အပိုင်း ၁၂၃
Viewers 44k

Chapter 123




သူက ရှောင်ကျားရှု၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။ 


ရှောင်ကျားရှုမှာလည်း နှလုံးခုန်သံတို့ ကပြောင်းကပြန် ဖြစ်လာပြန်သည့်အတွက် ချက်ခြင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


"ခွင့်ပြုပါဦး သန့်စင်ခန်း သွားလိုက်ဦးမယ် ..." 


သူသာ ထိုသို့ ထွက်မသွားပါလျှင် ကြိုးကြိုးစားစား မြှုပ်နှံထားခဲ့ရသည့် ခံစားချက်အားလုံးကို သူကိုယ်တိုင်ပင် ပြန်လည်တူးဖော်မိတော့မည်ဖြစ်သည်။ 


ကျိကောရဲ့ နူးညံ့မှုတွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ... 


ကျိမြန်က သူ့အတွေးတို့ကို မမှန်းဆနိုင်သည့်တိုင် ၎င်းမှာ ထွက်ပြေးလို၍ အကြောင်းပြခြင်းမှအပ မဖြစ်နိုင်ချေ။ သူ့တွင် အပြစ်ဆိုနိုင်လောက်သည့် အကြောင်းပြချက်လည်း မရှိသည့်အတွက် ခါးသီးစွာသာ ပြုံးနေလိုက်တော့သည်။ 


ရှောင်ကျားရှုက ‌သန့်စင်ခန်းထဲမှ ထွက်လာပြီးနောက် ငွေရှင်းထားရန် ပြင်လိုက်သော်ငြား ကျိကောက ကြိုတင်ရှင်းထားနှင့်ပြီးဖြစ်ကာ မည်သူ့ကိုမှ ငွေရှင်းခွင့် မပြုရန်၊ အထူးသဖြင့် ရှောင်ကျားရှုအမည်နှင့် ကလေးတစ်ယောက်အား ရှင်းခွင့်မပြုရန် ငွေကိုင်ဝန်ထမ်းအား ထပ်ကာထပ်ကာ သတိပေးခဲ့သည်။ ထိုသည်ကို ကြားလိုက်ရသည့်အခါ ရှောင်ကျားရှုမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ ကျိကောက သူ့ကို အသေးစိတ် ဂရုစိုက်ပေးမည့်အစား ဆိုးဆိုးဝါးဝါး ဆက်ဆံခြင်းမျိုးကိုသာလျှင် လိုချင်လာ‌မိတော့သည်။ 


သူ့ရဲ့ နတ်ဘုရားက သကာရည်လောင်းထားတဲ့ အဆိပ်တွေကို လာပေးနေတာပဲ တစ်နေ့နေ့ကျရင် သူ့စိတ်တွေ ထွေပြားလာပြီးတော့ အဆိပ်မှန်း သိသိနဲ့တောင် မျိုချလိုက်မိတော့မလားပဲ ... 


အခန်းထဲသို့ ပြန်ရောက်သည့်အခါ ညစာစားပွဲမှာ ဆုံးခန်းတိုင်နှင့်နေပြီဖြစ်သည်။ ကျိကောက လူတိုင်းကို လိုက်လျောညီထွေ ဆက်ဆံကာ မျက်နှာ‌သာပေးနေ၏။ သူက အများဆုံး သောက်ထားသည့်တိုင် သူ့ပုံစံမှာ အအေးဆေးဆုံးဖြစ်ကာ မျက်နှာပင် နီမနေချေ။ သိူ့သော် အကြည့်တို့မှာမူ အလွန်တောက်ပနေကာ လူတိုင်းကို အာရုံတစိုက် ကြည့်ရှုနေဟန်ပင်။ 


သူ့နားရွက်တို့ နီရဲနေကြောင်း တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုက အလောတကြီး ရောက်လာပြီး မေးလိုက်သည်။ 


"ကျိကော မူးနေပြီ မဟုတ်လား ..." 


