကြိုးစားသင့်ကြောင်းနှင့်  ဇာတ်ကောင်၏ စိတ်နေစိတ်ထားကို နားလည်နိုင်မည့် နည်းလမ်းတို့ကို ရှင်းပြခဲ့သည့်အပြင် တစ်နေကုန် online ပေါ် ရှိနေသဖြင့် သူ မေးသမျှတိုင်းကို ချက်ခြင်း ပြန်ဖြေနိုင်ပေသည်။ 


ရှောင်ကျားရှုမှာ ထိုသူငယ်ချင်းအသစ်ကို အလွန်အမင်း သဘောကျသွားသည့်အတွက် သရုပ်ဆောင်ခြင်းမှအစ နေ့စဉ်ဓူဝကိစ္စများသာမက ဝါသနာတို့အကြောင်းကိုပါ အဆက်မပြတ် စကားဆက်စပ်မိသွားတော့သည်။ တစ်ဖက်သူက သူ့ကို သာမန်လိုပင် သဘောထားသည်ကပင်လျှင် စိတ်သက်သာဖွယ်ရာဖြစ်သည်။ 


"ကျွန်တော် ရိုက်ကူးရေးအဖွဲ့ထဲ ရောက်လာပြီ" 


"နဂါးနှစ်ကောင်ရဲ့ရာဇဝင်" ရိုက်ကွင်းသို့ ရောက်သည့်အခါ လီလောင်ရှီးကို သီးသန့်စာပို့လိုက်၏။ 


"ရိုက်ကွင်းက ဘယ်လိုနေလဲ" 


လီလောင်ရှီးက အလျင်အမြန်ပင် စာပြန်ပို့လာသည်။ 


"ဒါရိုက်တာက အရမ်းကို ကြင်နာတတ်တယ် ကျန်တဲ့ သရုပ်ဆောင်တွေကလည်း အရမ်းကောင်းကြပါတယ်" 


"တော်သေးတာပေါ့ မင်းမှာ ပြဿနာရှိလာရင် အချိန်မ‌ရွေး ဆက်သွယ် အနုပညာလောကထဲမှာ ငါ့အဆက်အသွယ်တွေ ရှိနေသေးတယ်" 


ရှောင်ကျားရှုက မလိုအပ်မှန်း သိသည့်တိုင် ကျိမြန်က အလေးအနက်ထားကာ ပြောမိဆဲဖြစ်သည်။ 


"ကျေးဇူးတင်ပါတယ် လီလောင်ရှီး ဒါပေမယ့် စိတ်ချပါ ကျွန်တော် ပြဿနာမဖြစ်စေရပါဘူး" 


ထိုသို့ပြောပြီး မကြာမီမှာပင် ရှောင်ကျားရှုမှာ သူ့စကားနှင့်သူ ပြန်အရိုက်ခံလိုက်ရတော့သည်။  ဇာတ်လမ်းစရိုက်ပြီး နှစ်ရက်ပင်မကြာ၊ ဇာတ်လိုက်မင်းသမီးက ရိုက်ကွင်းမှ ထွက်သွားကာ သူနှင့် ရိုက်ကူးရမည့်အခန်းအားလုံးကို လူစားထိုးဖြင့်သာ ရိုက်ကူးစေတော့သည်။ သူမနေရာတွင် အစားဝင်ရသည့် လူစားထိုးမှာလည်း လူသစ်တစ်ဦးသာ ဖြစ်သည့်အပြင် ယနေ့ သူတို့ရိုက်ကူးရမည့် ဇာတ်ကွက်မှာ အရေးကြီးသည့်ဇာတ်ကွက် ဖြစ်နေပေသည်။ သူ သရုပ်ဆောင်ရမည့် အဓိကဇာတ်လိုက်သည် လက်စားချေရန်အတွက် မိစ္ဆာလမ်းကြောင်းသို့ ရောက်ရှိသွားပြီး ဇာတ်လိုက်မ၏ မိသားစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ဇာတ်လိုက်မက သူ့ဗိုက်ကို ဓားဖြင့် ထိုးလိုက်မှသာ စိတ်ရူးဖောက်မှုတို့မှ နိုးထလာတော့၏။ 