"မမူးသေးပါဘူး ..." 


ကျိမြန်က လက်ကို ဆန့်တန်းကာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း ပြောလိုက်သည်။ 


"ရုပ်ရှင်ကို ကောင်းကောင်းရိုက် တစ်ခုခု လိုအပ်တာ ရှိရင်လည်း ကိုယ့်ကိုလာရှာ ဟုတ်ပြီလား ..." 


"ဟုတ်ကဲ့ပါ ..." 


ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး ပူထူကာ ခြေ‌ ထောက်တို့ ပျော့ခွေနေသည့်တိုင် လက်နှစ်ဖက်ကမူ ဘောင်းဘီကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကို လုံးဝ ပြန်မဖက်ရဲ။ သူ့ကိုသာ ဖက်လိုက်မိပါလျှင် ပြန်မလွှတ်နိုင်တော့မည်ကို စိုးရိမ်နေမိပေသည်။ 


သူ၏ ခုခံမှုကို သတိထားမိလိုက်သည့် ကျိမြန်က တစ်ဖန် သက်ပြင်းချလိုက်ပြန်တော့သည်။ 


"သွားရအောင် မင်းကို ပြန်ပို့ပေးဖို့ ဖန်ခွင်းက အောက်ထပ်မှာ စောင့်နေတယ် ..." 


အပြန်လမ်းတစ်လျှောက် နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောကြတော့။ ရိုက်ကွင်းနေရာသို့ ပြန်ရောက်လာပြီးနောက် ကျိမြန်က ရှောင်ကျားရှုကို အဝတ်လဲခန်းအထိ ပြန်ပို့ပေးပြီးမှသာလျှင် လိုလိုလားလား ပြန်သွားလိုက်တော့သည်။ လေးလံလှသည့် ခြေလှမ်းတို့နှင့်အတူ ကားထဲသို့ ဝင်ထိုင်ပြီးနောက် ကုတ်အင်္ကျီနှင့် လည်စည်းကို ချွတ်လျက် မျက်စိစုံမှိတ်ကာ ထိုင်ခုံပေါ် မှီထိုင်လိုက်တော့သည်။ 


အနည်းငယ် ဖရိုဖရဲ‌ဖြစ်နေသည့် ဘေးတိုက်မျက်နှာကို ငေးကြည့်ရင်း ဖန်ခွင်းက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ဒီနေ့ ဘာတွေဖြစ်ခဲ့တာလဲ ဒီအုပ်စုတွေနဲ့ သွားသောက်လာတာလေ ပြီးခဲ့တဲ့ ရက်ပိုင်းက မစ္စတာဝူ ဖိတ်တာကိုတောင် သဘောမတူခဲ့ဘဲနဲ့ ..." 


"ဘာမှမဟုတ်ဘူး သောက်ချင်လို့ သောက်ခဲ့တာ ..." 


သူက အကျင့်ပါနေသည့်အတိုင်း ဖုန်းကို ထုတ်ကာ ကြည့်လိုက်တော့သည်။ 


ဖန်ခွင်းက လှောင်ရယ်လိုက်၏။ 


"ငါ မသိဘူးများ ထင်နေလား မင်းက ..." 


သူက ရပ်တန့်ပြီးကာမှ လက်ကို ယမ်းပြလိုက်တော့သည်။ 


"ထားပါ ပြောနေလည်း ဘာမှ အသုံးမဝင်တာကို ပြောမနေတော့ဘူး ရှောင်ကျားရှုရော ရိုက်ကွင်းမှာ  ဘယ်လိုနေလဲ အဆင်ပြေရဲ့လား ..." 


ထိုအကြောင်း စကားစလိုက်သည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ မျက်နှာတစ်ခုလုံး ရုတ်ချည်း မဲမှောင်သွားတော့၏။ 


"အခုလတ်တလော ဇာတ်လမ်းတွဲတွေ အကုန်လုံးက ဒီလိုမျိုး ပရမ်းပတာတွေပဲလား ဇာတ်လိုက်က သူ‌ ထွက်ချင်သလိုထွက် ဝင်ချင်သလိုဝင် သူ့အပိုင်းမှန်သမျှကို လူစားထိုးနဲ့ ရိုက်ခိုင်းနဲ့ ပရိသတ်က ဘာသွားကြည့်ရတော့မှာလဲ စတူဒီယိုက ပိုက်ဆံတွေ အများကြီး ရင်းနှီးထားတာကိုတောင် ဘယ်လိုကွာလတီမျိုး ပြန်ရလာလဲ တစ်ပိုင်းတစ်ပိုင်းကို ယွမ်သန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားရဲ့သားနဲ့ ဒေါ်လာထောင်ဏန်းပဲ ပေးရတဲ့ အစားထိုးတွေကို ငှားနေရဦးမယ်ဆိုရင် ဘာလို့ တကယ့် သရုပ်ဆောင်အစစ်တွေ သုံးနေဦးမှာလဲ ..."


"ဒါက အခုခေတ် ရုပ်ရှင်နဲ့ အနုပညာလောကပဲလေ ငွေရှာဖို့က ပထမ ကျန်တာအကုန် နောက်ကပဲ ပိုက်ဆံရဖို့အတွက် သရုပ်ဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေတာ သူတို့ မရလိုက်တဲ့ ဇာတ်လမ်းတွေဆိုတာလည်း အများကြီးပဲလေ ဆိုတော့ လူစားထိုး ရှာတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား မင်းလည်း အရင်ကတည်းက သိခဲ့ပြီးသားပဲကို ဒါပေမယ့် အခုလိုမျိုးကြီး စက်ဆုပ်နေတဲ့အထိတော့ မဖြစ်ဖူးပါဘူး ..." 


ဖန်ခွင်းက သူ့ကို ခပ်ပြုံးပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ 


ကျိမြန်မှာမူ ရယ်ပင်မရယ်နိုင်။ 


"ငါ ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့မှာသာ ဒါမျိုး လာဖြစ်ရင် အဲဒီ့ကောင်တွေကို ချက်ခြင်း ထုတ်ပစ်မှာ ငါ့ဆီကနေ ပိုက်ဆံတွေ ယွမ်သန်းနဲ့ချီပြီး ယူထားရဲ့သားနဲ့ ဒါမျိုး လာပေးရအောင် ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ ..." 


ဖုန်းသံမြည်လာသည်အထိ ဒေါသထွက်နေဆဲပင်။ ၎င်းမှာ ရှောင်ကျားရှုမှ "လီလောင်ရှီးက မိုက်မဲတယ်" ထံ ဘာစာမှ မပါဘဲ ပါးစပ်ကို အုပ်ထားသည့် emoji တစ်ခုသာ ပို့ထားကြောင်း တွေ့လိုက်ရသည့်အခါ အေးစက်တင်းမာနေသည့် မျက်နှာတစ်ခုလုံး ရုတ်ချည်း ပြေေလျာ့သွားတော့သည်။ သူက စာပြန်ပို့လိုက်၏။ 


"ဘာဖြစ်လို့လဲ" 


"ပျော်လို့" 


"ဘာလို့လဲ" 


"အကြောင်းပြချက် မရှိဘူး" 


ထိုစာကို မြင်လိုက်ရသည့်အခါ သူ့အပြုံးတို့ ရုတ်ချည်း နက်ရှိုင်းသွားတော့သည်။ ရှောင်ကျားရှု၏ ရုတ်တရက် ပျော်ရွှင်မှုမှာ သူနှင့် သက်ဆိုင်နေကြောင်း သံသယဝင်ရန်ပင် မလိုအပ်။ သူ့နှလုံးသားကို မကြားရတော့သည့်တိုင် အတွေးတို့မှာမူ မျက်နှာတွင် ထင်ဟပ်နေရာ မှန်းဆရန် လွန်စွာ လွယ်ကူလှပေသည်။ 