မိစ္ဆာစိတ်တို့ ပျောက်ကွယ်ကာ သူမ၏ ဓားချက်ကြောင့် အသိစိတ် ပြန်လည် ဝင်ရောက်လာတော့သည်။ မူလကမူ ဇာတ်လိုက်မက သူ့ကို ချစ်ခဲ့သော်ငြား ကိစ္စအမျိုးမျိုး ဖြစ်ပွားခဲ့ပြီးနောက် သူမ၏ ခံစားချက်များအားလုံးကို စွန့်ပစ်ကာ သူနှင့် ရန်သူဖြစ်သွားခဲ့တော့သည်။ တစ်ဦးက မုန်းရာမှ ချစ်သွားပြီး ကျန်တစ်ဦး၏ အချစ်တို့မှာမူ အမုန်းအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ စိတ်ခံစားချက် ပဋိပက္ခတို့မှာ လွန်စွာ ပြင်းထန်လှရာ အနုပညာလောကကို ရောက်လာကာစ အစားထိုးသရုပ်ဆောင်လေး မဆိုထားနှင့်၊ ဝါရင့်သရုပ်ဆောင်ဆိုသူများပင်လျှင် ကောင်းမွန်စွာ သရုပ်ဖော်ပြနိုင်ရန် မလွယ်လှချေ။


ထိုသို့ ဖြစ်သည့်တိုင် စိတ်ကို တင်းလျက်သာ ထိုလူစားထိုးဖြင့် ဆက်လက်ရိုက်ကူးရန် ကြိုးစားခဲ့သေးသည်။ သို့သော် သူမက သူ့ဗိုက်ကို ဓားဖြင့်ထိုးရုံမှ အပ မည်သည့်တာဝန်မှ မယူ၊ စာသားတစ်ကြောင်းပင် မဖတ်ခဲ့သည့်အပြင် ရယ်ပင်ရယ်နေသေးသည့်အတွက် တစ်စက္ကန့်အတွင်းမှာပင် ဈာန်ဝင်စားမှုအားလုံး ပျက်သုဉ်းသွားတော့သည်။ 


NG များ ခုနစ်ခါဆက်တိုက် ရရှိခဲ့ပြီးနောက် ရှောင်ကျားရှုမှာ သူ့အခက်အခဲကို ဒါရိုက်တာအား ထုတ်ပြောလိုက်ရတော့သည်။ သို့သော် ထိုသူက လက်ကိုယမ်းလျက် အလိုမကျဟန်ဖြင့် ပြောလာလိမ့်မည်ဟုတော့ မျှော်လင့်မထားချေ။ 


"ပင်းကျဲက ဟောလိဝုဒ်မှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရတာ ဒါပေမယ့် ငါတို့ရဲ့ ရိုက်ကူးရေးနဲ့ အချိန်တိုက်နေတော့ အချိန်တိုအတွင်း ပြန်ရောက်လာနိုင်ဦးမှာ မဟုတ်ဘူး သူမရဲ့ အပိုင်းတွေကို ရိုက်ထားပြီး စာသားတွေကတော့ နောက်မှ အသံပြန်သွင်းလိုက်မယ် အစားထိုးရဲ့ မျက်နှာနေရာမှာ သူမရဲ့ မျက်နှာကို ကပ်လိုက်ရုံပါပဲ မင်းအနေနဲ့ ပင်းကျဲရဲ့ သရုပ်ဆောင်စွမ်းရည်ရယ် အထူးပြုလုပ်ချက် ဖန်တီးတဲ့သူတွေရဲ့ အရည်အချင်းကို ယုံကြည်သင့်တယ်နော် မင်းရိုက်ရမယ့် အပိုင်းကိုသာ အာရုံစိုက်ပြီးရိုက် သူများကို လိုက်ပြီး စိတ်ဝင်စားမနေနဲ့ ..." 