ကျိမြန်ကလည်း တူညီသည့် emoji ကိုပင် ပြန်ပို့ပေးလိုက်သညိ။ 


"ငါလည်း ပျော်နေတာ " 


"ခင်ဗျားဆီမှာရော ဘယ်လိုကိစ္စကောင်းလေးတွေ ရှိနေလို့လဲ " 


ရှောင်ကျားရှုက တယဉ်တကျေး မေးလိုက်သည်။ 


"ငါ အရမ်းတွေ့ချင်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်လေ" 


ထိုစာကို ရေးပြီးကာမှ ကျိမြန်လည်း သူ့ကိုယ်သူ ရှောင်ကျားရှုနှင့် တွေ့ဆုံရန် အင်မတန် စိတ်ဇောသန်နေမိကြောင်း သဘောပေါက်ကာ ကြောင်အသွားတော့သည်။ ဖုန်းစခရင်ကို အကြာကြီး စိုက်ကြည့်နေကာ သတိပြန်ဝင်မလာတော့။ 


ထိုအချိန်မှာပင် မိနစ်ဝက်ခန့် တိတ်ဆိတ်နေသည့် ရှောင်ကျားရှုဘက်မှ စာတစ်စောင် ထပ်ရောက်လာပြန်သည်။ 


"တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း အတူတူပဲ🤭"

(🤭 ဒီ emoji က သူ့မူရင်းမှာကို ပါတာပါ) 


ထိုစာကို မြင်လိုက်ရသည့် ကျိမြန်မှာ ဘာကိုမှ ဆက်တွေး‌မနေနိုင်တော့၊ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။ 


တကယ်ကို ထိုက်တန်တာပဲ အဝေးကြီး သွားရ‌တာတွေ ဝိုင်အများကြီး သောက်ရတာတွေ အကုန်လုံးက တကယ်ကို တန်တာပဲ ... 


ဖန်ခွင်းက သူ့ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်ပြီးနောက် အရူးတစ်ယောက်ကို တိတ်တဆိတ် ဆူပူကြိမ်းမောင်း‌လိုက်တော့သည်။ 


ကျိကောက လူတိုင်းကို ထမင်းဖိတ်ကျွေးပြီးနောက်‌ ရှောင်ကျားရှုအပေါ် အားလုံး၏ သဘောထားမှာ ပိုမိုကောင်းမွန်လာဟန်ပင်။ အနည်းဆုံးအနေဖြင့် သူ့ဘက်က ပြန်ရိုက်ရန် တောင်းဆိုလာပါလျှင် ဒါရိုက်တာက စိတ်မရှည်သည့် ပုံစံမျိုး မပြတော့ချေ။ ဤသို့ဖြင့် ဆယ်ရက်ကြာသွားသည့်တိုင် ကျန်းပင်းကျဲက ပြန်မလာသေး။ သူမ၏ လူစားထိုးကပင်လျှင် အနည်းငယ် တိုးတက်လာချေပြီ။ ယခင်လို ရယ်ရုံသာ ရယ်မနေတော့ဘဲ စာသားတို့ကို လေယူလေသိမ်း မှန်မှန်ဖြင့် ပြောတတ်စ ပြုလာသည်။ 


ရှောင်ကျားရှုကလည်း သူမနှင့် တစ်ဖြည်းဖြည်း ဟန်ချက်ညီလာသည့်အတွက် သရုပ်ဆောင်ရာတွင် လွတ်လပ်လာရာ ဇာတ်ကွက်အတော်များများကို NG လုံးဝ မပါရှိဘဲ ဆက်တိုက် ရိုက်ကူးနိုင်ခဲ့တော့သည်။ မနက်ပိုင်း ရိုက်ကူးရေးအပြီး အနားယူရန် အဝတ်လဲခန်းသို့ ပြန်လာစဉ် ချိုးတု၏ အခန်းထဲမှ ဆံပင်ဖရိုဖရဲနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ ပါးနှစ်ဖက်လုံး နီမြန်းနေကာ နှုတ်ခမ်းတို့မှာလည်း အကိုက်ခံထားရဟန်ပင်။ တစ်ချက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖြစ်ပျက်ခဲ့သည်များကို ခန့်မှန်းနိုင်ပေသည်။ 


"ရှောင်ကော ရိုက်ကူးရေး ပြီးသွားပြီလား ..." 


သူမကတော့ ရှက်ရွံ့ဟန်မတူ။ ရှောင်ကျားရှုကိုပင် ပြုံးကာ နှုတ်ဆက်နေလိုက်သေးသည်။ 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုက ခေါင်းအသာငြိမ့်ပြကာ စကားတစ်ခွန်းမှ ဆက်မပြောဘဲ အခန်းထဲ ဝင်သွားလိုက်တော့သည်။ 


သူမက မျက်လုံးတို့ကို လှိမ့်လျက် ထွက်သွား၏။ 


ထိုအချိန်တွင် ဆန္ဒပြည့်ဝသွားသော ချိုးတုကလည်း သူ့ကိုယ်ပိုင် ဇာတ်ညွှန်းရေးသူနှင့် ဆွေးနွေးနေသည်။ 


"ငါ့ကို ဒီဇာတ်ညွှန်း ပြောင်းဖို့ ကူပေးဦး ရှောင်ကျားရှုကို ဖိနှိပ်ထားပြီး ငါနဲ့ ချန်ဟဲလင်ကြားမှာ ဆက်ဆံရေးတစ်ခု ထပ်ထည့်နိုင်ရင် အကောင်းဆုံးပဲ ..." 


ချန်ဟဲလင်မှာ အစောက ထွက်သွားသည့် အမျိုးသမီးဖြစ်သည်။ 


"ချန်ဟဲလင်ရဲ့ အပိုင်းတွေက နောက်တစ်ခန်းဆို ပြီးတော့မှာ ဒါပေမယ့် ချစ်ခန်းကြိုက်ခန်း ထပ်ထည့်ချင်ရင် နောက်လာမယ့် အခန်းတွေ အားလုံးကို ပြောင်းလဲပစ်မှ ရတော့မယ် ဒါရိုက်တာက သဘောတူပါ့မလား ပြီးတော့ ရှောင်ကျားရှုရဲ့ နောက်ခံကလည်း နည်းနည်းနောနော မဟုတ်ဘူးနော် ငါတို့သာ သူ့အခန်းတွေကို ပြောင်းပစ်ရင် စိတ်ဆိုးသွားလောက်လား မင်းတို့နှစ်ယောက် ပြဿနာဖြစ်ရင် ဒါရိုက်တာက ငါတို့ဘက်က မပါမှာကို စိုးရိမ်တယ် ..." 


ကိုယ်ပိုင်ဇာတ်ညွှန်းရေးသူက စိုးရိမ်တကြီး ပြောလိုက်သည်။


"ပြောင်းချင်ရင် ပြောင်းလိုက်ပေါ့ ဘာကြောက်နေရမှာလဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ငါ တစ်ချို့အခန်းတွေ ပြောင်းလိုက်တော့လည်း သူ သဘောတူခဲ့တာပဲလေ ဒီကလေးက တကယ်ကို ကြောက်စရာကောင်းတယ် သူက အရမ်းအလုပ်ကြိုးစားလွန်းတော့ ငါ့မှာ တစ်နေ့တစ်နေ့ ရိုက်ကွင်းမှာပဲ အကြာကြီး နေနေရတာ သူ့ရဲ့ စွမ်းရည်က ငါ့ကိူ အုပ်မိုးသွားမလားကလည်း ကြောက်ရသေးတယ် ပြီးတော့ "Shenzhou's Fire Beacon 3" ကလည်း ရိုက်ရတော့မှာ ငါ့အတွက် မျက်နှာဖုံး ဝယ်ထားပြီးပြီလား ..." 