"အယ် ဒါရိုက်တာကြီး ကျွန်တော်ပြောချင်တာ ဒီလိုမဟုတ်ဘူးလေ ဒါက ခက်ခဲတဲ့ ရိုက်ချက်လည်း မဟုတ်ဘဲနဲ့ ဘာလို့ အထူးပြုလုပ်ချက်တွေ သုံးမှာလဲ ပြီးတော့ လူစားထိုးရောပဲ ဒီလိုကြီးလုပ်လို့ သင့်လျော်ပါ့မလား ကျွန်တော့်ကိုယ်ကျွန်တော် တစ်ကိုယ်တော်ပြပွဲ လုပ်နေသလိုကြီးပဲ ခံစားနေရတယ် ဘယ်လိုမှ သရုပ်မဆောင်နိုင်တော့ဘူး ..." 


ရှောင်ကျားရှုအဖို့ ဤသို့သော အခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ရာ အလွန်ပင် မျက်စိပွင့် နားပွင့်သွားရတော့သည်။ 


"တစ်ယောက်တည်း ဘယ်လို သရုပ်ဆောင်ရမလဲတောင် မသိဘဲနဲ့ ဘယ်လိုဖြစ်ပြီး သရုပ်ဆောင် ဖြစ်လာတာလဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ်သရုပ်ဆောင်ရမယ့် အပိုင်းကို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်တယ် ကောင်းကောင်းမလုပ်နိုင်ရင် အဲဒါ မင်းကိစ္စ တစ်ခြားသူနဲ့ ဘာမှ မဆိုင်ဘူး ..." 


သူ့စကားတို့ကြောင့် ရှောင်ကျားရှုမှာ တစ်ချက်တည်းဖြင့်ပင် ဆွံ့အသွားရတော့သည်။ 


သူက မျက်နှာကို ပွတ်သပ်လျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။ 


"ဒါဆိုလည်း  ဒါရိုက်တာကြီး အရှိန်ယူလို့ရအောင် ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါဦး ဇာတ်လိုက်မင်းသမီးအသစ်ကို တစ်ခါတည်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့ မလွယ်လို့ ..." 


"ကောင်းပြီ ဒါဆိုလည်း ခဏနားလိုက် ..." 


ဒါရိုက်တာက သူ ဆက်မပြောတော့ကြောင်း တွေ့လိုက်ရသည့်အခါ လက်ကိုယမ်းလျက် သဘောတူလိုက်တော့သည်။ 


ရှောင်ကျားရှုမှာ နေရာတွင် ထိုင်ရင်း စဉ်းစားလေလေ သူ့ကို မှားယွင်းအပြစ်တင်သည်ဟု ခံစားရလေပင်ဖြစ်သည်။ ထို့ကြောင့် ဖုန်းကိုထုတ်လျက် "လီလောင်ရှီးက မိုက်မဲတယ်" account သို့ စာပို့လိုက်၏။


"... ဖြစ်ကြောင်းကုန်စဉ်ကတော့ ဒီလိုပဲ ဒါရိုက်တာရဲ့ စကားတွေက ထူးဆန်းသလိုပဲနော် ကျွန်တော်ဖြင့် သူ့ အတွေးတွေကို နားကိုမလည်တော့ဘူး ကျွန်တော်သာ ဒါကိူ ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် သရုပ်ဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးလား ..." 


ကျိမြန်မှာ စာဝင်လာသည့်အသံ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဖုန်းကို ကောက်ကိုင်ကာ စက္ကန့်ပိုင်းအတွင်း စာပြန်လေ့ရှိသည့် အကျင့်တစ်ခု တိုးလာပေသည်။ မူလက လမ်းမထက်တွင် ကားမောင်းနေခြင်း ဖြစ်သော်ငြား ရှောင်ရှုထံမှ စာရောက်လာကြောင်း တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ကားကို လမ်းဘေးချရပ်ကာအလေးအနက် စာပြန်ပို့လိုက်သည်။ 


"သေချာပေါက်ကို မင်းက သရုပ်ဆောင်ကောင်းတစ်ယောက်ပေါ့ ဒါရိုက်တာကမှ concept ကို တိတ်တိတ်လေး ပြောင်းပစ်လိုက်တာ လူနှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ဒိုင်ယာလော့တွေ ပြောကြ သရုပ်ဆောင်ကြလို့ အပြိုင်ရိုက်ချက်လို့ ခေါ်တာလေ တစ်‌ယောက်တည်း ရိုက်ရတာနဲ့ သဘောတရားချင်းမှ မတူတာ နှစ်ယောက်ရိုက်ရမယ့် ဇာတ်ကွက်ကို မင်းတစ်‌ယောက်တည်း ရိုက်ခိုင်းတာ ဒါရိုက်တာက တာဝန်မဲ့တာပဲ ..." 