လက်ထောက်က အလောတကြီး ပြန်ဖြေလိုက်သည်။ 


"ပြီးပါပြီ ချိုးကော နောက်နှစ်ရက်နေရင် ရောက်ပါမယ်တဲ့ ပစ္စည်းရောက်လာရင် လူစားထိုးကို အဲဒီ့မျက်နှာဖုံး စွပ်ခိုင်းပြီး Beacon ရိုက်ကွင်းကို ခေါ်သွားလိုက်ပါမယ် ဒါရိုက်တာကလည်း သဘောတူပြီးသားဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး ..." 


ချိုးတုက နောက်တစ်ဖန် အတည်ပြုလိုက်သည်။ 


"မျက်နှာဖုံးက အစစ်နဲ့ရော တူရဲ့လား သာမန်‌သူတွေ သိသာလောက်လား ..." 


"တကယ်ကို အစစ်အတိုင်းပါ လုံးဝ မသိသာဘူး ပြီးတော့ ဇာတ်လမ်းက ဂျပန်ဆန့်ကျင်ရေး ဇာတ်လမ်းဆိုတော့ မျက်နှာကို တစ်ချိန်လုံး ပြာတွေနဲ့ သုတ်ထားရမှာ မျက်နှာအစိတ်အပိုင်းတွေ တူနေသရွေ့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး ..." 


"ကောင်းပြီ ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်လိုက် နဂါးနှစ်ကောင်ကို အရင်ပြီးအောင် ရိုက်လိုက်မယ် ရှောင်ကွမ် မင်းက ဇာတ်ညွှန်းအတွက်ပဲ စိတ်ပူထား ဒီအခန်း ဒီအခန်း ပြီးတော့ ဒီအခန်း အားလုံးကိူ ပြောင်းလဲပစ် ငါက ဇာတ်လိုက်လေ ဘာလို့ ရှောင်ကျားရှုလို ဗီလိန်ဇာတ်ကောင်လေးရဲ့ ဖိနှိပ်တာကို ခံရမှာလဲ ပြောင်း ပြောင်း‌ ပြောင်း ငါ့ပုံရိပ်ကို ထိခိုက်စေနိုင်တာ အကုန်သာပြောင်း ပြီးတော့ ချန်ဟဲလင်ရဲ့ အခန်းတွေကိုရောပဲ ဟုတ်ပြီလား ..." 


"ချိုးကော ဒါက မူရင်းစာရေးသူရယ် ဇာတ်ညွှန်းရေးဆရာရယ်ကို တိုင်ပင်သင့်တယ်လို့ မထင်ဘူးလား ..." 


သီးသန့်ဇာတ်ညွှန်းရေးသူမှာ အနည်းငယ် မရေမရာ ဖြစ်နေဟန်ပင်။ 


"မလိုဘူး သူတို့က ဘယ်သူလဲ ငါ ဒါရိုက်တာကိုပဲ တိုက်ရိုက်ပြောမယ် ..." 


ချိုးတုသည် Genworth Entertainment ၏ ပထမဆုံး ညီအစ်ကိုဖြစ်ကာ တင်းကျန်းကလည်း ကာကွယ်ပေးထားသည့်အတွက် မည်သူ့ကိုမှ မကြောက်ချေ။ 


ရလဒ်အနေဖြင့် ငါးရက်အကြာတွင် ရှောင်ကျားရှု၏ လက်ထဲသို့ ဇာတ်ညွှန်းအသစ် ရောက်လာ၏။ သူ့အပိုင်း အားလုံးနီးပါးကို ဖြတ်ချထားကာ မူလဇာတ်ကောင်သရုပ်ဖော်ချက်မှာလည်း အလွန်ပါးလျသွားတော့သည်။ ပိုပြီး ဆိုးဝါးသည့် အချက်မှာ အရန်အမျိုးသမီးဇာတ်ကောင်တစ်ခု၏ အပိုင်းများလည်း ပြောင်းလဲသွားခြင်းဖြစ်သည်။ 


ဒီနားတစ်ပိုဒ်ထည့် ဟိုနားတစ်ပိုဒ်ထည့်နဲ့ ဒုတိယဇာတ်လိုက်မထက်ကို များနေပြီ ... 