ထိုအခါမှ ရှောင်ကျားရှု၏ စိတ်ခံစားချက်တို့ တစ်ဖြည်းဖြည်း အဆင်ပြေသွားတော့သည်။ သူက တွေးဆဆ မေးလိုက်၏။ 


"ဒါဆို အခု ကျွန်တော် ဘယ်လိုလုပ်သင့်လဲ နှစ်ယောက်ရိုက်ရမယ့် ဇာတ်ကွက်တွေမှာဆို ကျွန်တော်က တွဲဖက်ရဲ့ လွှမ်းမိုးတာကို အလွယ်တကူ ခံရတယ် တွဲဖက်က သရုပ်ဆောင်ကောင်းရင် ကျွန်တော်လည်း ကောင်းတယ် တွဲဖက်က ကောင်းကောင်း မလုပ်နိုင်ရင်တော့ ကျွန်တော်လည်း ဇာတ်ကောင်စရိုက်ထဲကို ဝင်မလာတော့ဘူး ခင်ဗျားကတော့ သိချင်မှ သိလိမ့်မယ် အဲဒီ့အစားထိုးကလေ ဘာစာသားမှလည်း မပြောဘဲနဲ့ ကျွန်တော့်ဗိုက်ကို ဓားနဲ့ ထိုးပြီး ရယ်ရုံပဲ ရယ်နေတာ တကယ် သူမနဲ့ဆို လုံးဝကို သရုပ်ဆောင်လို့ မရတော့ဘူး" 


ထိုစာကို ဖတ်နေရင်း ကျိမြန်မှာ ရှောင်ကျားရှု၏ ဒေါသကြီးနေမည့် မျက်နှာလေးကိုပင် မြင်ယောင်မိလာတော့သည်။ 


အခုတော့ တွဲဖက်ကောင်းတစ်ယောက် ရှိရခြင်းရဲ့ ကောင်းကျိုးကို သိပြီမဟုတ်လား ... 


ဤသို့ ပြောလိုက်ချင်သော်ငြား ပြောရဲသည့် သတ္တိလည်း မရှိသည့်အတွက် လေးနက်သည့် အကြံတစ်ခုကိုသာ ပေးလိုက်‌ရတော့သည်။ 


"ဒါဆိုလည်း အဲဒီ့အခန်းကို အကောင်အထည်မရှိတဲ့ ဇာတ်ကောင်အဖြစ်ပဲ သဘောထားလိုက်လေ မင်းရဲ့ စိတ်ကူးစိတ်သန်းကို သုံးပြီးတော့ တွဲဖက်တစ်ယောက်ကို ဖန်တီးလိုက် ပြီးမှ စကားပြောတွေ၊ အမူအယာတွေကို ထုတ်လိုက်ပေါ့ ပထမဆုံး စိတ်ပြေလျော့စေမယ့် လေ့ကျင့်ခန်းကိုလုပ်၊ ပြီးမှ အာရုံစူးစိုက်ရေး လေ့ကျင့်ခန်းကိုလုပ် နောက်ရိုက်မယ့် နှစ်ယောက်အခန်းကို စိတ်ကူးယဉ်ပြီး မင်းဘာသာမင်း သရုပ်ဆောင်ကြည့်နေ" 


ထိုသို့ လုပ်ရန် နည်းလမ်းမရှိသည့်အတွက် ရှောင်ကျားရှုက မျက်နှာကို စူပုပ်လျက် ပြန်ပြောလိုက်သည်။ 


"ကောင်းပါပြီ ဒါပေမယ့် လီလောင်ရှီး ခင်ဗျား ကျွန်တော့်ကို လိမ်ထားတယ်နော် အတွေ့အကြုံကို အခြေခံတဲ့ သရုပ်ဆောင်ချက်ကို ထောက်ခံအားပေးသူ မဟုတ်ဘဲနဲ့ စိတ်ကူးယဉ် ဖော်ပြချက်အပိုင်းကို ပိုပြီး အားသန်နေတာ မဟုတ်လား" 


"ဒီလိုပြောလို့လည်း ရပါတယ်" 


ကျိမြန်က နူးညံ့စွာ ပြုံးလိုက်သည်။ 


"ဒါပေမယ့် မင်းလည်း ဝန်ခံရမယ်နော် အတွင်းနဲ့ အပြင် နှစ်ဖက်စလုံးရဲ့ တွန်းအား မရှိရင် အတွေ့အကြုံကို အခြေခံတဲ့ သရုပ်ဆောင်တစ်ယောက်က သရုပ်ဆောင်ဖို့ ခက်ခဲတယ်ဆိုတဲ့ အချက်ကို ခံစားချက်ကို အဓိကထား ဖော်ပြတဲ့သူကကျ ကန့်သတ်ချက်တွေ မရှိဘူး မင်းရဲ့ သရုပ်ဆောင်တဲ့ စတိုင်ကို ဆက်တိုက် တိုးတက်လာအောင် လေ့လာသင့်တယ် ပုံစံတစ်မျိုးတည်းကိုပဲ ဖက်တွယ်မနေနဲ့" 


"လောင်ရှီးရဲ့ စကားတွေကို ရင်းနှီးနေသလိုပဲ" 


ရှောင်ကျားရှုမှာ တစ်ခဏတာ ကြောင်အသွားပြီးကာမှ ဆက်ရေးလိုက်တော့သည်။ 


"ကျွန်တော် ကြိုးစားပါ့မယ်" 


ရှောင်ကျားရှု၏ စကားများမှာလည်း လွန်စွာ အကျွမ်းတဝင် ရှိလှသည်။ U.S တွင် နှစ်ယောက်အတူတူ ရုပ်ရှင်ရိုက်ခဲ့သည့် အချိန်များသို့ ပြန်ရောက်သွားသည့်နှယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးကာ၊ ဂရုစိုက်ရင်း တစ်ယောက်ထံမှ တစ်ယောက် သင်ယူကြရင်းဖြင့် အားလုံး အဆင်ပြေနေခဲ့ချိန် ဖြစ်ပေသည်။ ကျိမြန်မှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ပြုံးမိသွားသည့်တိုင် သူ့အကြည့်တို့မှာမူ ခါးသီးမှုတို့ ပြည့်နှက်နေပေသည်။ သူက ပွေ့ဖက်အားပေးသည့် sticker တစ်ခု ပို့ပေးကာ ဖုန်းကိုသာ ငေးကြည့်နေလိုက်တော့သည်။ 


ရှောင်ကျားရှုမှာမူ ဆက်ပြီး စာပြန်ပို့မလာတော့။ ရိုက်ကူးရေး ပြန်လည်စတင်နေ၍ ဖြစ်ပေလိမ့်မည်။ သို့သော် ကျိမြန်၏ စိတ်တို့မှာမူ မအေးချမ်းနိုင်။ ကားကို "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရိုက်ကွင်းရှိရာသို့ ပြန်လှည့်ရင်း ဖန်ခွင်းကို ဆက်သွယ်လိုက်သည်။ 


"ကျန်းပင်းကျဲက အခုတလော ဘာတွေလုပ်နေတာလဲ သူမက ဘာလို့ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရိုက်ကူးရေးကနေ ရုတ်တရက်ကြီး ထွက်သွားရတာလဲ ..." 


ဖန်ခွင်းက အံကို တင်းတင်းကြိတ်လျက် ပြောလိုက်သည်။ 


"ကျွန်တော် ပြောပြမယ် ကျိကော ကော အခုတလော အရမ်းကို အချိန်ဖြုန်းနေတယ်နော် တစ်နေကုန် စာရေး‌ရင်ရေး မရေးရင် သူများတကာတွေရဲ့ ကိစ္စကိုပဲ လိုက်စပ်စုနေတာ ပါပါရာဇီ ဖြစ်ချင်နေတ

ာလား ..." 


"ကျန်းပင်းကျဲ ဘာလုပ်နေတာလဲ ဆိုတာကိုသာ ပြောစမ်းပါ ..." 


ကျိမြန်က ဆက်တိုက် မေးနေလိုက်သည်။




Xxxxx