မူလဝတ္ထုတွင် ရှောင်ကျားရှုသည်လည်း အဓိကဇာတ်လိုက်တစ်ဦးပင် ဖြစ်သည်။ သူက ပြင်ပရှိ ကျူးကျော်သူများကို အနိုင်ပိုင်းရန် အလို့ငှာ နောက်ထပ် ဇာတ်လိုက်တစ်ဦးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မိစ္ဆာလမ်းစဉ်အားလုံးကိူ စွန့်လွှတ်ပြီး လမ်းမှန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ့စရိုက်မှာ အဆိုးအကောင်း ရောပြွန်းနေကာ အလွန်စွဲမက်ဖွယ် ကောင်းလှသော်ငြား ယခု ဇာတ်ညွှန်းအသစ်တွင်မူ အသေဆိုးနှင့် သေရသည့် နှလုံးသားမဲ့သော မိစ္ဆာတစ်ကောင်အဖြစ်သာ တွေ့ရပေတော့သည်။ 


ဒါမျိုးကို အဓိကဇာတ်လိုက်လို့ရော ခေါ်လို့ ရသေးလား ဇာတ်လိုက်ရဲ့ ပြိုင်ဘက်လောက်တောင် မကောင်းတာကြီးကိုလေ ... 


လက်ချောင်းများပင် တဆတ်ဆတ် တုန်ရီလာသည်အထိ ဒေါသထွက်ကာ ဒါရိုက်တာအား သွားမေးမည် ပြုလိုက်သော်ငြား ဇာတ်ညွှန်းကို အတည်ပြုပြီးဖြစ်ကာ နောက်အပိုင်းများကို ထိုအတိုင်းပင် ရိုက်ကူးမည်ဟု သိလိုက်ရသည့်အတွက် စာသားများကို ပြန်ကြည့်ရုံသာ ရှိပေတော့သည်။ 


ဒါကိူ ဘယ်လိုခေါ်ပါလိမ့် အနိုင်ကျင့်တယ်ဆိုတာ ဒါမျိုးပဲ မဟုတ်ဘူးလား ... 


မည်သို့ပင်ဖြစ်စေ ရှောင်ကျားရှုမှာ ရိုက်ကူးရေးအဖွဲ့နှင့် စာချုပ်ချုပ်ပြီး ဖြစ်သည့်အပြင် အများအပြား ရိုက်ကူးထားပြီးဖြစ်၍ ယခုအချိန်မှ နှုတ်ထွက်ပါလျှင် ပြဿနာများစွာ ကြုံရတော့မည်ဖြစ်သည်။ သူ့အနေဖြင့် ပထမဆုံး ရွေးချယ်ရမည့် အချက်မှာ စာချုပ်နှင့် သူ့ကိုယ်ပိုင်အကျိုးအမြတ် မည်သည်က ပိုမိုအရေးပါသလဲ ဆိုသည်ကို ဖြစ်ပေသည်။ 


ရုပ်ရှင်ကို တာဝန်သိစိတ် အပြည့်နဲ့ ဆက်ရိုက်မလား ဒါမှမဟုတ် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ထွက်လာမလား ... 


ရှောင်ကျားရှုမှာ ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ရာ အချိန်အကြာကြီး တွေးနေသည့်တိုင် အကြံထွက်မလာသည့်အတွက် လီလောင်ရှီးကို ဆက်

သွယ်လိုက်တော့သည်။ 


လီလောင်ရှီးက အတွေ့အကြုံတွေ အများကြီးရှိတဲ့ လူဟောင်းတစ်ယောက်ဆိုတော့ ဘာဆက်လုပ်သင့်လဲဆိုတာကို သူ သေချာပေါက် သိမှာပဲ ဟုတ်တယ်မဟုတ်လား ...



Xxxxxxxxxxx